အနောက်မြစ်တောအုပ် ၂
Vol. 39 Ch. 384
စုချန်းသည် ပရမတ်သတ္တဝါများကို ရှောင်တိမ်းခြင်းမပြု။
အနှီ သတ္တဝါငယ်များ သူ့ကိုယ်တွင်းသို့ ဝင်လာသည်နှင့် အဝတ်များကို ဆွဲချွတ်ကာ ကိုယ်ခန္ဓာ အတွင်း ပြောင်းလဲတိုးတက်မှုများကို လေ့လာဆန်းစစ်နေတော့သည်။
ထူးခြားသော အမြင်အာရုံကြောင့် သူ့ကိုယ်ခန္ဓာအတွင်းဝယ် ဘာတွေ ဖြစ်ပျက်နေမှန်းကို စုချန်း သဲသဲကွဲကွဲ မြင်တွေ့နေရလေသည်။
အနှီ သေးငယ်လှသည့် အနီရောင် ပရမတ်သတ္တဝါငယ်များသည် စုချန်း၏ အရိုးများအတွင်းသို့ လောက်များသဖွယ် တိုက်စားဝင်ရောက်လာပြီး ထိုမှတဆင့် အူ၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်၊ ဘေလုံး စသည်တို့အတွင်းသို့ ပျံ့နှံ့သွား၏။ ယုတ်စွအဆုံး စုချန်း နှစ်ပေါင်းများစွာ စုဆောင်းလာသည့် ချီစွမ်းအင်များကို သိုလှောင်ထားသော ချီပင်လယ်ပါမချန် ပျံ့နှံ့သွားခြင်း ဖြစ်သည်။
မျက်စေ့တမှိတ်အတွင်းမှာပင် စုချန်းသည် အသက်ရှုရခက်လာ၏။ နှလုံးခုန်နှုန်း မြန်လာ၏။ သူ့ရင်ဘတ်ထဲတွင်လည်း မီးတောက်လောင်သကဲ့သို့ ပူလာ၏။ သူ့ဦးခေါင်းတခုလုံးမှာလည်း မူဝေနောက်ကျိလာလေသည်။
"ဒါ...ဒါ ကျိန်စာပဲ"
စုချန်း အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။
"သခင်"
စုချန်း၏ အခြေအနေသည် တစုံတခု ထူးခြားနေမှန်း သဘောပေါက်လိုက်၍ သံမဏိက ထအော်လိုက်သည်။ ထို့နောက် သူက စုချန်းဆီသို့ ပြေးဝင်ရန် ဟန်ပြင်လိုက်သည်။
စုချန်းက ကမန်းကတန်း လက်ကာပြရင်း အော်လိုက်၏။
"ဟေ့ သံမဏိ မလာနဲ့ဟေ့ မလာနဲ့ မင်း လာရင် ငါ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ သခင့်တကိုယ်လုံး...."
သံမဏိက စုချန်း၏ ကိုယ်ခန္ဓာကို သွေးရူးသွေးတန်းနှင့် လက်ညိုးထိုးရင်း အော်နေ၏။
မျက်စေ့တမှိတ်အတွင်းမှာပင် စုချန်း၏ ကိုယ်ပေါ်၌ အနီရောင် အကွက်များ ထလာ၏။ မျက်နှာပေါ်တွင်လည်း အနီရောင် အရေကြည်ဖုများ ထလာပြီး ချက်ချင်းလိုပင် ပေါက်ကွဲထွက်တော့မယောင် ထင်ရသည်။
သိပ်မကြာမီ အရေကြည်ဖုတခုက ကောက်ခါငင်ခါ ထပေါက်သွားလေရာ ပြည်များ ပန်းထွက်လာ၏။ လေထုထဲတွင်လည်း ပုပ်ဟောင်သော အနံ့များနှင့် ဖုံးလွှမ်းသွားတော့သည်။
သံမဏိကား စုချန်း၏ ကိုယ်တွင်းပြောင်းလဲမှုများကို မြင်နေရသည်မဟုတ်။ သို့တိုင်အောင် ကြောက်စရာ အဖြစ်အပျက်ကြီးကြောင့် သွေးပျက်မတတ် ထိတ်လန့်နေရရှာ၏။
