← Chapters

အနောက်မြစ်တောအုပ် ၁

Vol. 39 Ch. 383

အနောက်မြစ်တောအုပ် ၁

Vol. 39 Ch. 383

"ခင်ဗျားတို့ရှေ့က ချောက် က နဂါးငါးချောက်နက် လို့ ခေါ်တယ် အနောက်မြစ်တောအုပ်ဟာ နဂါးငါးချောက်နက်နယ်မြေရဲ့ အစိတ်အပိုင်းတခုပဲ အနောက်မြစ်မြို့တော်ဟာလည်း အဲဒီလိုပဲ"

လှေရှင်က လှေဦးတွင်ထိုင်နေရင်း ရှေ့တူရူသို့ ညွှန်ပြကာ ပြောလိုက်သည်။

"အနောက်မြစ်တောအုပ် ဟုတ်လား ဒီတောအုပ်ဟာ ဒီနေရာမှာ ရှေးအတီတေကတည်းက တည်ရှိနေခဲ့တာမလား ဒီတောအုပ်ထဲမှာ ရှေးဟောင်းသားရဲတွေနဲ့ ရှားပါး ဆေးပင်တွင် အများကြီးရှိနေပေမဲ့ ကျိန်စာသင့်နေတဲ့အတွက် အပြင်လူတွေ အလွယ်တကူ ဝင်ထွက်သွားလာခြင်းမပြုနိင်ဘူးလို့ ကျုပ် ကြားဖူးတယ် ဟုတ်ရဲ့လား"

စုချန်းက လှေဦးတွင် မတ်တပ်ရပ်ရင်း မေးလိုက်သည်။

သူတို့ လှေစီးလာသည်မှာ နေ့တဝက်ခန့် ရှိခဲ့ပေပြီ။ ကြည်လင်မြစ်မြို့တော်သည်လည်း နောက်တွင် ကျန်ရစ်ခဲ့ပေပြီ။ အသိပညာပင်လယ်ပြင်အုတ်မြစ်ချခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်၍ စုချန်း၏ အသိစိတ်ကလည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေခဲ့ပေပြီ။

"မှန်တယ်ဗျ"

လှေရှင်က ခေါင်းညိတ်ပြလိုက်သည်။

"ဒီနေရာကြီးတခုလုံးက ကျိန်စာသင့်နေတဲ့အတိုင်းပဲ ဒီတောအုပ်ထဲက အရင်းအမြစ်တွေကို လိုချင်လို့ လူတွေ အများကြီး လာရှာကြတယ် ဒါပေမဲ့ အတော်များများ ပြန်မလာနိုင်ကြဘူး"

"ဒါပေမဲ့ အတော်များများ ပြန်မလာနိုင်ကြဘူးဆိုတော့ လူအနည်းအကျဉ်း ပြန်လာနိုင်ကြတယ်လို့ အဓိပ္ပါယ်ရတယ်မလား"

စုချန်းက ပြန်မေးလိုက်သည်။

"အာ ဧည့်သည်တော်ကြီး ဒါမျိုး စဉ်းတောင်မစဉ်းစားလေနဲ့ဗျ ပေးဆပ်ရမဲ့ အရင်းအနှီးက ကြီးလွန်းတယ် လူတချို့ ဒီတောအုပ်ကနေ ပြန်လာနိုင်ခဲ့ကြတယ်ဆိုတာ အမှန်ပဲ ဒါပေမဲ့ ဒီလို ပြန်လာနိုင်တဲ့ လူတွေဟာ တောနက်ကြီးထဲထိ မရောက်ခဲ့ကြဘူးဗျ ဒီလို ပြန်လာနိုင်တယ်ဆိုတာတောင် ဒီလူတွေဟာ ကျိန်စာသင့်ကုန်ကြတယ် တယောက်ဆိုရင် သူ့မိသားစုပါ ကြောက်စရာ ကြမ္မဆိုးကြီးနဲ့ ကြုံတွေ့ကုန်ကြတယ်"

