← Chapters

တပ်မက်ခြင်းမိခင်နတ်ဘုရား၏ အဆုံးသတ်....

Vol. 30 Ch. 465

တပ်မက်ခြင်းမိခင်နတ်ဘုရား၏ အဆုံးသတ်....

Vol. 30 Ch. 465

" ဘယ်သူလဲ။ "

အားလုံးက ထိတ်လန့်ပြီး ဒေါသထွက်နေကြသည်။ သူတို့က လင်းယွမ်ကို စိုက်ကြည့်လိုက်ကြသော်လည်း ထိုခဏတွင် သူတို့၏ ဦးခေါင်းများက ချက်ချင်း ပေါက်ကွဲသွားကြသည်။ အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်များဖြစ်သော်လည်း ခုခံနိုင်စွမ်း လုံဝမရှိခဲ့ပေ။

" လေးစားရပါသော နတ်ဘုရား ဒီကိုဘာကိစ္စနဲ့ ရောက်လာတာလဲ မေးလို့ရမလား။ " တမန်တော်က သူမ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

ဘုရားကျောင်းထဲသို့ လွယ်ကူစွာ ဝင်ရောက်လာပြီး အဆင့်ခြောက် ​ဒဏ္ဍာရီစစ်သည်များက ကြက်များသဖွယ်သတ်နိုင်ခြင်းမှာ တပ်မက်ခြင်းမိခင်နတ်ဘုရားကဲ့သို့ နတ်ဘုရားတစ်ပိုင်းသာ ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ပင်မနတ်ဘုရားများပင် သူတို့၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုပြီး ဖိနှိပ်ရလေသည်။ အခြားသူများဆို ပြောစရာပင်မလိုပေ။

" မင်းတို့ဘုရားကျောင်းရဲ့ နတ်ဘုရား ဘယ်မှာလဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။

သူက တပ်မက်ခြင်းဘုရားကျောင်း၏ ခြိမ်းခြောက်မှုကို ဖြေရှင်းရန် ရည်ရွယ်ထားသောကြောင့် နောက်ကွယ်မှ တပ်မက်ခြင်းမိခင်နတ်ဘုရားကို သတ်ရပေလိမ့်မည်။ တပ်မက်ခြင်းမိခင်နတ်ဘုရား မသေသရွေ့ တပ်မက်ခြင်းဘုရားကျောင်းက အချိန်မရွေး ပြန်လည်တည်ဆောက်နိုင်လေသည်။

" ကျွန်မ နတ်ဘုရားရဲ့ တည်နေရာကို မသိပါဘူး။ " တမန်တော်က မှင်သက်သွားပြီး ပြောလိုက်သည်။ " ဒါပေမယ့် အရှင်က နတ်ဘုရားနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိရင် ကျွန်မ ဆက်သွယ်ပေးနိုင်ပါတယ်။ "

" မလိုဘူး။ အလုပ်ရှုပ်တယ်။ " လင်းယွမ်က တမန်တော်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ ဦးခေါင်းကလည်း ပေါက်ကွဲသွားခဲ့သည်။

" ကြောင်းကျိုးဆက်နွယ်မှု..." လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး တပ်မက်ခြင်းမိခင်နတ်ဘုရား၏ တည်နေရာကို အတင်းအကျပ် သိရှိရန်အတွက် ကြောင်းကျိုးဆက်နွယ်မှုအမျှင်များကို ခြေရာခံလိုက်သည်။

လင်းယွမ်က တပ်မက်ခြင်းဘုရားကျောင်းကို ဖျက်ဆီးခဲ့ပြီး တပ်မက်ခြင်းမိခင်နတ်ဘုရား၏ နောက်လိုက်များစွာကို သတ်ပစ်ခဲ့သည်။ သူက တပ်မက်ခြင်းမိခင်နတ်ဘုရားနှင့် တိုက်ရိုက်ထိတွေ့မှုမရှိခဲ့သော်လည်း သူတို့ကြားတွင် ကြောင်းကျိုးဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး လင်းယွမ်က တပ်မက်ခြင်းမိခင်နတ်ဘုရား၏ တည်နေရာကို သိရှိနိုင်လေသည်။

