← Chapters

ငိုယို၍ အကူအညီတောင်းခံခြင်း

Vol. 39 Ch. 388

ငိုယို၍ အကူအညီတောင်းခံခြင်း

Vol. 39 Ch. 388

နောက် ရက်များတွင်တော့ စုချန်းနှင့် သံမဏိသည် အနီးအနား တနေရာတွင် စခန်းချပြီး သားရဲသတ္တဝါဆိုးများအား အမဲလိုက်ကာ ကိုယ်ခန္ဓာစွမ်းအင်တိုးတက်လာစေရန် ကျင့်ကြံအားထုတ်နေကြလေသည်။

စုချန်းကတော့ ကြည်လင်မြစ်မြို့တော်သို့ တကြိမ်သွားလိုက်သေး၏။ အပြန်တွင်တော့ စုချန်းသည် သူနှင့်အတူ များပြားလှသော လူ့အသုံးအဆောင်ပစ္စည်းပစ္စယများကို ဆိုင်တဆိုင်စာမျှပင် သယ်ယူလာခဲ့၏။ ရွာသားများထံမှ အရင်းအမြစ်များနှင့် လှဲလှယ်မှု ပြုလုပ်ရန်ပင် ဖြစ်သည်။

ထိုပစ္စည်းများသည် မူလကျောက်တုံးများထက်စာလျက် ရွာသားများအတွက် များစွာ အသုံးဝင်သေး၏။ ထိုအခါ သူတို့အပေါ် အနည်းငယ်မှပင် မကူညီ၍ မကျေမချမ်း ဖြစ်နေကြသော ရွာသားများသည် စုချန်းအပေါ် အမြင်ကြည်လင်စ ပြုလာ၏။ ယုံကြည်မှုလည်း တိုးပွားလာကြလေသည်။

တခါတလေတွင် ယုံကြည်မှုတည်ဆောက်ခြင်းသည် ပထမဆုံး ဆောင်ရွက်သင့်သည့်အရာ ဖြစ်နေသည်တကား။

အနောက်မြစ်တောအုပ်ရွာလေးရှိ ရွာသားများ၏ အသက်ရှင်သန်ရေးလျှို့ဝှက်ချက်မှာ သားရဲသတ္တဝါဆိုးများအား ယဉ်ပါးလာအောင် မွေးမြူခြင်းပင် ဖြစ်သည်။ ပြင်ပလောကမှ လာသော လူစိမ်းတဦးအား သူတို့နှင့် ရန်သူတဦးတည်းဟု ဆိုရုံနှင့် ထိုနည်းစနစ်အား လက်ကမ်းပေးလိုက်ပါက သူတို့အဖို့ ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် အတူတူသာ။

ထိုအတွက်ကြောင့်ပင် စုချန်းက အဖြေကို အလျင်စလို မတောင်းခံခြင်းပင်။ ထိုအစား သူက ရွာသားများနှင့် နီးနီးကပ်ကပ် နေထိုင်ပြီး တဖက်နှင့်တဖက် နားလည်မှု ပိုမိုရရှိလာစေရန်သာ ကြိုးစားနေ၏။

စုချန်းအဖို့တော့ အခြေအနေမှာ အနီရောင်တောင်ကြောကို နောက်တကြိမ် ပြန်သွားရသည်နှင့် တူလှသည်။

အကြိမ်ရေအတော်များများတွင် စုချန်းသည် သူကိုယ်တိုင် အမဲလိုက်ခြင်း မပြုတော့ပေ။ စမ်းသပ်မှုများ ဆောင်ရွက်နိုင်ရန် သင့်တော်မည့် နေရာတနေရာကိုသာ အာရုံစိုက်ရှာဖွေနေ၏။ သံမဏိကသာ ဒိုင်ခံ အမဲလိုက်နေတော့သည်။

အနောက်မြစ်တောအုပ်ဟူသည် အရင်းအမြစ် ပေါကြွယ်ဝလှသော နေရာ ဖြစ်သည်။ ထို့ကြောင့် ဤတောအုပ်အတွင်း ရရှိသော အရင်းအမြစ်များနှင့်ပင် စုချန်းအဖို့ စမ်းသပ်မှုအများအပြား ပြုလုပ်နိုင်၏။