စုချန်းက သူ့လက်ကိုသူ မရင်း ကြည့်လိုက်သည်။ တကိုယ်လုံးတွင် ကြီးမားလှသော အနီရောင်အရေကြည်ဖုများနှင့် ပြည့်နှက်နေကြောင်း သူ မြင်တွေ့နေရ၏။
ထိုအချိန်တွင် စုချန်းက ချောင်းတချက်ဆိုးလိုက်ရာ သွေးများ ပွက်ခနဲ အန်ထွက်လာ၏။ ထိုသွေးများသည် အသက်ရှိနေသကဲ့သို့ လေထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်နေပြီးမှ မြေကြီးနှင့် သစ်ရွက်များပေါ်သို့ ပြုတ်ကျလာလေသည်။ ထို့နောက် ဆီပူအိုးထဲတွင် တစုံတခုကို ထည့်ကျော်လိုက်သကဲ့သို့ တရှဲရှဲမြည်နေပြီးမှ ပျောက်ကွယ်ကုန်၏။
သူ့ကိုယ်တွင်းဝယ် ဘာတွေ ဖြစ်ပျက်နေမှန်း သဲသဲကွဲကွဲ မမြင်တွေ့ရလျင် ထိုမြင်ကွင်းကြောင့် စုချန်းအနေနှင့် အတော်ပင် တုန်လှုပ်ချောက်ခြားသွားပေလိမ့်မည်။
"သခင်"
သံမဏိ စိုးရိမ်တကြီးနှင့် အော်ဟစ်လိုက်သည်။
"ရတယ် ငါ့အတွက် စိတ်မပူနဲ့"
စုချန်းက ပြန်လည်နှစ်သိမ့်လိုက်သည်။ သူ့အသံမှာကား အက်ကွဲကြမ်းရှနေ၏။
အနီရောင်ပရမတ်သတ္တဝါငယ်များသည် သူ့လည်ချောင်းထဲသို့တိုင် လမ်းကြောင်းထွင်လာပြီ ဖြစ်လေရာ စုချန်းအဖို့ စကားပြောရန်ပင် အတော်ခက်နေပြီ ဖြစ်သည်။
သို့တိုင်အောင် စုချန်းကား ယခုအချိန်ထိ ဂရုမစိုက်။ သူ့မျက်လုံးအစုံမှာကား တောက်ပသည်ထက် တောက်ပလာ၏။
"ဒီတော့ ဒါဟာ ကျိန်စာရဲ့ လက်သည်ပေါ့လေ ဒီနေရာကို ရောက်လာတဲ့ လူအတော်များများ သေကုန်တာ ဒီအတိုင်းဆိုရင် ဘာမှ အံ့သြစရာမရှိဘူးပဲ မူလစွမ်းအင်တွေကို တိုက်စားကုန်တဲ့အတွက် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တွေတောင် မခံနိုင်မှပဲကိုး အင်း မဆိုးဘူး တော်တော်အထင်ကြီးစရာကောင်းတာပဲ"
ပြောပြောဆိုဆို စုချန်းက အားရပါးရ ရယ်မောလိုက်သည်။ သူ့မျက်နှာတခုလုံးမှာကား အရည်ကြည်ဖုများဖြင့် ပြည့်နှက်နေလေရာ မြင်ကွင်းမှာ စိတ်မသက်သာဖွယ်ရာ ကောင်းလှ၏။
"ဒါပေမဲ့ သနားစရာကောင်းတာက ဒီကောင်တွေဟာ ငါနဲ့ တွေ့ရင် နည်းနည်းမှ အသုံးမဝင်တော့တာပဲ"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။
စိတ်ဝိညာဉ်လက်တံများသည် ပြင်ပလောကတွင် အသုံးမဝင်သော်လည်း ပရမတ်အမှုန်လောကတွင်တော့ အသုံးတည့်သည် မဟုတ်ပါလား။ အထူးသဖြင့် ပရမတ်သက်ရှိများကို ရင်ဆိုင်ရာတွင် ပို၍ အသုံးတည့်၏။
