အဆက်အသွယ် ၃
Vol. 39 Ch. 387
ထိုနည်းစနစ် မည်သို့ ရရှိလာသည်၊ မည်သို့ အသုံးပြုသည်ကို အကြီးအကဲ ချာလိုင်က မပြောသလို စုချန်းကလည်း မမေးချေ။
နှစ်ဖက်စလုံးသည် အလိုက်တသိနှင့်ပင် ရှိနေကြ၏။ သူတို့၏ ယုံကြည်မှုသည် တော်ဝင်မျိုးနွယ်စုများအပေါ် မုန်းတီးမှုအပေါ်တွင်သာ အခြေခံထားသည် မဟုတ်ပါလား။
အနောက်မြစ်တောအုပ်နှင့် တော်ဝင်မျိုးနွယ်စုများအကြား ပြသနာကို အကြမ်းဖျင်းနားလည်သွားသည်နှင့် စုချန်းက သူနှင့် တော်ဝင်မျိုးနွယ်စုများအကြား အငြင်းပွားမှုကို ရှင်းပြလိုက်၏။
ဤနေရာတွင် မိမိ၏ စွမ်းဆောင်ရည်ကို ဂုဏ်ဖော်ရသည်မှာ သိပ်မကောင်းလှ၍ စုချန်းက သံမဏိကိုသာ ရှင်းပြခိုင်းလိုက်လေသည်။
မူလဗျူရို၏ အကြီးအကဲကို သတ်ဖြတ်ပြီး မူလဗျူရိုကို သိမ်းပိုက်လိုက်ခြင်း၊ ကြည်လင်မြစ်ဆိပ်ကမ်းကို သွေးနှင်း ဆေးပစ်လိုက်ခြင်း စသောအကြောင်းများကို ကြားရသောအခါ ရွာသားများ၏ ပုံစံမှာ အကြီးအကျယ် စိတ်အားထက်သန်ဟန် ပေါ်လာ၏။ ထို့နောက် သူတို့သည် စုချန်းအား လေးစားသော အမူအရာနှင့် ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။
အကြီးအကဲရှုက စိတ်လှုပ်ရှားသော ပုံစံနှင့် ပြောလိုက်သည်။
"အသိပညာအတည်ပြသူစု ကျုပ်တို့အားလုံးဟာ တော်ဝင်မျိုးနွယ်စုတွေရဲ့ ရန်သူပဲ ကျုပ်တို့သာ မဟာမိတ်ဖွဲ့လိုက်ရင် သူတို့ကို အနိုင်ရနိုင်မှာပဲဗျ"
စုချန်းက ရယ်မောလိုက်၏။
"အကြီးအကဲရှုအနေနဲ့ တခုခုကို နားလည်မှုလွဲမှားနေဟန်ပေါ်တယ်"
"ဘာများလဲဗျ"
စုချန်းက ပြန်ပြောလိုက်သည်။
"တော်ဝင်မျိုးနွယ်စုတွေဟာ ကျုပ်ရဲ့ ရန်သူလို့ ကျုပ် တခါမှ မပြောခဲ့သေးဘူးဗျ သူတို့ကသာ ကျုပ်ကို သတ်ပစ်ချင်နေတာလို့ ကျုပ် ပြောခဲ့တာ"
ရှုချာလိုင် ကြက်သေသေသွား၏။
"ဒါ ဘာကွာလို့လဲဗျ"
စုချန်းက ပြောလိုက်၏။