အခါအားလျော်စွာ စုချန်းသည် ဆေးဝါးတချို့ကိုပင် ဖော်စပ်နိုင်လာ၏။

အနောက်မြစ်တောအုပ်ကား အမှန်တကယ်ပင် ပရင်းအမြစ် ပေါကြွယ်ဝလှ၏။ သို့သော် ထိုအရင်းအမြစ်များအား ထိပ်တန်း ကုန်ပစ္စည်းများအဖြစ် မည်သို့ ပြောင်းလဲရမည်ကို သိရှိသောလူဟူ၍ တယောက်မှပင် မရှိချေ။ ရွာသားများသည် အရင်းအမြစ် ပေါများလှသော ဒေသတွင် နေထိုင်ရင်းနှင့်ပင် သာမာန် အဖျားရောဂါများ၊ အသေးစားဒဏ်ရာများနှင့် သေဆုံးကြကုန်၏။ ၎င်းမှာ ရွှေဘုံပေါ်တွင် ထိုင်နေရင်း စားစရာမရှိ၍ ငတ်မွတ်နေသူနှင့် တူလှသည်။

ထို့ကြောင့် စုချန်း ဖော်စပ်လိုက်သည့် ဆေးဝါးတိုင်းသည် ရွာသားများအတွက် အထူးပင် အသုံးဝင်လာ၏။

ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်နေ၏။ ထိုအချိန်မှာပင် အပြင်ဘက်မှ ဆူဆူညံညံအသံများကို သူ ကြားလိုက်ရသည်။

ဤတောအုပ်အတွင်းဝယ် စုချန်းသည် ရိုးရှင်းသော စမ်းသပ်မှုများကိုသာ ပြုလုပ်နေခြင်း ဖြစ်လေရာ သူက စမ်းသပ်မှုကို ရပ်တန့်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင်တော့ ထမ်းစင်များပေါ်တွင် လူနှစ်ယောက်ကို သယ်ဆောင်ပြီး သူ့ဆီသို့ ဦးတည်လာနေသော ရွာသားတချို့ကို စုချန်း မြင်တွေ့လိုက်ရသည်။

ထိပ်ဆုံးမှ လျှောက်လာသော ရွာသားက စုချန်း၏ ရှေ့တွင် ဒူးထောက်ပြီး ပြောလိုက်သည်။

"ဆရာစု ကျုပ်အစ်ကိုကို ကယ်ပေးပါဗျာ"

ဤနေရာတွင် နေထိုင်လာသည်မှာ အချိန်အတော်ကြာပြီးသည့်တိုင် ရွာသားများက စုချန်းအား အသိပညာအတည်ပြုသူဟု ခေါ်လေ့မရှိပေ။ ထိုအစား ဆရာ ဟုသာ တိုက်ရိုက်ခေါ်ဝေါ်လေ့ရှိသည်။ ရွာသားများအတွက် ဆရာဟူသော အသုံးအနှုံးမှာ ပညာရှိ၊ပညာရှင်ဟု အဓိပ္ပါယ်ရ၏။

စုချန်းက ဒဏ်ရာရနေသူနှစ်ယောက်ကို အနီးကပ် ကြည့်ရှုလိုက်သည်။ ပထမတယောက်၏ ရင်ဘက်တွင် ကြီးမားသော အပေါက်ကြီးတပေါက် ဖြစ်နေပြီး ကျန်တယောက်မှာကား လက်ဝါးရာကြီးနှင့် ဖြစ်သည်။ စုချန်းက မေးလိုက်၏။

"ဒါ သူများ တိုက်ခိုက်လို့ ရလာတဲ့ ဒဏ်ရာတွေပဲ ဘာတွေ ဖြစ်လာကြသလဲ"

"တခြား ဘာဖြစ်ရအုံးမလဲ တော်ဝင်မျိုးနွယ်စုတွေရဲ့ အိမ်မွေးခွေးတွေပဲပေါ့ သူတို့ ပြန်ရောက်လာကြပြန်ပြီ"

ရွာသားက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။

သိပ်မကြာသေးခင်က တော်ဝင်မျိုးနွယ်စုများသည် ရွာသားများအား တိုက်ခိုက်ရန် လူတချို့ စေလွှတ်လိုက်၏။ ရွာသားများဘက်မှ သားရဲများ အကူအညီနှင့် ရန်သူများအား ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ သို့တိုင်အောင် ရွာသားများဘက်မှ ခြောက်ယောက်သေပြီး နှစ်ယောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့၏။