စိတ်ဝိညာဉ်လက်တံများ စတင်ထွက်ပေါ်လာသည်နှင့် စုချန်း၏ ကိုယ်တွင်းသို့ ရောက်နေသည့် ပရမတ်သက်ရှိများသည် အတုံးအရုံး သေဆုံးကုန်ကြ၏။ သူတို့တွင် အသိညဏ်သာ ရှိနေခဲ့လျင် ကြီးမားလှသော စွမ်းအင်စက်ဝိုင်းကြီးတခုက သူတို့အား ဖုံးအုပ်ထားပြီး မိုးကုပ်စက်ဝိုင်းဆီမှ မရေမတွက်နိုင်သည့် နတ်ဆိုးများ ထွက်ပေါ်လာကာ သူတို့အား ဝါးမြိုသွားကြောင်း မြင်တွေ့ရပေလိမ့်မည်။
အင်းဆက်ပိုးမွှားများအား ဖိချေနင်းသတ်နေသည့်ပမာ စိတ်ဝိညာဉ်လက်တံများသည် တချက်လျင် အကောင်ရေများစွာကို သေဆုံးသွားစေ၏။ ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်လက်တံများသည် ဟိုမှသည်မှ လှုပ်ရှားနေပြီး အနီရောင်ပရမတ်သက်ရှိများသည် ဒလိန့်တုံးနှင့် ဖိကြိပ်ခံရသည့်ပမာ သေဆုံးကုန်ကြ၏။
စုချန်း၏ ကိုယ်ပေါ်ရှိ အနီရောင်အကွက်များသည် တကွက်ပြီးတကွက် ပျောက်ကွယ်ကုန်ပြီး အရည်ကြည်ဖုများမှာလည်း သိပ်မကြာမီ ပုံမှန်အနေအထားသို့ ပြန်ရောက်ကုန်ကြောင်း သံမဏိ မြင်တွေ့နေရ၏။ ကနဦးက စုချန်း၏ မျက်နှာသည် ကြည့်ရဆိုးနေသော်လည်း ယခုအချိန်တွင်တော့ ပုံမှန်ပြန်ဖြစ်သွားခဲ့လေပြီ။
"ဝိုး"
သံမဏိ သက်ပြင်းချလိုက်၏။
"တော်သေးတာပေါ့ သခင်လုပ်တာနဲ့ ကျွန်တော် အတော်ကို လန့်သွားတယ်"
စုချန်းကား သံမဏိကို ပြန်မပြောနိုင်သေး။ သူက ဘယ်ဖက်လက်ကို ဖြည်းညှင်းစွာ မလိုက်၏။
ထိုအခါ သူ့ဘယ်ဖက်လက်ဖဝါးပေါ်တွင် သွေးကဲ့သို့ ရဲရဲတောက်နေသော အမှတ်တခု ဆေးမင်ထိုးထားသကဲ့သို့ ပေါ်ပေါက်လာ၏။ တဖန် သူက ညာဖက်လက်ကို ဝေ့ယမ်းပြီး သူ့အရေပြားပေါ်ရှိ အနီရောင်အမှတ်ကို အားနှင့် ဆွဲခွာလိုက်ပြန်သည်။
ဤတကြိမ်တွင်တော့ စုချန်းက စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုပဲ အခြား ပြင်ပနည်းလမ်းတခုကို သုံးလိုက်ခြင်း ဖြစ်သည်။ သက်ရောက်မှု ရှိမရှိ သူ သိလိုနေသည် မဟုတ်ပါလား။
ထိုအခါ အနီရောင်အမှတ် ကွာထွက်သွားသည့်တိုင်အောင် သူ့သွေးထဲတွင် အနီရောင်ပရမတ်သက်ရှိငယ်များ ရှိနေသေးကြောင်း စုချန်း တွေ့ရှိလိုက်ရ၏။ သူ့သွေးထဲတွင် ကျန်ရှိနေသည့် ပရမတ်သက်ရှိငယ်များသည် အရေအတွက် နည်းပါးခြင်းကြောင့် ဘာမှ သိပ်များများစားစား မလှုပ်ရှားနိုင်တော့။ သို့တိုင်အောင် ၎င်းတို့သည် မျိုးပွားရှင်သန်နိုင်ရန် ဆက်လက် ကြိုးစားနေကြ၏။
