သိုင်းသခင်တစ်ယောက်အား ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ မင်းက ငါ့အပိုင်ပဲ(၃)
Vol. 14 Ch. 198
သူ၏ မျက်နှာက နီရဲလာခဲ့သည်။
"သိုလှောင်အိတ်လား... ငါ့ကို ရောင်းရင်တောင် ရနိုင်မှာ မဟုတ်ဘူး.."
မုန့်ချုံက အံ့ဩသွားသည်။ သိုလှောင်အိတ် တစ်ခုသည် အမှန်တကယ်ကို အလွန် စျေးကြီးလှသည်လား။
သူက မုန့်ရှူရှူ၏ ပုခုံးပေါ်သို့ လက်တင်ကာ ပြော၏။
"အရမ်းကြီးလည်း စိတ်မလှုပ်ရှားပါနဲ့။ အခုအချိန်မှာ မတတ်နိုင်သေးဘူး ဆိုတာက နောင်မှာလည်း မတတ်နိုင်ဖြစ်နေမယ်လို့ မဆိုလိုဘူး.."
"ဆွေမျိုးလေး... မင်းမှာ တိုက်ခိုက်လိုစိတ်တွေ လစ်ဟင်းနေတယ်။ တောင့်တမျှော်မှန်းရမယ့် ပန်းတိုင်တစ်ခု လစ်ဟင်းနေတယ်.."
"ဒါက မဖြစ်သင့်တာပဲ။ ငါအခု မင်းကို ပန်းတိုင်တစ်ခုပေးမယ်။ မင်းမှတ်ထားပါ။ အခုအချိန်က စပြီး မင်းငါ့ကို သိုလှောင်အိတ်တစ်ခု အကြွေးတင်သွားပြီ.."
"ဒီပန်းတိုင်နဲ့ဆိုရင် မင်းရဲ့လမ်းတွေ ပျောက်ဆုံးမှာ မဟုတ်တော့ဘူး။ အဲ့ဒီ့ သိုလှောင်အိတ်အတွက် မင်းကိုယ်မင်း အမြဲတမ်း နှိုးဆော်ပြီး ကြိုးကြိုးစားစား အားထုတ်နေလိမ့်မယ်.."
"ငါဒီလို ပြောတယ်ဆိုတာ မင်းရဲ့ ကောင်းကျိုးအတွက်ပဲ။ မင်းဆီက သိုလှောင်အိတ်တစ်ခုကို အမှန်တကယ် လိုချင်နေလို့ မဟုတ်ဘူး.."
မုန့်ရှူရှူက နားထောင်ရင်းက မှင်သက်သွားသည်။ သူသည် အမှန်တကယ်ကို ပန်းတိုင်တစ်ခု လစ်ဟင်းနေသည်လား။
မုန့်ချုံက ဆက်လက်ပြော၏။
"ဆွေမျိုးလေး... မင်းမှာသာ ပန်းတိုင်တစ်ခု ရှိနေပြီး ဆက်လက် လျှောက်လှမ်းနေမယ်ဆိုရင် မင်းရဲ့ လက်ရှိကိုယ်ပိုင် ဘဝကို သေချာပေါက် ဖြတ်ကျော်နိုင်မှာ.."
"သိုလှောင်အိတ်က အမှန်တကယ်ပဲ အဖိုးတန်တယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှုနဲ့.. ဇွဲလုံ့လနဲ့... ခိုင်မြဲတဲ့ စိတ်ဆန္ဒနဲ့ဆိုရင် တစ်နေ့မှာ သေချာပေါက် မင်းတတ်နိုင်တာမှာ.."
"ငါလည်း အခုအချိန်မှာ မင်းရဲ့ သိုလှောင်အိတ်ကို မလိုအပ်သေးဘူး။ မင်းရဲ့စိတ်ထဲမှာ ငါ့ကို အကြွေးတစ်ခု တင်နေတယ်လို့ပဲ မှတ်ထား။ အဲ့ဒါကို မင်းရဲ့ ပန်းတိုင်အဖြစ် အသုံးပြုပေါ့.."
"အဲ့လိုလား.."
မုန့်ရှူရှူက တည်ငြိမ်လာ၏။
"မင်းပြောတာ မှန်တယ်။ ငါလည်း အရမ်းကို ပျင်းရိခဲ့သလိုပဲ။ မဟုတ်ရင် ပြန်ပြီးတော့ တိုက်ခိုက်စရာ ဘာခွန်အားမှ မရှိဘဲ ထွက်ပြေးနေရမှာ မဟုတ်ဘူး.."
မုန့်ချုံက ကျေနပ်စွာ ခေါင်းငြိမ့်သည်။
"ဟုတ်တယ်... မင်းဆက်ပြီးတော့ ပျင်းနေလို့ မရတော့ဘူး။ အခုအချိန်မှာ မင်းဆီမှာ စွမ်းအားကြီးတဲ့ ရန်သူရှိနေပြီ။ ဒါ့ကြောင့်မို့လို့ ဖိအားပြင်းတဲ့ ပန်းတိုင်တစ်ခုကို လိုအပ်တယ်။ ဒီကိစ္စကို... ငါ့ကို သိုလှောင်အိတ်တစ်ခု အကြွေးတင်တာကနေ စတင်မယ်.."
