← Chapters

တက်မက်ခြင်းဘုရားကျောင်းကို ရှင်းလင်းခြင်း....

Vol. 30 Ch. 464

တက်မက်ခြင်းဘုရားကျောင်းကို ရှင်းလင်းခြင်း....

Vol. 30 Ch. 464

" တက်မက်ခြင်းဘုရားကျောင်းရဲ့ နတ်ဘုရားတစ်ပိုင်းက ယုံကြည်မှုတွေ စုဆောင်းပြီး နတ်ဘုရားပလ္လင်ကို မြှင့်တင်ပြီး စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာရင် ကမ္ဘာပေါ်က လူသားတွေရဲ့ တပ်မက်မှုအားလုံးက သူ့ရဲ့ ယုံကြည်မှုအရင်းအမြစ် ဖြစ်လာလိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

ဥပမာ အမှောင်ချောက်နက်မှ ပင်မနတ်ဘုရား ၁၂ပါးထဲမှ တစ်ပါးဖြစ်သော စစ်ပွဲနတ်ဘုရားက ကမ္ဘာပေါ်တွင် လူသားစစ်ပွဲများ ပို၍ ပြင်းထန်လာသည်နှင့်အမျှ ပိုပြီး သန်မာလာလေသည်။

ထို့ကြောင့် စစ်ပွဲနတ်ဘုရားက ကမ္ဘာမြေပေါ်တွင် စစ်ပွဲအမျိုးမျိုးကို အဆက်မပြတ် လှုံ့ဆော်ရန် ကြိုးစားလေသည်။ သို့သော် အလင်းပင်လယ်မှ ပင်မနတ်ဘုရား ၁၂ပါးက ငြိမ်းချမ်းလေသည်။ အထူးသဖြင့် အမိန့်နတ်ဘုရားက ကမ္ဘာပေါ်မှ စည်းစနစ်ကို ထိန်းချုပ်ထားပြီး ၎င်းက စစ်ပွဲနတ်ဘုရားနှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။

အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့၏ နတ်ဘုရားများကို ခွဲခြားသော စနစ်က ကောင်းခြင်းနှင့် ဆိုးခြင်းအပေါ် အခြေခံခြင်းမဟုတ်ဘဲ သူတို့ပိုင်ဆိုင်သော စွမ်းအားနှင့် ယုံကြည်မှုအမျိုးအစားအပေါ်တွင် ဖြစ်သည်။

တပ်မက်ခြင်းဘုရားကျောင်း၏ နောက်ကွယ်မှ နတ်ဘုရားတစ်ပိုင်းက တပ်မက်မှုများကို လှုံ့ဆော်သည့်အတွက် အမှောင်ချောက်နက်နှင့် နီးစပ်လေသည်။

သို့သော် အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်တို့မှ နတ်ဘုရားအားလုံး၏ အခြေခံက သက်ရှိအားလုံး၏ ယုံကြည်မှုအပေါ်တွင် ရှိနေသည်။ သက်ရှိအားလုံးပျောက်ကွယ်သွားပြီး ယုံကြည်မှုများ ရပ်တန့်သွားလျှင် နတ်ဘုရားများ၏ ကံကြမ္မာလည်း ကျဆုံးသွားပေလိမ့်မည်။

" ဆရာတို့က ပျော်ရွှင်ရဖို့ အထဲကို ခေါ်သွားပေးပါမယ်။ ဒါကြောင့် ဆရာတို့ရဲ့ အချက်အလက်တွေကို ပေးကြပါ။ " ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

လင်းယွမ်ရှေ့တွင် တန်းစီနေကြသော လူငယ်များက သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြပြီး အချို့က စိတ်မရှည်ဖြစ်နေကာ ပထမဆုံးလာရောက်ခြင်းမဟုတ်သည်မှာ ထင်ရှားလေသည်။

မကြာမီ မိန်းကလေးက လင်းယွမ်ဆီသို့ ရောက်လာသည်။

" ဆရာ..." မိန်းကလေးက လင်းယွမ်ကို စစ်ဆေးလိုက်သည်။

သူမက တပ်မက်ခြင်းဘုရားကျောင်း၏ စီမံခန့်ခွဲသူအနေဖြင့် အန်ပူမြို့မှ လူငယ်သခင်လေးများစွာကို မှတ်မိလေသည်။ သူတို့၏ အချက်အလက်များကို မေးခြင်းက လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။

သို့သော် ယခု သူမက ရှေ့မှ ပုပုဝဝနှင့်လူကို မမှတ်မိနိုင်ဖြစ်နေသည်။ ထိုလူ၏ ပုံစံကြောင့် သူမက တစ်ခါမြင်ဖူးလျှင် မှတ်မိနေမည်ဖြစ်သော်လည်း ယခု လုံးဝမသိဘဲဖြစ်နေသည်။

" ရှင်ကဘယ်သူလဲ။ ဒီကိုဘာလာလုပ်တာလဲ။ " မိန်းကလေးက လင်းယွမ်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။

" ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။ " ငါ ဘာလို့ဒီကိုလာတာလဲဆိုတော့..."

