← Chapters

အဆက်အသွယ် ၁

Vol. 39 Ch. 385

အဆက်အသွယ် ၁

Vol. 39 Ch. 385

ထိုလူများသည် စုတ်ပြဲလျက်ရှိသော အဝတ်များကို ဝတ်ဆင်ထားပြီး မျက်နှာကို ရွှံ့များဖြင့် ဆေးခြယ်ထား၏။ သူတို့၏ လက်ထဲတွင်တော့ လှံရှည်များကို အသီးသီး ကိုင်ဆောင်ထားကြလေသည်။

သံမဏိကို မြင်တွေ့လိုက်သည်နှင့် သူတို့၏ အမူအရာသည် ကြောင်အန်းအန်း ဖြစ်သွား၏။ သို့သော် သံမဏိ၏ လက်ထဲရှိ ဦးချိုဓားကို မြင်သည်နှင့် သူတို့၏ အမူအရာမှာ ပြင်းထန်စွာ ဒေါသထွက်ဟန်ပေါ်လာသည်။ ထို့နောက် လှံရှည်များကို ဝင့်ကာ ဝင့်ကာနှင့် သံမဏိဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

မထင်မှတ်ပဲ တိုက်ခိုက်ခံလိုက်ရ၍ သံမဏိ အံ့သြသွား၏။ သူက ပြန်လည်တုံ့ပြန်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ထအော်လိုက်သည်။

"ဟေ့ ဟေ့ သံမဏိ သူတို့ကို မသတ်နဲ့ကွ"

ထိုစကားကို ကြားသည်နှင့် သံမဏိက ဦးချိုဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ထိုလူများသည် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသော်လည်း ၎င်းတို့သည် သံမဏိကိုယ်ထည်အဆင့်တွင်ရှိသည့် သိုင်းသမားများသာ ဖြစ်၍ အားနည်းလှ၏။ ၎င်းတို့၏ ထိုးချက်၊ ခုတ်ချက်များကို ခုခံလိုက်သည်နှင့် သူ့အပေါ် မည်သည့်အန္တရာယ်မှ မပေးနိုင်မှန်း သံမဏိ နားလည်လိုက်၏။ ထို့ကြောင့် သူက ပြန်လည်တိုက်ခိုက်ခြင်း မပြူတော့ပဲ အက်ဒမန်းတင်းကိုယ်ခန္ဓာကိုသာ နှိုးဆွကာ စိုက်ကြိုက် ထိုးကြပါစေဟူသော သဘောနှင့် တင်းခံနေလိုက်သည်။

ဒေသခံတို့ ကိုင်ဆောင်သည့် လှံရှည်အသီးသီးသည် သံမဏိ၏ ကိုယ်ပေါ်သို့ တချောင်းပြီးတချောင်း ထိမှန်နေသော်လည်း ထိရာရှရာမှပင် ပေါ်အောင် မလုပ်နိုင်ကြချေ။

သူတို့ထဲမှ လူတယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လှံရှည်ကိုဝင့်ကာ သံမဏိ၏ ဦးခေါင်းကို ထိုးချလိုက်၏။ အနှီ လှံရှည်သည် ဖြောင်းခနဲမည်ကာ ထက်ပိုင်းကျိုးသွားလေသည်။

၎င်းကို မြင်သောအခါ ထိုလူများသည် အထူးပင် ထိတ်လန့်တုန်လှုပ်သွားဟန်ပေါ်၏။ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကုန်ကြသည်။

"ခုမှ ပြေးချင်တယ်ပေါ့ ဟုတ်လား"

သံမဏိ၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်ဟန်ပေါ်လာ၏။ ထို့နောက် သူက ထိုလူများကို လိုက်လံဖမ်းဆီးရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ဟန့်တားလိုက်သည်။

"သူတို့ကို လွှတ်ပေးလိုက်ပါ သံမဏိ"

"ဟမ်"

သံမဏိ အံ့သြသွား၏။

စုချန်းက အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပြောလိုက်သည်။

"ဒီလူတွေဟာ ဒီအနီးအနားက ဒေသခံတွေ သံမဏိရဲ့ သူတို့က ငါတို့ကို လုချင်ယက်ချင်လို့ တိုက်ခိုက်တာမဟုတ်ဘူး ငါတို့က သူတို့ရဲ့ အစောင့်သားရဲသတ္တဝါဆိုးကို သတ်ပစ်လို့ တိုက်ခိုက်ကြတာ"

"အစောင့်သားရဲ ဟုတ်လား သခင်"

သံမဏိ နားမလည်နိုင်ပဲ ဖြစ်နေ၏။

"သံချပ်ကာသားရဲလေကွာ"

