ကမ္ဘာတစ်ခု၏ တည်နေရာ....
Vol. 30 Ch. 452
လေဟာနယ်အလွှာများ၏ နက်ရှိုင်းသော နေရာတွင် မာဒိုခရီးသည်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်က ဒီလောက်အစွမ်းထက်မှန်းသိရင် အဲ့ဒီရတနာကို အစကတည်းက လက်လွှတ်ခဲ့ပါတယ်။ " မာဒိုခရီးသည်က စဉ်းစားလိုက်သည်။
သူ၏ ရှေးဟောင်းနတ်ဘုရားဘိုးဘေးက ရှေးဟောင်းနတ်ဘုရားများထဲတွင် အစွမ်းထက်ဆုံး မဟုတ်သော်လည်း အခြားမျိုးနွယ်များနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။ သူက ဘယ်သူနှင့်မှ ရန်ငြိုးရန်စမရှိခဲ့ပေ။ သို့သော် ယခု သူက နဂါးငွေ့တန်းကြယ်သခင်နှင့် တိုက်ခိုက်ခဲ့လေသည်။
" ဒါပေမယ့် ငါပြောတဲ့ သတင်းက နည်းနည်းတော့ အထောက်အကူ ဖြစ်လောက်ပါတယ်။ " မာဒိုခရီးသည်က သက်ပြင်းချလိုက်သည်။
ဟွမ်ယိက နဂါးငွေ့တန်းကြယ်သခင်အား လိုက်ရှာနေသည့်သတင်းကို လူအများက သိကြသည်မဟုတ်ပေ။ သူက ရှေးဟောင်းနတ်ဘုရားဘိုးဘေး၏ အဆင်အသွယ်များကြောင့် သိခဲ့ခြင်းဖြစ်သည်။
ဟွမ်ယိက နဂါးငွေ့တန်းကြယ်သခင်၏ တည်နေရာအား သတင်းပေးသည့် မည်သူကိုမဆို ထိုက်တန်စွာ ဆုလာဘ်များ ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော် မာဒိုခရီးသည်က ၎င်းကို ဂရုမစိုက်နိုင်ပေ။ နဂါးငွေ့တန်းကြယ်သခင်နှင့် ရန်ငြိုးမဖွဲ့ရန်က ပိုအရေးကြီးလေသည်။
မာဒိုထွက်ခွာသွားပြီးနောက် လင်းယွမ်က ရှီလန်ဆီသို့ ပြန်လာခဲ့သည်။
" အခု လုံခြုံသွားပြီ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" မာဒိုခရီးသည်က ထွက်သွားပြီလား။ " ရှီလန်က မေးလိုက်သည်။
" အင်း "
" နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ ခွန်အားက..." ရှီလန်က အံ့အားသင့်နေသည်။
မာဒိုခရီးသည်က ရှေးဟောင်းနတ်ဘုရားနှင့်မတူဘဲ စိတ်လိုက်မာန်ပါ လုပ်တတ်လေသည်။ သူ့ကို ဆုတ်ခွာအောင် လုပ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းက သူ့ဟာသူ လက်လျှော့သွားအောင် လုပ်ခြင်းဖြစ်သည်။
ထို့ကြောင့် မာဒိုခရီးသည်ကို ထွက်ခွာသွားအောင် လုပ်နိုင်သော လင်းယွမ်၏ ခွန်အားမှာ မာဒိုခရီးသည်ထက် သာလွန်ပေလိမ့်မည်။ မာဒိုခရီးသည်က လေဟာနယ်အလွှာ ကိုးသိန်းကျော်ကို ဖွင့်လှစ်ထားပြီး နဝမအလွှာ အလွှာတစ်သန်းအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။
ရှီလန်က ဘာပြောရမှန်းမသိတော့ပေ။ သူမက နဝမအလွှာတွင် နှစ်ပေါင်းတစ်သန်းနီးပါး ရှိနေပြီဖြစ်ပြီး လေဟာနယ်အလွှာ ခြောက်သိန်းကျော်သာ ရှိလေသည်။ သို့သော် နဝမအလွှာသို့ မကြာသေးမီက ရောက်လာခဲ့သော လင်းယွမ်က လေဟာနယ်အလွှာ ကိုးသိန်းကျော်ရှိသော မာဒိုခရီးသည်ကို မောင်းထုတ်နိုင်ခဲ့သည်။
" အဲ့ဒါကို ထားလိုက်တော့။ တခြားနေရာကို သွားရအောင်။ "
