← Chapters

စက်ဆုပ်စရာ

Vol. 40 Ch. 392

စက်ဆုပ်စရာ

Vol. 40 Ch. 392

စုချန်း၏ စကားကြောင့် ချာလိုင် ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။

စုချန်း ပါးစပ်ထဲမှ ထွက်ပေါ်လာသည့် စကားလုံးအနည်းငယ်မျှနှင့် ချာလိုင်တို့၏ လျှို့ဝှက်ချက်ကြီး ဘွားခနဲ ပေါ်ပေါက်သွားချေပြီတကား။ သူ့လျှို့ဝှက်ချက် လားလားမှ အသုံးမဝင်တော့မှန်း သိလိုက်ရ၍ ချာလိုင်၏ စိတ်ထဲတွင် ဆောက်တည်ရာမရ ခံစားလိုက်ရရှာသည်။

သူသည် မျက်လုံးကြီးပြူးကာ စုချန်းအား စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင်တော့ အကြောက်တရားများနှင့် ပြည့်နှက်နေလေသည်။

စုချန်းက အေးစက်သော မျက်လုံးအစုံနှင့် ချာလိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ခင်ဗျားဆီမှာ ကျုပ်နဲ့ အလှဲအလှယ်လုပ်စရာ ဘာမှ မရှိတော့ဘူး ဒီတော့ ဒီတောထဲက လူတွေအကုန်လုံး ကျုပ်အပေါ် အသက်တချောင်းစီ အကြွေးတင်နေတယ်လို့ ခင်ဗျားအနေနဲ့ မှတ်ထားရင် အကောင်းဆုံးပဲဗျ"

တဆက်တည်းမှာပင် စုချန်းက သံမဏိဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

"သွား သတ္တဝါနှစ်ကောင် အသက်ရှင်နေတုန်းပဲ"

"နားလည်ပါပြီ သခင်"

စကားဆုံးသည်နှင့် သံမဏိက သူနှင့်အတူ ပါလာသည့် သေတ္တာကို အောက်သို့ချလိုက်၏။

အချိန်အနည်းငယ်အတွင်းဝယ် သံမဏိကား ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီးလေပြီ။ တချိန်တည်းမှာပင် သူက သံချပ်ကာသားရဲ၏ ဦးချိုဓားကို ဆွဲထုတ်ပြီး ကျားတကောင်ကဲ့သို့ ဟိန်းဟောက်ကာ ရှေ့သို့ တဟုန်ထိုး ခုန်ဝင်သွားလေသည်။

"ဘာလဲဟ ဒီကောင်က"

သူ့ဆီသို့ တဟုန်ထိုးပြေးဝင်လာသည့် ကြီးမားလေးလံသော သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသူကို ကြည့်ရင်း ချီစွမ်းအားပညာရှင်လူငယ်က ရေရွတ်လိုက်သည်။ ထို့နောက် သူက မနှစ်မြို့ဟန်ဖြင့် မျက်နှာကို တချက်မဲ့ကာ ၎င်းအား လက်ဝါးနှင့် ရိုက်ချ ိလိုက်၏။

သူ၏ လက်ဝါးမှာ ဓားသွားတမျှ ထက်မြက်လှသည်ကတော့ အမှန်ပင်။ လက်ဝါးနှင့် သံချပ်ကာဝတ်စုံတို့ ထိတွေမိချိန်တွင်တော့ မီးပန်းမီးပွားများ ထွက်ပေါ်လာ၏။

"လက်စသတ်တော့ ဒါက မူလကိရိယာကိုး"

ချီစွမ်းအားပညာရှင်လူငယ်သည် တွေခနဲ ဖြစ်သွား၏။ ထိုအချိန်တွင် သံမဏိကား သူ့အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခြေအနေ မဟန်တော့မှန်း လူငယ် ချက်ချင်း သဘာပေါက်လိုက်သည်။ တချိန်တည်းမှာပင် သူ့လက်ထဲတွင် ပြာနှမ်းသော ဓားမောက်တလက် ထွက်ပေါ်လာ၏။ ထို့နောက် သူက ဓားမောက်နှင့် ရှေ့သို့ လှမ်းထိုးလိုက်လေသည်။

ဓားမောက်မှ ကြီးမားသော လခြမ်းသဏ္ဍာန် စွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာပြီး မြေကြီးကို ထိုးခွဲသွား၏။

