← Chapters

အဆက်အသွယ် ၂

Vol. 39 Ch. 386

အဆက်အသွယ် ၂

Vol. 39 Ch. 386

သစ်လုံးခံတပ်ရွာလေး၏ တံခါးပွင့်သွားသည်နှင့် ရွာထဲမှ လူများ အပြင်သို့ ထွက်လာ၏။

လူအုပ်ကြီးကို ဦးဆောင်လာသော အဖိုးအိုက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုရင်း မိတ်ဆက်လိုက်သည်။

"ကျုပ်နာမည် ရှုချာလိုင်လို့ခေါ်တယ် ဒီရွာရဲ့ အကြီးအကဲပါ အသိပညာအတည်ပြုသူစုကို နှုတ်ခွမ်းဆက်ပါတယ် ခုနက ကျုပ်တို့ ရိုင်းပြမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

"အကြီးအကဲ ရှုချာလိုင် ခင်ဗျား အရမ်းယဉ်ကျေးတာပဲ ကျုပ်ဘက်ကလည်း ခင်ဗျားတို့ မွေးမြူထားတဲ့ သားရဲကြီးကို သတ်ဖြတ်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ ဒီအတွက် လျော်ကြေးပေးရမယ်ဆိုရင်လည်း အဆင်သင့်ပါပဲ"

စုချန်းကလည်း ပြန်လည် နှုတ်ဆက်လိုက်၏။ စုချန်း၏နှုတ်မှ လျော်ကြေးဟူသော စကားကို ကြားသည်နှင့် အဖိုးအို၏ မျက်လုံးမှာ အရောင်တောက်လာသည်။

"အသိပညာအတည်ပြသူစုဟာ မိတ်ဆွေကောင်းဆိုတာ ကျုပ် သိပါတယ် ကဲ အထဲကို ကြွပါဗျာ"

အစောပိုင်းတုန်းက စုချန်းသည် အင်အားကြီးမားသော ရန်သူမှန်း သိနေခဲ့သည့်တိုင် ဒေသခံရွာသားများသည် အထူးတလည် စိတ်လှုပ်ရှားဟန်မရှိ။ ယခု လျော်ကြေးအကြောင်း ကြားလိုက်တော့မှ ရွာသားများ၏ ပုံစံမှာ အထူးပင် စိတ်လှုပ်ရှားလာဟန်ရှိ၏။

ရွာသားများသည် အတွေ့အကြုံမရှိသော်လည်း ကိုယ်ပိုင်စဉ်းစားညဏ်မရှိသည်တော့မဟုတ်။ ကိုယ့်အကျိုးတော့ ကိုယ်သိကြသည်သာ။ တခုတည်းသော ကွဲပြားချက်ဟူ၍ သူတို့၏ အကျိုးအမြတ်အပေါ် စဉ်းစားပုံသည် တခြားလူများနှင့် ကွဲပြားခြားနားနေခြင်းပင်။

စုချန်းကား အလျင်လိုနေခြင်းမရှိ။ ချာလိုင်နှင့်စကားပြောနေရင်း ခံတပ်၏ အခြေအနေကို အေးအေးဆေးဆေးပင် လေ့လာနေ၏။

ရှုချာလိုင်တို့၏ သစ်လုံးခံတပ်ကို ပျော်ရွှင်ခြင်းခံတပ်ဟု ခေါ်လေသည်။ ထိုနာမည်မှာ လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိသည်မှအပ များစွာ အဓိပ္ပါယ်ပြည့်ဝလှ၏။

လက်ရှိအခြေအနေအရ သစ်လုံးခံတပ်ရွာလေးအတွင်း၌ နေထိုင်သူလူဦးရေမှာ အယောက် ၃၀၀ထက် ပိုဟန်မရှိပေ။ ရွာလယ်တွင်တော့ ထိပ်တန်းအဆင့် သားရဲသတ္တဝါကြီး နှစ်ကောင်အပါအဝင် သားရဲအုပ်ကြီး ရှိနေ၏။ ထိုသားရဲများ၏ ပုံစံမှာ အနားယူနေဟန်ရှိသည်။