ရက်အနည်းငယ် ကြာပြီးနောက် သူတို့က ရပ်တန့်လိုက်ကြသည်။
" မာဒိုခရီးသည်က ပြောတယ်။ ထျန်းယုမျိုးနွယ်က ဟွမ်ယိက ငါ့ကို လိုက်ရှာနေတယ်တဲ့။ " လင်းယွမ်က ပြောလိုက်သည်။
" ဟွမ်ယိ ဟုတ်လား။ " ရှီလန်၏ အမူအရာက အနည်းငယ် ပြောလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးတွင် ဟွမ်ယိ၏ တိုက်ခိုက်မှုများက လေဟာနယ်အလွှာ သန်းများစွာကို ဖြတ်ကျော်ပြီး နဝမအလွှာများစွာကို သေလုနီးပါး ဖိနှိပ်ခဲ့ဖူးလေသည်။
ထိုကဲ့သို့သော စွမ်းအားကြီးသူတစ်ယောက်က လင်းယွမ်ကို လိုက်ရှာနေတာလား။ စစ်မြေပြင်တွင် လင်းယွမ်က ထျန်းယုမျိုးနွယ်ကို အရှက်ရစေခဲ့သော်လည်း သူတို့က ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်ကို စေလွှတ်ခြင်းက မတရားပေ။
" ဒီနေ့ကစပြီး ငါတို့ ပိုပြီး သတိထားဖို့ လိုတယ်။ " ရှီလန်က သူ့ကိုသူ တည်ငြိမ်အောင် ထိန်းချုပ်ပြီး ပြောလိုက်သည်။
" ဒါပေါ့။ " လင်းယွမ်က ပြောလိုက်သည်။
" ဒါနဲ့ အဲ့ဒီအခွင့်အလမ်းနေရာအကြောင်း ငါ့ကို ပြောပါဦး။ မာဒိုခရီးသည်က ဘာလိုအဲ့လောက် ဒေါသထွက်နေတာလဲ။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
မာဒိုခရီးသည်က သူ၏ ရှေးဟောင်းနတ်ဘုရားဘိုးဘေးကို အတုယူရန် ကြိုးစားနေပြီး မည်သူ့ကိုမှ အလွယ်တကူ ရန်စမည်မဟုတ်ပေ။ ရှီလန်ကို ယခုလောက်ထိ လိုက်ဖမ်းနေခြင်းက အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။
" ဟားဟားဟား..." ၎င်းကို ကြားသောအခါ ရှီလန်က ပြုံးလိုက်သည်။
" အဲ့ဒီအခွင့်အလမ်းနေရာက ဧကရာဇ်ရဲ့နောက်လိုက်တစ်ယောက် ချန်ခဲ့တာပဲ။ " ရှီလန်က လင်းယွမ်ကို လျို့ဝှက်ထားရန် မလိုသောကြောင့် ပြောလိုက်သည်။ လင်းယွမ်မရှိလျှင် သူက မာဒိုခရီးသည်၏ လိုက်ဖမ်းခြင်းခံရပြီး ကိုယ်ပွားလည်း သေဆုံးသွားနိုင်လေသည်။
" ဧကရာဇ်...." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အခွင့်အလမ်းများတွင်ဧကရာဇ်ဟူသော စကားလုံးများ ရှိနေခဲ့သည်။ ထိုအခွင့်အလမ်းနေရာများတွင်ရှိသော ရတနာများ၏ ပိုင်ရှင်အများစုက ထိုဧကရာဇ်၏ နောက်လိုက်များ ဖြစ်ကြသည်။
" အဲ့ဒီနောက်လိုက်က လျို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံက လာတာပဲ။ သူက မတော်တဆမှုတစ်ခုကြောင့် ငါတို့ဒိုင်မန်ရှင်းထဲကို ရောက်လာပြီး ဧကရာဇ်က သူ့ကို ကယ်တင်ခဲ့တာပဲ။ " ရှီလန်က အံ့ဩစွာ ပြောလိုက်သည်။
လေဟာနယ်အလွှာများ၏ အထက်တွင် ဒိုင်မန်ရှင်းအလွှာများရှိပြီး ၎င်းတို့ကို အလွှာဆယ့်နှစ်၊ ကြီးမြတ်သူများ၊ တာအိုပေါ်မှ အဆုံးစွန်သော တည်ရှိများပင် ဒိုင်မန်ရှင်းအလွှာများကို ထိုးဖောက်နိုင်စွမ်းမရှိပေ။
သို့သော် မတူညီသော ဒိုင်မန်ရှင်းများကြားတွင် ကွဲအက်မှုများ ဖြစ်ပေါ်နိုင်ခြေ အနည်းငယ် ရှိပြီး တစ်စုံတစ်ယောက် ထိုထဲသို့ ဝင်ရောက်ပြီး အသက်ရှင်ခဲ့လျှင် အခြားဒိုင်မန်ရှင်းထဲသို့ ကျသွားနိုင်လေသည်။
