← Chapters

တိုက်ပွဲ ၁

Vol. 39 Ch. 390

တိုက်ပွဲ ၁

Vol. 39 Ch. 390

ပျော်ရွှင်ခြင်းခံတပ်တွင် ကမ္ဘာပျက်မတတ် ဆူညံနေ၏။

ရာနှင့်ချီနေသော အနက်ရောင်ဝတ်ဆင်ထားသူများသည် လက်တဖက်တွင် ဒိုင်းများကို ကိုင်ဆောင်လျက် ကျန်လက်တဖက်တွင် ဓားကိုယ်စီ ကိုင်ကာ ခံတပ်ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြလေသည်။

ရွာသားများကလည်း ခံတပ်ထိပ်ဖျားပေါ်တွင် နေရာယူကာ လေးကိုယ်စီနှင့် မြားများကို အဆက်မပြတ် ပစ်လွှတ်နေ၏။ သို့သော် ၎င်းတို့ ပစ်လွှတ်သည့် မြားတိုင်းနီးပါးသည် အနက်ရောင်ဝတ်ဆင်ထားသူများ၏ ဒိုင်းများနှင့််အတွေ့တွင် ကျိုးပဲ့ကုန်ကြ၏။ မြား တချို့တလေသာ ပစ်မှတ်ကို ထိမှန်ကြသည်။ သို့သော် ရွာသားများ ကိုင်ဆောင်သည့် မြားများသည် သာမာန်မြားများသာ ဖြစ်ကြလေရာ အနက်ရောင်ဝတ်ဆင်ထားသူများအဖို့ ထိခိုက်ဒဏ်ရာအသေးစားတချို့ ရရှိသွားသည်မှအပ ကြီးကြီးမားမား ထိခိုက်မှု မရှိကြပေ။

သို့သော် တဖက်မှ အနက်ရောင်ဝတ်ဆင်ထားသူများသည်လည်း အတွေ့အကြုံရင့် စစ်သားများ မဟုတ်ကြလေရာ မြားပင်လယ်ကြီးနှင့် အတွေ့ဝယ် ချီတက်မှု ရပ်တန့်ကုန်ကြ၏။ တချို့ဆိုလျင် နောက်သို့ပင် ပြန်ဆုတ်ကုန်ကြသည်။

သို့သော် အနက်ရောင်ဝတ်ဆင်ထားသူများအား ခေါင်းဆောင်လာသူတို့က နောက်ဆုတ်လာသူများအ သတ်ပစ်လိုက်ကြလေရာ ချီတက်မှုမှာ အသစ်တဖန် ပြန်လည် စတင်လာပြန်၏။

"သုံးစားမရတဲ့ အမှိုက်တွေ"

ရှေ့တန်းတပ်ဖွဲ့များ၏ နောက်တွင် မတ်တပ်ရပ်ရင်း စိုက်ကြည့်နေသည့် ရှီကျုံးဝေက အေးစက်သော လေသံနှင့် ရေရွတ်လိုက်သည်။

အနောက်မြစ်တောအုပ် သုတ်သင်ရှင်းလင်းရေးအစီအစဉ်၏ ခေါင်းဆောင်တယောက်အနေနှင့် ရှီကျုံးဝေသည် မြင်ကွင်းတခုလုံးကို လွှမ်းခြုံနိုင်သည့် နေရာတွင် မတ်တပ်ရပ်နေ၏။ သူ့ဘေးနားတွင်လည်း လူဆယ်ယောက်ခန့် အသင့်နေရာယူထားကြသည်။ ၎င်းတို့အားလုံးသည်လည်း တရားဝင် မူလချီစွမ်းအားပညာရှင်များပေတည်း။

"အမှန်ပဲဗျ တကယ်တမ်းဆိုရင် ဒီလောက် လူအများကြီးမှ မလိုတာပဲ ကျုပ်တို့ကိုယ်တိုင် ဒီကိုလာပြီး ဒီအစုတ်ပလုတ်တွေကို ရှင်းပစ်လိုက်လည်း ရတာပဲ"

အဝါရောင်ဝတ်ဆင်ထားသည့် ချီစွမ်းအားပညာရှင်က ထောက်ခံပြောဆိုလိုက်သည်။

"မင်း ဘာသိလို့လဲ"

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်ရှည်နှင့် ချီစွမ်းအားပညာရှင်က ဝင်ရောက်ပြောဆိုလိုက်၏။

