လျို့ဝှက်လုပ်ကြံခံရခြင်း...
Vol. 30 Ch. 457
" နေထိုင်ချိန်က နှစ်ပေါင်း ၁၁၀၀ မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဤတစ်ကြိမ် ဆင်းသက်မှုတွင် သူက နေထိုင်ချိန်ကို ကြိုသိထားသော်လည်း အကြမ်းဖျင်းသာ သိခဲ့လေသည်။ အသေးစိတ်ကို ဆင်းသက်ပြီးမှ အတည်ပြုနိုင်လေသည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် သူက စောစောသာ မသေလျှင် လေဟာနယ်အလွှာများစွာကို ဖွင့်လှစ်နိုင်ပေလိမ့်မည်။
" အချိန်မပြည့်ခင် သေဖို့လား။ " လင်းယွမ်၏ မျက်ခုံးများက တွန့်သွားသည်။
ယခင်ညက သူ၏ သူငယ်ချင်းတစ်ယောက်က ပွဲတစ်ခုကို ဖိတ်ခေါ်ခဲ့ပြီး ပွဲက ထူးထူးခြားခြား ခမ်းနားလှသည်။ အလှလေးများစွာ ပါဝင်ပြီး နောက်ဆုံးတွင် လင်းယွမ်က ဆွဲဆောင်မှုရှိသော မြေခွေးမလေးတစ်ကောင်နှင့် တစ်ညတာကို ကုန်ဆုံးခဲ့သည်။ နောက်ဘာဆက်ဖြစ်လဲ မသိဘဲ နိုးလာချိန်တွင် သူ၏ မူလရင်းမြစ်များ ဆိုးရွားစွာ ကုန်ဆုံးနေသည်ကိုသာ တွေ့ခဲ့ရသည်။
လင်းယွမ်က ထိုခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မူလရင်းမြစ် ယိုစိမ့်မှုကိုသာ မထိန်းချုပ်ခဲ့လျှင် သူ သေဆုံးသွားနိုင်လေသည်။
" တိုက်ဆိုင်မှုလား။ လုပ်ကြံတာလား။ " လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူက လုံရှန်နယ်မြေတွင် မရှိဘဲ အန်ပူမြို့တွင် ရှိနေခြင်းဖြစ်သည်။ အန်ပူမြို့က လုံရှန်နယ်မြေနှင့် အခြားနယ်မြေများ၏ အလယ်တွင် တည်ရှိပြီး ကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်သည်။ ၎င်းက လုံရှန်ယွမ်ကဲ့သို့ အဆင့်အတန်းမြင့်သူများ ပျော်ရွှင်ကြသောနေရာတစ်ခုလည်း ဖြစ်သည်။
လွန်ခဲ့သော လဝက်တွင် လုံရှန်ယွမ်က သူ၏ သူငယ်ချင်းများနှင့်အတူ အန်ပူမြို့သို့လာပြီး ပျော်ရွှင်မှုများ ရှာဖွေခဲ့ကြသည်။
နန်းတော်တစ်ခုအတွင်း မျက်နှာဖုံးနှင့် အမျိုးသမီးတစ်ယောက်က ရုပ်တုတစ်ခု၏ အောက်တွင် ရပ်နေသည်။ မှိန်ပျပျမီးရောင်အောက်မှာပင် သူမ၏ အလှက ထင်ရှားနေသည်။
" နတ်ဘုရားတမန်တော်ကို အရိုအသေးပေးပါတယ်။ " အောက်တွင် ဆွဲဆောင်မှုရှိသော မြေခွေးအမျိုးသမီးတစ်ယောက်က ဒူးထောင်နေသည်။
" လုံရှန်ယွမ်ရဲ့ အခြေအနေဘယ်လိုလဲ။ " မျက်နှာဖုံးနှင့် အမျိုးသမီးက အေးစက်စွာ မေးလိုက်သည်။