စုချန်းက ရယ်မောလိုက်သည်။

"ဒီတော့ ကျိန်စာက တခြားလူဆီကို ကူးပြောင်းနိုင်တယ်ဆိုတဲ့ သဘောလား"

"ဟုတ်တာပေါ့ဗျ ဒါကြောင့် ကြောက်စရာကောင်းတယ်လို့ ကျုပ်က ပြောနေတာပေါ့"

"ဒါပေမဲ့ အနောက်မြစ်တောအုပ်ထဲမှာ အသက်ရှင်နိုင်တဲ့ လူတချို့လဲ ရှိတယ်ဆိုဗျ"

စာသင်သားလူငယ်က ဝင်မေးလိုက်၏။

"ဟုတ်တယ်ဗျို့ ဒါပေမဲ့ ဒီလို နေနိုင်တဲ့ လူတွေဆိုတာ ဒေသခံလူရိုင်းတွေပဲ ရှိတာဗျ ဒီလူတွေဟာ တောနက်ကြီးထဲမှာ နေထိုင်ကြတယ် ဒါပေမဲ့ ဘာကျိန်စာမှ မသင့်ဘူးပဲ သနားစရာကောင်းတာက ဒီလူရိုင်းတွေဟာ တောအုပ်ကိုလည်း စွန့်ခွာပြီး သွားလို့မရပြန်ဘူး တောအုပ်ထဲက အပြင်ကို အချိန်အတော်ကြာအောင် ထွက်လိုက်တာနဲ့ သူတို့ သေကုန်ကြတယ် တကယ်တော့ ဒီတောအုပ်ထဲကို အပြင်လူ ဝင်လို့မရဘူး အဲဒီလိုပဲ အထဲကလူလည်း အပြင်ကို ထွက်လို့မရဘူး ဒါကြောင့် ဒီတောအုပ်ဟာ လှောင်အိမ်ကြီးနဲ့ တူတယ်"

လှေရှင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အနောက်မြစ်တောအုပ်ရဲ့ ထုတ်လုပ်ရေးဟာ တော်တော်လေး ကောင်းပေမဲ့ ဒီက အရင်းအမြစ်တွေဟာ တော်ဝင်မျိုးနွယ်စု ဆယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်လို့ ကျုပ်ကြားဖူးတယ် ဒီအတိုင်းဆိုရင် ဒါဟာ သိပ်အံ့သြစရာမရှိဘူးပေါ့လေ"

စုချန်းက ရေရွတ်လိုက်၏။

"သေချာတာပေါ့ အနောက်မြစ်တောအုပ်က တော်ဝင်မျိုးနွယ်စုတွေအတွက် ငွေတွင်းကြီးပဲဗျ ဒီကောင်တွေဟာ နယ်မြေခံလူရိုင်းတွေဆီက အလွန်ရှားပါးတဲ့ ကုန်ကြမ်းတွေကို ဈေးနှိမ်ဝယ်တယ် ပြီးရင် အဆတရာလောက် တင်ရောင်းနေတာပဲ"

သံမဏိက မနေနိုင်တော့ဟန်ဖြင့် ဝင်ပြောလိုက်သည်။

"မြို့တော်အရှင်သခင်အန်းနဲ့ တော်ဝင်မျိုးနွယ်စုတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖုအထစ်ဖြစ်နေကြသတဲ့ မြို့တော်အရှင်သခင်အနေနဲ့ ဒီဒေသကရတဲ့ ကုန်စည်တွေအပေါ် အခွန်ကောက်ချင်တယ် ဒါပေမဲ့ တော်ဝင်မျိုးနွယ်စုတွေကတော့ အခွန်ရှောင်နေကြတယ် တနှစ်တနှစ်ကို ဒီဒေသကရတဲ့ အကျိုးအမြတ်ဟာ ဘီလျံနဲ့ချီပြီး ရှိပေမဲ့ မြို့တော်အရှင်သခင်ကတော့ တပြားတချပ်မှ မရရှာဘူး သူ စိတ်မဆိုးပဲ ဘယ်နေပါ့မလဲ"