"ဒီမှာစာချုပ်.. လက်မှတ်ထိုးလိုက်။ ပြီးရင် စိတ်ထဲမှာ အမြဲမပြတ် ထားရှိထား။ မင်းကိုမင်း နှိုးဆော်ပေါ့.."
"ဒီစာချုပ်က ကြာပွတ်တစ်ချောင်းလိုပဲ မင်းကို ရှေ့ဆက်ပြီး ကြိုးစားနေဖို့အတွက် မောင်းနှင်ပေးလိမ့်မယ်.."
မုန့်ရှူရှူက ခံစားသွားရသည်။ သူ၏ နာမည်ကို လျှင်မြန်စွာ လက်မှတ်ထိုး၏။
"မဟုတ်သေးပါဘူး.."
သူက ရုတ်တရက် ရပ်တန့်သွား၏။ အရူးလုပ် ခံခဲ့ရသည်လား။
"ညီလေးမုန့်... ငါမင်းကို ဘယ်လိုလုပ်ပြီးတော့ အသက်တစ်သက်နဲ့ သိုလှောင်အိတ်တစ်ခု အကြွေးတင်သွားတာလဲ.."
"လျှောက်ပြီး စဉ်းစားမနေနဲ့။ သိုလှောင်အိတ်က မင်းရဲ့ပန်းတိုင်ပဲ။ ငါ့ကို အိတ်တစ်ခု အကြွေးတင်တယ်လို့သာ မှတ်ထားလိုက်။ ငါလည်း တကယ် မယူပါဘူး.."
မုန့်ချုံက စာချုပ်ကို အိတ်ကပ်ထဲသို့ ထည့်ရင်းက ပြောသည်။
မုန့်ရှူရှူက ကြံ့ခိုင်ထွားကြိုင်းသည့် တစ်ဖက်လူကို ကြည့်ကာ အရူးလုပ်ခြင်း ခံခဲ့ရသည်လားဟု စဉ်းစား၏။
"ဒါနဲ့ အစ်ကိုကြီးမုန့် မင်းရဲ့ရန်သူတွေအကြောင်းကို ငါ့ကိုပြောပါဦး။ အခုဆိုရင် ငါလည်း မင်းတို့ကိစ္စမှာ ဝင်ပါပြီးနေပြီ။ ဒီနေ့ကစပြီး မင်းရဲ့ရန်သူက ငါ့ရဲ့ရန်သူပဲ။ မင်းကို သတ်ချင်တဲ့လူက ငါ့ကိုသတ်ချင်တာနဲ့ အတူတူပဲ.."
"ငါတို့က တစ်ယောက်တည်း.. အတူတူပဲ ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ ရန်သူကို ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာကို ရေရှည် အစီအစဉ်ဆွဲရအောင်.."
"ပြီးတော့ စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေဆိုတာ ဘာကိုပြောတာလဲ။ မင်းရဲ့ စိတ်ဝိဉာဉ်ဆေးပင်ကလည်း ငါ့ရဲ့ စိတ်ဝိဉာဉ်ဆေးပင်ပဲလေ။ မင်းရဲ့ စိတ်ဝိဉာဉ်ဆေးပင်ကို လိုချင်တပ်မက်တဲ့ ဘယ်သူမဆို ငါ့ရဲ့ပစ္စည်းကို လိုချင်တပ်မက်တာပဲ.."
"ငါ့ရဲ့ စိတ်ဝိဉာဉ်ဆေးပင်ကို လိုချင်တပ်မက်တဲ့ ဘယ်သူမဆို သေသင့်တယ်.."
မုန့်ရှူရှူမှာ မူးဝေစွာ ခံစားလာရ၏။ သူသည် ထိုကိစ္စအတွင်းတွင် ကြောင်တောင်နေပြီး ရုန်းထွက်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။
"ညီလေးမုန့်... စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေက ငါ့ဟာပဲ မဟုတ်ဘူးလား.."
မုန့်ရှူရှူက မေးသည်။
"ဒါပေါ့.."
မုန့်ချုံက ခေါင်းငြိမ့်သည်။ မုန့်ရှူရှူက စိတ်သက်သာရာ ရမသွားသေးခင် ဆက်လက်ပြော၏။
"မင်းက ငါ့ရဲ့ ဝမ်းကွဲအစ်ကိုကြီးပဲ။ ငါတို့က တူညီတဲ့ ရန်သူလည်း ရှိတယ်။ ဒါကြောင့်မို့လို့ မင်းအပိုင်ကလည်း ငါ့အပိုင်ပဲပေါ့။ ဘာလို့ ငါတို့နှစ်ယောက်ကြားမှာ ဒီလိုတွေ ခွဲခြားနေမှာလဲ.."
"ဘာလဲ.. ငါက မင်းကို ညီအကိုလို ဆက်ဆံတာ.. မင်းကတော့ ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား။ ဘာမဟုတ်တဲ့ စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေလေးက ငါတို့ညီအကို သံယောဇဉ်ထက် ပိုပြီးတော့ အရေးကြီးတာလား.."
မုန့်ရှူရှူက မှင်သက်သွား၏။ ဒီနေရာတွင် မည်သူက မည်သူ့ကို အရူးတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်လဲ။