စုချန်းက ရှင်းပြလိုက်သည်။

"ဒီကောင်ကြီးက သူတို့ မွေးထားတဲ့ သားရဲပဲ ဒါကြောင့် ဒေါသထွက်ပြီး တိုက်ခိုက်ကြတာ ဒီလောက်ကတော့ နားလည်ပေးလို့ရပါတယ်"

ထိုလူများ ပေါ်ပေါက်လာသည်နှင့် စုချန်းက သူ၏ ဘာသာရပ်ကျွမ်းကျင်စွမ်းရည်ကို အသုံးပြုပြီး စကားလုံးများကို လိုက်ဖတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုလူများ ဘာကြောင့် ဒေါသထွက်နေသည်ကို သူ နားလည်ပေးနိုင်၏။

"လက်စသတ်တော့ အဲဒီလိုကိုး သခင်"

သံမဏိက ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလို ရိုင်းစိုင်းတဲ့ ရွာသားတွေက သားရဲသတ္တဝါဆိုးကို ရင်ပါးအောင် လုပ်နိုင်တယ်ဆိုတာ အတော်ကို အံ့သြစရာပဲ သူတို့နောက် လိုက်သွားကြအုံးစို့ ဘာအကျိုးမှ မရှိရင်တောင် သူတို့နဲ့ ရင်းနှီးမှုရတာပေါ့ ဒီနေရာကြီးမှာ အံ့သြစရာတချို့ ရှိနေသေးပုံပဲဟေ့"

ပြောပြောဆိုဆို စုချန်းသည် ဒေသခံများနောက်မှ ထပ်ချပ်လိုက်ပါသွားလေသည်။

နဂါးကျောင်းတော်တွင် ပညာသင်ကြားစဉ်က စုချန်းသည် ခြေရာခံနည်းစနစ်တချို့ကို လေ့လာသင်ယူခဲ့ဖူး၏။ ဒေသခံများမှာကား အရိုင်းအစိုင်းမျှသာ ဖြစ်သည်။ ဘာနည်းစနစ်မှ သင်ယူဖူးသည်မဟုတ်။ ထို့ကြောင့် ဒေသခံများ ဘယ်လမ်းကြောင်းမှ သွားနေသည်ကို စုချန်း၏ မျက်လုံးထဲတွင် သဲသဲကွဲကွဲ မြင်နေရလေသည်။

ဒေသခံများ၏ နောက်သို့ ခြေရာခံလိုက်နေရင်း သစ်လုံးခံတပ် ရွာကလေးတရွာ သူတို့၏ မျက်စေ့ရှေ့တွင် ပေါ်လာ၏။

ရွာကလေးကို အနီးအနားရှိ သစ်ပင်ကြီးများမှ သစ်လုံးများဖြင့် တည်ဆောက်ထားလေရာ ခိုင်ခံ့လှ၏။ ကင်းသမားတချို့လည်း ရှိနေ၏။ ကင်းသမားတိုင်းလိုလိုသည် လှံရှည်များကိုသော်လည်းကောင်း၊ လေးနှင့်မြားများကိုသော်လည်းကောင်း ကိုင်ဆောင်ထားကြသည်။

သံမဏိအား တိုက်ခိုက်ခဲ့သည့် ရွာသားများမှာကား ခံတပ်သို့ ပြန်ရောက်နေကြလေပြီ။ ခံတပ်အတွင်း၌ကား အုတ်အော်သောင်းနင်း ဖြစ်နေ၏။ စုချန်းနှင့် သံမဏိတို့ကို မြင်လိုက်သည်နှင့် ခံတပ်အတွင်းမှ အချက်ပေးခရာသံများ ပျံ့လွင့်လာ၏။ ရွာသားစစ်သည်တော်အများအပြားလည်း ခံတပ်ထိပ်ဖျားတွင် ပေါ်ပေါက်လာလေသည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့လက်ထဲတွင် ကိုင်ထားသော လေးများဖြင့် စုချန်းကို ချိန်ရွယ်ထားလိုက်ကြသည်။

တခေါင်းလုံး ဆံပင်ဖြူများ ပေါက်ရောက်နေပြီး အိုမင်းရင့်ရော်နေသည့် အဖိုးအိုတယောက်သည် သစ်လုံးခံတပ်၏ ထိပ်ဖျားတွင် မတ်တပ်ရပ်လျက်ရှိသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မင်းတို့ ဘယ်သူတွေလဲ ဘာကြောင့် ငါတို့လူတွေကို တိုက်ခိုက်ရတာလဲ"

