သိုင်းသခင်တစ်ယောက်အား ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ မင်းက ငါ့အပိုင်ပဲ(၂)
Vol. 14 Ch. 197
"မုန့်ရှူရှူ.. သော့ကိုပေးပြီးတော့ အညံ့ခံလိုက်။ မဟုတ်ရင် သေရမယ်.."
ဝတ်စုံနက်နှင့် လူက အေးစက်စွာဖြင့် ပြော၏။
"ဘယ်တော့မှ မပေးဘူး.."
မုန့်ရှူရှူက အံကိုကြိတ်သည်။ မကျေနပ်စွာဖြင့်ပြန်ပြော၏။
"မင်းတို့ အောက်တန်းကျတဲ့ လူဆိုးလူယုတ်တွေ.. ငါက သဘောတူညီချက်အတိုင်း မင်းတို့အတွက် စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေကို ရှာဖွေပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့ကတော့ ကတိပေးထားတဲ့ ဆုကြေးကို မပေးတဲ့အပြင် ငါ့ကို ထိန်းချုပ်ပြီးတော့တောင် ကျွန်လုပ်ခိုင်းချင်သေးတယ်။ ငါမုန့်ရှူရှူက ဘယ်တော့မှ မင်းတို့ရဲ့ ခွေးမလုပ်ဘူး.."
သူက ရှည်လျားသည့် မင်တံကို မြေတွင်စိုက်ကာ ရတနာနယ်မြေ၏ သော့ကို လက်ထဲတွင် တင်းကြပ်စွာ ကိုင်ထားသည်။ အေးစက်စွာ ပြော၏။
"ငါသေရင်တောင် မင်းတို့တွေ ရတနာနယ်မြေက စိတ်ဝိဉာဉ်ဆေးပင်တွေကို ဘယ်တော့မှ မရစေရဘူး.."
သော့ကို ဖျက်ဆီးတော့မှာပါ။
သို့ပေမယ့် ဝတ်စုံနက်နှင့်လူက ရယ်ကာ အေးစက်စွာ ပြော၏။
"မုန့်ရှူရှူ... မင်းမှာ ခွန်အားဘယ်လောက် ကျန်သေးတယ် ထင်လို့လဲ.."
"မင်းရဲ့ လက်ရှိခွန်အားနဲ့ သော့ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား.."
သူက ရှေ့သို့တက်လာ၏။ ရုတ်တရက် အနီးနားရှိသစ်ပင်ကြီးတစ်ပင်ကို လှည့်ကြည့်ရင်းက လူသတ်ငွေ့တို့ မြင့်တက်လာခဲ့သည်။
"ဘယ်သူလဲ.."
မုန့်ရှူရှူက အံ့ဩသွား၏။ သို့ပေမယ့် မလှုပ်မရှားသာ ရှိနေပါသည်။ ဝတ်စုံနက်နှင့်လူ အော်လိုက်သည့် လားရာဆီသို့ပင် လှည့်ကြည့်ခြင်းမပြုဘဲ တစ်ဖက်လူကိုသာ စိုက်ကြည့်နေ၏။
နှလုံးသားထဲတွင် အေးစက်စွာ ရယ်သည်။ သူသည် ယခုကဲ့သို့သော ရိုးရှင်းသည့် လှည့်ကွက်အတွင်းတွင် ကျရှုံးမည် မဟုတ်ပါ။
ထို့နောက် ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
"ငါ့ဆွေမျိုးလေး... မင်းကို ကြည့်ရတာ ပြဿနာတက်နေတဲ့ ပုံပဲ။ အခြေအနေက တော်တော် ဆိုးဝါးနေပါလား.."
"မုန့်ချုံ.."
မုန့်ရှူရှူက ပျော်ရွှင်မှုနှင့် ငိုလုမတတ် ဖြစ်သွားခဲ့၏။ နောက်သို့ လှည့်ကြည့်ပြီးနောက် အမှန်တကယ်ကို မုန့်ချုံအား တွေ့လိုက်ရသည်။
တစ်ဖက်လူသည် သစ်ပင်ပေါ်တွင် ထိုင်နေပြီး မျက်နှာအသွင်အပြင်က စပ်စုစွာ ရှိနေ၏။
"ငါ့ကို ကူညီပါဦး ညီလေးမုန့်.."