" နတ်ဘုရားတမန်တော်ကို တင်ပြပါတယ်။ ကျွန်မက လုံရှန်ယွမ်ရဲ့ အနှစ်သာရကို ျသ်ညလုံး စုပ်ယူခဲ့ပါတယ်။ သူမသေရင်တောင် အရေးကြီးတဲ့ စွမ်းအားတွေ အများကြီး ဆုံးရှုံးသွားမှာပါ။ " မြေခွေးမက ပြောလိုက်သည်။
" အခြေအနေကို သတိထားပါ။ လုံရှန်ယွမ်က သဘာဝအတိုင်းပဲ သေဆုံးရမယ်။ " မျက်နှာဖုံးနှင့် အမျိုးသမီးက သတိပေးလိုက်သည်။
မြို့စားလုံရှန်း၏ မြေးဖြစ်သော လုံရှန်ယွမ်က မမျှော်လင့်ထားသော အကြောင်းရင်းကြောင့် သေဆုံးခဲ့လျှင် မြို့စားလုံရှန်ကို ဒေါသထွက်စေပေလိမ့်မည်။ ထိုအချိန်ကျလျှင် စုံစမ်းစစ်ဆေးမှုများကြောင့် ကိစ္စများ ပိုမိုရှုပ်ထွေးသွားပေလိမ့်မည်။
သူတို့က မြို့စားလုံရှန်ကို မကြောက်ပေ။ လက်ရှိ မြို့စားက အသက်ကြီးနေပြီး သူ၏ ပထမနှင့် ဒုတိယဆက်ခံသူများကလည်း ငယ်ရွယ်သူများ မဟုတ်ကြပေ။ သူတို့က မြို့စားအသစ်ဖြစ်လာလျှင်တောင် အချိန်ကြာ အသက်ရှင်နိုင်မည်မဟုတ်ပေ။
သူတို့က လုံရှန်နယ်မြေ၏ လေးယောက်မြောက် အမွေဆက်ခံသူကို လျို့ဝှက်ထိန်းချုပ်ထားပြီးသားဖြစ်သည်။ လုံရှန်ယွမ်က ပုံမှန်အတိုင်း သေဆုံးခဲ့လျှင် လုံရှန်နယ်မြေတစ်ခုလုံးက သူတို့၏ ပိုင်ဆိုင်မှုဖြစ်လာပေလိမ့်မည်။
" စိတ်ချပါ တမန်တော်။ ကျွန်မ အလုပ်ကို နားလည်ပါတယ်။ " မြေခွေးမက ကတိပေးလိုက်သည်။ " အကြိမ်တိုင်း ကျွန်မက နည်းနည်းပဲ စုပ်ယူပါတယ်။ ခုနှစ်ကြိမ်လောက် စုပ်ယူပြီးတာနဲ့ လုံရှန်ယွမ်ရဲ့ သေဆုံးမှုက အပျော်မက်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ "
လုံရှန်ယွမ်က အပျော်အပါးမက်သူတစ်ယောက်ဖြစ်ပြီး အပျော်အပါးလိုက်စားမှုကြောင့် သေဆုံးခဲ့လျှင် မြို့စားလုံရှန်ပင် သံသယဝင်မည်မဟုတ်ပေ။ သူ၏ မိဘများနှင့် မြို့စားလုံရှန်တို့က ဆူပူကြိမ်းမောင်းခဲ့သော်လည်း လုံရှန်ယွမ်က သူ၏ အပြုအမူများကို ထိန်းချုပ်နိုက်စွမ်းမရှိခဲ့ပေ။
" ကောင်းပြီလေ။ " မျက်နှာဖုံးနှင့် အမျိုးသမီးက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
သူတို့က လုံရှန်နယ်မြေကို ထိန်းချုပ်ပြီးသည်နှင့် သူတို့ဘုရားကျောင်း၏ နောက်မှ နတ်ဘုရား၏ ယုံကြည်မှုကို ဖြန့်ဝေရန်အတွက် များစွာအကျိုးပြုပေလိမ့်မည်။