ထိုအဖိုးအိုက စုချန်းတို့ အသုံးပြုသည့် ဘာသာစကားနှင့် အော်ဟစ်မေးမြန်လိုက်ခြင်း ဖြစ်သည်။

စုချန်းက ပြန်ဖြေလိုက်သည်။

"ခင်ဗျားတို့ မှားနေပြီနဲ့တူတယ် ကျုပ်တို့ ဒီကို လာတာ ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ မဟုတ်ဘူး တကယ်တမ်းမှာ ခင်ဗျားတို့ကသာ ကျုပ်တို့ကို စတိုက်ခိုက်တာ"

"ငါတို့ရဲ့ တမန်တော်သားရဲကို မင်းတို့ သတ်ပစ်လိုက်တာလေ"

အစောင့်တပ်သားများ၏ ခေါင်းဆောင်ဖြစ်ဟန်တူသူ ရွာသားတဦးက လှမ်းအော်လိုက်သည်။

စုချန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ထိပ်ဆုံးအဆင့် သားရဲသတ္တဝါလောက်ကို တမန်တော်သားရဲလို့ ခေါ်တယ် ဟုတ်လား အဲဒါဆိုရင် နတ်ဆိုးသတ္တဝါတွေကျတော့ ဘယ်လိုခေါ်သတုန်း နတ်ဘုရားသားရဲလို့ ခေါ်သလား"

ပြောရင်းနှင့်ပင် စုချန်း၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွား၏။

"သားရဲသတ္တဝါဆိုးတွေဟာ ညဏ်ရည်မြင့်မျိုးစိတ်တိုင်းရဲ့ ရန်သူပဲ ဒီကောင်တွေကို နတ်ဘုရားတွေလို ပူဇော်ပသနေရင် လူသားတွေဟာ ဘယ်လို အတန်းအစားထဲကို ရောက်သွားမလဲ ဒီအရိုင်းအစိုင်း သတ္တဝါဆိုးတွေကို လူသားတွေအနေနဲ့ ထိန်းချုပ်နိုင်ရမယ် ခိုင်းစေနိုင်ရမယ်"

စုချန်း၏ စကားကြောင့် အဖိုးအိုက မဲ့လိုက်သည်။

"မင်းပြောနေတာ နားထောင်လို့တော့ ကောင်းသားပဲ ဒါပေမဲ့ တကယ်တမ်းမှာတော့ မင်းဟာ ငါတို့ကို နိုင်ထက်စီးနင်းလုပ်နေတာ ငါတို့ရဲ့ လူနေမှုပုံစံကို စော်ကားနေတာပဲကွ လူသားတွေနဲ့ သားရဲမျိုးစိတ်တွေ ရန်သူ ဖြစ်မဖြစ် ငါတို့ ဂရုမစိုက်ဘူး ငါတို့သိတာဆိုလို့ မင်းတို့လို အပြင်က လူရမ်းကားတွေ ထိုးဖောက်ဝင်ရောက်လာပြီး ငါတို့အိမ်တွေကို မဖျက်ဆီးနိုင်အောင် ကာကွယ်ဖို့ပဲ ဒီမယ်ကောင်လေး မင်း မသိတတ်လို့ ငါတို့ရဲ့ တမန်တော်သားရဲကို သတ်ဖြတ်မိတာ ငါတို့ အပြစ်မယူချင်တော့ဘူး ဒီနေရာက အမြန်ဆုံး ထွက်သွားပါ ဒီလိုမှမဟုတ်ရင် ငါတို့ မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်ပါနဲ့"

အဖိုးအို၏ စကားဆုံးသည်နှင့် သစ်လုံးခံတပ်ဝင်းအတွင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။ သားရဲသတ္တဝါဆိုးများ၏ အသံပေတည်း။ အသံကို နားထောင်ရသလောက် အလယ်အလတ်အဆင့် သို့မဟုတ် ထိုထက် ပိုမြင့်သော သားရဲသတ္တဝါဆိုးများ ဖြစ်ပေလိမ့်မည်။

လက်စသတ်တော့ ဒေသခံရွာသားများသည် ကိုယ်ခန္ဓာစွမ်းအင်အဆင့် နိမ့်နေစေကာမူ သားရဲသတ္တဝါဆိုးများအား ယဉ်ပါးအောင် မွေးမြူထားနိုင်၍ အားမနည်းလှပေ။ ပုံမှန်အားဖြင့် သားရဲမျိုးစိတ်များဟူသည် ရက်စက်၏။ ရိုင်းစိုင်းကြမ်းတမ်း၏။ ၎င်းတို့သည် လူသားများ၏ အမိန့်ကို နာခံတတ်သည် မဟုတ်ပေ။

