အသိပညာပင်လယ်ပြင်အုတ်မြစ် တည်ဆောက်ခြင်း
Vol. 39 Ch. 382
ကြည်လင်မြစ်မြို့တော်မှ မထွက်ခွာမီ စုချန်းသည် ဝန်ဝေစင်းနှင့် တွေ့ဆုံခဲ့၏။
ဝန်ဝေစင်းသည် အပြင်ပန်းကကြည့်လျင် တော်ဝင်မျိုးနွယ်စုများ ဘက်မှဟု ထင်ရသည်။ သို့သော် တကယ်တမ်းတွင်တော့ သူသည် စုချန်း၏ သစ္စာတော်ခံ တဦးပင် ဖြစ်နေ၏။ သိပ်မကြာသေးခင်ကမှ စုချန်း၏ သွေးနီဥပြိုကွဲဆေးမင်သည် နောက်ထပ် အောင်မြင်မှုတခု ရရှိခဲ့၏။ ထိုအခါ စုချန်းက ဝန်ဝေစင်းအား ၎င်း၏ အယုံကြည်ရဆုံး ငယ်သားတချို့အတွက် ထိုဆေးမင်ကို သူ ပြုလုပ်ပေးနိုင်ကြောင်း ပြောပြခဲ့လေသည်။ ယခုအချိန်တွင် စုချန်း၏ သွေးနီဥပြိုကွဲဆေးမင်သည် တကိုယ်လုံးအနှံ့ ရေးထိုးရန်မလိုတော့။ ထို့ပြင် အသုံးပြုနိုင်သည့် မူလစွမ်းရည်ကလည်း ငါးမျိုးအထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ဝန်ဝေစင်းကလည်း မဆိုင်းမတွပင် သူရွေးချယ်ထားသော လူသုံးဦးအား စုချန်းထံသို့ ပို့ပေးခဲ့၏။ စုချန်းကလည်း ၎င်းသုံးဦးအား အရိပ်လူသားများအဖြစ် ပြောင်းလဲပေးခဲ့လေသည်။ ထိုသုံးယောက်အား စုချန်းအနေနှင့် အရိပ်ပစ္စည်းများကို ထည့်သွင်းပေးခဲ့ခြင်းမရှိပေ။ သို့တိုင်အောင် ထိုအချိန်ကတည်းက ဝန်ဝေစင်းသည် စုချန်း၏ ဘက်တော်သားလုံးလုံး ဖြစ်လာခဲ့လေသည်။
စုချန်း၏ ဘက်တော်သား လုပ်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဝန်ဝေစင်း ကောင်းကောင်းနားလည်ထား၏။ စုချန်းကား ဆရာကြီး ဖြစ်သည်။ ၎င်းသည် အရိပ်လူသားများကိုပင် ကိုယ်တိုင် ဖန်တီးနိင်သူ ဖြစ်နေသည် မဟုတ်ပါလား။
အရိပ်လူသားများသည် ကန့်သတ်ချက်တချို့တော့ ရှိနေ၏။ သို့သော် ထိုမျှလောက်နှင့် ဝန်ဝေစင်းအဖို့ ထိုက်သင့်သော အောင်မြင်မှု ရရှိရန် လုံလောက်လေသည်။ ထိုကနေ့မှစ၍ ဝန်ဝေစင်းသည် ကြည်လင်ခြင်းအဖွဲ့အား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့လေသည်။
စုချန်းသည် ဝန်ဝေစင်းအား တိမ်တိုက်ကျားသစ်နှင့်မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် မူလဗျူရိုအား ကာကွယ်ရန် တိုက်ခိုက်ရေးသမားတချို့နှင့် အစီအစဉ် လုပ်ပြန်သည်။ ထို့နောက် သူသည် သံမဏိကိုခေါ်ကာ ထွက်ခွာလာခဲ့၏။
သို့သော် စုချန်းသည် တိတ်တဆိတ် ထွက်ခွာလာခဲ့ုခင်း ဖြစ်၍ မည်သူမှ မသိလိုက်ချေ။ သူသည် ဝန်ဝေစင်းအား လမ်းကြုံစီးနင်းရန် လှေတစင်း ရှာခိုင်းပြီး ထိုလှေနှင့်ပင် ထွက်ခွာလာခဲ့၏။
လှေမှာ သိပ်မကြီးလှ။ ခရီးသည်ဟူ၍လည်း စာသင်သားတဦး၊ သားအမိနှစ်ဦး၊ အဖိုးအိုတဦး၊ အသားအရေ မဲပြာနေသော လူတဦးနှင့် စုချန်းတို့ ဆရာတပည့်နှစ်ဦးသာ ပါလေရာ စုစုပေါင်း ခရီးသည် ခုနှစ်ဦးသာ ပါ၏။