" မင်းတို့ရဲ့ နတ်ဘုရားကို သတ်ပစ်ဖို့ပဲ..."

လင်းယွမ်၏ စကားဆုံးသည်နှင့် ရှေ့မှ မိန်းကလေး၏ ခေါင်းက အရင်ဆုံး ပေါက်ကွဲသွားသည်။ လင်းယွမ်ကို ဗဟိုပြု၍ မြေအောက်နန်းတော်၏ မိုင်ရာချီအကွာအဝေးအတွင်းမှ လှပသော မိန်းကလေးတိုင်း၏ ဦးခေါင်းများ ပေါက်ကွဲသွားကြသည်။ ထိုနေရာသို့ ပျော်ပါးရန် လာခဲ့ကြသော လူများကလည်း အလားတူ ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။

ခဏအတွင်း မြေအောက်နန်းတော်ထဲရှိ လူတိုင်းနီးပါးသေဆုံးသွားကြပြီး ထိုထဲတွင် အဆင့်လေး စစ်သည် ၁၂ယောက်နှင့် အဆင့်ငါးစစ်သည် လေးယောက်တို့ ပါဝင်လေသည်။

" အခုအတွင်းဘက်ပဲ ကျန်တော့တယ်။ " လင်းယွမ်က ရပ်တန့်ခြင်းမရှိဘဲ နန်းတော်၏ အတွင်းဘက်သို့ ဆက်သွားလိုက်သည်။

လင်းယွမ်၏ အထက်တွင် နတ်ဘုရားစွမ်းအားကို ခုခံနိုင်သော အမှောင်ရိပ်တစ်ခုရှိနေသည်။ အမှန်တွင် လင်းယွမ်၏ လက်ရှိစွမ်းအားနှင့် မူလစိတ်ဝိညာဉ်တစ်ခု ဖြစ်နေလျှင်တောင် အဆင့်ခုနှစ် နတ်ဘုရားတစ်ပါးကို အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။

သို့သော် ဤကမ္ဘာပေါ်တွင် အလင်းပင်လယ်မှ မှော်ကွန်ရက်နတ်ဘုရား ဖြန့်ကျက်ထားသော မှော်ကွန်ရက်တစ်ခု ရှိနေလေသည်။

လင်းယွမ်က အလွန်ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်လျှင် မှော်ကွန်ရက်နတ်ဘုရားက သူ့ကို တွေ့ရှိသွားပေလိမ့်မည်။ မှော်ကွန်ရက်နတ်ဘုရားက ပင်မနတ်ဘုရား ၂၄ပါးထဲမှ တစ်ပါးဖြစ်ပြီး သူ၏ ခွန်အားက နဝမအလွှာ အထွတ်အထိပ်ဖြစ်ရုံသာမက ဒသမအလွှာနှင့် နီးစပ်နေနိုင်သည်။ လင်းယွမ်က အထွတ်အထိပ်သို့ မရောက်မီ ထိုကဲ့သို့ အစွမ်းထက်သူတစ်ယောက်ကို ဆွဲဆောင်မည်မဟုတ်ပေ။

ထို့အပြင် မှော်ကွန်ရက်နတ်ဘုရားသိသွားသည်နှင့် အခြားပင်မနတ်ဘုရား ၂၃ပါးကလည်း သိသွားကြပေလိမ့်မည်။ ပင်မနတ်ဘုရား ၂၄ပါးက အလင်းပင်လယ်နှင့် အမှောက်ချောက်နက်ဟူ၍ ခွဲခြားထားသော်လည်း နတ်ဘုရားများ၏ ရှုထောင့်မှ ရပ်တည်နေကြပြီး လိုအပ်သောအခါ ပူးပေါင်းနိုင်လေသည်။

