ကြောင်တောင်သွားသည့် ရှဲ့လင်ဖုန်း(၂)
Vol. 14 Ch. 208
ရုတ်တရက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့၏ ခေါင်းထဲတွင် တူညီသည့် အတွေးတစ်ခု အသီးသီး ပေါ်လာခဲ့ကြသည်။
"ဟူရှန်း... ညီလေးရွှီ အတွင်းဘက်နယ်မြေကို ရောက်လာတာလို့များ မင်းထင်လား.."
သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်လေသည်။ ထိုစာသားက သူ့ကို ရွှီယန်၏ အံ့သြစရာကောင်းလှသည့် ခွန်အားအား ပြန်လည်တွေးမိစေ၏။
"ညီလေးရွှီက ညီလေးရွှီ။ မင်းက မင်းပဲလေ.. သခင်လေး။ အဲ့လိုကြီးတော့ မမှားလောက်ဘူးမလား.."
ဟူရှန်းက ကြောင်တောင်စွာ မေး၏။
"ဒါမှမဟုတ် ညီလေးရွှီက ငါ့ရဲ့နာမည်ကို သုံးခဲ့တာများလား.."
ရှဲ့လက်ဖုန်းက တွေးဆစွာ ပြောသည်။
"သခင်လေး.. အဲ့လိုတော့ မဟုတ်လောက်ပါဘူး... သခင်လေးက သူ့ကို အတွင်းဘက်နယ်မြေကို လာရင် ဘာကိစ္စပဲ ဖြစ်ပွားဖြစ်ပွား သခင်လေးရဲ့ နာမည်ကို အသုံးပြုနိုင်တယ်လို့ သဘောတူခဲ့ပေမယ့် ငါကရှဲ့လင်ဖုန်းလို့တော့ ပြောမှာ မဟုတ်လောက်ဘူး။ ပြောရင်တောင်မှ ငါက ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်းနဲ့ ဘယ်လိုရင်းနှီးတာဘာညာ..."
ဟူရှန်းက ပြောရင်းနှင့် ရုတ်တရက် ရပ်တန့်သွားသည်။ ရွှီယန်အနေနှင့် ကိုယ့်ကိုယ်ကို ငါက ရှဲ့လင်ဖုန်းဟု ပြောနိုင်ချေမှာ နည်းပါးခြင်းမရှိဟု ခံစားလိုက်ရ၏။
"ညီလေးရွှီ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘုရင်ခံသုရဲ့အိမ်တော်ကို ခရီးတစ်ထောက်လောက် သွားကြတာပေါ့။ ညီလေးရွှီဆိုရင် တော်တော်လေးကောင်းမှာ.."
ရှဲ့လင်ဖုန်းက ရေရွတ်သည်။ ဟူရှန်းကလည်း ခေါင်းငြိမ့်၏။ သုအိမ်တော်သို့ သွားရောက်ပြီးပါက အရာအားလုံး ရှင်းလင်းသွားမှာ ဖြစ်သည်။
"သခင်လေး... ဒီလက်ဆောင်ပဏ္ဏာတွေကရော.."
သူက ကြီးမားသည့် သေတ္တာကြီးနှစ်ခုကို ညွှန်ပြကာမေးသည်။
"အခုတော့ ထားလိုက်ဦး... တကယ်ပဲ ညီလေးရွှီဆိုရင် ပြီးမှ ငါသူ့ကို ပေးလိုက်မယ်.."
ရှဲ့လင်ဖုန်းက ပြော၏။
"သခင်လေး.. အဲ့ဒါဆိုရင် ကျွန်တော်သွားပြီးတော့ အထုပ်အပိုးတွေ ပြင်ဆင်လိုက်ဦးမယ်။ ပြီးရင် တောင်ပေါ်က အတူတူဆင်းကြတာပေါ့.."
ဟူရှန်းက စိတ်အားထက်သန်စွာ ပြော၏။
"ကောင်းပြီ.."
ရှဲ့လက်ဖုန်းက သဘောတူစွာ ခေါင်းငြိမ့်သည်။
"ဟူရှန်း... မင်းအစစ်အမှန်ချီ ဘယ်လောက်ကို ကျင့်ကြံပြီးပြီလဲ.."
"၆၀/၇၀%ပါ။ တော်တော်လေး တိုးတက်လာတယ်လို့ ပြောလို့ရတယ်.."