"ဒီတခေါက် သူတို့ လူဘယ်နှစ်ယောက် လွှတ်လိုက်သလဲ"

စုချန်းက မေးလိုက်ပြန်သည်။

"တယောက်တည်း ဒါပေမဲ့ အဲဒီတယောက်တည်းနဲ့ ကျုပ်တို့ တရွာလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်"

ရွာသားက ခါးသီးနာကျင်သော အမူအရာနှင့် ဖြေလိုက်သည်။ ထို့နောက် သူက ငိုချလိုက်၏။

ထိုရွာသား၏ အမည်ကို စုချန်း မှတ်မိလာသည်။ ၎င်း၏နာမည်မှာ လန်းယီ ဖြစ်သည်။ သူသည် အပူအပင်မရှိပဲ ပျော်ပျော်နေတတ်သော လူငယ်လေး ဖြစ်သည်။ ယခုတော့ လန်းယီတယောက် နာကျင်ကြေကွဲစွာနှင့် ငိုကြွေးနေခဲ့ရလေပြီ။

"တယောက်တည်း ဟုတ်လား"

စုချန်းက လွှတ်ခနဲ ရေရွတ်လိုက်သည်။

"မင်းတို့ရဲ့ တမန်တော်သားရဲတွေကကော ဒီလူကို မောင်းမထုတ်နိုင်ဘူးလား"

"ဒီလူက မြန်လွန်းတယ် မြန်လွန်းလို့ သားရဲတွေက ဒီလူကို ဖမ်းမမိနိုင်ဘူးဖြစ်နေတယ် ဒီလူက အဲဒီအခွင့်အရေးကို အရယူပြီး ကျုပ်တို့ကို တိုက်ခိုက်တော့တာပဲ ဒီလူက အလွန်ရက်စက်တယ် လူသတ်ရတာကို ပျော်နေသလိုပဲ ကျုပ်တို့ကို အေးအေးဆေးဆေးမှ သတ်မဲ့ သဘောရှိတယ် ဒါကြောင့် သူက တရက်ကို လူဆယ်ယောက်ထက် ပိုမသတ်ဘူး မနက်ဖြန်ကျရင် သူ ပြန်လာလိမ့်မယ်"

"အိုး မင်း ပြောပုံအရဆိုရင် ဒီလူ အတော်ရက်စက်တာပဲ"

စုချန်းက မယုတ်မလွန် ပြောလိုက်၏။ ထို့နောက် သူက ဒဏ်ရာရနေသူနှစ်ယောက်ဘက်ကို ပြန်လည် အာရုံစိုက်လိုက်သည်။

"ကဲ သူတို့ကို သယ်လာခဲ့ကြဗျို့ ကျုပ် ကုပေးမယ်"

စုချန်းကိုကြည့်ရင်း ရွာသားများ၏ စိတ်ထဲတွင် စိတ်ပျက်ကုန်ကြသည်။

ရွာသားများ ဘာတွေစဉ်းစားနေမှန်း စုချန်းကိုယ်တိုင်လည်း ကောင်းကောင်းသိလေသည်။ ယုတ်စွအဆုံး ၎င်းတို့ ဘာကြောင့် ဒဏ်ရာရသူများကို သူ့ထံသို့ ခေါ်လာမှန်းကိုပင် သူက သိထားသေး၏။

ဒဏ်ရာရထားသူများကို စုချန်းထံသို့ ခေါ်လာသည်မှာ အလကားမဟုတ်။ စုချန်းက သူတို့အား သနားသွားစေရန်ပင် ဖြစ်သည်။ သို့သော် စုချန်း၏ ရပ်တည်ချက်ကား ဤအနေအထားလောက်နှင့် ယိမ်းယိုင်သွားမည်မဟုတ်ပေ။

ဒဏ်ရာရထားသူနှစ်ယောက်ကို ခုံပေါ်တွင်တင်ရင်း စုချန်းက စတင်ကုသပေးလိုက်သည်။ ဒဏ်ရာများကို ကုသပေးရခြင်းကို စုချန်း သဘောကျ၏။ ၎င်းသည် လူသား၏ ကိုယ်ခန္ဓာ၊ မူလစွမ်းအင်နှင့် အသက်ဓာတ်တို့၏ ဆက်စပ်ပုံကို နားည်လာစေရန် သူ့အား ကူညီပေးနိုင်သည် မဟုတ်ပါလား။