သံမဏိသည် လခြမ်းကွေး၏ ညာဖက်သို့ ခုန်ထွက်လိုက်ပြီး သတ္တုဒိုင်းကာဖြင့် ရိုက်ခတ်လာသော စွမ်းအင်လှိုင်းများကို ခံပေးလိုက်၏။ သူ၏ ကြီးမားသော ကိုယ်ခန္ဓာကြီးသည်လည်း လေထဲသို့ ခုန်ထွက်သွားပြီး လူငယ်ဆီသို့ ခုန်ဝင်သွားလေသည်။

သံမဏိ၏ လှုပ်ရှားမှုကို မြင်သည်နှင့် လူငယ်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်ပေါက်လာ၏။

"ဒီကောင် သေချင်နေပြီနဲ့ တူတယ်"

အော်ဟစ်ငေါက်ငမ်းပြီး လူငယ်က လက်ဝါးနှင့် ၁၈ချက်တိတိ ရိုက်ထုတ်လိုက်လေသည်။

သံမဏိကား ရှေ့သို့သာ ဆက်လက် ခုန်ဝင်သွားလေသည်။ လူငယ်၏ လက်ဝါးရိုက်ချက်သည် သူ၏ သံချပ်ကာကို ထိမှန်သွားလေရာ အသံများ ထွက်ပေါ်လာသည်။ သို့သော် သံမဏိ၏ အရှိန်အဟုန်ကိုကာ ရပ်တန့်စေအောင် စွမ်းဆောင်နိုင်ခြင်း မရှိချေ။

ချီစွမ်းအားပညာရှင်လူငယ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ ထိုအချိန်တွင် သံမဏိသည် သူ့ဘေးနားသို့ ရောက်ရှိလာခဲ့ပေပြီ။ လူငယ်၏ ပတ်ပတ်လည်တွင် အကာအကွယ်တခု ရုတ်ချည်းလိုလို ပေါ်ပေါက်လာ၏။

သို့သော် နောက်ကျသွားလေပြီ။ လူငယ်သည် သူ့အမှားအတွက် အသက်ကို ပေးဆပ်လိုက်ရ၏။

သံမဏိသည် လူငယ်အနီးသို့ ရောက်သည်နှင့်သူ၏ ကြီးမားလှသော လက်သီးနှင့် လူငယ်၏ မျက်နှာကို ထိုးချလိုက်၏။ လက်သီးတွင် ရွှေရောင်သံချပ်ကာ၏ အလေးချိန်ပါ ပါဝင်လာလေရာ လူငယ်၏ အကာအကွယ်ကိုသာမက ဦးခေါင်းကိုပါ ကြက်ဥခွံပမာ ကွဲကြေသွားစေ၏။ သွေးနှင့် ဖြူဖွေးနေသော ဦးနှောက်များ မြေကြီးပေါ်တွင် ကျဲပြန့်ကုန်လေသည်။

လက်သီးတချက် အသက်တချောင်းပင်တည်း။

သံမဏိကား ရပ်တန့်သွားခြင်း မရှိ။ နောက်ထပ်ပစ်မှတ်တခုဆီသို့ ဆက်လက် ခုန်ဝင်သွားပြန်သည်။

သို့သော် ချီစွမ်းအားပညာရှင်လူငယ်၏ သေဆုံးမှုကြာင့် လူအတော်များများက သံမဏိအား သတိထားမိကုန်ကြ၏။ ချီစွမ်းအားပညာရှင်သုံးယောက်က နောက်သို့ချာခနဲလှည့်ပြီး သံမဏိအား တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။

နေရာအနှံ့တွင် ဆီးနှင်းများ ဖုံးလွှမ်းသွားပြီး မူလစွမ်းအင်အားလှိုင်းများ၊ အလင်းရောင်များ၊ မိုးကြိုးပစ်သံများ တပြိုင်နက်တည်း ပေါ်ပေါက်လာ၏။

သံမဏိကား အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိ။ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်သုံးဦးဆီသို့ ခုန်ဝင်သွားလေသည်။ ပထမပညာရှင်အနီးသို့ ရောက်သည်နှင့် သံမဏိက သူ့ဓားကြီးကို ဝေ့ယမ်းလိုက်ရာ ၎င်း၏ ဓားက ရန်သူ၏ လည်မြိုကို ခုတ်ဖြတ်သွားတော့သည်။ တချိန်တည်းမှာပင် ဒုတိယလူကို သူ့ကိုယ်လုံးနှင့် ဝင်တိုက်လိုက်၏။ လေးလံလှသော ကိုယ်ကာယကြီးနှင့် ဝင်တိုက်ခံလိုက်ရသော ချီစွမ်းအားပညာရှင်ခမျာကား တကိုယ်လုံးရှိ အရိုးများ ကြေမွသွားမည်မှာ သေချာသလောက် ရှိနေ၏။ သံမဏိ၏ တတိယလှုပ်ရှားမှုမှာကား တတိယလူကို သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နှင့် လှမ်းထိုးလိုက်ခြင်း ဖြစ်သည်။ တတိယလူသည် သံမဏိ၏ ထိုးနှက်ချက်ကို ရှောင်တိမ်းလိုက်၏။ သို့သော် အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်းတော့ မရှိလိုက်။ ၎င်း၏ လက်တဖက်မှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့လေပြီ။