နိုင်ငံပေါင်းများစွာ၏ ကုန်းမြေကြီးနှင့် မိုင်သန်းပေါင်းများစွာ ဝေးသော နေရာတစ်ခုတွင် ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ရုတ်တရက် ရပ်တန့်သွားသည်။

" ငါ့ရဲ့ နောက်လိုက်တွေကို ဘယ်သူသတ်ပစ်တာလဲ။ "

ထိုအမျိုးသမီးက တပ်မက်ခြင်းမိခင်နတ်ဘုရားပင်ဖြစ်၏။ နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်သောကြောင့် နတ်ဘုရားကိုယ်ပွားနှင့် မကြုံတွေ့သရွေ့ သူမက ကြောက်ရွံ့မှုမရှိ လှည့်ပတ်သွားနိုင်လေသည်။

" ငါ့ရဲ့ နောက်လိုက်တွေ..."

သူမက အန်ပူမြို့ရှိ ဘုရားကျောင်းက လုံးဝနီးပါး သုတ်သင်ရှင်းလင်းခံလိုက်ရသည်ကို ခံစားမိလေသည်။ ထိုနောက်လိုက်များက အလွန်သစ္စာရှိပြီး ရရှိရန် မလွယ်ကူပေ။

" ဘယ်သူလုပ်တာလဲဆိုတာ ကြည့်ရမယ်။ " တပ်မက်ခြင်းမိခင်နတ်ဘုရားက ပြောလိုက်သည်။

သူမက ဆက်သွယ်မှုအချို့နှင့် နောက်လိုက်များမသေဆုံးမီ မြင်တွေ့ခဲ့ရသော နောက်ဆုံးပုံရိပ်များကို ရရှိလိုက်သည်။ ၎င်းက ယုံကြည်မှုကို တည်ဆောက်ပြီးနောက် ရရှိလာသော စွမ်းအားတစ်ခုလည်း ဖြစ်သည်။

ခဏကြာသောအခါ တပ်မက်ခြင်းမိခင်နတ်ဘုရားက မျက်မှောင်ကြုတ်သွားသည်။ သူမ နောက်လိုက်များ မသေမီ ပုံရိပ်များကို မြင်တွေ့ခဲ့ရသော်လည်း သူတို့က သူတို့ရန်သူကိုပင် မမြင်ရဘဲ သေဆုံးသွားကြခြင်းဖြစ်သည်။

" ဟင်..." တပ်မက်ခြင်းမိခင်နတ်ဘုရားက တမန်တော်၏ နောက်ဆုံးမှတ်ဉာဏ်ကို စစ်ဆေးလိုက်သည်။

သူမက ခန်းမတစ်ခု တုန်ခါနေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် တမန်တော်၏ ရှုထောင့်မှ အရပ်ပုပုနှင့် လူတစ်ယောက်ဝင်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်များက သေဆုံးသွားကြပြီး ထိုလူက တမန်တော်နှင့် စကားအနည်းငယ် ပြောပြီးနောက် တမန်တော်လည်း သေဆုံးသွားခဲ့သည်။

" ဒီသတ်ဖြတ်ခြင်းနည်းလမ်းက..." တပ်မက်ခြင်းမိခင်နတ်ဘုရားက မျက်လုံးပြူးသွားသည်။ သူမက အားလုံး၏ သေဆုံးမှုမှ အရပ်ပုပုနှင့်လူ၏ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရသည်။

" နတ်ဘုရားနိုင်ငံရဲ့စွမ်းအား..."