ဤနှုန်းထားအတိုင်းသာ ဆက်သွားပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ယခင်ကဲ့သို့ လူကို အန္တာရာယ်ပေးလာနိုင်ဖွယ်ရာ ရှိနေ၏။
"လက်စသတ်တော့ ဒီကောင်လေးတွေဟာ အနောက်မြစ်တောအုပ်ကျိန်စာရဲ့ လက်သည်တရားခံတွေပဲကိုး"
စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒီပရမတ်သက်ရှိတွေ ကျက်စားပေါက်ဖွားတဲ့ နေရာကို မသိနားမလည်တဲ့လူတွေ ရောက်သွားတာနဲ့ ဒီလူတွေဟာ တိုက်ခိုက်ခံရမှာပဲ တစုံတခု ထူးဆန်းနေမှန်း သဘောပေါက်လို့ ဒီလူတွေ အဲဒီနေရာက မြန်မြန်ဆန်ဆန် ထွက်ခွာနိုင်ခဲ့ရင်တော့ ဒီပရမတ်သက်ရှိတွေက သူတို့ကိုယ်ထဲမှာ တဖြည်းဖြည်း မျိုးပွားနေပြီး နောက်ဆုံးမှာ ဒီလူတွေရဲ့ အသက်ကို နှုတ်ယူသွားတော့တာပဲ"
"ဒါပေမဲ့ အနောက်မြစ်တောအုပ်မှာရှိတဲ့ တခြားသက်ရှိတွေနဲ့ ဒေသခံတွေကတော့ ဒီသက်ရောက်မှုတွေကို မခံစားရပါကလား သခင်"
သံမဏိက သူ သတိထားမိသည့်အရာကို အထွန့်တက်လိုက်၏။
"ဟုတ်တယ် သံမဏိရဲ့ ဒါကိုလည်း ငါ အတော်စိတ်ဝင်စားနေတယ် သေချာတာကတော့ ဒေသခံတွေဟာ ခုနက ငါ အသုံးပြုတဲ့နည်းလမ်းမျိုးနဲ့ ဒီကောင်တွေကို ရင်ဆိုင်တာတော့ မဟုတ်ဘူး ဒီတော့ တခြားနည်းလမ်းတခုတော့ ရှိနေအုံးမယ်"
"ဒီနည်းလမ်းက ဘာကြီးပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ ရှေ့ဆက်သွားရင် သေချာပေါက် တွေ့ရမှာပဲ သခင်"
"ဟား ဟား ဟုတ်တယ်ဟေ့ သံမဏိ မင်းပြောတာ ဟုတ်တယ် ဒီတော့ ငါတို့ ရှေ့ဆက်သွားကြတာပေါ့"
စုချန်းက အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
ထို့နောက် သူက အနီရောင်အမှတ်ကို သားရဲသတ္တဝါဆိုး အသားစိမ်းများနှင့်အတူ သိမ်ဆည်းထားလိုက်၏။ ပရမတ်သက်ရှိများနှင့် ပတ်သက်၍ တရားဝင် သုတေသနကား အစပြုခဲ့လေပြီ။
လုပ်စရာရှိသည်တို့ လုပ်ပြီးသည်နှင့် စုချန်းတို့နှစ်ယောက်သည် တောနက်အတွင်းသို့ ဆက်လက်ခရီးဆက်ခဲ့ကြ၏။
အနောက်မြစ်တောအုပ်တွင် ဆိုးဝါးကြမ်းတမ်းလှသည့် ပရမတ်သက်ရှိများ ရှိနေသော်လည်း သဘာဝတရားကြီးက သားရဲသတ္တဝါဆိုးများ ဆက်လက်ရှင်သန်နိုင်ရန် နည်းလမ်းသစ်တခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ ဤတောအုပ်အတွင်းဝယ် သားရဲများ ပေါများနေဆဲပင် ဖြစ်၏။ အစာရေစာ ပေါကြွယ်ဝလှခြင်းကြောင့် ပရမတ်သက်ရှိများ၏ အန္တရာယ်ရှိနေသည့်တိုင် သားရဲသတ္တဝါဆိုးများကား ပေါချင်တိုင်း ပေါနေဆဲပင်။ ထို့ကြောင့် အနောက်မြစ်တောအုပ်သည် သဘာဝအရင်းအမြစ် ကြွယ်ဝလှသော တောအုပ်ကြီးပင်တည်း။