"ကောင်းကောင်းလေ့ကျင့်ထားတဲ့ အတွေ့အကြုံရင့် သာမာန်သိုင်းသမား အယောက်၁၀၀ဟာ ချီးစုဆောင်းခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် ခုနှစ်ယောက် ရှစ်ယောက်လောက်ကို အလွယ်တကူ ရှင်းပစ်နိုင်တယ် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တွေတောင် သူတို့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ဖို့ မသေချာဘူး နောက်ဆုံးတော့ ချီစွမ်းအားပညာရှင်တွေဟာလည်း လူသားတွေပဲ ဖြစ်နေသေးတယ်ဆိုတာ သတိထားဖို့သင့်တယ် ကျုပ်တို့ဟာ မူလစွမ်းအင်ကို အသုံးပြုနိုင်တယ် ဒါပေမဲ့ ကျုပ်တို့ရဲ့ အသက်ဓာတ်အခြေခံကတော့ မပြောင်းလဲသေးဘူး ဒါကြောင့် မရေမတွက်နိုင်တဲ့ သာမာန်သိုင်းသမား အများကြီးဆိုရင်တော့ ကျုပ်တို့လည်း မနိုင်နိုင်ဘူး"

"မှန်တယ်ဗျို့"

တယောက်ကလည်း ထောက်ခံလိုက်ပြန်သည်။

"ကျုပ်တို့ရဲ့ အဆင့်က အလင်းတုန်ခါခြင်းနယ်ပယ်ကို မရောက်သေးသရွေ့ အဆင့်နိမ့် စစ်သားတွေက အသုံးဝင်နေသေးတာပဲ"

"အလင်းတုန်ခါခြင်းနယ်ပယ်ကို ရောက်နေရင်တောင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် စစ်သားတွေနဲ့ ရင်ဆိုင်ရရင် မလွယ်လှဘူး ခင်ဗျားတို့အနေနဲ့ ရန်သူတွေရဲ့ အင်အားထက် ၃ဆမြင့်တဲ့ စွမ်းအင် မရှိဘူးဆိုရင် ဘယ်လို အနေအထားမှာမဆို အရေအတွက်ကို ပစ်ပယ်လို့မရနိုင်ဘူးဗျ"

"ဒါကြောင့်မို့လို့လဲ မျိုးနွယ်စုခေါင်းဆောင်တွေက စနစ်တကျ လေ့ကျင့်ထားတဲ့ သိုင်းသမားတွေကို ထည့်ပေးလိုက်တာပေါ့ ကျုပ်တို့ရယ် သိုင်းသမား အယောက်၄၀၀ရယ် ပေါင်းလိုက်ရင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်လောက်ကိုတော့ ကောင်းကောင်းယှဉ်နိုင်မှာပါ"

တယောက်က ယုံကြည်စိတ်ချမှုရှိသော လေသံနှင့် ပြောလိုက်ပြန်သည်။

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် တယောက်ကို ယှဉ်နိုင်မယ် ဟုတ်လား မင်းတု့ိဟာလည်း ဝေးကွာလှတဲ့ အနာဂတ်ကို ကြိုတွေးနေသလိုပါပဲကွာ"

နောက်တယောက်က မနှစ်မြို့ဟန်ဖြင့် ဝင်ပြောလိုက်သည်။

အလင်းတုန်ခါခြင်းနယ်ပယ်ဟူသည် လူသားများအဖို့ အမြင့်ဆုံး ရောက်ရှိနိုင်သည့် ကျင့်ကြံခြင်းနယ်ပယ် ဖြစ်သည်။ သို့တိုင်အောင် တော်ရုံတန်ရုံလူအဖို့ ထိုနယ်ပယ်မျိုးကို ရောက်ရှိရန် ခက်လှ၏။

သူတို့ ပြောသည့် စကားများထဲတွင် အမှန်တရားတခုတော့ ပါနေ၏။ ၎င်းမှာ..

ဤနေရာတွင် ဦးလေးဆယ့်တစ် သို့မဟုတ် ရှီကိုင်းဟွမ်ကဲ့သို့ လူစားမျိုးတယောက်သာ ရှိနေပါက လူတိုင်းကို ရှင်းပစ်လိုက်နိုင်မည်မှာ ဧကန်ပင်။

တခြား ချီစွမ်းအင်နယ်ပယ်များနှင့် မတူသည်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ဟူသည် မဟာလမ်းခွဲကြီး ဖြစ်သည်။ အင်အားအရာတွင်လည်း တခြားနယ်ပယ်များနှင့် များစွာ ကွဲပြားခြားနားလှ၏။

