ကြောင်တောင်သွားသည့် ရှဲ့လင်ဖုန်း
Vol. 14 Ch. 207
ဝူရွှမ်းစစ်ဘုရင်လည်း နှလုံးသားထဲ၌ အကူအညီမဲ့စွာ ခံစားလိုက်ရသည်။ ယခုကဲ့သို့ မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်တစ်ယောက် မည်ကဲ့သို့ ရှိနေရသနည်း။
သူမအနေနှင့် တိုက်ခိုက်မှု ပြုခဲ့လျှင်တောင် တစ်ဖက်လူသည် လွတ်မြောက်သွားမည့်ပုံ ရှိပါသည်။ ရွှီယန်၏ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်သည် အလွန်ဆန်းကြယ်လှ၏။
အမြန်နှုန်းက အလွန်ကြောက်ဖို့ကောင်းကာ သူမကဲ့သို့ စစ်ဘုရင်တစ်ယောက်ပင်လျှင် လိုက်မှီရန် လွယ်ကူခြင်းမရှိပေ။
ရန်ငြိုးသာ ဖွဲ့စည်းမိပါက တစ်ဖက်လူ၏ ခွန်အားမြင့်တက်လာသည်နှင့်အမျှ လက်စားလာချေလျှင် ပြဿနာများပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ နောက်တွင် ရပ်နေသည်မှာ စွမ်းအားကြီးမားသည့် ဓားသခင်ချောက်ကမ်းပါးဖြစ်၏။
ရှဲ့ထန်းဟန်၏ ခွန်အားမှာ အတွင်းဘက်နယ်မြေ၏ အထွတ်အထိပ် စစ်ဘုရင်များအကြားတွင် ထိပ်တန်း၅ယောက်အတွင်း၌ ဝင်ပါသည်။
သူမက တပည့်ဖြစ်သူကို ကြည့်ကာ ပြော၏။
"တပည့်ကောင်းလေးပဲ... နင်က အချစ်အကြောင်း စဉ်းစားနေတာလား.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက မျက်စံလှည့်သည်။ "မဟုတ်ပါဘူး... ကျွန်မက ဆရာ့အတွက် စဉ်းစားပေးရုံပါ။ ဒါက ဝူရွှမ်းစံအိမ် အတွက်ပဲလေ.."
"နင်က ပြောတာတစ်ခု စိတ်ထဲမှာတစ်ခု ဖြစ်နေတာပဲ.."
ဝူရွှမ်းစစ်ဘုရင်က ရယ်၏။ ဓားသခင်ချောက်ကမ်းပါးမှာ အတွင်းဘက်နယ်မြေ၏ နာမည်ကျော် လူသိများသည့် နံပါတ်တစ် ဓားတာအို အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
လက်ရှိ ခေါင်းဆောင်ဖြစ်သည့် ရှဲ့ထန်းဟန်သည် အလွန်စွမ်းအားကြီးမားလှပြီး တစ်ချိန်က အထွတ်အထိပ် စစ်ဘုရင် ၃ယောက်တို့ကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့၏။
......
တောင်ကမ်းပါးတစ်ခုသည် မြင့်မားစွာရှိနေပြီး တိမ်ထဲသို့ပင် ဝင်ရောက်နေ၏။ ရှည်လျားသည့် လှေကားတစ်ခုက အောက်ခြေမှ တောင်ထိပ်အထိ လမ်းတလျှောက်ကို ဆက်သွယ်ထားသည်။
တောင်ကမ်းပါး၏ အောက်ခြေတွင် အိမ်များ ထူထဲစွာ ရှိနေ၏။ သို့ပေမယ့် ပိုမိုမြင့်မားလာလေလေ အိမ်အရေအတွက်တို့ ပိုမိုနည်းပါးလာလေ ဖြစ်သည်။
ဤသည်မှာတော့ ဓားသခင်ချောက်ကမ်းပါး ဖြစ်၏။ ကမ်းပါးထိပ်၏ အနီးအနားရှိ အိမ်တစ်ခု၏ အပြင်ဘက်တွင် ရှေးဟောင်း ထင်းရှူးပင် တစ်ပင်အား စိုက်ပျိုးထား၏။
လူငယ်တစ်ယောက်က သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ချီနှင့်သွေးစွမ်းအားက လှိုင်းထနေပါသည်။ ခန္ဓာကိုယ်မှ ဓားအလင်းတစ်ခု ထုတ်လွှတ်နေ၏။
"ဟူး.."