ဟူရှန်းက စိတ်လှုပ်ရှားစွာဖြင့် ဖြေ၏။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် ဓားသခင်ချောက်ကမ်းပါးမှ ထွက်ခွာပြီး ဘုရင်ခံသု၏ အိမ်တော်ဆီသို့ ဦးတည်ခဲ့၏။
...
ဘုရင်ခံသုအိမ်တော်ရှိ ပြဿနာက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ယွဲ့နိုင်ငံ၏ ဘုရင်ခံ၅ယောက်တို့ အကြားတွင် ဘုရင်ခံသုမှာ အသန်မာဆုံးဖြစ်၏။
အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်အနေနှင့် နိုင်ငံအတွင်းတွင် ကြီးမားသည့် ရာထူးအာဏာကို ပိုင်ဆိုင်ထားသည်။
သို့ရာတွင် ဘုရင်ခံ ၅ယောက်တို့ အကြား၌ ရန်ငြိုးရန်စများ ရှိနေ၏။ ထိုရန်ငြိုးရန်စများ၏ အရင်းအမြစ်မှာ ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုက သူတို့ကို ပူးပေါင်းခြင်း မပြုစေရန် တိတ်တဆိတ် မီးမြှိုက်ပေးတာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် မည်သို့ပင် ဆိုစေကာမူ ဘုရင်ခံ၅ယောက်အကြားရှိ ပြဿနာများမှာ သူတို့၏ သက်ဆိုင်ရာ အကျိုးအမြတ်များနှင့် ပတ်သက်နေပြီး ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုက ၎င်းကို အခွင့်အရေးယူကာ အခြေအနေကို လေပင့်ပေးသည်သာ ရှိ၏။
အတွင်းဘက်နယ်မြေရှိ နိုင်ငံကြီး၃ခုတို့ အထဲတွင် ယွဲ့နိုင်ငံ၌သာလျှင် ဘုရင်ခံများ ရှိ၏။ ထိုဖြစ်စဉ်မှာ နိုင်ငံကို တည်ထောင်စဉ်က ဘုရင်ခံ၅ယောက်တို့ အားလုံး၏ စွမ်းအားကြီးမားလှမှုကြောင့် ဖြစ်သည်။ အတင်း ပေါင်းစည်းလိုက်ပါက သက်ဆိုင်ရာ ထိခိုက်မှုများကို ကြုံတွေ့ရနိုင်၏။
ဘုရင်ခံ၅ဦး၏ အချင်းချင်း မဟာမိတ်ဖွဲ့မှုက နိုင်ငံ၏ ပေါင်းစည်းချင်သည့် ရည်ရွယ်ချက်ကို ဆန့်ကျင်ထား၏။ သူတို့အကြားတွင် နားလည်မှုတစ်ခု အလိုလို ရရှိပြီး ဖြစ်သည်။
အမည်ခံတွင် ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုက နယ်စားများကို ရာထူးပေးအပ်သကဲ့သို့ ဖြစ်၏။ ဘုရင်ခံ၅ဦးတို့သည် တော်ဝင်မိသားစု၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု ထင်ရသည်။ သို့ပေမယ့် တကယ့် လက်တွေ့တွင်တော့ ဘုရင်ခံ၅ဦးတို့၏ နယ်မြေများသည် အမြဲတမ်း သူတို့၏ ပိုင်ဆိုင်မှု များသာ ဖြစ်ခဲ့၏။
ထို၅ဦးတို့သည် အစက မိသားစုကြီး ၅ခုဖြစ်ခဲ့ပြီး သူ့နေရာနှင့်သူ အုပ်စိုးကာ နက်ရှိုင်းသည့် အခြေခံတို့ ရှိကြပါသည်။
ဒီတစ်ကြိမ် ဘုရင်ခံသု၏ အိမ်တော်မှ ပြဿနာမှာနောက်ထပ် ဘုရင်ခံတယောက်နှင့် သက်ဆိုင်နေ၏။
ဘုရင်ခံကျန်း အိမ်တော်မှ အသစ် အဆင့်မြင့်တက်လာသည့် စစ်ဘုရင်က သူ၏ လွှမ်းမိုးမှုနယ်မြေကို ချဲ့ထွင်လိုကာ ဘုရင်ခံသု၏ အိမ်တော်ဘက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
သုမိသားစုနှင့် ကျန်းမိသားစုတို့အကြား တင်းမာမှုမှာ စေ့စပ်၍ မရနိုင်အောင် ရှိနေ၏။ ဒီတစ်ကြိမ်တွင် ကျန်းအိမ်တော်၏ ရုတ်တရက် တိုက်ခိုက်လာမှုမှာ သုယွီယင်း၏ မိခင်ဖြစ်သူသည် နာမကျန်းမှုကြောင့် သေဆုံးခဲ့ပြီး သူမ၏ ဇာတိမျိုး၌ မြေမြှုပ် သင်္ဂြိုဟ်လိုသောကြောင့် ဖြစ်၏။
