← Chapters

တိုက်ပွဲ ၂

Vol. 40 Ch. 391

တိုက်ပွဲ ၂

Vol. 40 Ch. 391

သစ်လုံးခံတပ်ထိပ်ဖျားများဆီမှ သားရဲသတ္တဝါဆိုးများ ပေါ်ပေါက်လာသည်ကို တွေ့ရသော်လည်း တော်ဝင်မျိုးနွယ်စုများကား အနည်းငယ်မှ ထိတ်လန့်သွားဟန် မပေါ်။ ထိုအစား သူတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များသာ ပေါ်ပေါက်လာ၏။

"ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးနှစ်ကောင် ဒါ သူတို့ရဲ့ ဝှက်ဖဲပေါ့လေ"

ချီစွမ်းအားပညာရှင်တယောက်က အေးစက်သောလေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။

တကယ်တော့ ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးနှစ်ကောင်သည် အားနည်းလှသည် မဟုတ်ပေ။ သို့သော် ချီစွမ်းအားပညာရှင်များနှင့် များပြားလှသည့် သိုင်းသမားများကိုတော့ အဘယ်မှာ ယှဉ်နိုင်အံ့ပေနည်း။ တော်ဝင်မျိုးနွယ်စုများဘက်မှ အင်အားချင်းနှိုင်းယှဉ်လျင် သာလွန်နေသည်မှာကား ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိချေ။

"ဒါဆိုရင်လည်း ဒီသတ္တဝါနှစ်ကောင်ကို ရှင်းပစ်ပြီး သူတို့ကို စိတ်ဓာတ်ကျသွားအောင် လုပ်ကြတာပေါ့"

ရှီကျုံးဝေက သွားများကို ဖြီးလျက် ပြောလိုက်သည်။

ရှီကျုံးဝေ၏ စကားဆုံးသည်နှင့် သွေးဆာနေသည့် အော်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် ချီစွမ်းအားပညာရှင်များသည် တယောက်ပြီးတယောက် ခုန်ပျံကျော်လွှားကာ သားရဲသတ္တဝါနှစ်ကောင်ဆီသို့ ခုန်ဝင်လာကြလေသည်။ တဆက်တည်းမှာပင် ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့်် စူးရှတောက်ပသော အလင်းရောင်များက သားရဲသတ္တဝါများဆီသို့ တိုးဝင်လာ၏။

အာဝူး!!!

နာကျင်စွာ အော်ဟစ်သံကြီးများကြောင့် မိုးကောင်းကင်ကြီးပင် တုန်ခါသွားမယောင် ထင်ရသည်။ သတ္တဝါဆိုးများ၏ ထူထဲမာကြောသော အကြေးခွံများသည် ချီစွမ်းအားပညာရှင်များ၏ မူလစွမ်းရည်ကြောင့် ဖွာလန်ကျဲကုန်၏။ သွေးများမှာလည်း ပတ်ဝန်းကျင်တခုလုံးသို့ ပျံ့ကျဲသွားလေသည်။

ထိပ်ဆုံးအဆင့် နတ်ဆိုးသတ္တဝါကြီးများ၏ အင်အားသည် အမှန်တကယ်တွင် မည်သည့်လူသားများထက်မဆို သာလွန်သော်လည်း ချီစွမ်းအားပညာရှင်များ၏ စုပေါင်းတိုက်ခိုက်မှုနှင့် ကြုံတွေ့ရချိန်တွင်တော့ ခံနိုင်ရည်မရှိတော့ပဲ ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ကြရ၏။

သို့သော်ငြားလည်း သားရဲသတ္တဝါဆိုးများဟူသည် အလွယ်တကူ အရှုံးပေးတတ်သူများ မဟုတ်ပေ။

စူးရှသော အလင်းတန်းများ ထိမှန်ခံရပြီးနောက် သားရဲသတ္တဝါဆိုးနှစ်ကောင်အနက် တကောင်ဖြစ်သည့် ကြီးမားသော အနက်ရောက်ဖားပြုတ်ကြီးသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ထိုင်ကျသွား၏။ ထိုအချိန်မှာပင် ၎င်း၏ အာခံတွင်းမှ အဆိပ်တိမ်ထုများ ထွက်ပေါ်လာတော့သည်။ ဖားပြုတ်ကြီး၏ နောက်ကျောတွင်တော့ များပြားလှသော အဆိပ်အိတ်ကလေးများ ရှိနေ၏။ ထိုအဆိပ်အိတ်များမှ ထွက်ပေါ်လာမည့် အဆိပ်ရည်များသည်ကား ပတ်ဝန်းကျင်တခုလုံးကို အဆိပ်သင့်စေပေလိမ့်မည်။