ရှဲ့လင်ဖုန်းက လေပူများကို မှုတ်ထုတ်သည်။ သူ၏ မျက်နှာက စိတ်လှုပ်ရှားနေ၏။
'နောက်ဆုံးတော့ ငါ့ရဲ့ အစစ်အမှန်ချီကို စုစည်းနိုင်ခဲ့ပြီ။ ခွန်အားလည်း ၅၀%ကျော်လောက် ပိုပြီးတော့ မြင့်တက်လာတယ်..'
စွန့်ပစ်ဒေသမှ ပြန်ပြီးနောက် သူသည် သိုင်းပညာအတွင်းအားချီကို အစစ်အမှန်ချီအဖြစ် ဆက်တိုက် စုစည်းနေခဲ့၏။ ယနေ့တွင် နောက်ဆုံး၌ အစစ်အမှန်ချီကို စုစည်းနိုင်ခဲ့လေသည်။
ဒီချီစုဆောင်းခြင်း အတတ်နှင့် သူ့ကိုယ်သူ မူလအဆင့် သိုင်းပညာကျင့်ကြံသူ တစ်ယောက်ဟု ယူဆနိုင်ပါပြီ။
"ဒါပေမယ့် ငါ့ကို အတုအယောင် မူလအဆင့် သိုင်းသမားတစ်ယောက်လိုပဲ သတ်မှတ်နိုင်တယ်မလား.."
ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။
'အတုအယောင် မူလအဆင့်လို့လည်း အမှန်တကယ် မဆိုနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ညီလေးရွှီက မကောင်းဆိုးဝါး တစ်ကောင်လေ။ သူ့ရဲ့ အစစ်အမှန်ချီက သာမန်သိုင်းသမားတွေ အတွက် နှိုင်းယှဉ်နိုင်တဲ့ အတိုင်းအတာကနေ အများကြီး ကျော်လွန်နေတယ်။ ဒါ့ကြောင့်မို့လို့ ငါ့ကိုယ်ငါ မူလအဆင့်နဲ့ တူညီတယ်လို့ တွက်ချက်လို့ရတယ်..'
ထိုကဲ့သို့ အတွေးပြောင်းခဲ့ပြီးနောက် ရှဲ့လင်ဖုန်းသည် ချက်ချင်းပင် အားတက်လာခဲ့သည်။
'ငါ့ရဲ့ခွန်အားက အများကြီး မြင့်တက်လာခဲ့ပြီ။ လက်ရှိ သိုင်းသခင်အဆင့်ရဲ့ အစောပိုင်းလေးနဲ့တောင် အဆင့်မြင့် သိုင်းသခင်တွေကို ငါအလွယ်တကူ တိုက်ခိုက်လို့ရတယ်။ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်ကိုတောင် ရင်ဆိုင်ဖို့ အခွင့်အရေး ရှိလောက်တယ်..'
ထိုအတွေးနှင့်အတူ ရှဲ့လင်ဖုန်းသည် စတင်စိတ်လှုပ်ရှားလာခဲ့၏။
'မူလအဆင့်ရဲ့ ကျင့်စဉ်ကတော့ အဆင်ပြေပြီလို့ ပြောလို့ရတယ်။ အခုဆိုရင် ငါက အစစ်အမှန် သိုင်းပညာကို စတင်ပြီးတော့ ကျင့်ကြံနေပြီ။ ဒါပေမယ့် မူလအဆင့်ရဲ့ အထက်ကိုရော ဘယ်လိုကျင့်ကြံရမှာလဲ..'
'သူ့အတိုင်းပဲလိုက်ပြီး မူလအဆင့်ရဲ့ ကျင့်စဉ်အတိုင်း ကျင့်ကြံရမှာလား..'
ရှဲ့လင်ဖုန်းမှာ ရုတ်တရက် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။ သူ့တွင် ကျင့်စဉ်ပင် မရှိပေ။ ဓားသခင်ချောက်ကမ်းပါးမှ ကျင့်စဉ်များမှာ အစစ်အမှန် သိုင်းပညာ မဟုတ်ပါ။
'ငါ.. ဓားတာအိုရဲ့ လမ်းစဉ်ကို စတင်ခြေချဖို့တောင် မလုပ်နိုင်သေးဘူး။ သန့်စင်တဲ့ ဓားနှလုံးသားလည်း မရှိသေးဘူး။ ဒါက ခက်ခဲလွန်းတယ်..'