" အဲ့ဒါက နတ်ဘုရားနိုင်ငံရဲ့ စွမ်းအားပဲ။ ဒီလူက နတ်ဘုရားတစ်ပိုင်းမဟုတ်ဘူး။ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးပဲ။ "

" မဟုတ်သေးဘူး။ နတ်ဘုရားတစ်ပါးက လူသားနယ်မြေကို ဆင်းသက်လို့မရဘူး။ သူက သက်ရှိအားလုံးနဲ့ နတ်ဘုရားတွေကို အုပ်ချုပ်တဲ့ ပင်မနတ်ဘုရားလား။ " တပ်မက်ခြင်းမိခင်နတ်ဘုရားက အလွန်ကြောက်လန့်သွားသည်။ ကုန်းမြေဆီသွားမည့် သူမ၏ ခြေလှမ်းများကို ချက်ချင်းရပ်တန့်ပြီး နောက်သို့လှည့်ကာ အသည်းအသန် ထွက်ပြေးသွားသည်။

" ပင်မနတ်ဘုရားတစ်ပါးက ငါ့အတွက် ဆင်းသက်လာရအောင် ငါက ဘာအရည်အချင်းတွေများ ရှိလို့လဲ။ "

ကောင်းကင်ထက်တွင် တပ်မက်ခြင်းမိခင်နတ်ဘုရားက တုန်လှုပ်နေသည်။ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်မှ ပင်မနတ်ဘုရား ၂၄ပါး မလှုပ်ရှားသည်မှာ ကြာပြီဖြစ်သည်။

လူသားများကြားတွင် သူတို့၏ ယုံကြည်မှုများကို ဖြန့်ဝေနေသော နတ်ဘုရားတစ်ပိုင်းများက အမှောင်ထဲတွင် ပုန်းအောင်နေသော ပိုးကောင်များနှင့် မခြားပေ။ တပ်မက်ခြင်းမိခင်နတ်ဘုရားက အမိန့်ဘုရားကျောင်း၏ ဝန်းရံခြင်းကို ရှောင်ရှားနိုင်ခဲ့ခြင်းမှာ သူမက အထူးသန်မာသောကြောင့်မဟုတ်ဘဲ အမိန့်ပင်မနတ်ဘုရားက သူမကို ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်သောကြောင့် ဖြစ်သည်။

" ပင်မနတ်ဘုရား ၂၄ပါးထဲက ဘယ်သူဖြစ်နိုင်လဲ။ " တပ်မက်ခြင်းမိခင်နတ်ဘုရားက သူမ၏ စိတ်ကို ထိန်းချုပ်ပြီး စဉ်းစားလိုက်သည်။

ထိုပင်မနတ်ဘုရားက သူမကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ တပ်မက်ခြင်းဘုရားကျောင်းကို မတော်တဆ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သူမတွေးမိလေသည်။

" ငါ ဘုရားကျောင်းမှာ ရှိမနေတာ ကံကောင်းတာပဲ။ " တပ်မက်ခြင်းမိခင်နတ်ဘုရားက စိတ်သက်သာရာရသွား၏။ ဘုရာယကျောင်းမှ ထိုအရပ်ပုပုနှင့်လူကို ရင်ဆိုင်ခြင်းက သူမနှင့် နောက်လိုက်များကြား ကွာခြားမှုမရှိနိုင်သည်ဟု သူမက ယုံကြည်လေသည်။

" အဲ့ဒီကို ပြန်သွားဖို့တော့ မဖြစ်နိုင်ဘူး။ ဒီတစ်ခါ ဆုံးရှုံးမှုက ကြီးမားပေမယ့် အနည်းဆုံးတော့ ငါအသက်ရှင်ခဲ့တယ်။ " တပ်မက်ခြင်းမိခင်နတ်ဘုရားက ရေရွတ်လိုက်သည်။

" ငါအသက်ရှင်နေသရွေ့ ယုံကြည်မှုတွေကို စုဆောင်းပြီး နတ်ဘုရားနိုင်ငံကို တည်ထောင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်..."