အလယ်အလတ်နှင့် ထိပ်တန်း သားရဲသတ္တဝါ တကောင်တလေလောက်ကို ဒေသခံများအနေနှင့် ထိန်းချုပ်ခိုင်းစေနိုင်သည်မှာ အံ့သြစရာ မဟုတ်သော်လည်း များပြားသော သားရဲအုပ်ကြီးကို ထိန်းချုပ်နိုင်သည်ကတော့ အသက်ရှုရပ်တန့်သွားစေရန်ပင် လုံလောက်နေ၏။

အဖိုးအို၏ စကားကြောင့် စုချန်း၏ မျက်နှာပေါ်တွင် အေးစက်သော အငွေ့အသက်တို့ ယှက်သန်းသွားသည်။

"ခင်ဗျားတို့က ကျုပ်ကို အပြစ်မယူချင်တာလား ဒါမှမဟုတ် အပြစ်မယူနိုင်တာလား ကျုပ်ထင်တာ ဒုတိယတခုဖြစ်လိမ့်မယ် ဟုတ်ရဲ့လား"

စုချန်းနှင့် သံမဏိသည် ထိပ်ဆုံးအဆင့် သားရဲတကောင်ကို အလွယ်တကူ သတ်နိင်လျင် ကျန်သားရဲများကိုလည်း ထိုထက်ပို၍ သတ်နိုင်မည်မှာ သေချာနေ၏။ အဖိုးအိုအနေနှင့် ဂရုဏာထားသယောင် ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင်တော့ ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။

စုချန်း၏ စကားက အဖိုးအို၏ မျက်နှာဖုံးကို ခွာချလိုက်သလို ဖြစ်သွားလေရာ အဖိုးအို၏ မျက်နှာမှာ ကြည့်ရဆိုးလောက်အောင် မျက်စေ့မျက်နှာ ပျက်သွား၏။

ထိုအချိန်မှာပင် အစောင့်များ၏ခေါင်းဆောင်က ထအော်လိုက်သည်။

"ခေါင်းဆောင်ကြီး ဒီလူစိမ်းတွေဟာ စော်ကားမော်ကား နိုင်လွန်းတယ် ကြည့်ရတာ တော်ဝင်မျိုးနွယ်စုတွေ လွှတ်လိုက်တာနဲ့ တူတယ် ဘာမှပြောမနေနဲ့တော့ ဒီကောင်တွေကို သတ်ပစ်ရအောင်"

သို့တိုင်အောင် အဖိုးအိုမှာကား ချီတုံချတုံ ဖြစ်နေ၏။ သူတို့ရှေ့ရှိလူနှစ်ယောက်သည် သာမာန်လူများ မဟုတ်မှန်း သူ သဘောပေါက်ထားပြီ မဟုတ်ပါလား။ အခန့်မသင့်လျင် ပေးဆပ်ရမည့် တန်ဖိုးကို ကြီးသွားနိုင်၏။

အစောင့်ခေါင်းဆောင်၏ စကားကြောင့် စုချန်း ကြက်သေသေသွား၏။

"ခနလေး နေပါအုံး ခုနက ပြောလိုက်တဲ့ တော်ဝင်မျိုးနွယ်စု ဆိုတာ ကြည်လင်မြစ်မြို့တော်က တော်ဝင်မျိုးနွယ်စု ဆယ်စုကို ပြောတာလား"

"ဒီကိုလာတဲ့ တခြားတော်ဝင်မျိုးနွယ်စုတွေဆိုတာ ရှိသေးလို့လား"

အစောင့်ခေါင်းဆောင်က ပြန်ပြောလိုက်၏။

"ခင်ဗျားတို့လေသံကို ကြည့်ရတာ သူတို့ကို သိပ်ပြီး သဘောမကျသလိုပဲ ကျုပ်အမှတ်မမှားဘူးဆိုရင် ခင်ဗျားတို့ဟာ တချိန်လုံး သူတို့နဲ့ စီးပွားရေးစပ်တူ လုပ်နေတာ မဟုတ်ဘူးလား ဘာကြောင့် သူတို့ကို သဘောမကျတာပါလိမ့်"

"ဒီကောင်တွေက ငါတို့နဲ့ စီးပွားရေးလုပ်နေတာ မဟုတ်ဘူးကွ ငါတို့ကို ဓားပြတိုက်နေတာပဲ"