"သိပ်ကွာတာပေါ့ဗျာ မူလဗျူရိုရဲ့ တရားဝင် အသိပညာအတည်ပြုသူအနေနဲ့ ကျုပ် လုပ်သမျှ အရာတွေအားလုံးဟာ အင်ပါယာကြီးရဲ့ အောင်မြင်မှုအတွက်ပဲဗျ ကျုပ်လစာကို သူတို့က ပေးထားတာ ဒါကြောင့် ကျုပ်အနေနဲ့ သူတို့ကိုပဲ သစ္စာရှိနိုင်မယ် ဒါပေမဲ့ ကျုပ် လုပ်သမျှက တော်ဝင်မျိုးနွယ်စုတွေကို စိတ်ပျက်စေတယ် သူတို့ ကျုပ်ကို ရန်ပြုချင်လာအောင် လှုံ့ဆော်ပေးသလို လုပ်နေတယ် ဒါပေမဲ့ ကျုပ်အနေနဲ့ သူတို့နဲ့ လုပ်ငန်းသဘာဝအရ အတိုက်အခံ ဖြစ်နေတာကလွဲလို့ ပုဂ္ဂိုလ်ရေးအရ ရန်သူတွေ မဖြစ်ချင်ဘူးဗျ ဒီတော့ သူတို့ကသာ ကျုပ်ကို ဒုက္ခမပေးတော့ဘူးဆိုရင် ကျုပ်ကလည်း သူတို့ကို ပြန်ရန်မပြုတော့ဘူးလို့ တွေးမိတယ်"
စုချန်း၏ စကားကြောင့် လူတိုင်း ကြောင်အန်းအန်း ဖြစ်သွား၏။
သူတို့၏ အဆိုကို စုချန်းက ပယ်ချလိုက်သည် မဟုတ်ပါလား။
တကယ်တော့ ပြန်တွေးကြည့်လျင် ဘာအံ့သြစရာမှ မရှိချေ။
ရွာသားများသည် ရိုးသားကြသော်လည်း ကိုယ်ပိုင်လှည့်ကွက်ကိုယ်စီတော့ ရှိကြသည်သာ။ တူညီသော ရန်သူကို တိုက်ခိုက်ရန် ချာလိုင်က စုချန်းအား ဆွဲဆောင်လိုက်ခြင်းမှာ စုချန်းက သူတို့လုပ်ရမဲ့အလုပ်ကို ကူညီလုပ်ပေးလာစေရန် ရည်ရွယ်၏။
စုချန်းကတော့ ချာလိုင်၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်သည်။ အကြောင်းမှာ ချာလိုင်၏ ကမ်းလှမ်းချက်တွင် စုချန်းအတွက် ဘာအကျိုးအမြတ်မှ မပါရှိပဲ ဖြစ်နေသည် မဟုတ်ပါလား။
ရွာသားများသည် ဆင်းရဲလှ၏။ အနောက်မြစ်တောအုပ်ရှိ အရင်းအမြစ်များမှာလည်း အသက်စွန့်ရလောက်အောင် ထိုက်တန်ကောင်းမှ ထိုက်တန်ပေလိမ့်မည်။ သို့သော် စုချန်း၏ အမြင်တွင်တော့ ရွာသားများမှာ ထင်သလောက် မဆင်းရဲလှ။ အနည်းဆုံးတော့ ရွာသားများ ကျိန်စာကို ရင်ဆိုင်သည့်နည်းလမ်းနှင့် သားရဲသတ္တဝါဆိုးများအား ထိန်းချုပ်သည့်နည်းလမ်းမှာ စုချန်း၏ အမြင်တွင် အတော်ပင် အထင်ကြီးစရာ ကောင်းနေ၏။
စုချန်း၏ ငြင်းပယ်မှုကို ကြားလိုက်သည်နှင့် အကြီးအကဲ ချာလိုင် စိတ်ပူသွား၏။
"ဒါပေမဲ့ အသိပညာအတည်ပြုသူစု ခင်ဗျားက ကျုပ်တို့ရဲ့ တမန်တော်သားရဲတကောင်ကို သတ်ထားတယ်လေဗျာ ဒါ...."