သုယွီယင်းတွင် အထူး ခန္ဓာကိုယ်တည်ဆောက်မှုရှိပြီး သူမသည် သုအိမ်တော်၏ ပါရမီရှင်တစ်ယောက်ဖြစ်သလို ဘုရင်ခံသု၏ အချစ်ရဆုံး မျိုးဆက်လည်းဖြစ်ရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့၏။
သုအိမ်တော်က တစ်ဖက်အဖွဲ့ကို ထိန်းချုပ်ထားပေမယ့် ထိုအရှုပ်အထွေးကြားတွင် နတ်ဆိုးဂိုဏ်းက ပါဝင်လာခဲ့လေသည်။ ကျန်းမိသားစုက သူတို့ကို မည်သည့် အကျိုးအမြတ်တို့ ကတိပေးခဲ့လဲ မသိပေ။
နောက်ဆုံးတွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် ယင်ဟုန်ပင်လျှင် ကိုယ်တိုင်လှုပ်ရှားမှုပြုကာ သုယွီယင်းကို ခေါ်ဆောင်သွားလို၏။
ယင်ဟုန်၏ တိုက်ခိုက်မှုမှာ ကျန်းစံအိမ်နှင့် နတ်ဆိုးဂိုဏ်းမှ လူများနှင့် ခြားနားနေပါသည်။ သို့ပေမယ့် သုအိမ်တော်ကို ပစ်မှတ်ထားသည်မှာ သံသယဖြစ်စရာ မလိုပေ။
ကြည့်ရတာ အင်အားစုများစွာတို့သည် ဒီအခွင့်အရေးကို အသုံးချပြီး သုအိမ်တော်ကို အားနည်းအောင် ပြုလုပ်ချင်သည် ထင်၏။ မည်သူတို့ တွေးမိမည်လဲ။ သိုင်းသခင်ချောက်ကမ်းပါးမှ ရှဲ့လင်ဖုန်းက သုယွီယင်း၏ အပြန်လမ်းတလျှောက်ကို စောင့်ရှောက်ခဲ့ပြီး သိုင်းသခင်များစွာတို့ကို သတ်ဖြတ်ခဲ့လေသည်။
တစ်ဝက်တစ်ပြက် စစ်ဘုရင်ဖြစ်သည့် ယင်ဟုန်ကိုပင်လျှင် အနိုင်ယူခဲ့၏။
ထိုသတင်းပျံ့နှံ့သွားပြီးနောက် ကျန်းမိသားစုက သူတို့၏ လှုပ်ရှားမှုများကို ရုတ်သိမ်းကာ နတ်ဆိုးဂိုဏ်းလည်း တိတ်ဆိတ်သွားခဲ့သည်။ ယင်ဟုန်၏ နောက်ရှိ ကြိုးကိုင်သူမှာလည်း ထိုနေရာ၌သာ ရပ်တန့်သွားပြီး မည်သူမည်ဝါဟူသည်ကိုပင် ဖော်ပြခဲ့ခြင်း မရှိပေ။
ကျန်းကျွင်းရာမှာ အတွင်းဘက်နယ်မြေရှိ ထိပ်တန်းအင်အားစု တစ်ခုဖြစ်၏။ ဘုရင်ခံအိမ်တော်၅ခုကို မဆိုထားနှင့်။ ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုပင်လျှင် ကျန်းကျွင်းရာနှင့် အလောတလျှင် ရန်သူလုပ်ရဲခြင်း မရှိပေ။
ထိုမုန်တိုင်း၏ ငြိမ်သက်သွားမှုက သုအိမ်တော်ကို စိတ်သက်သာရာ ရသွားစေ၏။ ဒီတစ်ကြိမ်၌ ကျန်းအိမ်တော်က ပြင်ဆင်မှုများစွာကို ပြုလုပ်ကာ ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သုအိမ်တော်သာ အားနည်းချက် ပြသပါက အခြား ဘုရင်ခံအိမ်တော်များကလည်း အခြေအနေကို အခွင့်ကောင်းဝင်ယူကာ သူတို့ကိုယ်သူတို့ အားဖြည့်မည် ဖြစ်သည်။
ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုကလည်း မီးတောက်ကို လေပင့်ပေးကာ တိတ်တဆိတ် လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်၏။
ယင်ဟုန်၏ နောက်ကွယ်ရှိ ကြိုးကိုင်သူမှာ ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုမှ အဖွဲ့ဝင်တစ်ယောက်ပင် ဖြစ်နိုင်လေသည်။
သုအိမ်တော်၏ ဥယျာဉ်အတွင်းတွင် သုယွီယင်းက သက်တောင့်သက်သာဖြင့် လမ်းလျှောက်နေ၏။
"သခင်မလေး... လက်ဆောင်ပဏ္ဏာတွေကို ဓားသင်ချောက်ကမ်းပါးကို ပို့ပြီးပါပြီ။ သခင်လေးရှဲ့ ဘယ်တော့များ လာပြီးတော့ လက်ထပ်ခွင့်တောင်းမလဲ မသိဘူး.."