ရွာသားနှစ်ယောက်၏ ဒဏ်ရာမှာ သိပ်မသေးလှ။ သို့သော် စုချန်းက ၎င်းတို့ကို သေမင်း၏ ခံတွင်းဝမှ အရ ဆွဲထုတ်နိုင်ခဲ့လေသည်။

ထို့နောက် သူက ပြောလိုက်၏။

"ကဲ သူတို့ကို ပြန်ခေါ်သွားလို့ရပြီ ရက်အနည်းငယ်လောက် သူတို့ အနားယူပါစေ တခုတော့ရှိတယ် ဒီအတောအတွင်းမှာ သူတို့ကို ဆန်ပြုတ်ပဲကျွေးပါ အစာမာမာ မကျွေးပါနဲ့ ကုသခကတော့ ထုံးစံအတိုင်းပဲပေါ့ တယောက်ကို မူလကျောက်တုံး ငါးရာ ကျသင့်မယ် ခင်ဗျားတို့အနေနဲ့ မူလကျောက်တုံးအစား တခြားအရင်းအမြစ်တွေနဲ့ ဖလှယ်ပေးလို့ရတယ်"

ရွာသားတယောက်က မူလကျောက်တုံး တထောင်ကို စာပွဲခုံပေါ်တွင် တင်ပေးလိုက်လေသည်။

"ဆရာစု ဟိုလူ နက်ဖြန် ပြန်လာမှာဗျ"

လန်းယီက စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။

"ဆရာစုဟာ စွမ်းရည်လည်း ရှိတယ် သူတို့ကိုလည်း မကြောက်ဘူး ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပါဗျာ ကျုပ်တို့အနေနဲ့ တမန်တော်သားရဲကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ နည်းလမ်းကိုတော့ ပေးလို့မရဘူး ဒါပေမဲ့ ဆရာစုအနေနဲ့ တခြား တောင်းဆိုချက်တွေများရှိရင် အဲဒါကို အဆင်ပြေအောင် ကျုပ်တို့ လုပ်ပေးနိုင်မှာပါ"

"အဲဒီလိုလား"

စုချန်းက ခေါင်းကိုငုံ့ကာ စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ရင်း ပြောလိုက်၏။

"ကောင်းပြီလေ အဲဒီလူရဲ့ အနေအထား ဘယ်လိုရှိသလဲ ကျုပ်ကို ပြောပြ ဥပမာ အဲဒီလူ ဘယ်လောက်ထိ မြန်သလဲ သူ့ရဲ့ တိုက်ခိုက်ပုံကရော ဘယ်လိုလဲ စသဖြင့်ပေါ့ မင်း သတိထားမိသလောက် ပြောပြပါ"

လန်းယီက စုချန်း၏ မေးခွန်းကို တခွန်းချင်း ပြန်ဖြေ၏။

တကယ်တော့ ရွာသားများသည် ချီစွမ်းအားပညာရှင်များနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိကြသူများ မဟုတ်။ ထို့ကြောင့် လန်းယီက တဖက်လူ၏ အင်အားကို ရိုးရှင်းသော အသုံးအနှုံးများနှင့်သာ ဖော်ပြပြောဆိုနေရှာသည်။ ဥပမာ တစုံတယောက်၏ အမြန်နှုန်းကို ဖော်ပြရာတွင် လန်းယီသည် မြားတစင်း၏ အမြန်နှုန်း သို့မဟုတ် သားရဲသတ္တဝါတကောင်၏ အမြန်နှုန်းနှင့်သာ နှိုင်းယှဉ်ပြောဆိုနိုင်ရှာ၏။

လန်းယီ၏ စကားကို သေသေချာချာ နားထောင်ရင်း စုချန်းက မှတ်ချက်ပြုလိုက်သည်။

"ဒီအတိုင်းဆိုရင် မင်းတို့ရန်သူက မြန်နှုန်းမြင့် အမျိုးအစားသုံး သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်ပဲ ဒီလူရဲ့ လှုပ်ရှားမှုတွေဟာ ပေါက်ကွဲအားပြင်းထန်ပေမဲ့ ဒီလောက်လည်း ကြောက်စရာမကောင်းပါဘူး ပြီးတော့ အချိန်ကြာကြာ လူသတ်ချင်လို့ တရက်ကို ဆယ်ယောက်ပဲ သတ်တယ်လို့ မင်းတို့ ထင်တာ မှားနေတယ်ကွ တကယ်တော့ သူ့ရဲ့ စွမ်းရည်ကိုက အဲဒီလောက်ပဲ သတ်နိုင်တာ ဒီထက် ပိုပြီး တိုက်ခိုက်တာနဲ့ သူ့စွမ်းအင် ကုန်သွားတဲ့အတွက် လှုပ်ရှားတာ နှေးကွေးလာမယ် ဒါဆိုရင် သားရဲတွေ လက်ချက်နဲ့ ဒီကောင် တစစီ ဖြစ်သွားမှာပဲ"

