← Chapters

တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း၊ စုလင်းရှုံ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်မှု

Vol. 14 Ch. 201

တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း၊ စုလင်းရှုံ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်မှု

Vol. 14 Ch. 201

လီရွှမ်က တောင်နှင့်မြစ်၏ မြင်ကွင်းကြောင့် အံ့သြဘနန်း ဖြစ်နေစဉ်တွင် ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ပြန်၏။

"သင်၏တပည့် ရွှီယန်သည် သန့်စင်သော ဓားနှလုံးသားကို အကြီးစားအောင်မြင်မှု ရရှိခဲ့သည်။ သင်၏ သန့်စင်သောဓားနှလုံးသားသည် ပြီးပြည့်စုံသွားပြီး နှလုံးသားဓားအဆင့်နှင့် ထိတွေ့လာခဲ့သည်.."

သန့်စင်သောဓားနှလုံးသားကို ပြီးပြည့်စုံစွာ နားလည်မှုရပြီးနောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည့် နှလုံးသားဓား အဆင့်နှင့် ထိတွေ့လာခဲ့သည်။

အနည်းငယ်မျှသာ ဖြစ်လျှင်တောင် သူ့အနေနှင့်  နှလုံးသားဓားအဆင့်၏ စွမ်းအားကို ခံစားနိုင်ဆဲ ရှိ၏။

ကြည့်ရတာ အတွေးတစ်ချက်နှင့် စံအိမ်တစ်ခုလုံးအား ကြီးမားသည့် ဓားတစ်ချောင်းသဖွယ် ပြောင်းလဲနိုင်ပြီး လောကကြီးနှင့် အရာအားလုံးတို့လည်း ဓားတစ်ချောင်း ဖြစ်လာသည့်ပုံ ရှိသည်။

'စွမ်းအားကြီးလိုက်တာ... ရွှီယန်သာ ပြန်လာပြီးရင် ငါသူ့ကို နှလုံးသားဓားအဆင့်ရဲ့ အသိအမြင်တွေ သင်ကြားပေးရမယ်။ သူသာ နှလုံးသားဓားအဆင့်ကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ နားလည်သွားရင် ငါလည်း နှလုံးသားဓားအဆင့်ထဲကို ချောချောမွေ့မွေ့နဲ့ တက်လှမ်းနိုင်မှာ..'

လီရွှမ်က စိတ်လှုပ်ရှားမှုဖြင့် နစ်မွန်းနေ၏။ အတွင်းဘက်နယ်မြေမှာ အမှန်တကယ်ကို ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည်။

ရွှီယန်သည် ထိုနေရာသို့ ရောက်ရှိတာ အချိန်အနည်းငယ်သာ ကြာသေး၏။ သို့ပေမယ့် တိုးတက်မှုများစွာ ရရှိခဲ့ပါပြီ။

'မုန့်ချုံရော... သူလည်း ငါ့ကို တန်ပြန်အကျိုးပြုမှု အချို့တော့ ပြန်ပေးသင့်တယ်မလား..'

လီရွှမ်သည် သူ၏ ဒုတိယတပည့်ဖြစ်သူ မုန့်ချုံကို တွေးမိလိုက်သည်။ ပျော်ရွှင်နေသည့် စိတ်အခြေအနေနှင့် ရှီအာကို ခေါ်ပြီး ညွှန်ကြားချက်အချို့ ပေး၏။

ရှီအာက သခင်ကြီး၏ ညွှန်ကြားချက်ကို ရရှိပြီး ဝမ်းသာသွားသည်။ ဤသည်မှာ ရှားပါးလှသည့် အခွင့်အရေးဖြစ်၏။

လီရွှမ်က သိုင်းပညာကို ပြောင်းလဲကျင့်ကြံရင်းက စုလင်းရှုံအတွက် တိတ်တဆိတ် ဂရုစိုက်နေသည့် ကျိုးယင်ကို ကြည့်ပြီး ပြောသည်။

"နင့်ရဲ့ ပြောင်းလဲမှုက အရမ်းကို နှေးလွန်းတယ်။ ငါနင့်ကို ညွှန်ကြားချက်အချို့ ပေးမယ်.."

ထိုစကားကို ကြားရပြီးနောက် ကျိုးယင်က ပျော်သွား၏။

"ကျေးဇူးတင်ပါတယ် စီနီယာ.."