သို့သော် အနှီ ဖားပြုတ်၏ အဆိပ်များသည် ရန်သူ၊ မိတ်ဆွေ ခွဲခြားနိုင်သည် မဟုတ်ပေ။ တော်ဝင်မျိုးနွယ်စုဝင် သိုင်းသမားများကိုသာမက ပျော်ရွှင်ခြင်းခံတပ်ရှိ ရွာသားများကိုပါ ဘေးဖြစ်စေပေလိမ့်မည်။ ဖားပြုတ်အဆိပ်ကြောင့် ၎င်း၏ ပတ်ပတ်လည် ၁၀မီတာအတွင်း မည်သည့် သက်ရှိမှ ရပ်တည်နိုင်တော့မည် မဟုတ်။

ဆိုးဝါးသော အခြေအနေကို မြင်သည့်နှင့် ချီစွမ်းအားပညာရှင်များသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြ၏။ သို့တိုင်အောင် သူများထက် နှေးကွေးသည့် နှစ်ယောက်မှာ အဆိပ်လေထုကို ရှုရှိုက်မိကြဠသည်။ အဆိပ်လေများကို ရှုမိသည်နှင့် ၎င်းတို့နှစ်ယောက်၏ အရေပြားသည် အလွန်ပင် ကြည့်ရဆိုးလာ၏။ ကျန်လူများက ၎င်းတို့နှစ်ယောက်အား ဘေးကင်းရာသို့ အမြန်ပင် ပို့ဆောင်လိုက်ကြရလေသည်။

သားရဲသတ္တဝါနှစ်ကောင်အနက် ကျန်တကောင်မှာ ရေခဲဝံပုလွေကြီး ဖြစ်သည်။ ၎င်းကလည်း အားကျမခံ ရေခဲမှုန်များကို အန်ထုတ်လိုက်၏။ ချီစွမ်းအားပညာရှင်များ၏ တိုက်ခိုက်မှုကို အေးစက်သော လေထုက ဖုံးလွှမ်းသွားပြီး ပေါက်ကွဲထွက်လာသော အားလှိုင်းများက ပတ်ဝန်းကျင်အနှံ့ကို ရိုက်ခတ်သွား၏။ ပေါက်ကွဲမှုကြောင့် နှင်းမုန်တိုင်းတခု ဖြစ်ပေါ်လာပြီး အအေးဓာတ်က လူတိုင်း၏ နှလုံးသားသို့တိုင် ပျံ့နှံ့သွားလေသည်။

တချိန်တည်းမှာပင် ပေါက်ကွဲမှုကြောင့် ချီစွမ်းအားပညာရှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်မှာ နောက်ဘက်သို့ လွင့်စင်သွား၏။

ထိပ်ဆုံးအဆင့် သားရဲသတ္တဝါဆိုးနှစ်ကောင်သည်ကား သားရဲသတ္တဝါဆိုးများတွင် ဘုရင်ဟူသော အချက်ကို သံသယဖြစ်နေစရာမလိုအောင် သက်သေပြလိုက်ချေပြီတည်း။ မည်သို့ဆိုစေ တဖက်မှ ချီစွမ်းအားပညာရှင်များကလည်း ပိုမိုပြင်းထန်ပြီး တိုက်ရိုက်ကျသော နည်းလမ်းများနှင့် ပြန်လည်တုံ့ပြန် ာကြ၏။

