အဆင့်တက်ခြင်း
Vol. 39 Ch. 389
"ဘာပြောတယ် ကျုံးရှန်းလည်း သေသွားပြီ ဟုတ်လား"
ရှီကျုံးဝေ၏ အသံသည် ဝုန်းခနဲ ဆောင့်ထွက်လာ၏။ အခန်းတွင်းရှိ အပူချိန်ပင် ကျဆင်းသွားသယောင် ထင်ရသည်။
လည်ကုပ်တွင် လေအေးတချို့ ဖြတ်တိုက်သွားမှုကြောင့် လုရှုအန်း ခိုက်ခိုက်တုန်သွား၏။
"ဒါတွေအားလုံးဟာ ကျွန်တော် အသုံးမကျလို့ပါ သခင်ကြီး"
"သူ ဘယ်လိုသေသွားသလဲ ကျုပ်ကို သေသေချာချာ ပြောပြစမ်း"
ရှီကျုံးဝေက တပည့်ဖြစ်သူ၏ တောင်းပန်မှုကို ကြားဖြတ်မေးလိုက်သည်။
"ရွာသားတွေက မြေကြီးမှာ တွင်းကြီးတတွင်း တူးထားပါတယ် ကျုံးရှန်း အဲဒီတွင်းထဲ ပြုတ်ကျသွားတာနဲ့ ရွာသားတွေက အရှင်လတ်လတ် မြေဖို့လိုက်တာပါပဲ ခင်ဗျာ"
လုရှုအန်း၏ လေသံမှာ တုန်ယင်နေ၏။
"အရှင်လတ်လတ် မြေဖို့ခံလိုက်ရတယ် ဟုတ်လား"
ရှီကျုံးဝေက သွားကြားထဲမှ ထွက်လာသော လေသံနှင့် ပြောလိုက်သည်။
"ကျုပ်တို့ ပို့လိုက်တဲ့ ချီစွမ်းအားပညာရှင်ကို ရွာသားတွေက အရှင်လတ်လတ် မြေဖ်ု့ိသတ်လိုက်တယ်လို့ မင်း ပြောနေတာလား"
"ဟုတ်...ဟုတ်ပါတယ် ခင်ဗျာ"
"လေးယောက်မြောက်...ဒါ လေးယောက်မြောက်ကွ...လေးယောက်လုံးလုံး ဘာကြောင့်မှန်း ရေရေရာရာ မသိပဲ ပျောက်ကုန်ကြတယ်"
ရှီကျုံးဝေက လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီလို ရွာသားအရိုင်းအစိုင်းတွေက ဒီလို လှည့်ကွက်မျိုးကို ဘယ်လိုလုပ် တတ်သွားတာလဲ ကျုပ်တို့ လူတွေကို အချိန်တိုအတွင်း သူတို့ ဘယ်လိုလုပ် သတ်လိုက်နိုင်တာလဲ"
စကားပြောလေလေ ရှီကျုံးဝေ၏ လေသံမှာ ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။ ပို၍ ကျယ်လောင်လာ၏။
လုရှုအန်းက လေသံတုန်တုန်နှင့် အစီရင်ခံလိုက်ပြန်သည်။
"ဒါ...ဒါကိုတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး သခင်ကြီး ဒါပေမဲ့ ခုချိန်မှာ ကျွန်တော်တို့ လူအင်အား မလုံလောက်တော့ဘူး ထင်တယ် သခင်ကြီး ကျွန်တော်တို့အနေနဲ့ လူနည်းနည်းလောက် အရန်အဖြစ် ထပ်ပို့ပေးဖို့ မျိုးနွယ်စုတွေဆီ အကြောင်းကြားလိုက်ရင် မကောင်းဘူးလား"