ဆရာကြီးဆီမှ လမ်းညွှန်မှုရရှိခြင်းမှာ အမှန်တကယ်ကို ကြီးမားသည့် ဝမ်းသာစရာ ဖြစ်၏။

လီရွှမ်က ရှီအာနှင့် ကျိုးယင်တို့ကို ညွှန်ကြားပြီး မကြာမီ ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ပြန်သည်။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံတို့ တိုးတက်လာခဲ့သည်.."

လီရွှမ် "..."

နောက်ထပ် သိုင်းသခင်တွေကို သတ်နေပြန်ပြီလား...

'ရွှီယန်က သိုင်းသခင်တွေနဲ့များ ရန်သူဖြစ်ဖို့ မွေးလာတာလား။ ဘယ်လိုဖြစ်လို့ ခဏအတွင်းမှာ သိုင်းသခင်တွေကိုပဲ သတ်နေရတာလဲ။ အဲ့ဒီ့အပြင် အတွင်းဘက်နယ်မြေမှာ တကယ်ပဲ သိုင်းသခင်တွေ အများကြီး ရှိနေတာလား..'

ယခုကဲ့သို့ အချိန်တို အတွင်းတွင် နောက်ထပ် သိုင်းသခင်က သတ်ဖြတ်ခံခဲ့ရပြန်၏။ ရှီအာနှင့် ကျိုးယင်တို့ကို ညွှန်ကြားချက် ပေးပြီးနောက် လီရွှမ်က ရှေးဟောင်းသားရေစာအုပ်ကို ထုတ်ယူပြီး သူ၏စိတ်ကို တည်ငြိမ်အောင် လေ့လာသည်။

သို့ရာတွင် ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ ပြန်၏။

"သူနောက်ထပ် သိုင်းသခင်တစ်ယောက်ကို သတ်လိုက်ပြန်ပြီလား.."

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။

"သင်၏တပည့် မုန့်ချုံသည် သိုင်းသခင်တစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် ခုတ်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

'နောက်ထပ် သိုင်းသခင်တစ်ယောက် အသတ်ခံရပြန်ပြီ။ ဒီတစ်ကြိမ်တော့ ရွှီယန်မဟုတ်ဘူး။ မုန့်ချုံလုပ်တာပဲ'

လီရွှမ်က မနေနိုင်ဘဲ အတွေးနက်သွား၏။ ဖြစ်နိုင်တာက သူ၏ တပည့်နှစ်ယောက်တို့သည် သိုင်းသခင်များ၏ ကဒ်ဘေးတစ်ခု ဖြစ်သည်လား။

မကြာသေးခင်က သူသည် မုန့်ချုံ၏ မည်သည့် သိုင်းသခင်ကိုမှ မသတ်ဖြတ်ရသေးမှုအတွက် ချင့်ချိန်စဉ်းစားမှု ပြုခဲ့၏။

ကြည့်ရတာ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်အများကြီး မရှိသည့်ပုံ ရှိသည်။ ထို့ကြောင့် သိုင်းသခင်များနှင့် ပြဿနာ မကြုံလောက်ပါဟု ဖြစ်၏။

သို့ရာတွင် ထိုအတွေးက သူ၏စိတ်ထဲမှ ထွက်သွားရုံသာရှိ သေးသည်။ မုန့်ချုံက သိုင်းသခင်တစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့၏။

'ဒီသိုင်းသခင်တွေက အရမ်းကို အားနည်းတာပဲ..'

လီရွှမ်က ကိုယ့်ကိုယ်ကို သက်ပြင်းချသည်။ ခဏတာ စဉ်းစားပြီးနောက် မည်သည့် ရွှေရောင်အလင်းမှ ထွက်ပေါ်လာမှုကို မတွေ့ရချိန်မှ စိတ်သက်သာရာရစွာ ခံစားရ၏။

'ဟုတ်ပါတယ်... သိုင်းသခင်တွေက ဂေါ်ဖီထုပ်တွေမဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး အချိန်တိုအတွင်းမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမှာလဲ..'