သို့သော် အခွင့်အရေးက အလွန်နည်းပြီး ကြီးမြတ်သူများပင် ဒိုင်မန်ရှင်းကွဲအက်မှုများ၏ တည်ရှိမှုကို မသိနိုင်ပေ။ ကွဲအက်မှုများ ပေါ်လာလျှင်တောင် အသက်ရှူချိန် အနည်းငယ်အတွင်း ပျောက်ကွယ်သွားလေသည်။
" ငါရခဲ့တဲ့ သတင်းတွေအရ ဒီရတနာက သူသဘောကျဆုံး ရတနာတစ်ခုပဲ။ " ရှီလန်က သူမ၏ လက်ကို ဆန့်လိုက်သောအခါ အနက်ရောင်အလုံးတစ်ခု ပေါ်လာသည်။
အနက်ရောင်အလုံးက လေထဲတွင် ပျံဝဲနေပြီး လျို့ဝှက်ဆန်းကြယ်သော လှိုင်းများ ထုတ်လွှတ်နေသည်။
" ဒါပေမယ့် ငါ ဒါကို အချိန်ကြာကြီး လေ့လာခဲ့ပေမယ့် ဘာထူးခြားလဲဆိုတာ ရှာမတွေ့ခဲ့ဘူး။ " ရှီလန်က စိတ်ရှုပ်ထွေးနေသည်။
" ဟမ် " အစတွင် အနည်းငယ်သာ သိချင်သော လင်းယွမ်က ယခု လေးနက်သွားသည်။
အကြောင်းမှာ တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲမှ ခမ်းနားထည်ဝါသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အနည်းငယ် တုန်ခါသွားသောကြောင့် ဖြစ်သည်။
" အနန္တကမ္ဘာများ၏ ဂိတ်တံခါး..." လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးက လင်းယွမ်၏ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး ဆန်းကြယ်သော ဘူးသီးခြောက်ပင် မယှဉ်နိုင်ပေ။
" ဒီအနက်ရောင်အလုံးမှာ ပါတဲ့ ကမ္ဘာဆုံမှတ်တွေက ဂိတ်တံခါးကို တုန်လာအောင် လုပ်နိုင်တာလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
လွန်ခဲ့သော ဆင်းသက်ခြင်းများတွင် ကမ္ဘာများ၏ တည်နေရာနှင့် နီးကပ်လာသည်နှင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးအပေါ် လင်းယွမ်၏ နားလည်မှုက အကန့်အသတ်နှင့် ရှိနေသည်။ သူ၏ အဓိကပြဿနာမှာ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုရန် သူက အလွန်အားနည်းနေခြင်းဖြစ်သည်။
" ငါ ကြည့်လို့ရမလား။ " လင်းယွမ်က ရှီလန်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဘာအရေးကြီးလို့လဲ။ " ရှီလန်က အနက်ရောင်အလုံးကို လင်းယွမ်အား ပစ်ပေးလိုက်သည်။
လင်းယွမ်၏ ညာလက်က အနက်ရောင်အလုံးကို ထိလိုက်ချိန်တွင် တစ်စုံတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး နောက်ဆုံးတွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ပေါင်းစပ်သွားသည်။
ဂိတ်တံခါး၏ အောက်ဆုံးနေရာမှ ကမ္ဘာတည်နေရာကိုးခု၏ ဆုံမှတ်များနောက်တွင် နောက်ထပ် ကမ္ဘာသစ်တစ်ခု၏ အချက်အလက်များ ဖြည်းညင်းစွာ ပေါ်လာသည်။
" ဒါက ကမ္ဘာတစ်ခုရဲ့ ဆုံမှတ်တွေပဲ။ " လင်းယွမ်က ကျေနပ်သွား၏။ ကမ္ဘာဆုံမှတ်များက လင်းယွမ်အတွက် ရတနာများပင် ဖြစ်သည်။