လှေအား စီမံခန့်ခွဲနေသူမှာ လင်မယားနှစ်ဦး ဖြစ်သည်။ လှေရှင် လင်ယောကျာ်းသည် အရပ်ရှည်ရှည်နှင့် နအူနထိုင်းနိုင်လှ၏။ လှေရှင်မိန်းမကတော့ သူ့လင်သားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ထက်ထက်မြက်မြက် သွက်သွက်လက်လက် ရှိလှသည်။
လှေပေါ်ရှိ အခန်းငယ်မှာ လူရှစ်ယောက် သက်တောင့်သက်သာ နေနိုင်လောက်သည်အထိ ကျယ်၏။ လှေရှင်လင်မယားသည် နောက်ထပ် ခရီးသည်တဦး ခေါ်ချင်သေးသော်လည်း စုချန်း၏ ဂုဏ်သိက္ခာအရသော်လည်းကောင်း၊ စုချန်း ခရီးထွက်မည့်သတင်းကို မပျံ့နှံစေလို၍သော်လည်းကောင်း၊ လူတဦးလျော့နည်းနေပါက ပို၍ ချောင်ချောင်ချိချိ နားနေနိုင်မည်ကြောင့်လည်းကောင်း ဝန်ဝေစင်းက လှေထွက်ရန် အတင်းပင် ဖိအားပေးခဲ့၏။ လှေရှင်လင်မယားမှာကား ခရီးသည်တယောက် ဆုံးရှုံးသွားခြင်းကြောင့် ယခုတိုင် မကျေမနပ်နှင့် ဗျစ်တောက်ဗျစ်တောက် လုပ်လျက်ရှိလေသည်။
စုချန်းကား သူတို့ကို လစ်လျူရှုကား လှေနံရံကို မှီပြီး အိပ်နေလိုက်သည်။ တကယ်တမ်းတွင်တော့ သူသည် စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်နေခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် စုချန်း၏ စိတ်ဝိညာဉ်လှိုင်းတံများသည် အနီးအနားရှိ ပရမတ်အမှုန်တိုင်းကို ကျကျနန ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ သူသာ ဆန္ဒရှိပါက ပတ်ပတ်လည်ရှိ ဖုန်မှုန့်များကိုပင် သူ့ကိုယ်ခန္ဓာ၏ သုံးပေပတ်လည် အချင်းဝက် အတွင်းသို့ မရောက်လာစေရန် တားဆီးထားနိုင်၏။
တနည်းအားဖြင့် စုချန်း၏ စိတ်ဝိညာဉ်စွမ်းအားသည် မျက်စေ့နှင့် မမြင်နိုင်သော နယ်ပယ်မှ မျက်စေ့နှင့် မြင်နိုင်သော နယ်ပယ်သို့ ချည်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သိပ်မကြာမီ စုချန်းအဖို့ စိတ်ဝိညာဉ်စွမ်းအားလှိုင်းတံများကို အသုံးပြု၍ အရာဝတ္တုများကို ကိုင်တွယ်နိုင်တော့မည် ဖြစ်သည်။
သို့သော် ၎င်းမှာ စုချန်း၏ ပန်းတိုင် မဟုတ်သေးချေ။
စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အရာဝတ္တုများကို ကိုင်တွယ်နိုင်ခြင်းမှာ ထူးခြားသည်ကတော့ အမှန်ပင်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင်ထက်စာလျင် မူလစွမ်းအင်သည် ပို၍ ရိုးရှင်း၏။ ပို၍ ထိရောက်၏။ စုချန်း၏ ရည်ရွယ်ချက်မှာ အိပ်မက်နယ်ပယ်၏ အရှင်သခင်ကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားများ အလုံအလောက် ပိုင်ဆိုင်လာရန်ပင် ဖြစ်သည်။ သို့မှာသာ သူ့အနေနှင့် အိပ်မက်နယ်ပယ်ကဲ့သို့သော အရာမျိုးကို ကိုယ်တိုင် တည်ဆောက်နိုင်မည် မဟုတ်ပါလား။
စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အရာဝတ္တုများကို ကိုင်တွယ်နိုင်ခြင်းသည် လူတယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို စမ်းသပ်သည့် သဘောမျှသာ ဖြစ်သည်။ ၎င်း၏ စစ်မှန်သော အသုံးပြုပုံမှာ လူတယောက် ပိုင်ဆိုင်သည့် ဝိညာဉ်၏ စွမ်းအားကို တိုးပွားလာစေရန်ပင်။
ဝိညာဉ်စွမ်းအင်များ တိုးပွားလာခြင်းသည် ထိုလူကို များစွာ အကျိုးရှိစေ၏။ ၎င်းကို အသုံးပြု၍ ပုံရိပ်ယောင် အများအပြားကို ဖန်တီးနိုင်၏။ စိတ်ဝိညာဉ်နည်းစနစ်များ၏ အင်အားကို တိုးပွားလာနိုင်စေ၏။ စိတ်ဝိညာဉ်နည်းစနစ်၏ ဘေးထွက်ဆိုးကျိုးများကို လျော့ချပေးနိုင်၏။ စိတ်ကို တည်ငြိမ်ငြိမ်းချမ်းလာစေနိုင်၏။ နောက်ထပ် အကျိုးကျေးဇူးများလည်း အများအပြား ရှိနေသေးပေသည်။
တကယ်တော့ စုချန်းသည် စစ်မှန်သောဝိညာဉ်နည်းစနစ်ကို လေ့ကျင့်နေသည့်အပြင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးကိုလည်း မှီဝဲနေလေရာ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ၁၂၀ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းမှာလည်း သာမာန်လူထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။
စုချန်းသည် လှေပေါ်ရှိ အခန်းထဲတွင် ထိုင်နေ၏။ လတ်တလောတွင် သူ့အနေနှင့် စမ်းသပ်မှုများ လုပ်ဆောင်နိုင်စွမ်း မရှိလေရာ အသိပညာပင်လယ်ပြင်၏ အုတ်မြစ်ခိုင်မာမှုကို ပြန်လည် ဆန်းစစ်နေ၏။
စိတ်ဝိညာဉ်စွမ်းအားများ မြင့်မားလာပြီးနောက်တွင် စုချန်း၏ တွက်ချက်နိုင်သော စွမ်းရည်သည် များစွာ မြင့်မားလာ၏။ ရိုးရှင်းလှသော တွက်ချက်မှုအများအပြားကို သူ့ဦခေါင်းထဲတွင်ပင် တွက်ချက်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်မှာပင် စုချန်း၏ ဦးခေါင်းထဲသို့ ထူးဆန်းသော အတွေးအခေါ်တခု ဖြုန်းခနဲ ခုန်ဝင်လာ၏။
သူ့အနေနှင့် အသိပညာပင်လယ်ပြင်၏ အုတ်မြစ်ကိုသာ ခိုင်မာအောင် လုပ်နိုင်ပါက အသိပညာဗဟုသုတအများအပြားကို အနှီ ပင်လယ်ပြင်ထဲတွင် မြှုုပ်နှံသိမ်းဆည်းထားနိုင်သည် မဟုတ်တုံလော။
ထို့ကြောင့် စုချန်းအနေနှင့် ပထမဆုံး လုပ်ရမည့်အလုပ်မှာ အသိပညာပင်လယ်ပြင် အုတ်မြစ်ကို တောင့်တင်းခိုင်မာအောင် လုပ်ဆောင်ရန်သာ ဖြစ်သည်။
တဖက်တွင်လည်း လူတယောက်၏ အသိပညာပင်လယ်ပြင်ဟူသည် လက်ဖြင့် ကိုင်တွယ်မရသည့်အတွက် စုချန်း လုပ်ဆောင်သမျှသော အရာများအားလုံးအတွက် သူ၏ တွက်ချက်မှုစွမ်းရည်ကိုသာ ကုန်ဆုံးစေမည် ဖြစ်သည်။