"အဓိပ္ပါယ်မရှိလိုက်တာကွ လူအင်အား ထပ်တောင်းရင် လူတွေက ကျုပ်တို့ကို ရယ်ကြမှာပေါ့ကွ အနောက်မြစ်တောအုပ်ကို တိုက်ခိုက်ဖို့ဆိုတာ ဘာမှအရေးမပါတဲ့ အလုပ်လေးပဲဟာ ဒါလေးနဲ့ လူတွေ ဒီလောက်များများ အသေခံရမှာလား ဒီတာဝန်ကို ကျုပ် ယူထားတာကွ ဖြစ်အောင်လုပ်မယ် လက်လွတ်မခံနိုင်ဘူး"
ရှီကျုံးဝေက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။
လုရှုအန်း ဘာမှ ပြန်မပြောပဲ ပါးစပ်ကိုသာ တင်းတင်းစေ့ထားလိုက်၏။
ရှီကျုံးဝေသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။
"အနောက်မြစ်တောအုပ်ပြသနာဟာ ပေါ့သေးသေး သဘောထားလို့ မရတော့ဘူး ဒီကောင်တွေဟာ သားရဲသတ္တဝါတွေကို ထိန်းချုပ်လာနိုင်ရုံတင် မကဘူး ရုတ်ချည်း ညဏ်ကောင်းလာပုံပေါ်တယ် ဒီတော့ အနောက်မြစ်တောအုပ် အနီးတဝိုက်မှာ နေတဲ့ ကျုပ်တို့လူတွေအကုန်လုံးကို စုထားလိုက် သူတို့ကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်မှ မသွားခိုင်းနဲ့တော့ ကျုပ်တို့အနေနဲ့ အင်အားကို အရင်စုစည်းမယ် ပြီးမှ တိုက်ခိုက်ကြမယ်"
"ဒီအတိုင်းသာဆိုရင် အချိန်တွေ ကြာကုန်လိမ့်မယ် သခင်ကြီး ဒါဆို မျိုးနွယ်စုတွေက ကျွန်တော်တို့ကို ဖိအားပေးလာလိမ့်မယ်"
"သွေးဆူပွက်ခြင်းပညာရှင်လေးယောက် သေသွားပြီကွ ဒီရွာသားတွေဟာ စိတ်ဓာတ်အရမ်းမြင့်မားနေပြီ တခြားနည်းလမ်းနဲ့ သူတို့ကို အညံ့ခံလာအောင် လုပ်ဖို့ မလွယ်လှတော့ဘူး"
ရှီကျုံးဝေက ခေတ္တစဉ်းစားပြီး ထပ်ပြောလိုက်၏။
"နေအုံး ကြည်လင်မြစ်မြို့တော်ကို သတင်းပြန်ပို့လိုက် အနောက်မြစ်တောအုပ်က အဆိပ်လှိုင်းတွေဟာ ပုံစံပြောင်းလဲသွားပြီလို့ ဒါကြောင့် ကျုပ်တို့ သွားလာရတာ ကန့်သတ်ချက်တွေ ဖြစ်နေတယ် တာဝန် ပြီးမြောက်အောင်လုပ်ဖို့ အချိန်နည်းနည်း ထပ်လိုတယ်လို့ အနှေးနဲ့အမြန် လုပ်ငန်းအောင်မြင်လိမ့်မယ် ဒါကြောင့် စိတ်ရှည်ရှည်ထားပေးပါလို့"
"ဘယ်ရွာနဲ့ ကျွန်တော်တို့ စကြမလဲ သခင်"
ရှီကျုံးဝေက မြေပုံကို တချက်လှမ်းကြည့်လိုက်၏။ ထို့နောက် မြေပုံပေါ်ရှိ များပြားလှသော ရွာများပေါ်တွင် မျဉ်းတကြောင်း ရေးဆွဲပြီး ပြောလိုက်သည်။
"ဒီမျဉ်းပေါ်က ရွာတွေနဲ့ အရင်စကြမယ် ကြွယ်ဝခြင်းခံတပ်ရွာ ငွေမြို့တော်ခံတပ်ရွာ ပျော်ရွှင်ခြင်းခံတပ်ရွာ အလယ်ပိုင်း ယန် ခံတပ်ရွာ ပြီးတော့......"