မုန့်ချုံက မရေရာစွာ ကြည့်၏။
"ဆွေမျိုးလေး... မင်းရဲ့ရန်သူက တော်တော်လေး စွမ်းအားကြီးပါလား... ဒါက..."
"အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်.. မဟုတ်ဘူး... နှစ်ပင်.."
မုန့်ရှူရှူက အလျှင်အမြန် ထပ်ပေါင်းပြောသည်။
ယခုအချိန်၌ သူ၏ အသက်ထက် အရေးကြီးတာ ဘာမှမရှိပေ။ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များမှာ ရှားပါးပေမယ့် ရှာလို့ လုံးဝမရနိုင်တာ မဟုတ်ပါ။
"ဘာလို့ စိတ်ဝိဉာဉ်ဆေးပင်တွေ အကြောင်းကို ပြောနေတာလဲ။ မင်းရဲ့ အသက်က အဲ့ဒါတွေထက် အများကြီး တန်ဖိုးရှိတယ်။ ကိုယ့်ကိုယ်ကို အဲ့လောက်ကြီး သိက္ခာမချစမ်းပါနဲ့။ ငါ့ရဲ့ဆွေမျိုးတစ်ယောက် ဒုက္ခရောက်နေတာကို တွေ့ရင် ငါက ရပ်နေမယ့် လူမျိုးလား.."
မုန့်ချုံက လေးနက်စွာ ပြော၏။ အသက်ကြွေး တစ်ခုကို အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်၂ပင်နှင့် ဖြေရှင်းလိုနေ၏။
တစ်ဖက်လူသည် မည်သည်ကို စဉ်းစားနေသနည်း။
သူက မုန့်ရှူရှူ၏ ရှေ့သို့ ရွေ့လျားသွားသည်။
"ဒီက ပုဂ္ဂိုလ်တို့... ကျွန်တော့်ရဲ့ မျက်နှာကို ထောက်ငှပြီး ဒီကိစ္စကို ထားပေးလိုက်လို့ ရမလား.."
သူက အနည်းငယ် ဦးညွှတ်ရင်းက ပြောသည်။
"အချို့ကိစ္စတွေက သူ့ဘာသာ ထားလိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မြေမြှုပ်စရာနေရာ ရှာမတွေ့ဘဲနဲ့ သေဆုံးရတတ်တယ်.."
ဝတ်စုံနက်နှင့်လူက အေးစက်စွာ ပြော၏။ သူ၏ ဓားကောက်ကို ဆွဲထုတ်လိုက်ပြီးနောက် အေးစက်သည့် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါကိုလည်း ထုတ်ဖော်လိုက်၏။
အခြားသိုင်းသခင် နှစ်ယောက်တို့လည်း စွမ်းအားတို့ မြင့်တက်လာကြသည်။ ကျယ်လောင်သော လှိုင်းထသံများနှင့်အတူ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ချက်ချင်း ပြိုလဲသွားစေ၏။
"ဆွေမျိုးလေး... မင်းရဲ့ရန်သူတွေက တော်တော်လေးကို စွမ်းအားကြီးတာပဲနော်။ သူတို့ကို သတ်တာက လွယ်ကူမှာ မဟုတ်ဘူး။ ငါလည်း ဒီအရှုပ်အထွေးကြားမှာ ဝင်ပါရမှာ။ ဒါကြောင့်မို့လို့ မင်းငါ့ကို အသက်တစ်သက် အကြွေးတင်သွားပြီ ဆိုတာကို မှတ်ထား.."
မုန့်ချုံက လေးနက်စွာဖြင့် သတိပေး၏။
"ညီလေးမုန့်... ထွက်ပြေးလို့ အဆင်ပြေမယ်ဆိုလည်း ထွက်ပြေးကြမယ်လေ။ သေအောင် တိုက်ခိုက်ဖို့ မလိုပါဘူး.."