တချီတွင် ချီစွမ်းအားပညာရှင်တယောက်သည် ကျယ်လောင်စွာ ဟစ်ကြွေးပြီး ရှေ့သို့တဟုန်ထိုး ခုန်ဝင်လာ၏။ ၎င်း၏ နောက်ကျောတွင်လည်း ကြီးမားသော အနက်ရောင် အရိပ်တရိပ် ပေါ်ပေါက်လာ၏။ ထိုအရိပ်တွင် ရှည်လျားသော လည်တိုင်များနှင့် လက်သည်းများ ရှိနေပြီး မြင်ရုံနှင့် သိမ်းငှက်တကောင်မှန်း သိသာနေလေသည်။ သိမ်းငှက်၏ မျက်လုံးများမှာ ရဲရဲနီနေ၏။ ပါးစပ်မှလည်း နားထောင်ရန် ခက်ခဲသည့် အသံများ ထွက်ပေါ်နေပြီး ထိုအသံသည် သတ္တုအပိုင်းအစနှစ်ခုကို ရိုက်ခတ်နေသည်နှင့် တူလှသည်။

ထိုအရိပ်မှာ အဆိပ်ကို စားသုံးသည့် နတ်ဆိုးသတ္တဝါအမျိုးအစားဖြစ်သော မြွေလည်ပင်းသိမ်းငှက်တကောင်၏ အရိပ်ပေတည်း။ မြွေလည်ပင်းသိမ်းငှက်သည် ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် အဆိပ်ဖားကြီးဆီသို့ တိုးဝင်သွားလေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် အဆိပ်ငွေ့များ လွှမ်းခြုံနေ၏။ သို့သော် မည်သည့်သက်ရောက်မှုမှတော့ မရှိချေ။ ပိုဆိုးသည်မှာ မြွေလည်ပင်းသိမ်းငှက်သည် ပါးစပ်ကိုဖွင့်ကာ အဆိပ်ငွေ့များအား အားရပါးရ ဝါးမြိုစုပ်ယူလိုက်ခြင်းပေတည်း။

တကယ်တော့ မြွေလည်ပင်းသိမ်းငှက်သည် သွေးဗီဇပုံရိပ်ယောင်မျှသာ ဖြစ်သည်။ သို့သော် တကယ့်သက်ရှိကဲ့သို့ အဆိပ်ငွေ့များအား စားသောက်နိုင်စွမ်း ရှိနေသည့်ပုံပင်။ အဆိပ်ငွေ့များကို စားသောက်လိုက်ရခြင်းကြောင့် မြွေလည်ပင်းသိမ်းငှက်သည် ပို၍ သန်မာလာ၏။ ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။ သိပ်မကြာမီ အဆိပ်ဖားကြီး၏ အဆိပ်ရည်များ ပေါက်ကွဲထွက်ကုန်ပြီး ပတ်ဝန်းကျင်တခုလုံး အဆိပ်ရည်များနှင့် ပြည့်နှက်သွားတော့သည်။

တချိန်တည်းမှာပင် နောက်ထပ်ချီစွမ်းအားပညာရှင်တယောက်က မီးလျံမြေခွေးသွေးဗီဇကို ဖော်ထုတ်ပြီး မီးမုန်တိုင်းတခုကို ဖန်တီးလိုက်၏။ မီးတောက်မီးလျံများကြောင့် ရေခဲများအားလုံး အရည်ပျော်ကုန်၏။ နောက်ထပ်ချီစွမ်းအားပညာရှင်တယောက်ကလည်း လေဇီးကွက်သွေးဗီဇကို အသုံးပြုပြီး လေပြင်းများဖန်တီးကာ နှင်းခဲများအား ဖယ်ရှားလိုက်လေသည်။

မူလစွမ်းရည်များနှင့် သွေးဗီဇစွမ်းရည်များကို ပေါင်းစပ်အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်တခုလုံး အံ့ချီးလောက်စရာ အလင်းရောင်မျိုးစုံ ထွက်ပေါ်နေ၏။ ထိုအလင်းရောင်များနှင့် ဆန့်ကျင်ဘက် ပေါ်ထွက်နေသည်မှာကား သတ္တဝါဆိုးများ၏ နာကျင်စွာ ငြီးငြူသံများပင် ဖြစ်ကြလေသည်။

သတ္တဝါဆိုးကြီးနှစ်ကောင်သည် ရွာသားများ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ ၎င်းတို့ကို ချီစွမ်းအားပညာရှင်များက ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို မြင်တွေ့ရသောအခါ ရွာသားများ၏ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးခြင်း၊ ဒေါသထွက်ခြင်း စသည့် ခံစားချက်ပေါင်းမျိုးစုံကို ခံစားနေရလေသည်။