ခန်းမတစ်ခုထဲတွင် တပ်မက်ခြင်းဘုရားကျောင်း၏ တမန်တော်က လူအချို့နှင့် စုဝေးနေကြသည်။

" အန်ပူမြို့ အရှင်သခင်ရဲ့ အငယ်ဆုံးသားကို ငါတို့ထိန်းချုပ်ထားပြီးပြီ။ သူ့ရှေ့က ဆက်ခံသူအချို့ကို ကိုင်တွယ်ပြီးတာနဲ့ အန်ပူမြို့တစ်ခုလုံးက ငါတို့ဘုရားကျောင်းရဲ့ နယ်မြေဖြစ်လာလိမ့်မယ်။ "

" မြို့စားချင်လွန်ရဲ့ ငါးယောက်မြောက်ဆက်သူကိုလည်း ငါတို့ထိန်းချုပ်ထားပြီးပြီ။ အများဆုံး နှစ်နှစ်ရာအတွင်း မြို့စားချင်လွန်ရဲ့ မိုင်သန်းငါးဆယ်နယ်မြေက ငါတို့ဘုရားကျောင်းအပိုင် ဖြစ်လာလိမ့်မယ်။ "

" လွန်ခဲ့တဲ့ နှစ်နှစ်ရာက အမိန့်ဘုရားကျောင်းက ခွေးရူးတွေက ငါတို့ကို မောင်းထုတ်ခဲ့တယ်။ တစ်နေ့ ငါတို့ပြန်သွားကြမယ်။ ငါတို့နတ်ဘုရားက နတ်ဘုရားပလ္လင်ပေါ်တက်ပြီး ကောင်းကင်ထက်က ထာဝရကြယ်တွေထဲက တစ်လုံးဖြစ်လာလိမ့်မယ်။ "

သူတို့၏ စကားများက အားတက်စရာပင်ဖြစ်သည်။ သူတို့အားလုံးက အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်အဆင့် ရှိကြပြီး ဘုရားကျောင်း၏ အဓိက ထောက်တိုင်များ ဖြစ်ကြသည်။

နှစ်များကြာလာသည်နှင့်အမျှ တပ်မက်ခြင်းဘုရားကျောင်းက အန်ပူမြို့တွင် အမြစ်တွယ်ခဲ့ပြီး သူတို့၏ ဩဇာအာဏာကလည်း တိုးတက်လာခဲ့သည်။ အန်ပူမြို့က မြို့တော်လောက် စည်ကားခြင်းမရှိသော်လည်း လုံခြုံမှုရှိလေသည်။မြို့တော်က အမိန့်ဘုရားကျောင်း၏ နယ်မြေဖြစ်ပြီး တက်မက်ခြင်းဘုရားကျောင်းက လမ်းကူးကြွက်သာ ဖြစ်သည်။

" လွန်ခ​တဲ့ နှစ်တစ်ရာက ငါတို့ လုံရှန်နယ်မြေကို မထိန်းချုပ်နိုင်ခဲ့တာ စိတ်မကောင်းစရာပဲ။ အဲ့လိုသာမဖြစ်ရင် အန်ပူမြို့ရဲ့ ပတ်ဝန်းကျင်နယ်မြေတွေက ငါတို့ တပ်မက်ခြင်းဘုရားကျောင်းအပိုင်ဖြစ်လာမှာ သေချာတယ်။ "

အဆင့်ခြောက်စစ်သည်တစ်ယောက်က ပြောလိုက်သည်။

အန်ပူမြို့သို့ ထွက်ပြေးလာသော တပ်မက်ခြင်းဘုရားကျောင်း၏ ပထမဆုံးပစ်မှတ်က လုံရှန်နယ်မြေဖြစ်သည်။ တပ်မက်ခြင်းဘုရားကျောင်းက လုံရှန်မျိုးနွယ်၏ စတုတ္ထမြောက်ဆက်ခံသူကို ထိန်းချုပ်ခဲ့ပြီး လုံရှန်ယွမ်သာ မတော်တဆ သေဆုံးစေခဲ့လျှင် နှစ်အနည်းငယ်အတွင်း သူတို့က အန်ပူမြို့ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

ကံမကောင်းစွာပင် လုံရှန်ယွမ်က ရုတ်တရက် လုံရှန်မျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်လာပြီး တပ်မက်ခြင်းဘုရားကျောင်း၏ ကြိုးစားအားထုတ်မှုများကို အလဟဿ ဖြစ်စေခဲ့သည်။