အကြီးအကဲချာလိုင်၏ စကားမှာ တန်ရာတန်ကြေးတော့ မပြောပဲ လျော်ကြေပေးရန် တောင်းဆိုနေသကဲ့သို့ ရှိ၏။ ၎င်းမှာ အတော်ပင် ကသိကအောင့် ဖြစ်စရာကောင်းလှသည်။
သံမဏိက တစုံတခုကို မသဲမကွဲ ရေရွတ်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ပြောလိုက်၏။
"အိုး ဟုတ်သားပဲ ခင်ဗျားပြောမှ ကျုပ် ကတိပေးထားတာ သတိရတယ် ထိပ်တန်းသားရဲတကောင်ဟာ ဘယ်လိုပဲကြည့်ကြည့် တန်ဖိုးရှိတာတော့ အမှန်ပဲ အပြင်မှာဆိုရင် ဒီတကောင်ဟာ မူလကျောက်တုံး နှစ်ထောင်ထိ ဈေးပေါက်တယ် ဒါပေမဲ့ ခင်ဗျတို့က ဒီကောင်ကို ယဉ်ကျေးအောင် လုပ်ထားတာဆိုတော့ ဒီထက် ဈေးတိုးပေးမှ ကောင်းမှာပေါ့ ကဲ ကျုပ်က ဆယ်ဆထိ တိုးပေးလိုက်မယ်"
ပြောပြောဆိုဆို စုချန်းက သူ့လက်စွပ်ထဲမှ မူလကျောက်တုံး ၂၀၀၀၀ကို ထုတ်ကာ အကြီးအကဲ ချာလိုင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
မူလကျောက်တုံး ၂၀၀၀၀မှာ မနည်းလှပေ။ ပုံမှန်အခြေအနေသာဆိုလျင် စုချန်းက မူလကျောက်တုံး ၈၀၀၀ခန့်နှင့် ရအောင် ညှိုနှိုင်းပေလိမ့်မည်။ ထို့ကြောင့် စုချန်း၏ လုပ်ရပ် မှားပါသည်ဟု ပြောဆိုရန် တကွက်မှ မရှိပေ။
များပြားသော မူလကျောက်တုံးများ လက်ခံရရှိလိုက်သည့်တိုင် အကြီးအကဲချာလိုင်မှာ ဝမ်းသာဖို့ဝေးစွ ငိုမဲ့မဲ့ပင် ဖြစ်နေ၏။ လတ်တလော အခြေအနေအရ သူတို့သည် တော်ဝင်မျိုးနွယ်များနှင့် အတိုက်အခံ ဖြစ်နေလေရာ မည်သည့်ပစ္စည်းမှ ရောင်းချ၍ မရသလို ဝယ်၍လည်းမရပေ။ ထို့ကြောင့် ငွေကြေးမှာ သူတို့အတွက် တန်ဖိုးမရှိပဲ ဖြစ်နေ၏။ ထိုပြင် မူလကျောက်တုံး၏ နောက်ထပ်အသုံးပြုနည်းဖြစ်သည့် ကျင့်ကြံခြင်းဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်မှာလည်း သူတို့တရွာလုံးတွင် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင် တယောက်မျှပင် မရှိ။ ထို့ကြောင့် မူလကျောက်တုံး၏ အသုံးဝင်ပုံ နှစ်မျိုးလုံးသည် ရွာသားများအတွက် လုံးဝ အသုံးမဝင်ပဲ ဖြစ်နေ၏။
စုချန်းက ၎င်းကို သိသော်လည်း မသိချင်ယောင် ဆောင်ထားလိုက်သည်။
"ခင်ဗျားတို့ဆီမှာ ကျုပ်အကြွေး မရှိတော့ဘူးနော် ဟုတ်ရဲ့လား"
ပြောပြောဆိုဆို သူက ချာခနဲ လှည့်ကား အေးအေးဆေးဆေနှင့် ထွက်ခွာသွားလေသည်။
ထိုစဉ် အကြီးအကဲချာလိုင်က စုချန်းကို လှမ်းဆွဲကာ အမောတကောနှင့် ပြောလိုက်သည်။