ချွေအာက မျှော်လင့်နေသည့် မျက်နှာဖြင့် ပြော၏။
'ငါက သခင်မလေးရဲ့ အရင်းနှီးဆုံး နောက်လိုက်အစေခံပဲ။ သခင်မလေးသာ သခင်လေးရှဲ့နဲ့ လက်ထပ်ပြီးရင် ငါလည်း သူ့ရဲ့ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာမှာ။ သခင်လေးရှဲ့လည်း ငါနဲ့...'
ချွေအာ၏ မျက်နှာက နီရဲလာခဲ့၏။
သုယွီယင်း၏ မျက်လုံးများထဲတွင် ညင်သာသည့် ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။ သူမက ချိုမြစွာ ပြော၏။
"သိပ်ပြီးတော့တော့ မကြာလောက်ဘူး ထင်တယ်.."
"သခင်မလေး... နင်ဘယ်တော့ သိုင်းသခင်အဆင့်ကို အဆင့်ချိုးဖျက်မှာလဲ။ သခင်လေးရှဲ့နဲ့အတူသာ သိုင်းသခင်မောင်နှံအဖြစ် ရပ်တည်နိုင်ရင် ဘယ်လောက် အားကျဖို့ ကောင်းလိုက်မလဲ.."
ချွေအာက အသာပြုံးကာ မေး၏။
"ငါလည်း မသေချာဘူး... တစ်နှစ် သို့မဟုတ် ၅နှစ် သို့မဟုတ် ၆နှစ်...အလွန်ဆုံး ၆နှစ်လောက်ထိ ကြာနိုင်တယ်.."
သုယွီယင်းက ခေါင်းကိုရမ်းသည်။
ယခုအချိန်၌ သူမသည် ဒုတိယအဆင့်၌သာ ရှိနေသေး၏။ သိုင်းသခင်အဆင့်နှင့် အများကြီး ဝေးကွာနေပါသေးသည်။
"ကျန်းအိမ်တော်က တကယ့်ကို ယုတ်မာလွန်းတယ်။ ကျွန်မတို့ကို သခင်လေးရှဲ့ ကာကွယ်ပေးတာပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အန္တရာယ်ကျရောက်နေလောက်ပြီ။ နတ်ဆိုးဂိုဏ်းကလူတွေဆို ပိုဆိုး.."
ချွေအာက မကြာသေးခင်က သူမတို့၏ အတွေ့အကြုံများကို ပြန်လည်စဉ်းစားမိကာ မကျေနပ်စွာ ပြော၏။
"ချွေအာ... ဘယ်နတ်ဆိုး အရှင်သခင် လက်အောက်ကလူတွေ လှုပ်ရှားခဲ့တာလဲဆိုတာကို နင်သိလား။ ဘာသတင်းရော ရသေးလဲ.."
သုယွီယင်းက တွေးဆစွာ မေးသည်။
"ဘာသတင်းမှ မရသေးဘူး။ ကြည့်ရတာ အမည်မသိ နတ်ဆိုးအရှင်သခင်တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်.."