အစောင့်ခေါင်းဆောင်က ဒေါနှင့်မာန်နှင့် ပြန်အော်လိုက်သည်။

"ဒါပေမဲ့ ခုတော့ ဒါမျိုး လာလုပ်တာ ငါတို့ လက်မခံတော့ဘူးကွ"

"လက်စသတ်တော့ အဲဒီလိုလား"

စုချန်းက ရယ်မောလိုက်သည်။

စုချန်းနှင့် အစောင့်ခေါင်းဆောင်၏ စကားကို နားထောင်ရင်း အဖိုးအို၏ စိတ်ထဲတွင် တစုံတခုကို နားလည်သဘောပေါက်လာ၏။

"ကောင်လေး မင်းကို ကြည့်ရတာ တော်ဝင်မျိုးနွယ်စုဝင် ဟုတ်ပုံမရဘူး ဒီကောင်တွေ ဒီလောက် ယဉ်ယဉ်ကျေးကျေး မပြောတတ်ဘူး ပြီးတော့ ဒီကို လာရင်လည်း လူအများကြီးနဲ့ လာတတ်တယ်"

စုချန်းက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ် ကျုပ်က သူတို့ထဲက တယောက် မဟုတ်ဘူး အတိအကျ ပြောရရင် ဆန့်ကျင်ဘက်တောင် ဖြစ်နေသေးတယ် ဘာကြောင့်လဲဆိုတော့ သူတို့က ကျုပ်ကို သတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာလေဗျာ"

အဖိုးအို၏ မျက်လုံးအစုံမှာ အရောင်တောက်လာ၏။လေသံမှာလည်း ပြောင်းသွား၏။

"ကျုပ်အနေနဲ့ မင်းကို ဘယ်သူလဲလို့ မေးခွင့်ရှိသလား"

"ကျုပ်နာမည် စုချန်း ကြည်လင်မြစ်မြို့တော်ရဲ့ အသိပညာအတည်ပြုသူ ပဲ"

ရွာသားများသည် တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။ စုချန်း၏ ဂုဏ်သတင်းသည် ကြည်လင်မြစ်မြို့တော်မှ ဤနေရာသို့တိုင်အောင် မွှေးပျံ့နေမှန်း သိသာနေခဲ့လေပြီ။

စုချန်းက စကားဆက်လိုက်သည်။

"ကျုပ်ကြောင့် သူတို့ရဲ့ သစ္စာခံ အယောက် နှစ်ရာလောက် ကိစ္စချောသွားတယ် အဲဒီထဲမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်နဲ့ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ဆယ်ယောက်ကျော်လောက် ပါသွားတယ် ခင်ဗျားတို့သာ သူတို့ရဲ့ ရန်သူဆိုရင် ကျုပ်နဲ့ အကျိုးတူ ပူးပေါင်းလို့ ရနိုင်သားပဲ"

"မင်း တကယ်ပြောနေတာလား"

အဖိုးအိုက စိတ်လှုပ်ရှားဟန်ဖြင့် မေးလိုက်သည်။

"တကယ်ပေါ့ဗျာ ကျုပ် မျက်လုံးထဲမှာတော့ ခင်ဗျားတို့ရဲ့ သစ်လုံးခံတပ်ဟာ ဘာမှ အသုံးမဝင်တာ အမှန်ပဲ"

ပြောပြောဆိုဆို စုချန်းက မီးလျံစက်လုံးကို ထုတ်ဖော်ကာ အနီးရှိ တနေရာသို့ ပစ်ပေါက်လိုက်၏။ အနှီ မီးလျံစက်လုံးသည် စုချန်း ယခင် အသုံးပြုခဲ့သည့် မီးလျံစက်လုံးများထက် များစွာ ပြင်းထန်၏။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်မီးလျံများ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေရာ သစ်သားနံရံများကိုသာ အဆိုပါ မီးလျံစက်လုံးနှင့် ပစ်ပေါက်လိုက်ပါက အားလုံး လောင်ကျွမ်းကုန်ပေလိမ့်မည်။

စုချန်း ပြသလိုက်သည့် နည်းစနစ်ကို တွေ့လိုက်သည်နှင့် အဖိုးအိုသည် မျက်လုံးပြူးသွား၏။ ထိုနည်းစနစ်နှင့်သာဆိုလျင် ခံတပ်တခုလုံး မျက်စေ့တမှိတ်အတွင်း ပြုတ်ပြုတ်ပြုန်းသွားနိုင်သည် မဟုတ်ပါလား။

ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

"တံခါးတွေ အမြန်ဖွင့်ကြ ငါတို့ရဲ့ အထူးဧည့်သည်တော်တွေကို ကြိုဆိုကြစမ်းဟေ့"

All Chapters