မိုင်သန်းခြောက်ဆယ်ကျော်နှင့် လူဦးရေတစ်ရာဘီလီယံကျော်၏ ယုံကြည်မှုအရင်းအမြစ်ကို ရယူနိုင်ခဲ့လျှင် နတ်ဘုရားဆီမှ ဆုလာဘ်တစ်ခု သေချာပေါက်ရရှိပေလိမ့်မည်။
သို့သော် ၎င်းက လျို့ဝှက်လှုပ်ရှားရမည်ဖြစ်ပြီး အထူးသဖြင့် ယုံကြည်မှုကို ဖြန့်ဝေခြင်းဖြစ်သည်။ သတင်းပေါက်ကြားသွားလျှင် အင်ပါယာ၏ နှိမ်နှင်းမှုကို ခံရပေလိမ့်မည်။
အင်ပါယာထဲတွင် နတ်ဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ကြပြီး ထိုနတ်ဘုရားက အလင်းပင်လယ်ရှိ ပင်မနတ်ဘုရား ၁၂ပါးထဲမှ အတိုးအဆမရှိ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်သော အမိန့်နတ်ဘုရားဖြစ်သည်။
အခန်းတစ်ခုထဲတွင် လင်းယွမ်က သူပစ်မှတ်ထားခံရသည်ကို တွေးမိလိုက်ချိန်တွင် သူ၏ သွေးများကို လှည့်ပတ်၍ အနှစ်သာရဆုံးရှုံးမှုကို စစ်ဆေးလိုက်သည်။
" တကယ်ပြဿနာတစ်ခု ရှိနေတာပဲ။ " လင်းယွမ်က အနည်းငယ် လေးနက်သွားသည်။
အပျော်အပါးလိုက်စားလျှင်တောင် ခန္ဓာကိုယ် ယုတ်လျော့မှုက ထိုမျှမြန်ဆန်မည်မဟုတ်ပေ။ မြို့စားလုံရှန်၏ မြေးဖြစ်သော လုံရှန်ယွမ်က အနှသာရကို အားဖြည့်ပေးသော ဆေးများကို မကြာခဏ သောက်သုံးနေခဲ့သည်။
" အဲ့ဒီမြေခွေးမလား။ " လင်းယွမ်က ယခင်ညမှ သူနှင့်အတူ ပျော်ပါးခဲ့သော မြေခွေးမကို သတိရသွားသည်။ သို့သော် သူမက အဓိကကြံစည်သူမဖြစ်နိုင်ဘဲ နောက်ကွယ်တွင် တစ်ယောက်ယောက် ရှိရပေလိမ့်မည်။
" ဘယ်သူက ငါ့ကို တိုက်ခိုက်ချင်တာလဲ။ " လင်းယွမ်က ခေါင်းကိုက်သွား၏။
လုံရှန်ယွမ်က မောက်မာသူတစ်ယောက်ဖြစ်ပြီး လူအများကို ဒေါသထွက်စေကာ သူတို့ထဲတွင် ရန်သူကို ရှာခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ထို့အပြင် လုံရှန်ယွမ်ကို အလှအပနှင့် ဆွဲဆောင်ပြီး စွမ်းအားများကို ဖြည်းဖြည်းညင်း စုပ်ယူရန် စီစဉ်ခြင်းကြောင့် နောက်ကွယ်တွင် အစွမ်းထက် အင်အားစုတစ်ခု ရှိပေလိမ့်မည်။
" ဟင် " လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ညာလက်နှင့် နဖူးကို ပွတ်သပ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များတွင် ပန်းရောင်အော်ရာတစ်ခု လှည့်ပတ်နေသည်ကို မြင်လိုက်ရပြီး ဖြည်းညင်းစွာ မှေးမှိန်သွားခဲ့သည်။
" နတ်ဘုရားစွမ်းအားလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ အမူအရက လေးနက်သွား၏။