သံမဏိ၏ တိုက်ကွက်တကွက်တည်းနှင့် ချီစွမ်းအားပညာရှင်နှစ်ယောက် အသက်ပျောက်သွားပြီး ကျန်တယောက်မှာ ပြင်းထန်စွာ ဒဏ်ရာရသွား၏။ လူတိုင်းလိုလို ကြက်သေသေကုန်ကြပြီ ဖြစ်သည်။

"သတိထားကြဟေ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက် ဒီကို ရောက်နေပြီ"

တစုံတယောက်က ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။

သံမဏိ၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုုပုံစံက ရန်သူများအား အထင်ကြီးသွားစေပုံရသည်။ ထို့ပြင် သူသည် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးအုပ်ထားလေရာ မည်သူမှ သူ၏ စွမ်းအင်အဆင့်အတန်းကို ခန့်မှန်းနိုင်ပုံမရ။ လူတိုင်း၏ စိတ်ထဲတွင် သူ့အား ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ဟုသာ ယူဆမိကြလေသည်။

တကယ်တော့ သံမဏိ၏ ခံစစ်စွမ်းရည်နှင့် စစ်မှန်သော စွမ်းအားအရ ၎င်းတို့၏ ယူဆချက်မှာ မှားသည်ဟုတော့ မဆိုသာချေ။

ရုတ်ချည်းဆိုသလိုပင် သံမဏိအား နောက်ထပ် ချီစွမ်းအားပညာရှင်၆ယောက်က ဝန်းရံလာကြ၏။ ထိုအထဲမှ တယောက်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ပင် ဖြစ်သည်။

ချီစွမ်းအားပညာရှင်၆ယောက် ဝန်းရံလာသည်နှင့် သံမဏိသည် အသက်ရှုရ ခက်ခဲလာပြီး ကြီးမားသော ဖိအားများ သူ့အပေါ် ကျရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအနေအထားမှာ ရှီကိုင်းဟွမ်၏ စူမာရုလေဟာနယ်ကို ခံစားလိုက်ရသည်နှင့် တူပေသည်။

အနှီ ချီစွမ်းအားပညာရှင် ၆ယောက်သည် စုပေါင်းတိုက်ကွက်တခုကို အသုံးပြုနေကြဟန်တူသည်။ ထို့ကြောင့် ၎င်းတို့၏ စွမ်းအားများ ဆထက်တံပိုး မြင့်မားလာခြင်းပင်တကား။

စစ်မှန်သော ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တဦးသည်ပင် ထိုဖိအားမျိုးကို တောင့်ခံနိုင်ရန် ခဲယဉ်း၏။ သံမဏိဆိုလျင်ကား ပြောနေစရာပင် မလိုတော့။

"ဟေ့ ဟေ့ ဒီကောင့်ရဲ့ အင်အားဟာ သွေးဆူပွက်ခြင်းနယ်ပယ်ထက် ကျော်လွန်နေတာကလွဲလို့ ဒီကောင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် မဟုတ်ဘူးကွ"

တိုက်ပွဲကို ဦးဆောင်နေသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်က ချက်ချင်းလိုလိုပင် အခြေအနေကို သဘောပေါက်သွားဟန်ဖြင့် ထအော်လိုက်သည်။

တချိန်တည်းမှာပင် အကောင်အထည်မမြင်ရသည့် တောင်ကြီးတလုံး ပိလာသည့်ပမာ ကြီးမားလှသော ဖိအားကြီးက သံမဏိအပေါ်သို့ ကျရောက်လာ၏။

သံမဏိသည် ကျယ်လောင်သာအသံနှင့် ထအော်လိုက်သည့် ချီစွမ်းအားပညာရှင်ကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးအစုံသည်ကား သူငယ်အိမ်အတွင်းမှ ပြုတ်ကျလာတော့မည်ဟုပင် ထင်မှတ်ရ၏။ သို့သော် သူပုံစံမှာကား ပို၍ ပို၍ သန်မာလာဟန် ရှိလေသည်။