စုချန်းတို့ ဆရာတပည့်နှစ်ယောက်သည် ရင်ဆိုင်မိသမျှ သားရဲသတ္တဝါဆိုးများကို သတ်ဖြတ်၏။ လက်လှမ်းမီသမျှ အရင်းအမြစ်များကို သိမ်းဆည်း၏။ တောမှာလည်း နက်သည်ထက် နက်လာခဲ့ပြီ ဖြစ်သည်။ သူတို့ကြုံတွေ့သမျှ သားရဲသတ္တဝါဆိုးများမှာလည်း ပို၍ ပို၍ သန်မာလာကြ၏။ အဆင့်နိမ့်သားရဲများမှစ၍ အလယ်အလတ်အဆင့်၊ ထိပ်တန်းအဆင့်နှင့် ထိပ်ဆုံးအဆင့် သားရဲများထိပင် တွေ့လာရလေသည်။
တနေရာတွင်တော့ စုချန်းသည် ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးတကောင်နှင့် ရင်ဆိုင်တိုးမိ၏။
၎င်းမှာ သံချပ်ကာသားရဲတကောင် ဖြစ်သည်။ သံချပ်ကာသားရဲသည် ခွန်အားအရာတွင် ရွှံံ့ဘီလူးနှင့် မယှဉ်နိုင်သော်လည်း ရင်ဆိုင်ရခက်လှ၏။ သို့သော် စုချန်း ဟူသည်ကလည်း သာမညောင်ည မဟုတ်။ နောက်ဆုံးတွင်တော့ သံချပ်ကာသားရဲကြီးသည် မြေပေါ်တွင် ဘုံးဘုံးလဲကျ သေဆုံးသွားလေသည်။
သံချပ်ကာသားရဲ၏ အသားမှာ သိပ် တန်ဖိုးမရှိလှပေ။ သို့သော် ၎င်း၏ ဦးခေါင်းပေါ်ရှိ တခုတည်းသော ဦးချိုကတော့ တန်းဝင် ရတနာတမျိုးပင် ဖြစ်သည်။ ကွေးညွတ်နေသော ဦးချိုသည် ဓားကွေးတမျိုးနှင့် တူလှ၏။ ဦးချိုအတွင်းသို့ မူလစွမ်းအင်သာ ဖြည့်သွင်းတိုက်ခိုက်ပါက ရန်သူ၏ ခံစစ်ကို ဖြိုခွဲနိုင်သော သဘာဝစွမ်းရည်တမျိုး ရှိနေ၍ ၎င်းသည် မူလကိရိယာတမျိုးနှင့် မခြားလှပေ။
ဲသံမဏိသည် ဦးချိုကို ကောက်ယူပြီး ဝေ့ယမ်းလိုက်ရာ လေချွန်သံများ ထွက်ပေါ်လာ၏။ ထိုအခါ သံမဏိက ဤဦးချိုကိုပင် မူလကိရိယာတမျိုးအဖြစ် အစားထိုး အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အနက်ရောင်မျဉ်းကြောင်းဓားမှာကား ဘေးထွက်ဆိုးကျိုး များလှ၏။ ထိုဓားကို စွန့်ပစ်ရန် အချိန်ရောက်လာခဲ့ပေပြီ။
သူတို့နှစ်ယောက်သည် ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြပြန်သည်။ ထိုအချိန်မှာပင် သူတို့ရှေ့၌ လှုပ်ရှားမှုတချို့ကို သူတို့ မြင်တွေ့လိုက်ရ၏။
သံမဏိသည် လှုပ်ရှားမှုကို ရပ်တန့်ပြီး ကျောပေါ်မှ ဦးချိုဓားကို ဂရုတစိုက်နှင့် ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ရှေ့သို့ ခုန်ဝင်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သစ်ပင်များကြားမှ တိုးထွက်လာသော လူတချို့ကို သူ မြင်တွေ့လိုက်ရ၏။