စုချန်းက နည်းနည်းပါးပါး တီးခေါက်ကြည့်ရာ ဤရွာတွင် ထိပ်တန်းအဆင့် သားရဲသတ္တဝါဆိုး သုံးကောင်အထိ ရှိကြောင်း သိရသည်။ ရွာသားများအနေနှင့် ၎င်းတို့ကို အစာကျွေးရန် မလိုအပ်ပေ။ ကိုယ့်ဖာသာကိုယ် ရှာစားပြီး အချိန်တန်လျင် ရွာသို့ ပြန်လာလေ့ရှိကြောင်း သိရ၏။

စုချန်းသည် ဘာမှပြန်မပြောပဲ တိတ်ဆိတ်စွာ နားထောင်နေ၏။ သူ့စိတ်ထဲတွင်တော့ အတော်လေး အံ့သြနေသည်ကတော့ အမှန်ပင်။

ပုံမှန်အားဖြင့် သားရဲသတ္တဝါဆိုးများအား အစာရေစာ ကျွေးမွေးခြင်းသည် ၎င်းတို့ကို ထိန်းချုပ်နိုင်ရန် အခြေခံနည်းလမ်း ဖြစ်သည်။ သင့်အနေနှင့် ၎င်းတို့ကို အစာ ပုံမှန်ကျွေးနေသ၍ သင့်စကားကို ၎င်းတို့ နားထောင်နေပေလိမ့်မည်။

လူသားများသည် အစာကျွေးမွေးခြင်းဖြင့် သားရဲသတ္တဝါဆိုးများအား ထိန်းချုပ်လေ့ရှိကြသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှစ၍ ယနေ့တိုင် အသုံးဝင်နေသော နည်းလမ်းဖြစ်သည်။ ယခုတော့ ဤသစ်လုံးခံတပ်ရွာသားများသည် သားရဲများကို အစာကျွေးရန်မလိုပဲ ထိန်းချုပ်ထားနိုင်ကြ၏။ အံ့သြစရာကောင်းလှပါဘိတောင်း။

သို့သော် ၎င်းမှာ ရွာသားများ၏ လျှို့ဝှက်ချက်ဖြစ်နေ၍ စုချန်းအနေနှင့် တိုက်ရိုက်မေး၍ မကောင်းပေ။ ထို့ကြောင့် သူက တဖက်လှည့် မေးရန် ဆုံးဖြတ်လိုက်သည်။

"အကြီးအကဲရှု ကြားရသလောက် ခင်ဗျားနဲ့ တော်ဝင်မျိုးနွယ်စုတွေဟာ ကုန်သွယ်တဲ့နေရာမှာ ပြသနာတက်နေပုံရတယ် ဘယ်လိုဖြစ်နေကြတာလဲဗျ ခင်ဗျားအနေနဲ့ရော ဒီစီးပွားရေးကို ဘယ်လိုများ ဆက်လုပ်ဖို့ စီစဉ်ထားသလဲ"

ရှုချာလိုင်က ပြန်ဖြေလိုက်သည်။

"အင်း ပြသနာရဲ့ အစကတော့ စီးပွားရေးပဲ ဆိုပါတော့ဗျာ အသိပညာအတည်ပြုသူစုအနေနဲ့လည်း ဒီကို ရောက်လာပြီဆိုတော့ အနောက်မြစ်တောအုပ်ဟာ ဘယ်လို နေရာမျိုးလဲဆိုတာ သိသင့်သလောက်တော့ သိနေမှာပဲ"

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"အကြမ်းဖျင်းလောက်တော့ သိထားတယ်ဆိုပါတော့ဗျာ အနောက်မြစ်တောအုပ်ရဲ့ မြေပြင်အနေအထားဟာ အင်မတန်ရှုပ်ထွေးပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ် သားရဲသတ္တဝါဆိုးတွေရဲ့ အန္တရာယ်သာမကပဲ ဒေသခံမဟုတ်တဲ့ တခြားလူတွေအနေနဲ့ အသက်ဆုံးရံှုံးသွားနိုင်တဲ့ ကျိန်စာတမျိုးလည်း ရှိနေတယ်"