လီရွှမ်သည် သူ့ကိုယ်သူ အတွေးလွန်မိသည်ဟု တွေ့လိုက်ရ၏။ စိတ်အခြေအနေ တစ်ခုလုံးကို ရှေးဟောင်းသားရေစာအုပ်၏ ပထမစာမျက်နှာသို့ အာရုံစူးစိုက်ကာ ငြိမ်သက်စေလိုက်သည်။

သူသည် ရှေးဟောင်းသားရေစာအုပ်ကို လေ့လာရင်းနှင့် စာအုပ်အတွင်းသို့ နစ်မွန်းသွားတိုင်းတွင် သူ၏ စိတ်တို့ တည်ငြိမ်ပြီး ဗလာကျင်းလင်း အခြေအနေသို့ ဝင်ရောက်သွားကြောင်းအား တွေ့လိုက်ရ၏။

အတွေးအားလုံးသည် ရှေးဟောင်းသားရေစာအုပ်အတွင်းရှိ မျဥ်းကြောင်းများအပေါ်တွင်သာ စူးစိုက်နေပါသည်။

'ဒါက စိတ်ကိုတည်ငြိမ်စေဖို့ နည်းလမ်းကောင်းတစ်ခုပဲ..'

မကြာခင် သူသည် ရှေးဟောင်းစာအုပ် အတွင်းတွင် နစ်မျောနေပြီး အချိန်ဘယ်လောက် ကြာသွားလဲ မသိပေ။ ရွှေရောင်အလင်းက ထပ်မံ ပေါ်လာခဲ့ပြန်၏။

"သင်၏တပည့် မုန့်ချုံသည် လက်သီးတစ်ချက်ဖြင့် သိုင်းသခင် ၃ယောက်လုံးကို သတ်ဖြတ်ခဲ့သည်။ သင်၏ တိုက်ပွဲအတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

'ဒါဆိုရင် အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေက လမ်းဘေးက ဂေါ်ဖီထုပ်တွေလိုပဲ များတာပေါ့။ အစတုန်းက ရှဲ့လင်ဖုန်းနဲ့ သူ့အဖော်ပြောတုန်းက အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေက ထိပ်တန်း တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး ရှားပါးတယ်လို့ ဆိုခဲ့တယ်။ အဲ့ဒါက သူတို့ကိုယ်သူတို့ ဂုဏ်မြင့်စေချင်လို့များလား..'

လီရွှမ်က စာအုပ်ကိုပိတ်ကာ ရွှေရောင်အလင်း၏ ပြန်ပေါ်လာမှုကို စောင့်နေလိုက်၏။ သို့ရာတွင် ဒီတစ်ခေါက်အပြီး၌ နောက်ထပ်၂ရက်အတွင်းတွင်  မည်သည့် ရွှေရောင်အလင်းမှ ပေါ်လာခြင်း မရှိပါ။

"ဆရာ... တပည့် ထာဝရစိမ်းလန်းခြင်းအရိုးကို သန့်စင်ပြီးပြီ.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့၏။နောက်ကျောသို့ဝင်ကာ ပုခုံးကို နှိပ်ပေးသည်။

"အင်း... စတင်ခြင်းအဆင့်ကို ဝင်ရောက်အောင် အမြန်ဆုံးလုပ်။ အဆင့်ချိုးဖျက်ပြီးရင် သွေးချီနဲ့ ဒန်ဆေးလုံးတွေကို သန့်စင်ဖို့ စတင်ကြိုးစားလို့ရပြီ.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"ဆရာ... စီနီယာအစ်ကိုတို့တွေ ဘယ်အချိန်မှ ပြန်လာမှာလဲမသိဘူး.."

စုလင်းရှုံက သူမ၏ စီနီယာအစ်ကို နှစ်ယောက်တို့ကို အနည်းငယ် လွမ်းဆွတ်မိ၏။

"ဆရာ... သူတို့တွေ ပြန်လာရင် စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးကို ယူလာမယ်လို့ ထင်လား.."

သူမသည် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ရရှိရန်အတွက် လက်ယားနေပါပြီ။

ခုံရော့ကျစ်ကို အတွင်းဘက်နယ်မြေသို့ ဦးအောင်သွားခိုင်းပြီး ထယ်ရှန်းမြို့မှ စိတ်ဝိဉာဉ်ဆေးပင်အချို့အား ဝယ်ယူကာ ပြန်ပို့ခိုင်းရမည်လားဟုပင် စဉ်းစားမိ၏။

သို့ပေမယ့် ခုံရော့ကျစ်က အားနည်းလှပါသည်။ တစ်ယောက်ယောက် သူ့ကို နောက်ယောင်ခံလိုက်ပြီး ရှာဖွေတွေ့ရှိသွားပါက အန္တရာယ်များ၏။