"အသိပညာအတည်ပြုသူစု ခင်ဗျားကသာ ကျုပ်တို့ကို ကူညီမယ်ဆိုရင် ဒီငွေကြေးလောက်က အရေးမကြီးပါဘူးဗျာ အမှန်အတိုင်း ပြောရရင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ တော်ဝင်မျိုးနွယ်စုဝင်တွေ ဒီကို ရောက်လာပြီးပြီ ဒါပေမဲ့ ကျုပ်တို့က သားရဲသတ္တဝါတွေရဲ့ အကူအညီနဲ့ ခုခံကြတော့ သူတို့ ပြန်ဆုတ်ခွာသွားတယ် သူတို့ ပြန်လာကြလိမ့်မယ် ဒီတခါ သူတို့ ပြန်လာရင် ကျုပ်တို့ ခုခံနိုင်မှာ မဟုတ်တော့ဘူး ဒီတော့ အသိပညာအတည်ပြုသူစု ခင်ဗျားကိုယ်တိုင်လည်း သူတို့နဲ့ ရန်သူတွေပဲလေဗျာ သူတို့ကို ခုခံနိုင်အောင် ခင်ဗျားက အကူအညီပေးရင် ခင်ဗျားအတွက်လည်း အကျိုးရှိတာပါပဲဗျာ ရန်သူကို အင်အားနည်းအောင် လုပ်တာဟာ ကိုယ့်ဘက်ကို အင်အားတိုးပွားလာအောင် လုပ်တာနဲ့ အတူတူပဲလေ"
ရန်သူကို အင်အားနည်းအောင် လုပ်တာဟာ ကိုယ့်ဘက်ကို အင်အားတိုးပွားလာအောင် လုပ်တာနဲ့ အတူတူပဲဟူသော စကားကိုထောက်လျင် အကြီးအကဲချာလိုင်သည် အတော်အသင့် ပညာရှိကြောင်း သိသာနေ၏။
သို့သော် စုချန်းက ခေါင်းကို တွင်တွင်ပါအောင် ခါယမ်းလိုက်၏။
"ကျုပ်ရဲ့ အစီအစဉ်ထဲမှာ ခင်ဗျားတို့ မပါဘူးဗျ ဒီတော့ တောင်းပန်ပါတယ်ဗျာ"
ပြောပြောဆိုဆို စုချန်းက ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သူ့စကားကို စုချန်းက အနည်းငယ်မှ ဂရုမစိုက်သောအခါ အကြီးအကဲချာလိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကောင်းပြီ ခင်ဗျား ဒီမှာနေပြီး ကျုပ်တို့ကို ကူညီပေးတယ် ကျုပ်တို့က ကျိန်စာကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ နည်းလမ်းကို ပေးမယ်"
ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ သူ့မျက်နှာတွင်လည်း မနှစ်မြို့ဟန်များ ပေါ်နေ၏။
"အကြီးအကဲချာလိုင် ကျုပ်က ခင်ဗျားတို့ကို ဒုက္ခမပေးဘူးလေ ဒါနဲ့တောင် ခင်ဗျားတို့က ကျုပ်ကို ဒုက္ခဖေို့ ကြံစည်ရသလားဗျ"
အကြီးအကဲချာလိုင် မျက်လုံးပြူးသွား၏။
"ဘာကိုဆိုလိုတာတုန်း"
"ခင်ဗျားတို့ရဲ့ ကျိန်စာ ရင်ဆိုင်တဲ့နည်းလမ်းကို ကျုပ် စိတ်ဝင်စားတယ်လို့ ခင်ဗျားတို့ ထင်နေတယ်မလား ဟုတ်ရင်လည်းဟုတ်မှာပေါ့ဗျာ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ နည်းလမ်းက ကန့်သတ်ချက်တွေ များလွန်းတယ်ဗျ ခင်ဗျားတို့အနေနဲ့ အနောက်မြစ်တောအုပ်ထဲက အချိန်အကြာကြီး ထွက်မသွားနိုင်တာနဲ့ တော်ဝင်မျိုးနွယ်စုတွေ ဒီနည်းလမ်းကို မရွေးချယ်ခဲ့တာကို ကြည့်ရင် ဒါကို မြင်သာတယ် ဒီနည်းစနစ်သာ တကယ်တမ်း အသုံးဝင်ရင် တော်ဝင်မျိုးနွယ်စုတွေက ခင်ဗျားတို့ကို ဘာများ အားကိုးနေစရာ လိုသေးလို့လဲ သူတို့အနေနဲ့ တောထဲဝင်ပြီး ကြိုက်တာ ဝင်ယူယုံပေါ့"