"မှန်တယ် အသိပညာအတည်ပြုသူစုဟာ ဒီနေရာကို အလွယ်တကူရောက်လာနိုင်ပြီး သားရဲသတ္တဝါတကောင်ကို သတ်ဖြတ်နိုင်ခဲ့တယ် ဒါကို ကြည့်ရင် အသိပညာအတည်ပြုသူစုဟာ ပါရမီရှင်မှန်း သိသာနေတယ် ဒါပေမဲ့ ဒီလို စွမ်းဆောင်ရည်မျိုးက လူတိုင်းမှာ မရှိဘူးလေ သူတို့အနေနဲ့ ဒီတောအုပ်က အရင်းအမြစ်တွေကို လိုချင်ရင် ဒေသခံတွေကိုပဲ မှီခိုရမယ်ဗျ"

"ဟုတ်တာပေါ့ ခင်ဗျားတို့ဟာ ဒီဒေသရဲ့ ဒေသခံတွေပဲ ဒီဒေသရဲ့ အရင်းအမြစ်တွေကို ခင်ဗျားတို့ပဲ ပိုင်ဆိုင်သင့်တယ် အပြင်လူတွေအနေနဲ့ ဒါကို တောင်းဆိုလို့ ဘယ်တရားပါ့မလဲ"

စုချန်းက ထောက်ခံလိုက်၏။

"တိတိကျကျကို မှန်တာပေါ့ဗျာ"

အဖိုးအိုရှုက စိတ်လှုပ်ရှားသော လေသံနှင့် ထောက်ခံလိုက်သည်။

"ဒါကြောင့် အနောက်မြစ်တောအုပ်က ရတဲ့ အရင်းအမြစ်တွေကို ကျုပ်တို့ကြိုက်ဈေးနဲ့ပဲ ရောင်းသင့်တယ်မလား"

"ဟုတ်တာပေါ့ဗျာ"

စုချန်းအနေနှင့် အခြေအနေတခုလုံးကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

"ဒါပေမဲ့ အခြေအနေက အဲဒီလို မဟုတ်ဘူးဗျ"

ဘေးနားရှိ အစောင့်ခေါင်းဆောင်က ဒေါသတကြီးနှင့် ဝင်ပြောလိုက်သည်။

"ဈေးနှုန်းက တော်ဝင်မျိုးနွယ်စုတွေ သတ်မှတ်သလို ဖြစ်နေတယ် သူတို့သတ်မှတ်တဲ့ ဈေးနှုန်းက အတည်ပဲတဲ့ဗျ ဒါပေမဲ့ ဒီလူတွေက တန်ရာတန်ကြေးကျတော့ မပေးဘူး ဥပမာ တန်ဖိုးကြီး ဆေးပင်တပင်ကို အပြင်မှာ ရွှေစင်အပြား ၁၀၀ဈေးပေါက်ပေမဲ့ ကျုပ်တို့က ရွှေစင်တပြားနဲ့ ရောင်းပေးနေရတယ်"

"ဈေးနှိမ်လှချည်လား"

ကွာခြားလှသော ဈေးနှုန်းကြောင့် စုချန်းပင်လျင် မျက်လုံးပြူးသွား၏။

"ဟုတ်တယ်ဗျ အရင်တုန်းက ကျုပ်တို့အနေနဲ့ အပြင်ဈေးမသိတော့ သူတို့ကို ဈေးချိုချိုနဲ့ ရောင်းပေးနေခဲ့တယ် ခုတော့ အပြင်ဈေးကို ကျုပ်တို့ သိသွားပြီ ဒါကြောင့် သူတို့ကို ဈေးတိုးပေးဖို့ တောင်းဆိုတယ် ဒါပေမဲ့ သူတို့က ငြင်းလိုက်ကြတယ်လေ"

"တခြားလူတွေဆီမှာ သွားရောင်းဖို့ ခင်ဗျားတို့ မစဉ်းစားဘူးလား"

"ဒါကို ကျုပ်တို့ အစောကြီးကတည်းက တွေးမိပါတယ် ဒါပေမဲ့ ကြည်လင်မြစ်မြို့တော်ရဲ့ ဈေးကွက်ကို တော်ဝင်မျိုးနွယ်စုတွေကပဲ ချုပ်ကိုင်ထားတာ ဒါကြောင့် တခြားလူတွေဆီ ရောင်းဖို့ အခက်တွေ့နေတာပေါ့"