"ကောင်းပါပြီ သခင်ကြီး"
_____________×××____________×××___________
အနောက်မြစ်တောအုပ်၏ နက်ရှိုင်းသော တနေရာတွင် ဖြစ်သည်။ ပုံစံဖော်ပြရန်ခဲယဉ်းသည့် ရိုက်ခတ်မှုများ ပျံ့လွင့်နေ၏။
ထို့နောက် သွေးနီရောင် အလင်းတန်းများ လေထဲသို့ တိုးထွက်လာသည်။
ထိုလက္ခဏာမှာ တစုံတယောက်၏ ချီစွမ်းအားက ဆူပွက်ခြင်းအဆင့်သို့ ရောက်သွားသည့် လက္ခဏာပင်။ တနည်းအားဖြင့် ချီစွမ်းအားပညာရှင်တယောက်သည် ချီစုဆောင်းခြင်းနယ်ပယ်မှ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။
တဆက်တည်းမှာပင် သစ်တော၏ မြေပြင်တခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွား၏။ ကြီးမားလှသော ခြေဖဝါးကြီးတစုံသည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ခြေတလှမ်း လှမ်းလိုက်တိုင်းဝယ် မြေကြီးသည် သွက်သွက်မျှ တုန်ခါနေပြီး အနီးအနားရှိ သစ်ပင်များမှာ လေပြင်းကျသကဲ့သို့ ယိမ်းထိုးနေသည်။
သံမဏိ၏ ညိုမောင်းနေသော ကိုယ်ကာယကြီးသည် တောအုပ်အတွင်းမှ ထွက်ပေါ်လာ၏။ သူက စုချန်း၏ ရှေ့တွင် ဒူးထောက်ပြီး ပြောလိုက်သည်။
"သခင် သံမဏိဟာ သခင့်ရဲ့ မျှော်လင့်ချက်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီ သံမဏိ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပါပြီ သခင်"
သံမဏိ၏ လေသံမှာ ရွှင်မြူးတက်ကြွနေ၏။
တောင်ရိုးကမ်းပါးလူမျိုးများအတွက် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာ ထန်ကုန် ရောက်ရှိနိုင်သော နယ်ပယ် ဖြစ်သည်။ တောင်ရိုးကမ်းပါးတယောက်အတွက် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်အဆင့်သည် ဆရာကြီးအဆင့်ဟု သတ်မှတ်နိုင်၏။ သံမဏိ၏ အသက်အရွယ်အရဆိုလျင် လိုအပ်သည်ထက်ပင် ထူးချွန်သည်ဟု ဆိုနိုင်ပေသည်။
ဤအဆင့်သို့ သူ ဘာကြောင့် ရောက်လာခဲ့မှန်း သံမဏိ ကောင်းကောင်း သိထား၏။ စုချန်းကို ကြည့်နေသည့် သူ့မျက်လုံးအစုံတွင် လေးစားမှုများနှင့် ပြည့်လျှမ်းနေသည်။
စုချန်းက သိပ်မထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။
"ငါ့ရဲ့ မျှော်လင့်ချက်ဟာ ဒီလောက်တော့ မကဘူး ဆက်ပြီးလေ့ကျင့်ဖို့လိုတယ် သံမဏိ တောင်ရိုးကမ်းပါးအနွယ်အဝင် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက် ဘာတွေလုပ်နိုင်မလဲ သိနိုင်အောင့် ငါ့ကို တိုက်ကြည့်စမ်း မင်း ဘယ်လောက် သန်မာသလဲ ကြည့်မယ်"
"ကောင်းပါပြီ သခင်"
သံမဏိက ချက်ချင်းဆိုသလိုပင် စုချန်းအား လက်သီးနှင့် ထိုးချလိုက်သည်။ လက်သီးချက်သည် ကြည့်လိုက်လျင် ဘာမှ မဟုတ်ဟု ထင်ရသော်လည်း ကြောက်စရာကောင်းသော အရှိန်အဟုတ်တမျိုးကို သယ်ဆောင်လာ၏။
စုချန်းက သံမဏိ၏ လက်သီးချက်ကို လက်ဝါးရိုက်ချက်ဖြင့် ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ပြင်းထန်လှသော အားလှိုင်းကြောင့် စုချန်းက ထိုဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်။ အမာကို အမာချင်း တုံ့ပြန်လိုက်ပါက စုချန်း၏ လက်သည် ဒဏ်ရာရသွားနိုင်၏။