"ဒီကောင်တွေဟာ သူများဆီက ငွေဘယ်လိုညှစ်ရမလဲတော့ ကောင်းကောင်းသိနေပြီ အခွန်တော့ မပေးချင်ဘူးပေါ့လေ ဒီကောင်တွေတော့ သေသင့်နေပြီပဲ"

စုချန်းက မှတ်ချက်ချလိုက်သည်။

ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများ၏ သြဇာမှာ ကြီးမားလှပေရာ စုချန်း၏ စကားကြောင့် ခရီးသည်တိုင်းလိုလိုသည် ထခုန်မိမတတ် ကြောက်လန့်ကုန်ကြ၏။ စုချန်းနှင့်လည်း စကားဆက်မပြောရဲတော့ပေ။

ထိုအခါ စုချန်းက ပြောလိုက်၏။

"ဗျို့ လှေရှင်ကြီး ကျုပ်တို့ စိတ်ပြောင်းသွားပြီ အနောက်မြစ်တောအုပ်မှာပဲ ဆင်းနေခဲ့တော့မယ်"

မူလက စုချန်း၏ အစီအစဉ်မှာ အနောက်ဘက် တောင်တန်းများပေါ်တွင် အမဲလိုက်ရန် ဖြစ်သည်။ သို့သော် ယခုတော့ စုချန်း စိတ်ပြောင်းသွားပေပြီ။

အနောက်မြစ်တောအုပ်တွင် နေခဲ့တော့မည်ဟူသော စုချန်း၏ စကားကို ကြားသောအခါ လှေပိုင်ရှင်က ထိုသို့ မလုပ်ပါရန် ဆွဲဆောင်သိမ်းသွင်းသေး၏။ သို့သော် စုချန်းကား စိတ်မပြောင်းတော့လေရာ လှေရှင်လည်း ခပ်မဆိတ်သာ နေလိုက်ရတော့သည်။

နောက်ထပ် နေ့တဝက်ခန့်အကြာတွင်တော့ စုချန်းတို့၏လှေသည် နဂါးငါးချောက်ကို ကျော်ဖြတ်လာပြီး အနောက်မြစ်တောအုပ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့၏။

လှေသည် ကမ်းစပ်တနေရာတွင် ရပ်တန့်သွား၏။ စုချန်းနှင့် သံမဏိတို့သည်လည်း အနောက်မြစ်တောအုပ် ကမ်းခြေတွင် ဆင်းသက်လိုက်ကြသည်။

စုချန်းနှင့် သံမဏိတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လှေရှင်သည် ငေးကြည့်နေ၏။ ထို့နောက် သူက ခေါင်းတချက်ခါရမ်းကာ တီးတိုးရေရွတ်လိုက်လေသည်။

"အင်း နောက်ထပ် နှစ်ယောက်တော့ ကိုယ့်သေတွင်း ကိုယ်တူးသွားကြပြန်ပြီ"

သူ့မျက်လုံးထဲတွင်တော့ ထိုလူနှစ်ယောက်သည် လူသေနှစ်ဦးပင်။ တောနက်ထဲသို့ ရောက်သည်နှင့် ထိုလူနှစ်ယောက် မုချ သေဆုံးရပေလိမ့်မည်။

တောမှာ နက်ရှိုင်းပြီး လူသူကင်းရှင်းနေ၏။ တောနက်ထဲသို့ ရောက်လာသည်နှင့်အမျှ တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းသာ ကြီးစိုးနေတော့သည်။