သို့သော် လက်ရှိအချိန်တွင် စိတ်ဓာတ်ပျက်ပြားစေသည့် စကားများကို ပြောဆိုနေခြင်းမှာ အချည်းနှီး လုပ်ရပ်သာ ဖြစ်သည်။

တိုက်ပွဲကား ပို၍ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

ရှီကျုံးဝေတို့ဘက်မှ သိုင်းသမားများသည် ၎င်းတို့ ခေါင်းဆောင်အသီးသီး၏ အမိန့်သံများအောက်ဝယ် ခံတပ် ဝင်းထရံများပေါ်သို့ တက်ရောက်နိုင်ရန် ကြိုးစားနေကြ၏။ တချိန်တည်းမှာပင် ရွာသားများက အပေါ်စီးမှနေ၍ လှံများဖြင့် ထိုးချနေကြလေသည်။

ရွာသားများ ကိုင်ဆောင်ထားသည့် လှံတံများသည် ထိပ်ဖျားတွင် အဆိပ်များ သုတ်လိမ်းထားသည့်အပြင် ချွန်ထက်ပြီး လေးလံလှ၏။ အနက်ရောင်ဝတ်ဆင်ထားသူတချို့ ရွာသားများ၏ လှံချက် မိသွားကြကုန်၏။ အံ့သြစရာကောင်းသည်မှာ လှံနှင့် ထိုးမိသည့် နေရာသည် ချက်ချင်းဆိုသလို ပုပ်အက်ဆွေးမြွေ့လာပြီး ပြည်ပုပ်များ ထွက်လာခြင်းပင်။ ထိုအခါ အနက်ရောင်ဝတ်ဆင်ထားသူများသည် ၎င်းတို့၏ ဒဏ်ရာများကို လက်ဖြင့်အုပ်ပြီး နာကျင်စွာ အော်ဟစ်နေကြ၏။ သို့သော် ၎င်းတို့ ခေါင်းဆောင်များကတော့ ရှေ့ဆက်တက်ရန်သာ တွန်းအားပေးနေကြသည်။

တိုက်ပွဲတွင် မသေလျင်လည်း ခေါင်းဆောင်များက သူတို့အား သတ်ပစ်မည် ဖြစ်လေရာ အနက်ရောင်ဝင်ဆင်ထားသူများသည် ရှေ့သို့သာ ဇွတ်မှိတ် ချီတက်ကြရလေသည်။

လက်အောက်ငယ်သားများအား အသလွတ် ထိုးကြွေးနေသော ထိုလုပ်ရပ်ကိုသာ စစ်ရေးကျွမ်းကျင်သူ စစ်ဗိုလ်ချုပ်တယောက် မြင်သွားပါက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါယမ်းမိမည်မှာ သေချာလှသည်။

သို့တိုင်အောင် ၄၀၀နီးပါးသော သိုင်းသမားများ၏ ဖိအားကို ပျော်ရွှင်ခြင်းခံတပ်မှ ရွာသားများအနေနှင့် တောင့်ခံရန် ခဲယဉ်းလှသည်ကတော့ အမှန်ပင်။

ရာနှင့်ချီသော အနက်ရောင်ဝတ်ဆင်ထားသူ သိုင်းသမားများသည် ဆူနာမီလှိုင်းလုံးကြီးများသဖွယ် တဟုန်ထိုး ပြေးဝင်လာကြ၏။ ရွာသားများမှာ ၎င်းကိုကြည့်ရင်း လိပ်ပြာလွင့်မတတ် ကြောက်ရွံံ့ကုန်ကြသည်။ ထိုအခါ တော်ဝင်မျိုးနွယ်စုများနှင့် အတိုက်အခံ ပြုမိသည်ကို သူတို့ နောင်တရလာကြသည်။ သူတို့လက်ထဲတွင် သားရဲသတ္တဝါဆိုးများကိုဟထိန်းချုပ်သည့် နည်းစနစ်သာ ဝှက်ဖဲအဖြစ် ရှိမနေခဲ့လျင် ဤတပွဲတွင် တရွာလုံး ပြုတ်ပြုတ်ပြုန်းကုန်မည့်ကိန်းပင်တည်း။

သို့တိုင်အောင် အနက်ရောင်ဝတ်ဆင်ထားသူများ၏ တိုက်ခိုက်မှုကြောင့် ခံတပ် ဝင်းထရံများ မီးလောင်ကုန်ကြလေရာ မီးတောက်မီးလျံများ ကောင်းကင်ပေါ်သို့ တိုးထွက်လာ၏။