"မင်းတို့ကောင်တွေ လူများတာနဲ့ ဒီလေသံ ထွက်တယ်ပေါ့ ဟုတ်လား မလုံလောက်ဘူးကွ မလုံလောက်ဘူး"

သံမဏိက ထအော်လိုက်သည်။ သူ့ပုံစံမှာကား ပြင်းထန်စွာ ဒေါသထွက်လာဟန် ရှိသည်။ သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် ရွှေရောင်သံချပ်ကာဝတ်စုံ၏ ဒေါင့်စွန်းများပင် အက်ကွဲကုန်၏။

အား!!!

ပြင်းထန်အားပါလှသော ဟစ်ကြွေးသံနှင့်အတူ ချီအားလှိုင်းများသည် မီးခိုးငွေ့တန်းပမာ သံချပ်ကာဒေါင့်စွန်းများမှ တိုးထွက်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားတော့သည်။ သံမဏိ၏ အားလှိုင်းများကြောင့် ချီစွမ်းအားပညာရှင်၆ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွား၏။

"ဒါ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်က အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။ သူ့မျက်လုံးအစုံမှာကား ပြူးကျယ်ဝိုင်းစက်နေ၏။

သူသည် သူ့ရှေ့ရှိ ရန်သူထက် စွမ်းအင်နယ်ပယ် တလွှာတိတိ မြင့်မားသေးသည်။ ထိုအထဲတွင်မှ နောက်ထပ် ချီစွမ်းအားပညာရှင် ၅ယောက်၏ အားဖြည့်မှုက ပါနေသေးသည်။ ဤအနေအထားမှာပင် ရန်သူကို အနိုင်မယူနိုင်ပဲ ဖြစ်နေ၏။ ရန်သူ၏ ကျောထောက်နောက်ခံကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပေပြီ။

ထိုအချိန်မှာပင်...

လူ ၇ယောက် လေထဲသို့ လွင့်စင်သွား၏။

သံမဏိ၏ အားလှိုင်းများနှင့် ချီစွမ်းအားပညာရှင် ၆ယောက်၏ အားလှိုင်းများ ထိတွေ့ကာ ပေါက်ကွဲမှု ဖြစ်ပေါ်သွားခြင်းပင်တည်း။

သံမဏိကား တယောက်တည်းနှင့် ချီစွမ်းအားပညာရှင်၆ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဖြိုခွဲနိုင်ခဲ့လေပြီ။ သို့သော် သူကိုယ်တိုင်လည်း မသက်သာလှ။ သွေးပွက်ပွက်အန်သည်အထိ ခံစားလိုက်ရရှာသည်။

ချီစွမ်းအားပညာရှင် ၆ယောက်သည်လည်း သံမဏိကဲ့သို့ပင် လေထဲသို့ လွင့်စင်သွားကြလေသည်။ သို့သော် စွမ်းအားလှိုင်းများက ၎င်းတို့တကိုယ်လုံးအား ကာကွယ်ထား၍ သံမဏိကဲ့သို့ ဒဏ်ရာတော့ မရလိုက်ကြချေ။

သို့သော် ၎င်းတို့ခမျာ အသက်ရှုချိန်ပင် မရကြရှာ။

အကြောင်းမှာ ထိုအချိန်မှာပင် စုချန်းက စတင်လှုပ်ရှားလာသောကြောင့် ဖြစ်သည်။

ကြီးမားလှသည့် မီးလျံငှက်ကြီး ၆ကောင်သည် ဝုန်းခနဲ ထွက်ပေါ်လာပြီး ချီစွမ်းအားပညာရှင်၆ယောက်ထံသို့ တဟုန်ထိုး ပျံသန်းသွား၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ နာကျင်စွာ အော်ဟစ်ငြီးငြူသံများ ထွက်ပေါ်လာ၏။

ထိုအချိန်မှာပင် အလင်းတန်းတခုက ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ထံသို့ တိုးဝင်သွား၏။ ရွှီခနဲ မြည်သံနှင့်အတူ သွေးစများ လေထဲသို့ လွင့်စင်သွားလေသည်။ ချီစွမ်းအားပညာရှင်၏ ခေါင်းပြတ်ကြီးသည်လည်း မြေပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာ၏။