၎င်းက အဆင့်ခုနှစ် စစ်သည်တစ်ယောက်သာ စုစည်းနိုင်သော နတ်ဘုရားတစ်ပိုင်းစွမ်းအားဖြစ်သည်။ လုံလောက်သော ယုံကြည်မှုဖြင့် ထိုနတ်ဘုရားတစ်ပိုင်းစွမ်းအားက ပြည့်စုံသော နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
" ဒါဆို ငါ့ကို ပစ်မှတ်ထားနေတာ နတ်ဘုရားတစ်ပိုင်းပေါ့။ မဟုတ်သေးဘူး။ နတ်ဘုရားတစ်ပိုင်းက ငါကို ဘာလို့ စိတ်ဝင်စားရမှာလဲ။ ဒါက သူတို့ယုံကြည်မှုကို ဖြန့်ဝေဖို့ နတ်ဘုရားတစ်ပိုင်းက တည်ထောင်ထားတဲ့ ဘုရားကျောင်းတစ်ခုက ငါ့ကို ပစ်မှတ်ထားတာဖြစ်ရမယ်။ " လင်းယွမ်က လျင်မြန်စွာ စဉ်းစားလိုက်သည်။
ကုန်းမြေကြီးတစ်ခုလုံးတွင် အလင်းပင်လယ်မှ ပင်မနတ်ဘုရား ၁၂ပါး၏ ယုံကြည်မှုကိုသာ ကိုးကွယ်ကြလေသည်။ သူတို့၏ ယုံကြည်မှုကို ဖြန့်ဝေရန်ကြိုးစားသော မည်သည့်နတ်ဘုရားတစ်ပိုင်းကိုမဆို မိစ္ဆာအဖြစ် သတ်မှတ်လေသည်။ အမှောင်ချောင်နက်မှ ပင်မနတ်ဘုရား ၁၂ပါးကလည်း ထို့အတူပင် ဖြစ်သည်။
သို့သော် ရှေးခေဆ်အချိန်ကတည်းက ကုန်မြေကြီးတွင် နတ်ဘုရားတစ်ပိုင်းများက သူတို့၏ ယုံကြည်မှုများကို ဖြန့်ဝေခြင်းက ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။
" နတ်ဘုရားတစ်ပိုင်း..." လင်းယွမ်က အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။
ဤကမ္ဘာတွင် အဆင့်ခုနှစ်ရှိသူများကို နတ်ဘုရားတစ်ပိုင်းဟု ခေါ်ကြလေသည်။ ပင်မစကြာဝဠာတွင် အဋ္ဌမအလွှာသို့ တက်လှမ်းလိုသော သတ္တမအလွှာတစ်ယောက်က အတွင်းကမ္ဘာတစ်ခု ဖွင့်ရန် လိုအပ်လေသည်။
သို့သော် ဤကမ္ဘာမှ အဆင့်ခုနှစ်များက နတ်ဘုရားအဆင့်ကို ဝင်ရောက်ရန် နတ်ဘုရားနိုင်ငံတစ်ခုကို တည်ထောင်ရန် လိုအပ်သည်။ နောက်ပိုင်းတွင် နတ်ဘုရားနိုင်ငံကို တည်ထောင်သောအခါ ယုံကြည်မှု၏ ကြီးမားသော စွမ်းအားကို မှီခိုရလေသည်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းများက ပင်မနတ်ဘုရားများ ရှာတွေ့ခံရမည့် အန္တရာယ်ကို စွန့်စားပြီး နိုင်ငံများစွာတွင် သူတို့၏ ယုံကြည်မှုကို လျို့ဝှက်စွာ ဖြန့်ဝေခဲ့ကြသည်။