မုန့်ရှူရှူက အကြံပေးသည်။
အထွတ်အထိပ် သိုင်းသခင်တစ်ယောက်နှင့် အလယ်အလတ်အဆင့် သိုင်းသခင် နှစ်ယောက်တို့မှာ မုန့်ချုံ တစ်ယောက်တည်းနှင့် အနိုင်ယူရန် အလွန်စွမ်းအားကြီးမားလွန်းနေမှာ ဖြစ်သည်။ သို့ရာတွင် ထွက်ပြေးရန်တော့ အခွင့်အရေးတစ်ခု ရှိနေဆဲဖြစ်၏။
မုန့်ချုံ၏ သူ့ကို ကူညီရန်အတွက် အန္တရာယ်အတွင်းသို့ သက်ဆင်းလာလိုပုံကို တွေ့ရပြီးနောက် နက်ရှိုင်းစွာ ခံစားသွားရသည်။
မုန့်ချုံက ဝတ်စုံနက်နှင့်လူအား မာကျောစွာ ပြော၏။ "မင်းတို့တွေ ငါ့ကိုတကယ်ပဲ ဒီကိစ္စမှာ မျက်နှာသာမပေးဘူးလား.."
ဝတ်စုံနက်နှင့်လူက သူ့ကိုအေးစက်စွာ ပြန်ကြည့်ရင်းက လူသတ်ငွေ့ဆန်စွာ ပြောသည်။
"မင်းသေပြီးရင် ငါမင်းကို မျက်နှာသာပေးမယ်.."
မုန့်ချုံက ရယ်၏။
"အဲ့လိုဆိုရင်လည်း စိတ်မကောင်းပါဘူး... ကြည့်ရတာ မင်းတို့ကို ငါတိုက်ခိုက်ရတော့မယ်။ ဓားချက်ကို ယူလိုက်.."
"ထင်.."
သူ၏ ဆေဘာက ထွက်လာခဲ့၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အုပ်စိုးနိုင်လောက်သည့် အရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဆေဘာတစ်ချက်နှင့် လေကိုထိုးခွင်းကာ ကောင်းကင်ကို ထက်ပိုင်းပိုင်းလိုက်၏။
"အန္တရာယ်.."
ဝတ်စုံနက်နှင့်လူသည် အေးစက်သည့် သေခြင်း အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ယခုကဲ့သို့ ကြောက်စရာကောင်းလှသည့် အန္တရာယ်ကို ခံစားရခြင်းဖြစ်၏။ ထွက်ပြေးရန် လမ်းမရှိပေ။
ထိုတိုက်ခိုက်မှုက သူ၏ နောက်ဆုတ်နိုင်သည့် လမ်းကြောင်းအားလုံးတို့အား ချိတ်ပိတ်လိုက်သည့်ပုံ ရှိသည်။
"ဘုန်း.."
သူက ခွန်အားအားလုံးနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လိုက်သည်။ ဝတ်စုံက ကွဲထွက်သွားကာ ကြွက်သားများ ပေါ်လာခဲ့၏။ လက်ချောင်းအရွယ် ဒဏ်ရာများဖြင့် ပြည့်နက်နေသည့် ကြမ်းကြုတ်သည့် အရေပြားတို့ ပေါ်လာခဲ့၏။
သူ၏ ဓားကောက်၌ အေးစက်သည့် အလင်းရောင်တစ်ချက် လက်သွားပြီး တစ်ဖက်လူဆီသို့ အားကုန် လွှဲရမ်းလိုက်၏။
"ဗြောင်း.."
သို့ရာတွင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ကုန်၏။
ကောင်းကင်ကြီးစိုးခြင်း ဆေဘာဓားချက် အောက်တွင် ဝတ်စုံနက်သည် ချက်ချင်းပင် ထက်ပိုင်းခွဲခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်က ပြာအဖြစ် ပြောင်းလဲသွား၏။
မုန့်ချုံ၏ ဆေဘာဓားချက်မှာ ပုဝါတစ်ခုကို ပိုင်းဖြတ်ရသည့်နှယ် ဖြတ်သန်းသွားခဲ့သည်။ အခြား သိုင်းသခင်နှစ်ယောက်တို့လည်း ဆေဘာဓားတစ်ချက်နှင့် အသတ်ခံရကာ ပြာအဖြစ် ပြောင်းလဲသွားကြ၏။
ဆေဘာဓားကို ထုတ်ခြင်းနှင့် ပြန်သိမ်းခြင်းတို့သည် မျက်စိတစ်မှိတ်အတွင်းတွင်သာ ဖြစ်ပွားခဲ့သည်။ မုန့်ရှူရှူမှာ ကြောက်စရာကောင်းသည့် ဆေဘာစွမ်းအားကြောင့် လုံးဝ မှင်သက်နေ၏။ လျှပ်တပြက်အတွင်းတွင် အထွတ်အထိပ် သိုင်းသခင်တစ်ယောက် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရ လေသည်။
"ဂလူ့.."