မထင်မှတ်သော အခိုက်အတန့်တွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ခမျာကား အသက်ပေးလိုက်ရရှာလေပြီ။

"မဟုတ်ဘူး"

ရှီကျုံးဝေ ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

သာမာန်အားဖြင့် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တချို့ သေဆုံးသွားသည်ကို ရှီကျုံးဝေအဖို့ လက်ခံနိုင်သေးသည်။ သို့သော် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်များသည်ကား တော်ဝင်မျိုးနွယ်စုမဟာမိတ်များအတွက် အထူးပင် အရေးပါလှသည်။ သူတို့၏ သေဆုံးမှုသည်လူတိုင်း၏ စိတ်နှလုံးကို ပြင်းစွာ နာကျင်စေနိုင်၏။

အနောက်မြစ်တောအုပ် ပြသနာကို ကောင်းမွန်စွာ ကိုင်တွင်နိုင်စေရန် ရည်ရွယ်၍ တော်ဝင်မျိုးနွယ်စုမဟာမိတ်များမှ ဤနေရာသို့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် ၄ဦးတိတိ စေလွှတ်ခဲ့၏။ သို့သော် ၎င်းတို့ထဲမှ တဦးတလေကိုပင် ဤတိုက်ပွဲတွင် ဆုံးရှုံးစေရန် မျှော်လင့်ထားခြင်း မရှိပေ။

ယခုတော့ မထင်မှတ်ပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တဦး သေဆုံးသွားခဲ့ရပေပြီ။ မဟာမိတ်များထံတွင် ရှီကျုံးဝေ မည်သို့ ရှင်းပြမည်နည်း။ ကြည်လင်မြစ်မြို့တော်သို့ ပြန်ရောက်သောအခါ ဆုလာဘ်များကို မည်သို့ တောင်းခံအံ့နည်း။

ထိုသို့ အတွေးပေါက်လိုက်သည်နှင့် တပြိုင်နက် ဒေါသကြောင့် ရှီကျုံးဝေ၏ နှလုံးသားသည် မီးနှင့် မြိုက်သကဲ့သို့ ခံစားလိုက်ရ၏။

စုချန်း၏ တိုက်ခိုက်မှုမှာကား အံ့သြစရာ ကောင်းလှ၏။ ထိုအချိန်တွင် စုချန်းသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို နတ်ဆိုးမျက်နှာဖုံးနှင့် ဖုံးအုပ်ထား၏။ လွန်ခဲ့သော ဆယ်နှစ်က အနီရောင်တောင်ကြောတွင် နေထိုင်ခဲ့သော ပုံစံအတိုင်းပင် ဖြစ်သည်။

"ခွေးမသား စက်ဆုပ်စရာကောင်းတဲ့ကောင် အရှက်မရှိလိုက်တာ"

ရှီကျုံးဝေက စုချန်းကို စိုက်ကြည့်ပြီး စက်ဆုပ်ရွံရှာဟန်ဖြင့် ရေရွတ်လိုက်သည်။

"မင်း ဒီလို ချီးမြောက်ဂုဏ်ပြုတာ ကြားရတော့ ကျုပ်အတွက် ဂုဏ်ယူစရာပဲကွ"

စုချန်းက ပြုံးရင်း ပြောလိုက်သည်။ သို့သော် မျက်နှာဖုံးအောက်ရှိ သူ့အပြုံးကိုကား မည်သူမှ မမြင်နိုင်ချေ။

"ဒါပေမဲ့ မင်းက ကျုပ်ကို အရှက်မရှိဘူးဆိုတော့ ကျုပ်အနေနဲ့ ဒီထက် ပိုရှက်စရာကောင်းတဲ့ လုပ်ရပ်မျိုး လုပ်ရတော့မှာပဲကွ မင်း ခုထိ မရှောင်သေးဘူးလား"

"ဘာကွ"

စုချန်း၏ စကားကြောင့် ရှီကျုံးဝေ ကြောင်အန်းအန်း ဖြစ်သွား၏။ သို့သော် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရ၍ သူက နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သည်။

သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။

ဖုန်း!! ဖုန်း!! ဖုန်း!! ဖုန်း!! ဖုန်း

ရုတ်ချည်းဆိုသလို သူ၏ ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျောနှင့် ကိုယ်အောက်ပိုင်းဆီသို့ လက်သီးချက်များ အဆက်မပြတ် တိုးဝင်လာ၏။

စုချန်း၏ အရိပ်အစေခံ၅ယောက်က ရှီကျုံးဝေအား ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းပေတကား။

All Chapters