ချွေအာက ခေါင်းကိုရမ်းသည်။ ထိုအချိန်၌ အစေခံတစ်ယောက် ဝင်ရောက်လာပြီး သတင်းပို့၏။
"သခင်မလေး... ဓားသခင်ချောက်ကမ်းပါးက သခင်လေးရှဲ့ ရောက်လာပါတယ်။ သူအခု အိမ်တော်ရဲ့ အပြင်ဘက်မှာပါ.."
ထိုစကားကို ကြားရပြီးနောက် သုယွီယင်း၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားသည်။
"ချွေအာ.. သခင်လေးရှဲ့ကို မြန်မြန်လေး သွားပြီးတော့ အိမ်ထဲကို ဖိတ်ခေါ်လိုက်။ ငါသူ့ကို ဂီတစံအိမ်မှာ တွေ့မယ်.."
သုယွီယင်းက ညင်သာစွာဖြင့် အမိန့်ပေးသည်။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်အောင် ရှိနေ၏။
သို့ပေမယ့် သိက္ခာကို စောင့်ထိန်းရဦးမည်ဖြစ်ရာ ချွေအာကိုသာ သွားရောက် ကြိုဆိုခိုင်းလေသည်။ ထို့အပြင် ချွေအာမှာ တစ်ဖက်လူနှင့် ရင်းနှီးပြီးသားဖြစ်၏။
"သခင်မလေး.."
ချွေအာလည်း အလွန်စိတ်လှုပ်ရှားနေ၏။ သူမ၏ ပါးနှစ်ဖက်က နီမြန်းလာခဲ့သည်။
'သခင်လေးရှဲ့ ဒီကိုလာပြီးတော့ တောင်းရမ်းတာများလား မသိဘူး။ ငါလည်း ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ချင်တယ်။ ပြီးရင် သခင်လေးရှဲ့နဲ့ အတူတူနေလို့ ရလောက်တယ်...'
သူမဟာ ပုံရိပ်ယောင်သံစဉ်၏ လွှမ်းမိုးမှုကို ခံရတုန်းက ကြုံတွေ့ခဲ့ရသည့် ပုံရိပ်များကို ပြန်လည်တွေးဆမိပြီး မျက်နှာက ပိုမိုကာပင် နီရဲလာခဲ့၏။
အိမ်တော်၏ အပြင်ဘက်သို့ ထွက်လာရင်းက မေးသည်။
"သခင်လေးရှဲ့က တစ်ယောက်တည်း လာတာလား.."
"မဟုတ်ပါဘူး။ သူ့ထက် အသက်နည်းနည်းကြီးတဲ့ လူတစ်ယောက်လည်း ပါတယ်.."
"အိုး ဘုရားရေ... သခင်လေးရှဲ့ ဒီကိုလာပြီးတော့ တောင်းရမ်းတာ ဖြစ်လိမ့်မယ်.."
ချွေအာ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာပြီး လူတစ်ကိုယ်လုံးက စိတ်လှုပ်ရှားလာခဲ့သည်။
သူမ၏ မျက်လုံးများအတွင်း၌ပင်လျှင် ရှက်ရွံ့မှုတို့ကို မြင်တွေ့နိုင်၏။ အိမ်တော်၏ အပြင်ဘက်သို့ အမြန် လျှောက်ထွက်သွားသည်။
သုအိမ်တော်၏ စံအိမ်အပြင်ဘက်တွင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် ရှည်လျားသည့်ခရီးကို ဖြတ်သန်းပြီးနောက် ဒီနေရာသို့ ရောက်ရှိလာကြ၏။
သူတို့သည် သုယွီယင်းဆီသို့ အမြန်လာကာ သူမနှင့် တွေ့ဆုံခဲ့သူမှာ အမှန်တကယ် ရွှီယန်ဖြစ်သလားဟု သိလိုနေကြ၏။
"သခင်လေး... တကယ်ပဲ ရွှီယန်သာဆိုရင် သုအိမ်တော်ရဲ့ ကိစ္စက ဓားသခင်ချောက်ကမ်းပါးနဲ့ ရှုပ်ကုန်တော့မှာပေါ့.."
ဟူရှန်းက ခေါင်းကိုကုပ်ကာ မေး၏။
"အဲ့ဒါက ဘာဖြစ်လဲ... ငါ့ရဲ့ ဓားသခင်ချောက်ကမ်းပါးက ယွဲ့နိုင်ငံကို ကြောက်ရမှာလား.."