သန်မာထွားကြိုင်သည့် မုန့်ချုံကိုကြည့်ကာ တံတွေးကို မျိုချမိသည်။ မုန့်ချုံ၏ သန်မာမှုကို သူသိပါသည်။ သို့ပေမယ့် ယခုမျှအထိ အလွန် စွမ်းအားကြီးနေမည်ဟုတော့ ထင်မထားခဲ့ပေ။
"သိုင်းသခင်အဆင့် သိုင်းသမားတွေကို သတ်ရတာက တကယ့်ကို ပင်ပန်းခက်ခဲလွန်းတယ်.."
မုန့်ချုံက သက်ပြင်းချသည်။
မုန့်ရှူရှု "..."
တစ်ဖက်လူသည် လူစကားကိုပင် ပြောနေခြင်း ဖြစ်သည်လား.. အားလုံးကို တစ်ချက်တည်းနှင့် သတ်ဖြတ်ပြီးနောက် ခက်ခဲသည်ဟု ဆိုနေသည်လား..
"အကိုမုန့်... ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.."
မုန့်ရှူရှူက မြေပြင်ပေါ်တွင် ထိုင်ချကာ လေးလံစွာ အသက်ရှူနေပါသည်။
"ငါတို့က မျိုးရိုးတူတွေပဲ ကူညီရမှာပေါ့.. အခု ငါတို့ရဲ့ အကြွေးကိစ္စကို ဒီမှာ လက်မှတ်ထိုးလိုက်.."
မုန့်ချုံက ခေါင်းငြိမ့်ကာ စာရွက်နှင့် စုတ်တံကို မုန့်ရှူရှူအား ပေးသည်။
"ဒီတစ်ကြိမ်မှာ မင်းငါ့ကို အသက်တစ်ခု အကြွေးတင်သွားပြီးမလား.."
ဝမ်းသာအားရ မေး၏။
မုန့်ရှူရှူက အသက်ကို နက်ရှိုင်းစွာ ရှူသည်။
"ညီလေး... ငါမင်းကို တူညီတဲ့ စိတ်ဝိဉာဉ်ဆေးပင် ပမာဏနဲ့ ပြန်ပေးလို့ရလား.."
မိမိအသက်အား အခြားလူတစ်ယောက်ကို အကြွေးတင်ခြင်းမှာ ကောင်းမွန်သည့် ကိစ္စမဟုတ်ပေ။ စိတ်ဝိဉာဉ်ဆေးပင်နှင့်သာ ပြန်ပေးလို့ ရပါက အကောင်းဆုံးဖြစ်၏။
"မင်းဘာတွေ ပြောနေတာလဲ... မင်းရဲ့အသက်က တန်ဖိုးဖြတ်လို့ မရဘူး။ စိတ်ဝိဉာဉ်ဆေးပင်က ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ.."
မုန့်ချုံက သဘောမတူစွာ ပြောသည်။
မုန့်ရှူရှူမှာ ခဏတာအတွင်း ထိုစကားကြောင့် ခံစားသွားရမည်လားမသိ ဖြစ်သွားခဲ့၏။ အချိန်ခဏ အကြာမှ ပြောသည်။
"ညီေလးမုန့်... ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်လည်း ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ မင်းဘာလိုချင်လဲ ငါ့ကိုပြောပါ.."
"ဒါဆိုလည်း ကောင်းပြီလေ။ သိုလှောင်အိတ်တစ်ခု ဆိုရင်ရော ဘယ်လိုလဲ.."
မုန့်ချုံက ခဏတာ စဉ်းစားပြီးနောက် အကြံပေးသည်။
"ငါ့ကိုပဲ သတ်လိုက်။ မင်းငါ့ကို သတ်လိုက်တာမှ ပိုကောင်းဦးမယ်.."
ထိုစကားကို ကြားရပြီးနောက် မုန့်ရှူရှူမှာ သူ၏ဒဏ်ရာများကိုပင် မေ့လျော့ပြီး ဒေါသတကြီး ထခုန်မိ၏။