အကြီးအကဲချာလိုင်ကား ပါးစပ်အဟောင်းသားနှင့် ရှိလေသည်။ စုချန်းက စကားဆက်ပြန်၏။
"ခင်ဗျားတို့က ပွင့်ပွင့်လင်းလင်း ပြောလာပြီဆိုတော့ ကျုပ်ဘက်ကလည်း လိုရင်းပြောမယ် ခင်ဗျားတို့ကို ကူညီစေချင်သလား ရတယ် ဒါပေမဲ့ ကျုပ်ကို နှစ်မျိုး ပြန်ပေးရမယ် အဲဒါကတော့ ကျိန်စာကို ရင်ဆိုင်တဲ့ နည်းစနစ်နဲ့ သားရဲသတ္တဝါတွေကို ထိန်းချုပ်တဲ့ နည်းလမ်း ဒီနည်းစနစ် နှစ်မျိုးလုံးကို ကျုပ် လိုချင်တယ်"
"ဘယ်လိုမှ မဖြစ်နိုင်ဘူး တမန်တော်သားရဲတွေ ထိန်းချုပ်တဲ့နည်းလမ်းကို လက်လွတ်စပယ် ပေးပစ်လို့ဘယ်ရမလဲ"
အစောင့်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
စုချန်းကား စိတ်မဆိုးချေ။
သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ပြသနာမရှိဘူး အေးအေးဆေးဆေး စဉ်းစားပါလေ ကျုပ် ဒီတောထဲမှာ ရက်အနည်းငယ်လောက် ရှိနေအုံးမယ် ခင်ဗျားတို့ စိတ်ပြောင်းသွားရင် ကျုပ်ကို လာအကြောင်းကြားပါ"
ချာလိုင်က အလျင်စလိုနှင့် ပြောလိုက်သည်။
"ကျိန်စာဟာ အင်မတန် ကြောက်စရာကောင်းတယ်နော် အသိပညာအတည်ပြုသူစုအနေနဲ့ ဒါကို ခနတဖြုတ် ခံနိုင်ရုံနဲ့ ရေရှည်ခံနိုင်မယ်လို့ မတွေးစေလိုဘူး ရွာမှာ မနေပဲ တောနက်ထဲ သွားနေမယ်ဆိုတာ စိတ်ကူးကောင်းမဟုတ်ဘူးဗျ"
သို့သော် စုချန်းက ရယ်မောလိုက်ပြန်၏။
"လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိကြတယ်ဗျ ကျိန်စာကို မခံနိင်လို့ ကျုပ်သေသွားလည်း ဝမ်းနည်းစရာတော့ မရှိပါဘူးလေ ဒါပေမဲ့ ကျုပ်မသေသေးရင်တော့ ခုနက ကမ်းလှမ်းချက်တွေဟာ မပျက်စီးသေးဘူးလို့ ယူဆထားလိုက်ပေါ့ဗျာ"
ရွာသားများကား ဘာပြောရမှန်းမသိပဲ ဖြစ်ကုန်ကြလေသည်။
စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"သဘောတူညီမှု မရဘူးဆိုရင်တော့ ကျုပ်တု့ိ အလုပ်နည်းနည်းပါးပါးတော့ တွဲလုပ်လို့ ရပါသေးတယ် ဥပမာ ခင်ဗျားတို့က ကျုပ်ကို ပစ္စည်း ရောင်း ကျုပ်က ခင်ဗျားတို့ လိုချင်တဲ့ ကုန်စည်တွေကို မြို့ကနေ ပြန်သယ်လာပေးမယ် များများစားစားတော့ မရဘူးပေါ့ဗျာ ကျုပ် သယ်နိုင်သလောက်ပေါ့"
အကြီးအကဲချာလိုင် ဘာမှမတတ်နိုင်တော့။
စုချန်းနှင့် လုပ်ငန်းအတူ တွဲလုပ်ရန်သာ ဆုံးဖြတ်လိုက်ရသည်။ ၎င်းသည် လက်ရှိအခြေအနေတွင် စုချန်းထံမှ ရရှိနိုင်သည့် အကောင်းဆုံး အခွင့်အရေး ဖြစ်နေသည် မဟုတ်ပါလား။