ရှဲ့လင်ဖုန်းသည် သူ၏ ဓားတာအိုအပေါ် ကျင့်ကြံမှုအကြောင်းအား တွေးမိပြန်လေ၏။ ဓားတာအိုကို ဖမ်းဆုပ်နိုင်ရန်အတွက် အခြေခံလိုအပ်ချက်မှာ သန့်စင်သော ဓားနှလုံးသား ဖြစ်သည်။
သို့ပေမယ့် သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် အဆင့်ကို မထိတွေ့နိုင်ဘဲ ရှိနေ၏။
'ငါ့ရဲ့ ဓားသိုင်းက အများကြီး တိုးတက်လာတယ်။ ဆိုလိုတာက သန့်စင်သော ဓားနှလုံးသားနဲ့ အများကြီး နီးကပ်လာတယ်လို့ပဲ။ ဒါပေမယ့် အဆင့်က ဘယ်လိုချိုးဖျက်ရမလဲဆိုတာ သဲလွန်စမရဘူး ဖြစ်နေတယ်..'
ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် စဉ်းစားသည်။ သူက ဓားသခင်ချောက်ကမ်းပါး၏ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ကာ စဉ်းစား၏။
'ညီလေးရွှီရော အတွင်းဘက်နယ်မြေကို လာပြီလားမသိဘူး။ သူလာရင်တော့ ငါအကြံသွားတောင်းလို့ ရတယ်..'
ထိုအချိန်၌ ဟူရှန်းက ကြီးမားသော သေတ္တာကြီးနှစ်ခုနှင့် ရောက်လာခဲ့၏။ သူ၏ပုံစံက အနည်းငယ် အံ့သြနေပါသည်။
"သခင်လေး... ယွဲ့နိုင်ငံရဲ့ ဘုရင်ခံသုအိမ်တော်က လက်ဆောင်ပဏ္ဏာတွေ ပို့လိုက်တယ်။ အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာတဲ့.."
သူက သေတ္တာများကို ချ၏။
"အန္တရာယ်ကနေ ကယ်တင်တယ်.."
ရှဲ့လင်ဖုန်းက ကြောင်တောင်သွား၏။ သူသည် ဘယ်အချိန်တုန်းက ဘုရင်ခံသုအိမ်တော်ကို ကူညီခဲ့လို့နည်း။
"ဟုတ်ပါတယ်.."
ဟူရှန်းက ခေါင်းငြိမ့်သည်။
သူလည်းပဲ ပဟေဠိဖြစ်နေ၏။ သခင်လေးသည် ဘယ်တုန်းက ဘုရင်ခံသုအိမ်တော်အား သွားရောက်ကူညီခဲ့သနည်း။ ဘယ်လိုလုပ်ပြီး သူမမှတ်မိရသနည်း။
"နောက်ပြီးတော့... ဘုရင်ခံသုအိမ်တော်က ပြောလိုက်တာက သခင်လေးကို အချိန်မရွေး လက်ထပ်ထိမ်းမြားခွင့် တောင်းလို့ရတယ်တဲ့။ သုမိသားစုက လက်ခံဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီ။ သခင်မလေးသုကလည်း သခင်လေးရဲ့ ချစ်ခင်မှုကို မပယ်ရှားပါဘူးတဲ့.."
နောက်ဆုံးတွင် ဟူရှန်းက မနေနိုင်ဘဲ မေးသည်။
"သခင်လေး... မင်းဘယ်တုန်းက ဘုရင်ခံသုအိမ်တော်ရဲ့ သမီးနဲ့ ချစ်ကျွမ်းဝင်သွားတာလဲ။ ဒါက ကိစ္စကောင်းပဲ။ ဘုရင်ခံသုအိမ်တော်က အရမ်းကြီး စွမ်းအားမကြီးပေမယ့် အဲ့ဒီ့သခင်မလေးသုကတော့ ခုနှစ်စင်ကြယ် အကယ်ဒမီမှာ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်လို့ ကြားတယ်.."
ရှဲ့လင်ဖုန်းက ပဟေဠိဖြစ်သွားပြီး ကြောင်တောင်စွာမေးသည်။
"ငါသူမကို သိတောင်မသိဘူး... သူမငါ့ကို တစ်ယောက်ယောက်နဲ့များ လူမှားနေတာလား.."
"ဘယ်လိုစကားမျိုး ပြောလိုက်တာလဲသခင်လေး... ဘယ်သူက သူတို့ချစ်ရတဲ့လူကို အခြားတစ်ယောက်နဲ့ မှားနိုင်မှာလဲ.."