အခြေအနေမှာကား အတော်ပင် ထူးဆန်းလှ၏။ လက်ရှိအနေအထားအရ လူသားချီစွမ်းအားပညာရှင်များသည် မတရားမှုကို ဦးစီးဦးဆောင်ပြုနေသူများ ဖြစ်ပြီး သားရဲသတ္တဝါဆိုးများသည်ကား တရားမျှတမှုကို ကာကွယ်နေသူများ ဖြစ်ကြလေသည်။

သို့တိုင်အောင် မတရားမှုကို ဦးစီးဦးဆောင်ပြုနေသူများဘက်မှ အင်အားသာလွန်လှ၏။ သားရဲသတ္တဝါကြီးနှစ်ကောင်ကား အနိုင်ရဖို့ ဝေးစွ။ ပြန်ပင်မတိုက်နိုင်တော့ပဲ ခေါင်းငုံ့ခံနေကြရရှာသည်။ ရွာသားများသည်လည်း တယောက်ပြီး တယောက် အသက်ပျောက်ကုန်ကြ၏။ နောက်ဆုံးတွင် ခံတပ်၏ နံရံကြီးတခုလုံး ပြိုကျသွားလေသည်။

"မဟုတ်ဘူး"

ချာလိုင် စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်လိုက်၏။

ရွာသားများ၏ သွေးများသည် ချာလိုင်၏ နှလုံးသားကို မီးပြင်းနှင့် တိုက်နေသကဲ့သို့ ရှိသည်။ ချာလိုင် ဘာမှ မတတ်နိုင်တော့။

သားရဲသတ္တဝါဆိုးများအား လွှတ်ပေးလိုက်ခြင်းသည် မှားယွင်းနေမှန်း ချာလိုင် ကောင်းကောင်းသိထား၏။ သို့သော် မည်သို့မှ မတတ်နိုင်ပဲ ထိုအမှားကို ချာလိုင် ကျူးလွန်ခဲ့ရသည်။

မြေပြင်သည်ကား သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ရွာသားများ တယောက်ပြီးတယောက် လဲကျသေဆုံးနေကြသည်။ ချာလိုင် ပတ်ဝန်းကျင်တခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ မီးတောက်မီးလျံများက သူတို့အားလုံးကို ဝါးမြိုသွားတော့မည်ဟု သူ ခံစားနေရလေသည်။

ပျော်ရွှင်ခြင်းခံတပ်ရွာကလေးကား ဤယနေ့မှာပင် အပြီးတိုင် ပြိုကွဲပျက်စီးရချေတော့မည်တကား။

"ရပ်ကြပါတော့ ရပ်ကြပါတော့ ကျုပ်တို့ အရှုံးပေးပါပြီ"

ချာလိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့သော် မည်သူမှ သူ့စကားကို နားမထောင်ချေ။ တော်ဝင်မျိုးနွယ်စုများကား သွေးဆာနေကြလေပြီ။ လက်ရှိအချိန်တွင် သူတို့ စိတ်ဝင်စားသည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန်သာ ဖြစ်သည်။

"ရပ်ကြပါတော့ ကျေးဇူးပြုပြီး ရပ်ကြပါတော့ လူသတ်တာ ရပ်လိုက်ရင် ခင်ဗျားတို့ တောင်းဆိုတာမှန်သမျှ ကျုပ်လက်ခံမယ်"

ချာလိုင် ငိုကြွေးရင်း အော်လိုက်ပြန်သည်။

"ဟား ဟား ဟား ခုမှ လာတောင်းပန်တာကိုး ဒါပေမဲ့ နောက်ကျသွားပြီကွ မင်းတို့အားလုံးကို သတ်ပစ်လိုက်တာက ပိုပြီး အဓိပ္ပါယ်ရှိတယ် ဒါမှ နောက်ရွာတွေက အလိုအလျောက် လက်နက်ချလာလိမ့်မယ်"

ရှီကျုံးဝေးက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။ စကားဆုံးသည်နှင့် ရှီကျုံးဝေ၏ မျက်နာတွင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

"တိုက်စစ်ကို နှစ်ဆမြှင့်ကြဟေ့ တယောက်မှ အသက်ရှင်လျက် မချန်ထားနဲ့ အကုန်သတ်"

ဟေး!!!