ဥပမာ..စုချန်းအနေနှင့် သွေးနီဥပြိုကွဲဆေးမင်အတွင်းသို့ မူလပစ္စည်းအသစ် ပေါင်းထည့်ရန် ကြိုးစားရာတွင် သွေးနီဥပြိုကွဲဆေးမင်၏ ပါဝင်ပစ္စည်းပေါင်းစပ်မှုအတွက် အထူးတလည် ခေါင်းရှုပ်ခံရန် မလိုအပ်တော့ပေ။ အကြောင်းမှာ ထိုဆေးမင်ဖော်စပ်သည့် နည်းလမ်းကို သူ ကျွမ်းကျင်ပြီးဖြစ်သောကြောင့်ပင်။ သူ့အနေနှင့် တခုတည်းသော တွက်ချက်စရာဟူ၍ မူလပစ္စည်း ပေါင်းစပ်ပုံကိုသာ တွက်ချက်ရန်သာ ကျန်တော့သည်။
ဆိုလိုသည်မှာ စုချန်းသာ ရင်းနှီးကျွမ်းဝင်သော အရာများအပေါ်တွင် တဖက်ကမ်းခတ် နားလည်တတ်ကျွမ်းအောင် ပြုလုပ်နိုင်ခဲ့လျင် မကျွမ်းကျင်သည့် အရာများပေါ်တွင် အပြည့်အဝ အာရုံစိုက်နိုင်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအခါ စုချန်းသည် ပိုမိုပြောင်မြောက်သော တွက်ချက်မှုများကို သက်တောင့်သက်သာနှင့် ဆောင်ရွက်နိုင်စွမ်းရှိလာမည် ဖြစ်သည်။
ထိုသို့ အတွေးပေါ်လာသည်နှင့် စုချန်းသည် သူ၏ စိတ်စွမ်းအင်များကို အသိပညာပင်လယ်ပြင်ဆီသို့ ပို့ဆောင်လိုက်၏။ ထိုအခါ ရေမျက်နှာပြင်ပေါ်တွင် မြူခိုးများ စတင်ပေါ်ပေါက်လာလေသည်။
အနှီမြူခိုးများသည်ကား သူ၏ အသိပညာပင်လယ်မှ တိုးထွက်လာသည့် ရုပ်ပိုင်းဆိုင်ရာ ပုံစံတမျိုးပင် ဖြစ်ချေ၏။ အဆိုပါ မြူခိုးများသည် ရေပြင်ပေါ်တွင် ဟိုမှသည်မှာ ရွေ့လျားနေပြီး သိပ်မကြာမီ ရှည်လျားသော ခုံတန်းရှည်တခုကဲ့သို့ ဖြစ်ပေါ်လာ၏။
သုတေသနပြုလုပ်ရာ ခုံတန်းရှည်ပေတည်း။
၎င်း၏ ပုံစံသည် မြန်မြန်ဆန်ဆန်ပင် ပီပြင်လာ၏။
ဤလုပ်ငန်းမျိုးကို စုချန်းအဖို့ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်း၏ ခုံတန်းရှည်သည် ပုံစံပေါ်သော်လည်း လက်ရာမမြောက်ပဲ ကြမ်းထော်နေ၏။ မည်သို့ဆိုစေ စုချန်းအဖို့ကား စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်သက်၍ လမ်းကြောင်းသစ်ပေါ်သို့ ခြေချမိခဲ့လေပြီ။
စုချန်းသည် သုတေသနခုံတန်းရှည်ကို ပို၍ ခိုင်မာအောင် ပြုလုပ်ပြီး မြူခိုးများအား ခွဲထုတ်ရန် ကြိုးစားလိုက်၏။
နောက်ဆုံးကျန်နေသည့် မြူခိုးလက်တံအား ခုံတန်းရှည်မှ ခွဲထုတ်ပြီးသည်နှင့် စုချန်း၏ ဦးခေါင်းထဲတွင် နာကျင်မှုများ ပေါ်ပေါက်လာ၏။ စိတ်ဝိညာဉ်စွမ်းအား တန်ပြန်ရိုက်ခတ်ခြင်းပေတည်း။ တချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း အတော်လေး လျော့နည်းသွားကြောင်း စုချန်း သတိထားမိလိုက်သည်။
သို့သော် အသိပညာပင်လယ်ပြင်တွင်တော့ သုတေသနပြုလုပ်ရန် ခုံတန်းရှည်ကို စုချန်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အင်း...ဒီအတိုင်းဆိုရင် ငါ့စိတ်ကူးက ဖြစ်နိုင်ချေရှိသားပဲ...