ဟူရှန်းက စာစောင်တစ်ခုကို ရှဲ့လင်ဖုန်းအား ပေးသည်။
"သခင်လေး... ဒါက သခင်မလေးသုဆီက စာပါ။ ကြည့်လိုက်ဦး.."
သူလည်းပဲ သိလိုစိတ်တို့ဖြင့် ပြည့်နှက်နေ၏။
ရှဲ့လင်ဖုန်းက စာစောင်ကို နားမလည်နိုင်စွာဖြင့် ယူကာ ဖွင့်လိုက်၏။
"ဘုရင်ခံသုအိမ်တော်ရဲ့ သခင်မလေးရဲ့ နာမည်ကဘယ်လိုခေါ်တာလဲ.."
"မဟုတ်သေးပါဘူး သခင်လေး... မိန်းကလေးရဲ့နာမည်ကိုတောင် မင်းမေ့သွားတာလား။ စားပြီးနားမလည် လုပ်တာလား.."
ဟူရှန်း၏ မျက်လုံးများက ပြူးကျယ်နေပြီး မယုံကြည်နိုင်စွာ ပြောသည်။
"သခင်လေး... မင်းက အဲ့လိုလူမျိုးလား.."
"မဟုတ်တာ မပြောနဲ့... ငါရှဲ့လင်ဖုန်းက အရာအားလုံးကို ဖြောင့်ဖြောင့်မှန်မှန်ပဲ လုပ်တယ်။ ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး ကိစ္စမျိုးရှိမှာလဲ..."
ရှဲ့လင်ဖုန်းက ဟူရှန်းကို စူးစိုက်စွာ ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့ကာ လက်ထဲရှိ စာစောင်ကို ဖတ်သည်။ ထို့နောက် ပိုမိုကာပင် ကြောင်သွား၏။
"လမ်းတလျှောက်မှာ ကာကွယ်ပေးပြီး ဂရုစိုက်ခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..."
"သခင်လေးက သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့ သတ်ဖြတ်ပြီး တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ကို ဂုဏ်သရေကြီးမြင့်စွာနဲ့ နောက်ဆုတ်စေခဲ့တယ်... သခင်လေးက လောကကြီးမှာ တစ်ခုတည်းသောတည်ရှိမှုပဲ။ ယွီယွင်းအတွက် လောကမှာရှိတဲ့ ယောကျာ်းသားများစွာထဲမှာ သခင်လေးနဲ့ နှိုင်းယှဉ်နိုင်တာ ဘယ်သူမှမရှိဘူး..."
ရှဲ့လင်ဖုန်းက ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။ သူ၏မျက်နှာကို လက်ဖြင့်ကိုင်ကာ အမှန်တကယ်ကို ကိုယ့်ကိုယ်ကို အလွန်ချောမော.. အလွန်စွမ်းအားကြီးကာ အလွန် ဆွဲဆောင်နိုင်သည်လားဟု စဉ်းစား၏။
လောကကြီးတွင် အနှိုင်းမဲ့သည်လား။
ထို့အပြင် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ကာ တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ကို တွန်းလှန်ခဲ့သည်လား။
ဘယ်အချိန်က ဤသည်တို့ ဖြစ်ပွားခဲ့သနည်း။ အိပ်မက်ထဲမှာ လုပ်ခဲ့သည်လား။
ရှဲ့လင်ဖုန်း၏ပုံက ပဟေဠိဖြစ်သွားသည်။ သူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို အိပ်မက်မက်ဖူးခြင်းပင် မရှိပေ။ တစ်ခုခု မှားယွင်းနေပါပြီ။ တစ်နေရာရာတွင် မှားယွင်းနေရပေလိမ့်မည်။
ဟူရှန်းလည်း စာစောင်အတွင်းရှိ အချက်အလက်များကို စပ်စုလိုသည့် မျက်နှာဖြင့် ကြည့်၏။
"သခင်လေး.. ဒီထဲမှာ မိန်းကလေးရဲ့ သခင်လေးအပေါ် ချစ်ခင်ယုယမှုတွေကို ကျွန်တော်မြင်နေရတယ်.."
တစ်ချိန်တည်းတွင် သူလည်းပဲ ပဟေဠိဖြစ်သွား၏။
"သခင်လေး... မင်းဘယ်တုန်းက သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့ သတ်ဖြတ်တာလဲ။ လက်ဝါးတစ်ချက်တည်းနဲ့တဲ့... မင်းမှာ ဘယ်တုန်းက ဒီလိုခွန်အားမျိုး ရှိသွားတာလဲ.."