ထို့အပြင် အတွင်းဘက်နယ်မြေ၏ အနီးရှိ သားရဲများပေါများသည့် နေရာသို့ တစ်ဖက်လူ ဖြတ်သန်းနိုင်မည်လား ဟူသည်မှာလည်း သေချာခြင်း မရှိပါ။

ထယ်ရှန်းမြို့ရှိ သိုင်းသမားများက အမှန်တကယ်ကို  စွမ်းအားမကြီးမားပေ။ ဘာပဲဖြစ်ဖြစ် ထူးချွန်သည့် သိုင်းသမားအချို့သည် ဆင်းရဲလှသည့် ထယ်ရှန်းမြို့မှ ထွက်ခွာသွားပြီး ဖြစ်၏။

လီရွှမ်က အားပေးစွာ ပြောသည်။

"စိတ်မပူပါနဲ့.. သူတို့တွေ နင့်ကို ကတိပေးခဲ့ကတည်းက သေချာပေါက် စိတ်ဝိဉာဉ်ဆေးပင်တွေ ပြန်ယူလာမှာပေါ့.."

သိုင်းသခင်များစွာတို့ သတ်ဖြတ်ခံရပြီး ဖြစ်သည်။ ထို့ကြောင့် အလောင်းများဆီမှ ပစ္စည်းများကို ရှာဖွေခြင်းဖြင့်ပင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို  ရရှိထားလောက်ပါသည်။

ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဆေးပင်တို့ မပါလာပဲ နေမည်လဲ။

ထို့အပြင် ရွှီယန်သည် သူ၏ မိဘများနှင့် မိသားစု၏ ကျင့်ကြံရေးအတွက်လည်း စိတ်ဝိဉာဉ်ဆေးပင်များကို ယူဆောင်လာရန် လိုအပ်သေးသည်။

'စီနီယာအစ်ကိုတို့ အမြန်ဆုံးပြန်လာဖို့ပဲ မျှော်လင့်တယ်..'

စုလင်းရှုံက မျှော်လင့်စွာဖြင့် စိတ်ကူးနေမိ၏။

"ချီနဲ့သွေးအဆင့်ကို အမြန်ဆုံး ဝင်ရောက်ဖို့ပဲ  အာရုံစိုက်။ ပြီးမှ စိတ်ဝိဉာဉ်ဆေးပင်တွေ ရလာတဲ့အခါ ဆေးလုံးတွေ မသန့်စင်နိုင်တာ သို့မဟုတ် ကျရှုံးနိုင်ချေ အရမ်းမြင့်မားတာမျိုးတွေ မဖြစ်စေနဲ့။ ဒါက ဖြုန်းတီးရာကျတယ်.."

လီရွှမ်က သူမကို သတိပေးသည်။

ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံလည်း နှလုံးသားထဲ၌  ဖိအားကို ခံစားလိုက်ရ၏။

'ဆရာပြောတာမှန်တယ်... ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်ဆေးပင်တွေက သာမန်ရတနာတွေ မဟုတ်ဘူး။ အဲ့ဒါတွေကို သန့်စင်ဖို့က ခက်ခဲမှာ။ အားနည်းတဲ့ ခွန်အားနဲ့ဆိုရင် ဒီဗိုင်းမီးကျောက်တုံးချည်း သက်သက်နဲ့ သန့်စင်ဖို့ ကြိုးစားတာက အပူထိန်းချုပ်မှု၊ နည်းပညာလိုအပ်မှုနဲ့ စိတ်ဝိဉာဉ်ဆေးပင် အာနိသင်ထုတ်ယူမှု အစရှိသဖြင့်မှာ ပြဿနာတက်လာမှာ..'

'စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်တိုင်းက အဖိုးတန်တယ်။ အဆင့်ပိုများလေလေ ကျရှုံးမှုတစ်ခုက အရှုံးပိုကြီးလေပဲ..'

ထိုအတွေးနှင့်အတူ စုလင်းရှုံသည် ချက်ချင်းပင် စိတ်လောစွာ ခံစားလာရသည်။

"ဆရာ... ကျွန်မ တစ်လအတွင်းမှာ သိုင်းပညာရဲ့ စတင်ခြင်အဆင့်ကို ဝင်ရောက်အောင် လုပ်ပါမယ်.."

သူမက လေးနက်စွာ ပြော၏။

All Chapters