တောသည် တဖြည်းဖြည်း နက်ရှိုင်းလာ၏။ သစ်ပင်များမှာကား ရှည်သည်ထက် ရှည်လာပြီး မြေကြီးပေါ်တွင်တော့ အမြစ်များနှင့် ရှုပ်ရှက်ခတ်နေကြောင်း တွေ့မြင်ရသည်။ မြေပြင်တကြောသည် မြေသားပင်မပေါ်တော့ပဲ အမြစ်များနှင့်သာ ဖုံးလွှမ်းလျက်သာရှိလေရာ ခပ်လှမ်းလှမ်းမှ ကြည့်လျင် မြွေများ လှုပ်ရှားသွားလာနေသကဲ့သို့ တွေ့မြင်ရ၏။

များမြောင်လှသော နွယ်ပင်များသည်ကား သစ်ကိုင်းများပေါ်မှ တွဲလောင်းကျလျက် ရှိနေ၏။ ထိုနွယ်ပင်များအကြားတွင်တော့ တကယ့်မြွေအစစ်များလည်း အမှန်တကယ်ပင် ရှိနေကြသည်။ ၎င်းတို့သည် လူသားများ ရောက်လာပါက ကိုက်ခဲနိုင်စေရန် စောင့်ဆိုင်းနေကြခြင်းပင်။

ရွှီ!!!

စုချန်းက လက်တဖက်ကို ဝေ့ယမ်းပြီး လက်ချောင်းနှစ်ချောင်းတည်းနှင့် မြွေကို ဖမ်းယူလိုက်၏။ တဆက်တည်းမှာပင် ခေါင်းကို ငဲ့ပေးလိုက်ရာ အဆိပ်ရည်များက သူ့နားရွက်ဘေးမှ ဖြတ်သန်းသွားလေသည်။ ထို့နောက် သူက မြွေကို မလွှတ်ပေးမီ မြွေလည်ပင်းကို ညှစ်ကာ မြွေဆိပ်တချို့ကို ရယူလိုက်၏။

ထူးခြားသော အမြင်အာရုံကြောင့် တချက်မျှ ကြည့်ရုံနှင့် မြွေဆိပ်၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို စုချန်း တွေ့မြင်ပြီး ဖြစ်သည်။

မြွေဆိပ်အတွင်းရှိ ပါဝင်ပစ္စည်းများကို စုချန်း မြန်မြန်ဆန်ဆန်ပင် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ မြွေဆိပ်မှာ သိပ်မပြင်းထန်လှ။ သို့သော် ထို မြွေဆိပ်ကို အဆိပ်မူလပစ္စည်းတမျိုးအဖြစ် ပြန်လည်သန့်စင်နိုင်ကြောင်း စုချန်း တွေ့ရှိရသည်။ တခြား အဆိပ်ရှိ မူလပစ္စည်းများနှင့်သာ ပေါင်းစပ်နိုင်ပါက အလွန် ပြင်းထန်သော အဆိပ်တမျိုးအဖြစ် စုချန်းအနေနှင့် ဖော်စပ်နိုင်ဖွယ်ရှိ၏။

ပေါင်းစပ်မှုပုံစံ ဆယ်မျိူးကျော်ခန့် စုချန်း၏ ဦးနှောက်ထဲတွင် မြန်မြန်ဆန်ဆန်ပင် ပေါ်ပေါက်လာခဲ့လေသည်။

သုတေသနပိုင်းဆိုင်ရာတွင် အဆိပ်ပညာရပ်သည် စုချန်း၏ မူလဦးတည်ချက် မဟုတ်ပေ။ သို့သော် စုချန်းသာ ဆန္ဒရှိပါက မိနစ်ပိုင်းအတွင်းတွင် အဆိပ်ပညာရှင်တယောက်အဖြစ် ရပ်တည်နိုင်နေခဲ့ပြီ ဖြစ်သည်။