" ဒီကမ္ဘာဆုံမှတ်က ရတနာလာတဲ့ နေရာလား။ ဒါမှမဟုတ် ရတနာပိုင်ရှင်ရဲ့ ဇာတိမြေလား။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
ရှီလန်၏ ရှင်းပြချက်အရ အခွင့်အလမ်းပိုင်ရှင်က အခြားဒိုင်မန်ရှင်းတစ်ခုမှာ လာခြင်းဖြစ်သည်။ သူက မတော်တဆ ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခုထဲ ဝင်ရောက်ပြီး ဧကရာဇ်၏ နောက်လိုက်တစ်ယောက် ဖြစ်လာခြင်းဖြစ်သည်။
အခြားဒိုင်မန်ရှင်းတစ်ခုထဲတွင် ရှိနေသော ထိုလူက သူ၏ ဇာတိကမ္ဘာကို သတိရနေပေလိမ့်မည်။ သို့သော် မတူညီသော ဒိုင်မန်ရှင်းများက ကြီးမြတ်သူများပင် ဖြတ်ကျော်၍ မရသော အတားအဆီးများနှင့် တူလေသည်။
အခွင့်အလမ်းနေရာပိုင်ရှင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ဧကရာဇ်၏ နောက်လိုက်ဖြစ်ပြီး သူက အနည်းဆုံးတော့ ကြီးမြတ်သူတစ်ယောက် ဖြစ်နိုင်လေသည်။ သို့သော် ကမ္ဘာဆုံမှတ်များရှိလျှင်တောင် ကြီးမြတ်သူများပင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။
" မင်းဘာသိခဲ့ရလဲ။ " ရှီလန်က မျှော်လင့်ချက်များနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။
" ဘာမှမသိရဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အမှန်တွင် သူက အနက်ရောင်အလုံးကို သိနေပြီဖြစ်သည်။ ၎င်းထဲရှိ ကမ္ဘာဆုံမှတ်ကိုလည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကူးယူထားပြီးသား ဖြစ်သည်။
" အင်းပါ။ " ရှီလန်က သက်ပြင်းချလိုက်သည်။
အခွင့်အလမ်းနေရာတွင် ရတနာများစွာ ရှိပြီး ရှီလန်က ပိုင်ရှင်၏ အမြတ်နိုးဆုံးရတနာတစ်ခုကို ယူပြီး ထွက်ပြေးလာခြင်းဖြစ်သည်။ အခြားရတနာများကို သေချာပင်မကြည့်ခဲ့ရဘဲ မာဒိုခရီးသည်က လိုက်ဖမ်းခဲ့သောကြောင့် ထိုရတနာတစ်ခုကိုသာ ယူချိန်ရခဲ့သည်။ ၎င်းက ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယခု အသုံးမဝင်သလောက် ဖြစ်နေသည်။
" မင်း ပြန်ရောက်တော့ နတ်ဘုရားသုံးပါးကို ကြည့်ခိုင်းလိုက်ပေါ့။ သူတို့က ဘာလဲဆိုတာ သိကောင်းသိနိုင်လောက်တယ်။ " လင်းယွမ်က အနက်ရောင်အလုံးကို ရှီလန်ကို ပြန်ပေးလိုက်သည်။
ထိုအနက်ရောင်အလုံးက လင်းယွမ်အတွက် အသုံးမဝင်တော့ပေ။ အတွင်းမှ အရေးကြီးဆုံး ကမ္ဘာတည်နေရာကို ရယူထားပြီးဖြစ်သည်။
" အဲ့ဒါမှန်တယ်။ ငါမသိပေမယ့် နတ်ဘုရားသုံးပါးက မသိဘူးလို့ မပြောနိုင်ဘူး။ " ရှီလန်က ခေါင်းညိမ့်လိုက်သည်။
သူတို့နှစ်ယောက်က အနက်ရောင်အလုံးကို ခဏစစ်ဆေးပြီးနောက် အရေးကြီးသောအရာကို စတင်ပြောဆိုလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် ရှေ့ဆက်ပြီး ဘာတွေလုပ်ဦးမှာလဲ။ " ရှီလန်က မေးလိုက်သည်။
" ငါ ပင်မဒေသကို သွားကြည့်ဖို့ စီစဉ်ထားတယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။