လုံလောက်သော ယုံကြည်မှုမရှိလျှင် သူတို့က နတ်ဘုရားမဖြစ်နိုင်ဘဲ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က သက်တမ်းတစ်ခုထိသာ ရှင်သန်နိုင်ပေလိမ့်မည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများက ပင်မနတ်ဘုရားတစ်ပါးဆီကို သစ္စာခံပြီး လက်အောက်ခံနတ်ဘုရားများ ဖြစ်လာနိုင်လေသည်။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် သူတို့၏ စိတ်အသိအပါအဝင် အရာအားလုံးက ပင်မနတ်ဘုရား၏ ပိုင်ဆိုင်မှုဖြစ်သွားပေလိမ့်မည်။
" ငါဘာလုပ်သင့်လဲ။ " လင်းယွမ်က တည်ငြိမ်စွာ စဉ်းစားနေသည်။
နတ်ဘုရားတစ်ပိုင်းတည်ထောင်ထားသော ဘုရားကျောင်းတစ်ခုက ပစ်မှတ်ထားခံရခြင်းမှာ ပြဿနာဖြစ်သည်။ အင်ပါယာ သို့မဟုတ် အလင်းဘုရားကျောင်းကို တိုက်ရိုက်တင်ပြနိုင်သော်လည်း နတ်ဘုရားတစ်ပိုင်းကို သေချာပေါက် သတ်နိုင်မည်ဟု အာမမခံနိုင်ပေ။
နောက်ပိုင်းတွင် နတ်ဘုရားတစ်ပိုင်းက လက်စားချေရန် ကြိုးစားလျှင် လုံရှန်နယ်မြေတစ်ခုလုံးက နတ်ဘုရားတစ်ပိုင်း၏ စွမ်းအားကို ခုခံနိုင်မည်မဟုတ်ပေ။
" လုံရှန်နယ်မြေကို တိုက်ရိုက်ပြန်ရမယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
အန်ပူမြို့က စည်ကားသော်လည်း နဂါးနှင့် မြွေများရောနှောနေသော နေရာတစ်ခုဖြစ်၏။ အကြွင်းမဲ့ခွန်အားကို မပိုင်ဆိုင်မီ လင်းယွမ်က ထိုကဲ့သို့ နေရာမျိုးတွက် မနေချင်ပေ။
သို့သော် လုံရှန်နယ်မြေက သူမိသားစု၏ နယ်မြေဖြစ်ပြီး အင်ပါယာက တရားဝင်ချီးမြှင့်ထားခြင်းဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း ဘုရားကျောင်းက သူ့အပေါ် ပေါ်ပေါ်ထင်ထင် လှုပ်ရှားရဲမည်မဟုတ်ပေ။
" တရှန်..." လင်းယွမ်က အခန်ထဲမှ ထွက်လာပြီး ရေရွတ်လိုက်သည်။
" သခင်လေး..." ထွားကြိုင်းသော အမျိုးသားတစ်ယောက်က ရှေ့ထွက်လာသည်။ " သခင်လေး ဘာအလိုရှိလို့လဲ။ "
" ငါ လုံရှန်နယ်မြေကို ပြန်မယ်။ " လင်းယွမ်က သူ၏ ရှေ့မှ မြင့်မားသောပုံရိပ်ကို ကြည့်လိုက်သည်။
တရှန်က လင်းယွမ်၏ အစောင့်ဖြစ်သည်။ တရှန်က နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး လုံရှန်နယ်မြေတစ်ခုလုံးမှာပင် အဆင့်နှစ်ဆယ်ထဲတွင် ရှိနေသည်။ သူက အဆင့်လေးစွမ်းအားရှိပြီး အားနည်းချက်မှာ ဉာဏ်ရည်နိမ့်ပါးခြင်းဖြစ်သည်။ သို့သော် အစောင့်တစ်ယောက်၏ ရှုထောင့်တွင် ခွန်အားသန်မာခြင်းကပင် လုံလောက်လေသည်။