" ငါတို့ နတ်ဘုရားရဲ့ ခြေလှမ်းတွေကို နှောင့်နှေးစေတဲ့ အဲ့ဒီလုံရှန်ယွမ်က သေသင့်တယ်။ ငါတို့နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေက လုံရှန်နယ်မြေကို ဖုံးလွှမ်းတဲ့အခါ လုံရှန်ယွမ်က သေဖို့ တောင်းပန်စေရမယ်။ "

ရုပ်တုအောက်တွင် ရှိနေသော တမန်တော်က အားလုံးကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။ ဘုရားကျောင်း၏ တိုးတက်မှုကို နှောင့်နှေးစေသည့်အတွက် သူမကလည်း လုံရှန်ယွမ်ကို အလွန်မုန်းတီးလေသည်။

ထိုအချိန်တွင် ခန်းမက ရုတ်တရက် တုန်ခါလာပြီး ပန်းရောင်စွမ်းအားများက ခန်းမထဲမှ လူများကို ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း အခြားစွမ်းအားတစ်ခု၏ ဖိနှိပ်မှုအောက်တွင် ပန်းရောင်စွမ်းအားများက လျင်မြန်စွာ ပျက်ပြယ်သွားသည်။

" ဘာဖြစ်တာလဲ။ "

" ကျွန်မရဲ့ နတ်ဘုရားစွမ်းအား အကာအကွယ်က အလိုအလျောက် အသက်ဝင်လာတာလား။ "

" ငါတို့ တိုက်ခိုက်ခံရတာလား။ "

အားလုံးက ထိတ်လန့်သွားကြပြီး တည်ငြိမ်သော တမန်တော်လည်း မယုံကြည်နိုင်ဖြစ်နေသည်။ ဤခန်းမက ဘုရားကျောင်း၏ အမာခံနေရာတစ်ခုဖြစ်ပြီး တပ်မက်ခြင်းမိခင်နတ်ဘုရား၏ စွမ်းအားဖြင့် ဖုံးလွှမ်းထားသော နေရာဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းတစ်ယောက်၏ တိုက်ခိုက်ခြင်းခံရလျှင်တောင် ကာကွယ်နိုင်လေသည်။

တပ်မက်ခြင်းမိခင်နတ်ဘုရားက အခြားနတ်ဘုရားတစ်ပိုင်းများကြားမှာတောင် မေးခွန်းထုတ်စရာမလိုဘဲ အစွမ်းထက်သူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုပင် တပ်မက်ခြင်းမိခင်နတ်ဘုရား၏ ပန်းရောင်နတ်ဘုရားစွမ်းအားများ၏ ဆယ်ပုံခြောက်ပုံက ပျက်ပြယ်သွားခဲ့သည်။

" ဟင် ဘုရားကျောင်းရဲ့ အဖွဲ့ဝင်အားလုံး သေဆုံးသွားပြီလား။ " တမန်တော်၏ အမူအရာက တဖန် ပြင်းထန်စွာ ပြောင်းလဲသွားပြန်သည်။

ဘုရားကျောင်း၏ တမန်တော်တစ်ယောက်အနေဖြင့် သူမက အဖွဲ့ဝင်များ၏ အသက်စွမ်းအားကို ခံစားနိုင်ရုံသာမက သူတို့ဆီမှ ယုံကြည်မှုစွမ်းအားကိုပင် ခံစားနိုင်လေသည်။ ထို့ကြောင့် နန်းတော်ထဲမှ လူအားလုံးက လင်းယွမ်၏ အတွေးတစ်ချက်နှင့် သေဆုံးသွားချိန်တွင် သူမက ချက်ချင်း ခံစားမိခဲ့ခြင်းဖြစ်သည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " တမန်တော်က အံ့အားသင့်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်နေသည်။

နန်းတော်ထဲရှိ အဖွဲ့ဝင်အားလုံးက အဆင့်လေးနှင့် အဆင့်ငါးစစ်သည်များဖြစ်ကြပြီး တစ်သိန်းကျော်အင်အားရှိလေသည်။ သူတို့က အမိန့်ဘုရားကျောင်း၏ ဝန်းရံခြင်းခံရလျှင်တောင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားမည်ဖြစ်ပြီး တစ်ပြိုင်နက်တည်း သေဆုံးမည်မဟုတ်ပေ။

ထိုအချိန်တွင် ခန်းမတံခါးကြီးက ရုတ်တရက် ပွင့်သွားပြီး အရပ်ပုပုနှင့် လူတစ်ယောက်က ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

All Chapters