မြွေကို အဝေးသို့ လွှင့်ပစ်ပြီးနောက် စုချန်းနှင့် သံမဏိသည် တောနက်ထဲသို့ ဆက်လက်ချီတက်ခဲ့ကြပြန်သည်။ သိပ်မကြာမီ သူတို့နှစ်ယောက်သည် တောကြီး စပါးအုံးမြွေတကောင်နှင့် ရင်ဆိုင်မိကြ၏။ တောကြီးစပါးအုံးမြွေသည် အဆင့်နိမ့်သားရဲသတ္တဝါဆိုးသာ ဖြစ်လေရာ စုချန်းနှင့် သံမဏိအဖို့ ၎င်းကို သတ်ဖြတ်ရန် မူလစွမ်းရည်ပင် မသုံးလိုက်ရချေ။

စုချန်းတို့ ဆရာတပည့််နှစ်ယောက်သည် ၎င်းကို သတ်ဖြတ်ပြီးသည်နှင့် မဆိုင်းမတွပင် မူလစွမ်းအင်အလင်းစက်မှုန်များကို စုပ်ယူလိုက်ကြ၏။ ထို့နောက် သူတို့နှစ်ယောက်သည် တောနက်အတွင်းသို့ ဆက်လက်ချီတက်ခဲ့ကြပြန်သည်။

အချိန်အတော်ကြာအောင် လမ်းလျှောက်လာပြီးနောက် ငြိမ်ငြိမ်သက်သက်နေရန် စုချန်းက သံမဏိကို အချက်ပြလိုက်၏။

သံမဏိ မြင်တွေ့သမျှမှာကား ထူထဲသိပ်သည်းလှသည့်မြူခိုးများသာ ဖြစ်နေ၏။ ထိုမြူခိုးများထဲတွင် မည်သည့် အန္တာရာယ်မှ ရှိနေဟန်မပေါ်။ သို့သော် စုချန်း၏ ထူးခြားသော အမြင်အာရုံတွင်တော့ များပြားလှသည့် အနီရောင်အစက်အပြောက်များစွာကို မြင်တွေ့နေရလေသည်။

"ကျွန်တော်တို့ဆီ တခုခုများ လာနေတာလား သခင်"

တစုံတခုကို သဘောပေါက်သွားဟန်ဖြင့် သံမဏိက မေးလိုက်သည်။

"ဟုတ်တယ်ကွ ပရမတ်ပစ္စည်းတွေနဲ့ အရွယ်အစားချင်း တူညီတဲ့ သက်ရှိပုံစံတွေပဲ ဒီကောင်တွေကို ပရမတ်သက်ရှိတွေပဲ ဆိုကြပါစို့ မင်းရဲ့ ဝိညာဉ်မျက်လုံးကို နှိုးဆွလိုက်လေ ဒါဆို မင်းလဲ မြင်ရလိမ့်မယ်"

အနက်ရောင်သတ္တုတုံးအတွင်းမှ ထူးဆန်းသော အမှုန်များနှင့် ၎င်းတို့၏ သက်ရောက်မှုများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စုချန်းသည် ထိုအမှုန်များကို ပရမတ်ပစ္စည်းများဟု သတ်မှတ်လိုက်၏။

ပရမတ်ပစ္စည်းများ၊ မူလပစ္စည်းများနှင့် သာမာန်အမှုန်များသည် စုချန်း၏ အမြင်အာရုံထဲတွင်တော့ ကွဲပြားခြားနားသည့် အလွှာသုံးလွှာအဖြစ် တည်ရှိနေကြလေသည်။

ပရမတ်ပစ္စည်းများသည် သာမာန်မျက်လုံးနှင့် မမြင်နိုင်သော်လည်း ဝိညာဉ်အမျိုးအစား မူလစွမ်းရည်များကို အသုံးပြု၍ ကြည့်ပါက ဝိုးတဝါးတော့ မြင်နိုင်စွမ်းရှိနေ၏။ သို့သော် စုချန်း ကဲ့သို့ ၎င်းတို့၏ ပေါင်းစပ်ဖွဲ့စည်းပုံကိုတော့ မည်သူမှ မြင်ရလိမ့််မည် မဟုတ်ပေ။