ထို့ကြောင့် သူက လက်သီးချက်ကို အလိုက်သင့်ခံယူကာ ထိုအရှိန်နှင့်အတူ နောက်သို့ ဆုတ်ပေးလိုက်လေသည်။ တဆက်တည်းမှာပင် စုချန်းက သံမဏိကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ တချက်တည်းမဟုတ်။ ဆယ်ချက်တိတိ ဖြစ်သည်။ စုချန်း၏ လက်ဝါးရိုက်ချက်ကြောင့် မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာ၏။
သို့သော် သံမဏိက စုချန်း၏ လက်ဝါးရိုက်ချက် ဆယ်ချက်ကို လက်သီးထိုးချက် တချက်တည်းနှင့် ချေဖျက်လိုက်သည်။
သံမဏိ၏ တိုက်ခိုက်ပုံမှာ ရိုးစင်း၏။ ကြမ်းတမ်း၏။ တဲ့တိုးဆန်၏။
သို့သော် အားမာန်မှာ ပြင်းထန်လှ၍ လက်သီးတချက်တည်းနှင့် သံမဏိသည် စုချန်း၏ တိုက်ခိုက်မှုအလုံးစုံကို ချေဖျက်နိုင်စွမ်းရှိနေကြောင်း တွေ့ရသည်။ သံမဏိ၏ လက်သီးချက်ကြောင့် ထွက်ပေါ်လာသော အားလှိုင်းများသည် လူကြီးနှစ်ယောက်ထမ်း သစ်ပင်ကိုပင် ထက်ပိုင်းကျိုးသွားစေ၏။
သာမာန် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်အနေနှင့် ထိုသို့ စွမ်းဆောင်နိုင်ရန်မှာ သိပ်မခက်လှ။ သို့သော် သံမဏိ အသုံးပြုလိုက်သည့် အရှိန်အဟုန်မျိုးနှင့် သစ်ပင်ကို ထက်ပိုင်းကျိုးစေရန်ကတော့ မလွယ်လှပေ။
သံမဏိထံမှ လက်သီးချက် ထွက်ပေါ်လာသည်နှင့် စုချန်းကလည်း မီးလျံသိမ်းငှက်များကို အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်လိုက်သည်။
သံမဏိကား စုချန်း၏ မီးလျံသိမ်းငှက်များကို အနည်းငယ်မျှ ရှောင်တိမ်းခြင်းမပြု။ သူက သံမဏိဒိုင်းကာကို နှိုးဆွလိုက်ပြီး အက်ဒမန်တင်းကိုယ်ခန္ဓာကိုပါ ထပ်မံ ဖော်ထုတ်လိုက်သည်။
အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးတောက်မီးလျံများ သံမဏိ၏ ကိုယ်ခန္ဓာကို ဖုံးလွှမ်းသွား၏။ ၎င်း၏ သံမဏိဒိုင်းကာမှာလည်း ကျိုးပဲ့သွားလေသည်။ အက်ဒမန်တင်းကိုယ်ခန္ဓာမှာလည်း ပျက်စီးသွားလေသည်။ သို့တိုင်အောင် သံမဏိကား မည်သည့် ထိခိုက်မှုမှ မရှိလိုက်ပေ။ မီးလျံသိမ်းငှက် ရှစ်ကောင်ခန့်နှင့် တပြိုင်နက်တည်း တိုက်ခိုက်ခံရသည့်တိုင် သံမဏိက ခံနိုင်ရည်ရှိနေသည့် သဘောပင်။
"မဆိုးဘူးဟေ့ မဆိုးဘူး မင်း တကယ်ပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ရောက်သွားပြီ မင်းရဲ့ ကိုယ်ခန္ဓာဟာလည်း ပိုပြီး သန်မာလာပြီ"
စုချန်းက ကျေနပ်ဝမ်းမြောက်စွာ ပြောလိုက်သည်။