၎င်းကို မြင်တွေ့ရသောအခါ ချာလိုင်၏ ရင်ထဲတွင် ကြီးစွာသော နောင်တတရားများ ပေါ်ပေါက်လာ၏။ သူ နောင်တရခြင်းမှာ တော်ဝင်မျိုးနွယ်စုများကို အတိုက်အခံ လုပ်မိ၍ မဟုတ်။ စုချန်း၏ အကြံပြုချက်ကို နားမထောင်လိုက်မိ၍သာ ဖြစ်သည်။

လွန်ခဲ့သော ဆယ်ရက်ခန့်က တော်ဝင်မျိုးနွယ်စုများသည် ခံတပ်ရွာများအား အင်အားအလုံးအရင်းနှင့် ဝင်တိုက်မည် ဖြစ်ကြောင်း၊ အနောက်မြစ်တောအုပ်အတွင်းရှိ ခံတပ်ရွာများအားလုံး စုပေါင်းခုခံခြင်း မရှိလျင် တော်ဝင်မျိုးနွယ်စုများဘက်မှာ တရွာပြီးတရွာ ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း စုချန်းက ချာလိုင်အား ကြိုတင်သတိပေးခဲ့၏။ သို့သော် ခံတပ်ရွာများ စုပေါင်းလိုက်ပါက ရွာသားများ၏ နေထိုင်စားသာက်ရေးမှာ များစွာ ကသိကအောင့် ဖြစ်သွားဖွယ်ရာ ရှိနေ၏။ အရေးထဲ တော်ဝင်မျိုးနွယ်စုများ၏ ရိက္ခာဖြတ်တောက်မှုကလည်း ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ချာလိုင်အနေနှင့် ခံတပ်ရွာများ စုပေါင်းမည့်အရေးကို ဆုံးဖြတ်ချက် မချနိုင်ပဲ တွေဝေနေမိခဲ့လေသည်။ တော်ဝင်မျိုးနွယ်စုများအနေနှင့် ဤမျှ တဆုံးတစ မလုပ်တန်ကောင်းဟု ချာလိုင်တယောက် မရဲတရဲ မျှော်လင့်နေခဲ့သည်ကလည်း ဆုံးဖြတ်ချက်ကို နှောင့်နှေးစေသည့် အကြောင်းရင်း တရပ် ဖြစ်သည်။

ယခုတော့ ချာလိုင်၏ မျှော်လင့်ချက်မှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့လေပြီ။ သူ့အနေနှင့် စုချန်း၏ အကြံညဏ်အတိုင်း လုပ်ချင်သည့်တိုင် ယခုအချိန်တွင် လုပ်၍မရနိုင်တော့။ အရာအားလုံးမှာ နောက်ကျသွားခဲ့လေပြီ။

တဟုန်ထိုး ပြေးဝင်လာကြသော အနက်ရောင်ဝတ်ဆင်ထားသူများကို ငေးကြည့်ရင်း ချာလိုင်ခမျာ စစ်ကူများ အမြန်ဆုံးရောက်လာပြီး သူတို့ကို ကယ်ဆယ်ရန်သာ မျှော်လင့်မိနေတော့သည်။

ထိုစဉ် ရွာသားတယောက်က အမောတကောနှင့် ပြေးလာပြီး ချာလိုင်ကို သတင်းပို့လိုက်သည်။

"အကြီးအကဲ တော်ဝင်မျိုးနွယ်စု သိုင်းသမားတွေ အနာက်မြောက်ထောင့်က ဝင်လာကုန်ကြပြီ"

"မင်းတို့ကောင်တွေ ဝင်ပေါက်ကို အမြန်ဆုံး ပိတ်ဆို့ကြစမ်းဟေ့"

ချာလိုင်က အော်ဟစ်အမိန့်ပေးလိုက်သည်။

ချာလိုင်၏ အမိန့်ကြောင့် သွက်လက်ဖြတ်လတ်သည့် ရွာသားတချို့က ထိုနေရာသို့ အပြေးသွားလိုက်ကြ၏။ သို့သော် သူတို့ ရောက်သွားသည့်အချိန်တွင် ခံစစ်စည်းမှာ ကျိုးပေါက်ပြီး အနက်ရောင်ဝတ်ဆင်ထားသူ ဆယ်ယောက်ကျော်ခန့်က ခံတပ်အတွင်းသို့ ဝင်ရောက်နေခဲ့လေပြီ။

သိပ်မကြာမီ ပျော်ရွှင်ခြင်းခံတပ်ရွာလေး၏ ခံစစ်စည်းသည် ပို၍ ယိုယွင်းလာ၏။ ရန်သူများကား ပို၍ ပို၍ ဝင်ရောက်လာကြပြီ ဖြစ်သည်။

"အကြီးအကဲ တမန်တော်သားရဲတွေကို နှိုးဆွလိုက်ပါတော့ဗျ ဒီအတိုင်းဆိုရင် ကျုပ်တို့ ကြာကြာမခံနိုင်တော့ဘူး"

ရွာသားတယောက်က အူသည်းလှိုက်သည်း အော်ဟစ်လိုက်သည်။

"ဒါပေမဲ့...."