ရှုချာလိုင်က ရှင်းပြလိုက်သည်။

အနောက်မြစ်တောအုပ်နှင့် အနီးဆုံးမြို့ဟူ၍ ကြည်လင်မြစ်မြို့တော်သာ ရှိနေ၏။ မြို့တော်၏ စီးပွားရေးလုပ်ငန်းတခုလုံးကိုကား တော်ဝင်မျိုးနွယ်စုများကသာ ထိန်းချုပ်ထားလေရာ အဖိုးအိုရှု၏ စကားက မမှားချေ။ အနောက်မြစ်တောအုပ်မှ ဒေသခံများအနေနှင့် ၎င်းတို့၏ ကုန်စည်များကို လှေပေါ်တွင် တင်ပြီး ကြည်လင်မြစ်မြို့တော်သို့ ဝင်ရောက်လာပါက တော်ဝင်မျိုးနွယ်စုများ၏ ထိန်းချုပ်မှုအောက်သို့သာ ကျရောက်သွားပေလိမ့်မည်။ အကြောင်းမှာ မြို့တော်၏ ဆိပ်ကမ်းမှန်သမျှနှင့် လှေမှန်သမျှကို တော်ဝင်မျိုးနွယ်စုများကသာ ထိန်းချုပ်ထားသောကြောင့်ပင်။ တဖန် မြို့တော်ရှိ ဆိုင်များအားလုံးမှာလည်း တော်ဝင်မျိုးနွယ်စုများကသာ ထိန်းချုပ်ထားလေရာ ၎င်းတို့နှင့် ဆက်ဆံရေး အဆင်မပြေပါက အရင်းအမြစ်များ ရောင်းချပြီးသည့်တိုင် မည်သည့် ပစ္စည်းမှ ဝယ်ယူ၍ ရလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် မိမိလက်ထဲရှိ လုပ်ပိုင်ခွင့်များကို ထိန်းချုပ်ထားခြင်းအားဖြင့် တော်ဝင်မျိုးနွယ်စုများအနေနှင့် အနောက်မြစ်တောအုပ်ရှိ ဒေသခံများကို အလွယ်တကူပင် အကြပ်ကိုင်နိုင်စွမ်း ရှိနေကြလေသည်။

"တခြားဈေးလေး ဘာလေး ခင်ဗျားတို့ လိုက်မရှာကြဘူးလား"

စုချန်းက မေးလိုက်ပြန်သည်။

"ရှာတာပေါ့ဗျာ ဒါပေမဲ့ ကျုပ်တို့မှာ လှေမရှိဘူး မြစ်ကြောင်းမှာလည်း ဓားပြတွေနဲ့ ပြည့်နေတာဗျ ဒီဓားပြတွေအကုန်လုံးကလည်း တော်ဝင်မျိုးနွယ်စုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ တချို့ဆိုရင် တော်ဝင်မျိုးနွယ်စုတွေကို ဆတ်ကြေးတောင် ပြန်ပေးနေရတယ် တလောက ကျုပ်တို့ လှေတစင်းဆောက်ပြီး မြစ်အောက်ပိုင်းက မြို့တမြို့ကို သွားရောင်းဖို့ ကြိုးစားကြသေးတယ် ဒါပေမဲ့ မြို့တောင် မရောက်လိုက်ပါဘူး သူတို့အားလုံး ဓားပြသတ်တာ ခံလိုက်ရတယ် ပြီးတော့ သူ့တို့ခေါင်းတွေကို ဖြတ်ပြီး ကျုပ်တို့ဆီ ပြန်ပို့ပေးလိုက်ကြတယ်လေ တော်ဝင်မျိုးနွယ်စုတွေက ကျုပ်တို့ကို ခြိမ်းခြောက်တဲ့သဘောပေါ့"

"ရက်စက်လှချည်လား"