စုချန်း ပြုံးလိုက်၏။
စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုပြီး တစုံတဦး၏ အသိပညာပင်လယ်ပြင်တွင် သုတေသနခုံတန်းရှည်တည်ဆောက်ခြင်းသည် လူတိုင်း စိတ်ဝင်စားသည့် အလုပ်မဟုတ်ပေ။ သို့သော် စုချန်းကတော့ ဤစူးစမ်းမှုကို အတော်လေး တန်ဖိုးရှိသည်ဟု သတ်မှတ်ခဲ့လေသည်။
အနာဂတ်ကို မည်သူမှ မြင်နိုင်သည်မဟုတ်ပေ။ ဤလုပ်ငန်းသည် အနာဂတ်တွင် တန်ဖိုးရှိကောင်း ရှိလာပေလိမ့်မည်။ သို့မဟုတ် အချည်းနှီး ဖြစ်ကောင်းလည်း ဖြစ်သွားလိမ့်မည်။
သို့သော် စုချန်းကတော့ စူးစမ်းရန် အနည်းငယ်မှ တွန့်ဆုတ်ခြင်းမရှိခဲ့ပေ။ စစ်မှန်သော အသိပညာရှင်များဟူသည် အသိပညာကို လိုလားတောင့်တသော ဆန္ဒများနှင့် ပြည့်နှက်နေပြီး တီထွင်ဖန်တီးမှုအသစ်များနှင့်သာ မွေ့လျော်နေတတ်သည် မဟုတ်ပါလား။
တဖန် စုချန်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ချဲထုတ်ပြီး စမ်းသပ်ခန်းသုံး ဖန်အိုးများ၊ ကိရိယာများ ဖန်တီးကြည့်ပြန်သည်။ ကိရိယာများ ဖန်တီးပြီးသည်နှင့် သူက အလောင်းကောင်ဝိညာဉ်ပန်းကဲ့သို့ ကုန်ကြမ်းများ ထပ်မံဖန်တီးပြန်၏။ လိုအပ်သော ကိရိယာများ အစုံအလင် ရလာသည်နှင့် သူသည် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံကို ဖော်စပ်လိုက်၏။
တကယ်တော့ ဤလုပ်ငန်းစဉ်ကို စုချန်း ကျွမ်းကျင်လှပြီ။ သို့သော် ပုံရိပ်ယောင်များအား ပြင်ပကမ္ဘာတွင်ကဲ့သို့ တခုနှင့်တခု ဓာတ်ပြုစေရန်မှာ မလွယ်ကူလှချေ။
ဤတကြိမ်တွင်တော့ စုချန်း ရှုံးနိမ့်သွားလေသည်။
စုချန်းအနေနှင့် ပြင်ပကမ္ဘာတွင် ဝိညာဉ်တည်ငြိမ်ခြင်းဆေးကို မျက်စေ့မှိတ်၍ပင် ဖော်စပ်နိုင်စွမ်းရှိ၏။ သို့သော် အသိပညာပင်လယ်ပြင်တွင် ဆေးဝါး ဖော်စပ်ရသည်ကတော့ တမျိုးတဘာသာပင်။ ၎င်းသည် ပြင်ပလောကရှိ ရုပ်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် လားလားမျှ မကိုက်ညီပဲ ဖြစ်နေ၏။
နောက်ဆုံးတွင်တော့ စုချန်းက ဤစူးစမ်းမှုသည် ပြင်ပလောကကြီး၏ ရုပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေ့လာရာတွင် အကူအညီပေးနိုင်ကြောင်း သဘောပေါက်လာ၏။
အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေ၏။
စုချန်းကား အသိပညာပင်လယ်ပြင်အုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်ကာ အမျိုးမျိုးသော စမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်နေလေသည်။
သူတို့၏ လှေသည်လည်း ကြည်လင်မြစ်မြို့တော်၏ အနောက်ဘက်ရှိ သစ်တောများ ထူထပ်လှသော မြစ်ကမ်းတနေရာသို့ ရောက်ရှိလာလေသည်။