"ဒီတော့ ဒီလူက သူ့လှုပ်ရှားမှုတွေ နှေးမသွားခင် အမြန်ဆုံး လစ်တာပေါ့ အဲဒီလိုလား"

လန်းယီက သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။

"မှန်တယ် ဒီတော့ ကျုပ်က မင်းကို နည်းနည်း သင်ပေးလိုက်မယ် အမြန်နှုန်းကို အားကိုးတဲ့ လူတွေဟာ မြေအနေအထားကို လိုက်လျောညီထွေအောင် အသုံးချလေ့ရှိတယ် မင်းတို့ရဲ့ သားရဲတွေကို ရှောင်တိမ်းဖို့ ဒီလူဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ဟိုဖက် ဒီဖက် ခုန်ကူးနေလိမ့်မယ် ကျုပ် ပြောတာ ဟုတ်သလား"

"ဟုတ်တယ်ဗျ"

"ကောင်းပြီ ဒါဆိုရင် မင်းတို့က အခန်းတခန်းရှာပါ ပြီးရင် အဲဒီအခန်းထဲမှာ ထောင်ချောက်ဆင်ရမယ် ဘယ်လိုထောင်ချောက်မျိုးလဲဆိုတော့ ပြတင်းပေါက်တွေမှာ ဝါးချွန်တွေ စိုက်ရမယ် ဝါးချွန်တွေရဲ့ အဖျားချွန်တဲ့ဘက်က အခန်းထဲကို လှည့်နေရမယ် ဒီလိုနည်းနဲ့မှ ဒီလူဟာ အပြင်ကလည်း ဝင်လို့မရဘူး အထဲက အပြင်ကို ထွက်ရင်လည်း ဝါးချွန်စူးလိမ့်မယ်"

ထို့နောက် စုချန်းသည် လန်းယီအား မည်သို့မည်ပုံ ထောင်ချောက်ပြုလုပ်ရမည်ကို ကျကျနနပင် ရှင်းပြလိုက်၏။ လန်းယီအပါအဝင် ရွာသားများသည်ကား ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြလေသည်။

"ပြီးတော့ အဆိပ်တမျိုးကို သုံးရလိမ့်မယ် မင်းတို့ အမဲလိုက်တဲ့အချိန်မှာ သားရဲသတ္တဝါတွေကို မလှုပ်မရှားနိုင်ပဲ ဖြစ်သွားစေတဲ့ အဆိပ်တမျိုးကို သုံးလေ့ရှိကြတယ်မလား ဒါပေမဲ့ ဒီအဆိပ်ဟာ သားရဲတွေလောက် ဒီလူအပေါ် အသုံးဝင်မှာ မဟုတ်ဘူး ဒါပေမဲ့ ဒီလူရဲ့ အမြန်နှုန်း ၃၀ရာခိုင်နှုန်းလောက် လျော့သွားရင်ကို လုံလောက်ပြီ အဲဒီအချိန်ကျတာနဲ့ ဒီလူကို သားရဲသတ္တဝါတွေနဲ့ ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်ကြပေတော့"

နောက်တနေ့ နေဝင်ချိန်တွင်တော့ ရွာသားများ ပြန်လာကြ၏။ ဤတကြိမ်တွင်တော့ သူတို့၏ အမူအရာမှာ ပြုံးပြုံးရွှင်ရွှင်နှင့် ဖြစ်သည်။ သူတို့သည် စုချန်းအတွက် လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ထားသည့် သားရဲအသားတချို့နှင့် ဆေးပင်အဖုံဖုံတို့ကို ယူဆောင်လာကြလေသည်။

စုချန်းကလည်း ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ပဲ အသာတကြည်ပင် လက်ခံလိုက်၏။

All Chapters