စုချန်း အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။

တော်ဝင်မျိုးနွယ်စုများ၏ လုပ်ရပ်ကို ကြည့်လျင် မတရားသော အမြတ်အစွန်းများ ရရှိစေရန် ဈေးကွက်လမ်းကြောင်းကြီးတခုလုံးကို လက်ဝါးကြီးအုပ်ထားသည့် သဘောပင်။ သူတို့နှင့် စီးပွားရေးလုပ်ကိုင်သူများအဖို့ ခေါင်းပုံဖြတ်ခံရန်မှအပ တခြား ရွေးချယ်စရာ မရှိသည့်ပုံပေတကား။

သို့တိုင်အောင် ခေါင်းမာသော အနောက်မြစ်တောအုပ် ဒေသခံများကား လွယ်လင့်တကူ လက်လျော့ခြင်းမရှိ။ သီးပင်စားပင်နင့် ဆေးပင်များကို ကိုယ်တိုင်စိုက်ပျိုးရိပ်သိမ်းကြ၏။ ဤနည်းအားဖြင့် သူတို့သည် ပြင်ပကမ္ဘာကို မှီခိုအားထားနေရန် သိပ်မလိုတော့။

မင်းတို့က ဈေးကွက်ကို ထိန်းချုပ်ရင် ထိန်းချုပ်၊ ငါတို့လည်း ငါတို့ရဲ့ ထုတ်လုပ်ရေးပိုင်းကို ထိန်းချုပ်မယ် ဟူသော သဘောပင်။

ဤသည်မှာ ဒေသခံများက တော်ဝင်မျိုးနွယ်စုများကို တုံ့ပြန်သည့် နည်းလမ်းပင် ဖြစ်သည်။

မိမိတို့၏ စီးပွားရေးဆိုင်ရာ ဖိအားများကို မည်သူမှ တောင့်မခံနိုင်ဟု တထစ်ချယူဆထားသော တော်ဝင်မျိုးနွယ်စုများသည် ရွာသားများ၏ တုံ့ပြန်မှုကြောင့် အကြီးအကျယ် ဒေါသူပုန်ထကုန်၏။ ထိုအခါ အကြမဖက်မှုများ စတင်ဖြစ်ပေါ်လာတော့သည်။

ဤကိစ္စအား ကိုင်တွယ်ရန် တော်ဝင်မျိုးနွယ်စုများဘက်မှ လူတချို့ စေလွှတ်လိုက်၏။

အနောက်မြစ်တောအုပ်၏ ကျိန်စာသည် ကြောက်စရာကောင်း၏။ သို့သော် တော်ဝင်မျိုးနွယ်စုများအဖို့ကား ဤဒေသတွင် နေထိုင်လာသည်မှာ ကြာမြင့်လှပြီ။ ထို့ကြောင့် ကျိန်စာ၏ လျှို့ဝှက်ချက်တချို့ကို သိသင့်သလောက် သိထား၏။ သူတို့အနေနှင့် ကျိန်စာကို တရာရာခိုင်နှုန်း မချေဖျက်နိုင်သည့်တိုင်အောင် ကာကွယ်ရန်နည်းလမ်းတချို့ကတော့ အထိုက်အလျောက် ရှိသည်သာ။

ထို့ကြောင့် စွန့်စားရဲသော သတ္တိသာ ရှိပါက တောအုပ်အတွင်း ထိုးဖောက်ဝင်ရောက်ရန်မှာ သူတို့အတွက် ခက်ခဲလှသော ကိစ္စ မဟုတ်ပေ။ အနောက်မြစ်တောအုပ်ရှိ ဒေသခံများအနေနှင့် ခုခံရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သွေးမြေကျမှုနှင့်သာ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အားမတန်မာန်လျော့ခဲ့ရလေသည်။

သို့သော် မကြာသေးခင်ကမှ အခြေအနေများအားလုံး ပြောင်းလဲသွား၏။

ရွာသားများအားလုံး တော်ဝင်မျိုးနွယ်စုများကို ပြန်လည်တိုက်ခိုက်ရန် စုစည်းလိုက်ကြလေသည်။

အကြောင်းမှာ သားရဲသတ္တဝါများကို ထိန်းချုပ်ရန် နည်းလမ်းတချို့ကို သူတို့ တတ်ကျွမ်းလာသောကြောင့်ပင်တည်း။

All Chapters