"တကယ်တော့ တောင်ရိုးကမ်းပါးမျိုးစိတ်ဆိုတာ မူလစွမ်းအင်တွေနဲ့ အကျွမ်းတဝင် မရှိလှဘူး သူတို့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံအရလည်း ပင်ကိုယ် ခံနိုင်ရည်စွမ်းရည်တွေ ရှိနေပြီးသား ဖြစ်တဲ့အတွက် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းရာမှာ အခက်တွေ့တတ်ကြတယ် မူလစွမ်းရည် အတော်များများဟာ မင်းတို့အပေါ်မှာ သက်ရောက်မှု သိပ်မရှိဘူး ခု မင်းဟာ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်လိုက်တဲ့အတွက် ဒီသဘာဝစွမ်းရည်က ပိုပြီး အားကောင်းလာတာကို တွေ့ရတယ် တောင်ရိုးကမ်းပါးတွေဟာ သဘာဝရဲ့ ခံနိုင်ရည်ရှိသူတွေလို့ လူတွေပြောတာ သိပ်အံ့သြစရာ မရှိဘူး ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက လူတွေဟာ တောင်ရိုးကမ်းပါးတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာပဲ သိကြတယ် ဘယ်လို မြေတောင်မြှောက်ပေးရမှန်းတော့ မသိကြဘူး တောင်ရိုးကမ်းပါးတယောက်ဟာ ဒိုင်းကာအဖြစ်ပဲ အသုံးတော်ခံရမှာ မဟုတ်ဘူးကွ သူကိုယ်တိုင်လည်း သက်ဆိုင်ရာ မူလစွမ်းရည်တွေကို လိုက်လျောညီထွေစွာ အသုံးချနိုင်ရမယ်"
"အက်ဒမန်တင်းကိုယ်ခန္ဓာ သံမဏိဒိုင်းကာ ရွှေရောင်စစ်သုံးအကာအကွယ် ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်း ဒီနည်းစနစ်တွေနဲ့ဆိုရင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ကတောင် သံမဏိကို မတိုက်ခိုက်နိုင်တော့ဘူး"
သံမဏိက ဝမ်းသာအားရ ကျူးရင့်လိုက်၏။
"ဒီလိုလဲ မဟုတ်သေးဘူးကွ"
ပြောပြောဆိုဆို သံမဏိက အလွန့်အလွန်ကြီးမားသည့် မီးလျံသိမ်းငှက်တကောင်ကို ဖော်ထုတ်ကာ သံမဏိကို ရုတ်ချည်း တိုက်ခိုက်လိုက်သည်။
ဤတကြိမ်တွင်တော့ စုချန်း၏ တိုက်ခိုက်မှုကို သံမဏိ အလုံးစုံ ကာကွယ်ခြင်း မပြုနိုင်တော့။ သူ့ရင်ဘတ်ပေါ်တွင် မီးလောင်ဒဏ်ရာများ အတိုင်းသား ပေါ်ပေါက်လာတော့သည်။
"တွေ့လား မင်းရဲ့ ခံစစ်စွမ်းရည်မှာ အတိုင်းအတာ ရှိနေသေးတယ် ဒီအတိုင်းအတာကိုသာ ကျော်သွားတာနဲ့ မင်းဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပဲ ထပ်ပြောရရင် မင်းဟာ ဝမ်တောက်ရှန်း မဟုတ်ဘူး သူ့ရဲ့ ကြိုးကြာသွေးဗီဇက ကောင်းကင်ဘုံဝါးမြိုခြင်းကြောင့် ဖြစ်လာတဲ့ နှေးကွေးမှုကို ကုစားပေးနိုင်တယ် ဒါကြောင့် မင်းလက်ထဲက ဒီနည်းစနစ်ဟာ ဝမ်တောက်ရှန်းလောက် မထက်မြက်နိုင်ဘူး ဒါ့အပြင် ဒဏ်ရာပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်မှာလည်း မင်းဟာ သူ့ကို မယှဉ်နိုင်ဘူး ဒါပေမဲ့ ခံနိုင်ရည်စွမ်းရည်မှာတော့ မင်းကို ဝမ်တောက်ရှန်း မှီမှာမဟုတ်ဘူး ဒီနေရာမှာတော့ မင်းက အနှိုင်းမဲ့ပါပဲကွာ"
စုချန်း၏ စကားကြောင့် သံမဏိ ပျော်သွား၏။ သူ့မျက်နှာတွင်လည်း ပြုံးပန်းတဝေဝေနှင့် ဖြစ်နေလေသည်။
စုချန်း၏ ချီးကျူးစကားကို ရဖို့ဟူသည်မှာ အလွန်ပင် ခက်လှသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ရွာသားနှစ်ယောက် အပြေးတပိုင်းနှင့် ပေါက်ချလာကြောင်း စုချန်းတို့ တွေ့လိုက်ရသည်။
"ဆရာစု အခြေအနေကတော့ သိပ်မကောင်းတော့ဘူး"
"ဘာဖြစ်လို့လဲ"
"တော်ဝင်မျိုးနွယ်စုတွေ ကျုပ်တို့ကို အုံလိုက်ကျင်းလိုက် တိုက်ခိုက်ဖို့ လာနေကြပြီ"