စုချန်း၏ စကားကို ကြားသောအခါ သံမဏိက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"ဝိညာဉ်မျက်လုံးက စိတ်ပျက်စရာပါပဲ သခင် ဘယ်တော့မှ လေ့ကျင့်လို့ရမဲ့ပုံ မပေါ်ဘူး"

သံမဏိ၏ စကားကြောင့် စုချန်း၏ မျက်နှာက တင်းခနဲ ဖြစ်သွားသည်။

"တောင်ရိုးကမ်းပါးမျိုးစိတ်တွေဟာ ရုပ်ဝါဒီဆန်ပြီး လူသားတွေလောက် မူလစွမ်းအင်ကို အသုံးမချနိုင်ဘူးဆိုတာ အမှန်ပဲ ဒါနဲ့ပဲ တောင်ရိုးကမ်းပါးတွေ ရူးမိုက်တယ်လို့ သတ်မှတ်လို့မရဘူးကွ ဒါနဲ့ပဲ တောင်ရိုးကမ်းပါးတွေဟာ ဦးနှောက်မပါတဲ့ အလုပ်မျိုးကို လုပ်လိမ့်မယ်လို့ တထစ်ချ ယူဆလို့မရဘူးကွ ဒီမယ် သံမဏိ မင်းကိုယ်မင်း ဦးနှောက်မလိုတဲ့ ရုပ်ဝါဒီတယောက်အဖြစ် သဘောထားနေရင် မင်းကို ဘယ်သူတွေ ဘယ်လောက်ပဲ ကူညီ ကူညီ အလကားပဲကွ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး"

စုချန်း၏ ပြင်းထန်သော စကားကြောင့် သံမဏိ ခေါင်းငုံ့သွား၏။

"ကောင်းပါပြီ သခင် ကျွန်တော် ပြန်ရောက်တဲ့အခါ သေသေချာချာ လေ့ကျင့်ပါမယ်"

သံမဏိအား စကားဆက်မပြောတော့ပဲ စုချန်းသည် ပတ်ပတ်လည်ရှိ ပရမတ်သက်ရှိများအား ဂရုတစိုက်နှင့် စိုက်ကြည့်လိုက်၏။ ထိုအချိန်မှာပင် အနှီ ပရမတ်သက်ရှိများသည် စုချန်းဆီသို့ တဟုန်ထိုး ပျံသန်းလာကြတော့သည်။

သာမာန်မျက်လုံးဖြင့် ကြည့်လျင်တော့ သွေးရောင်အလင်းတန်းများ ဖြတ်ခနဲ ပေါ်ပေါက်လာသည်ကိုသာ မြင်တွေ့ရပေလိမ့်မည်။ သို့သော် ထူးထူးဆန်းဆန်း အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်းမရှိပဲ တစုံတယောက်၏ အရေပြားပေါ်၌ ထူးခြားပြီး အန္တရာယ်ရှိသော အထိအတွေ့များ တွားသွားလာသကဲ့သို့သာ ခံစားရပေလိမ့်မည်။

အကယ်၍ တစုံတယောက်သာ ဝိညာဉ်မျက်လုံးဖြင့် ကြည့်ပါက အနီရောင်မြူခိုးများသည် လှိုင်းလုံးကြီးများပမာ တလိမ့်လိမ့်နှင့် လေထဲတွင် လူးလားပျံသန်းနေပြီး နေရာအနှံ့တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

တကယ်တမ်းတွင်တော့ ပရမတ်သက်ရှိများသည် လှိုင်းလုံးကြီးများပမာ တဟုန်ထိုး ပျံသန်းကာ စုချန်း၏ ဒွာရပေါက်များအတွင်း တိုးဝင်ကုန်ကြ၏။ ထို့နောက် ၎င်းတို့သည် စုချန်း၏ ကိုယ်တွင်းတွင် လှည့်ပတ်ကာ စုချန်း၏ အသက်ဓာတ်အား စုပ်ယူရန် စတင်ကြိုးပမ်းနေကြပြီ ဖြစ်သည်။

All Chapters