ရှဲ့လင်ဖုန်းက ဂရုစိုက်ခြင်း မရှိပေ။
"သခင်လေး...ရွှီယန်က ဘာလို့ မင်းရဲ့နာမည်ကို သုံးရတာလဲ.."
ဟူရှန်းက နားမလည်နိုင်စွာ မေး၏။
ရှဲ့လင်ဖုန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
"ငါတို့ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အတွင်းဘက်နယ်မြေကို လာပြီးရင် ငါ့နာမည်ကို သုံးလို့ရတယ်လို့.."
သူက ရပ်တန့်သွားပြီးနောက် ရွှီယန်၏ မည်သည့်အခြေအနေ၌မဆို ရသလားဟု ပြန်လည်မေးမြန်းမှုကို တွေးတောမိသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ခံစားချက်မကောင်းစွာ ဖြစ်လာခဲ့၏။ တကယ်ဆိုလျှင် ပြောသင့်သည်မှာ
"ငါနဲ့ရှဲ့လင်ဖုန်းက သွေးသောက်ညီအစ်ကိုတွေပဲ။ သူ့ကို မျက်နှာသာအချို့တော့ ပေးလောက်တယ်မလား..." ဟုဖြစ်၏။
ဟူရှန်းမှာ ကြောင်နေဆဲ ရှိသည်။ ရှဲ့လင်ဖုန်းက သက်ပြင်းချ၏။
"ပါရမီရှင်တစ်ယောက်ရဲ့ အတွေးက သာမန်လူတွေရဲ့ အတွေးနဲ့ တကယ့်ကို မတူဘူး.."
"သခင်လေး... ကျွန်တော်လည်း အတွင်းဘက်နယ်မြေမှာ ကျွန်တော့်နာမည်ကို သုံးလို့ရတယ်လို့ ပြောခဲ့တယ်။ ဖြစ်နိုင်တာက..."
ဟူရှန်းက ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့၏။
"စိတ်မပူပါနဲ့... မင်းရဲ့နာမည်ကိုတော့ သူမသုံးလောက်ပါဘူး။ ညီလေးရွှီက အရမ်းငယ်တယ်။ မင်းကတော့ အသက်အများကြီး ကြီးတယ်။ ပြီးတော့ ခွန်အားကလည်း ဒီလောက်အားနည်းတာ။ သုံးဖို့ မသင့်တော်ဘူး.."
ရှဲ့လင်ဖုန်းက ခေါင်းကိုရမ်းသည်။
ဟူရှန်း"..."
သူက နှလုံးသားထဲတွင် သက်ပြင်းချ၏။ အားနည်းရခြင်းမှာ အမှန်တကယ်ကို ဝမ်းနည်းဖွယ် ကောင်းလှသည်။
လှပသည့် အစေခံတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာခဲ့သည်။ သူမ၏ အကြည့်က ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့အပေါ်သို့ ဖြတ်သန်းသွား၏။
သို့ပေမယ့် သူတို့နှစ်ယောက်ကို လုံးဝလျစ်လျူရှု့သွားလေသည်။
"သခင်လေးရှဲ့ရော ဘယ်မှာလဲ.."
ချွေအာက ပတ်ဝန်းကျင်ကို ကြောင်တောင်စွာ ကြည့်သည်။
"ဒီကမိန်းကလေး...ရှဲ့လင်ဖုန်းက ကျွန်တော်ပါ.."
ရှဲ့လင်ဖုန်းက ဦးညွှတ်ကာ နှုတ်ဆက်၏။ ချွေအာက ခေါင်းလှည့်ကာ သူ့ကိုကြည့်သည်။
"ရှင်က ဓားသခင်ချောက်ကမ်းပါးက သခင်လေးရှဲ့ ရှဲ့လင်ဖုန်းလား.."
"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ.."
ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်သည်။
ထိုအချိန်၌ ချွေအာ၏ပုံက ချက်ချင်းပင် အမြှီးနင်းခံရသည့် ကြောင်တကောင်ကဲ့သို့ ဖြစ်သွား၏။
"ရှင်က ဘယ်က မကောင်းတဲ့လူလဲ။ သခင်လေးရှဲ့အဖြစ် ဟန်ဆောင်ရဲတယ်ပေါ့။ လာကြစမ်း သူ့ကိုရိုက်နှက်ကြ.."