ချာလိုင်က အဝေးတွင် မတ်တပ်ရပ်နေကြသော ချီစွမ်းအားပညာရှင်များကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

ရွာ၏ အကြီးအကဲတယောက်အနေနှင့် ချာလိုင်သည် အခြေအနေတခုလုံးကို ခြုံငုံသုံးသပ်နိုင်၏။ သူတို့ဘက်မှ တမန်တော်သားရဲများကို စတင်နှိုးဆွလိုက်ပါက ထိုချီစွမ်းအားပညာရှင်များ သေချာပေါက် လှုပ်ရှားလာတော့မည် ဖြစ်သည်။

အနှီ ချီစွမ်းအားပညာရှင်များ၏ အင်အားနှင့် ရက်စက်ကြမ်းကြုတ်ပုံအရ သူတို့ဘက်မှ တမန်တော်သားရဲများအနေနှင့် သိပ်ခံနိုင်ဖွယ်ရာ မရှိ။ ထိုအခါ တိုက်ပွဲကလည်း ပို၍ မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားဖွယ်ရာ ရှိသည်။

သို့သော် ဤပုံအတိုင်း ဆက်သွားနေပါကလည်း သူတို့ဘက်မှ ကြာကြာခံနိုင်တော့မည် မဟုတ်ပေ။

ခံတပ်တခုလုံး မီးဟုန်းဟုန်းတောက်နေခဲ့ပြီ ဖြစ်သည်။ ရွာသားများ တယောက်ပြီးတယောက် ရက်ရက်စက်စက် အသတ်ခံနေရ၏။ တစက္ကန့်စီတိုင်း လူတယောက် အသတ်ခံနေရသကဲ့သို့ ပတ်ဝန်းကျင်တခုလုံး ငိုကြွေးအော်ဟစ်သံများနှင့်သာ ပြည့်နှက်နေသည်။

ရွာသားများသည် အကြီးအကဲချာလိုင်အား ငေးကြည့်နေကြ၏။ သူတို့၏ မျက်လုံးထဲတွင်တော့ ယခုအချိန်ထိ တမန်တော်သားရဲများကို ဘာကြောင့် မလွှတ်ပေးသေးသည်ကို မေးခွန်းထုတ်နေသယောင်ရှိသည်။

တခါတရံတွင် မှန်ကန်သော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရသည်မှာ ခက်လှသည်။

နောက်ဆုံးတွင်တော့ သူ လုပ်ဆောင်မည့်အရာ မှားယွင်းနေမှန်း သိနေသည့်တိုင် ဇွတ်မှိတ်ဆောင်ရွက်ရန် ချာလိုင် ဆုံးဖြတ်လိုက်၏။

မြင်ကွင်းကို ဆက်လက် မမြင်တွေ့လိုတော့၍ ချာလိုင် မျက်လုံးပိတ်လိုက်၏။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။

"တမန်တော်သားရဲတွေကို လွှတ်ပေးလိုက်တော့ဟေ့"

အာဝူး!!!

ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး အရိပ်နှစ်ရိပ် ခံတပ်အတွင်းမှ ခုန်ထွက်ကာ အနက်ရောင်ဝတ်ဆင်ထားသူများထံသို့ တိုးဝင်သွား၏။

သားရဲသတ္တဝါဆိုးနှစ်ကောင် ပေါ်ထွက်လာသည်နှင့် အနက်ရောင်ဝတ်ဆင်ထားသူ လူအုပ်ကြီးသည် တစစီ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။ အသားစများ၊ သွေးများ နေရာအနှံ့တွင် ပြန့်ကျဲကုန်၏။ ခံတပ်ထိပ်ဖျားမှ ရွာသားများကတော့ ယခုပင် အောင်ပွဲရတော့မည့်ပမာ ဝမ်းသာအားရ ဟစ်ကြွေးလိုက်ကြလေသည်။

All Chapters