ကျယ်လောင်စွာ ဟစ်ကြွေးသံကြီး ပေါ်ထွက်လာ၏။ လူတိုင်းလိုလိုသည်ကား လူမျိုးတုန်းသုတ်သင်မှုကြီး ဆောင်ရွက်ရန် အသင့်ဖြစ်နေကြလေပြီ။

သွေးများ အိုင်ထွန်းနေ၏။ ရွာသားများ တယောက်ပြီးတယောက် လဲကျသေဆုံးသွားကြလေသည်။ သားရဲသတ္တဝါဆိုးကြီးနှစ်ကောင်သည်လည်း ဒဏ်ရာအများအပြား ရရှိနေခဲ့လေပြီတည်း။

တော်ဝင်မျိုးနွယ်စုများဘက်မှ သိုင်းသမားများသည်ကား ရူးသွပ်နေသူများပမာ သတ်ဖြတ်နေကြလေသည်။ ၎င်းတို့၏ ပုံစံမှာ လူသတ်တမ်းကစားနေသည်နှင့်သာ တူနေတော့သည်။ ဤအတိုင်းသာဆိုလျင် အချိန်အနည်းငယ်အတွင်း တရွာလုံး ပြုတ်ပြုတ်ပြုန်းပေတော့မည်။

ချာလိုင်သည် မြေကြီးပေါ်တွင် ဒူးထောက်ရင်း ကောင်းကင်ကို မော့ကြည့်ကာ နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်၏။

"အို အရှင်ဘုရား ကျုပ်တို့ကို ဘာကြောင့် ဒီလို ကံကြမ္မာမျိုး ကြုံတွေ့စေရတာလဲဗျာ"

"ခင်ဗျားဟာ အခွင့်အရေးတွေ တခုပြီးတခု လွှင့်ပစ်ခဲ့တယ် ဆုံးဖြတ်ချက်အမှားတွေ တခုပြီးတခု ချမှတ်ခဲ့တယ် ခုကျမှ ကောင်းကင်ဘုံကို အပြစ်ပုံချနေသတဲ့လား အကြီးအကဲချာလိုင် ကျုပ်အနေနဲ့ ခင်ဗျားကို အထင်သေးရမလား သနားရမလားတောင် မသိတော့ပါဘူးဗျာ"

တိုးညှင်းသော အသံတသံ ထွက်ပေါ်လာ၏။ ချာလိုင်၏ ကိုယ်ခန္ဓာသည် နတ်ပူးနေသကဲ့သို့ တုန်ယင်သွားလေသည်။

ချာလိုင် နောက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။ စုချန်းသည် သူနှင့် မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေရင်း လူသေတယောက်ကို ကြည့်နေသည့်ပမာ ချာလိုင်ကို စိုက်ကြည့်နေလေသည်။

စုချန်းကို မြင်တွေ့လိုက်သည်နှင့် ချာလိုင် အားတက်သွားသည်။

"ကျုပ်ကို ကူညီပါဗျာ ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို တလုံးမကျန် ပြောပြပါမယ်"

ချာလိုင်၏ စကားကြောင့် စုချန်းက မျက်နှာကို မဲ့လိုက်သည်။

"လျို့ဝှက်ချက် ဟုတ်လား ခင်ဗျား ဆိုလိုတာ အနက်ရောင်စွန်မြက်ပင်နဲ့ ပျံသန်းခြင်းနွယ်ပင်ကနေ ထုတ်လုတ်ထားတဲ့ ကျိန်စာကာကွယ်ဆေးကို ပြောနေတာလား ဒါမှမဟုတ် သားရဲသတ္တဝါတွေကို ထိန်းချုပ်ဖို့ ခင်ဗျားတို့ သုံးနေတဲ့ မြစ်မြို့တော်ခံတပ်က ရလာတဲ့ ဖန်သားကို ပြောတာလား မေ့လိုက်တော့ အဖိုးကြီး ခင်ဗျားမှာ ကျုပ်ကို ပေးစရာ ဘာမှမရှိတော့ဘူး ပြီးတော့ ခင်ဗျားတို့ရဲ့ လျို့ဝှက်ချက်ဟာလည်း ကျုပ်မျက်လုံးထဲမှာ ဘာတန်ဖိုးမှ မရှိတော့ဘူးဗျ"

All Chapters