အန်ပူမြို့၏ မြေအောက်နန်းတော်တွင် လင်းယွမ်က ရုပ်တုအောက်တွင် ရပ်နေပြီး ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

" မင်းကို တွေ့ပြီ။ "

ကြောင်းကျိုးဆက်နွယ်မှုကို ချိတ်ဆက်ပြီး အလွန်ဝေးကွာနေသော်လည်း လင်းယွမ်က တပ်မက်ခြင်းမိခင်နတ်ဘုရားကို ခြေရာခံနိုင်ခဲ့သည်။

" နိုင်ငံများစွာကုန်းမြေမှာမဟုတ်ဘူးလား။ " လင်းယွမ်က မျက်လုံးများ မှေးကျဉ်းသွားသည်။ " ပြဿနာမရှိဘူး။ "

" ကျိန်စာသတ်ဖြတ်ခြင်း... "

လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ ကြောင်းကျိုးနိယာမကို လိုက်ပြီး အကွာအဝေးများစွာကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်က ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ကျိန်စာနှင့် သတ်ဖြတ်ရန် ကြားခံတစ်ခု လိုအပ်လေသည်။ ၎င်းက အရာဝတ္ထုတစ်ခု သို့မဟုတ် ကြောင်းကျိုးဆက်နွယ်မှုကိုယ်တိုင်လည်း ဖြစ်နိုင်လေသည်။

ကျိန်စာသတ်ဖြတ်ခြင်းအောင်မြင်လျှင် ကြောင်းကျိုးနိယာမ၏ တန်ပြန်မှုကို ခံနိုင်ရန် လိုအပ်ပြီး တန်ဖိုးအနေဖြင့် သက်တမ်းများ ပေးဆပ်ရလေသည်။

ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါးလက်မှ လွတ်မြောက်လာသောကြောင့် ပျော်ရွှင်နေသော တပ်မက်ခြင်းမိခင်နတ်ဘုရားက ရုတ်တရက် ဖြူဖျော့သွားသည်။

သူမ၏ စိတ်ထဲတွင် အလွန်ကြီးမားသော စွမ်းအားတစ်ခုက ရုတ်တရက် ရောက်လာခဲ့သည်။

" ဒါက..." တပ်မက်ခြင်းမိခင်နတ်ဘုရားက ဆက်မတွေးနိုင်မီ သူမ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဖုန်မှုန့်များအဖြစ် ဖျက်စီးခံလိုက်ရပြီး ဤကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။

" သေပြီလား။ " လင်းယွမ်က တပ်မက်ခြင်းမိခင်နတ်ဘုရားနှင့် ကြောင်းကျိုးဆက်နွယ်မှုက လုံးဝပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

တပ်မက်ခြင်းမိခင်နတ်ဘုရားက သူမကိုသူမ ကယ်တင်ရန် အခြားနည်းလမ်းများရှိနေလျှင် သူတို့ကြားမှ ကြောင်းကျိုးဆက်နွယ်မှုမှုက ဆက်ရှိနေဦးမည်ဖြစ်သည်။ ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး သေဆုံးခြင်းကို အတည်ပြုခြင်းက ပင်မစကြာဝဠာရှိ စွမ်းအားကြီးသူများကြား အဓိကနည်းလမ်းတစ်ခုဖြစ်သည်။

" တန်ပြန်မှု..." လင်းယွမ်က မျက်ခုံးများတွန့်သွားပြီး သူ၏ သက်တမ်းအချို့ ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသည်။ ၎င်းက အကြမ်းဖျင်းအားဖြင့် နှစ်တစ်ထောင်နှင့် ညီမျှလေသည်။

" သတ္တမအလွှာ သက်ရှိတစ်ယောက်ကို ကျိန်စာနဲ့ သတ်ဖြတ်ဖို့အတွက် သက်တမ်းနှစ်တစ်ထောင်လား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သို့သော် လင်းယွမ်က ဂရုမစိုက်ပေ။ ပင်မစကြာဝဠာတွင် နှစ်တစ်ထောင်သက်တမ်းကို ဆုံးရှုံးသွားခြင်းက စိတ်ပျက်စရာကောင်းသော်လည်း လက်ရှိဆင်းသက်နေသောကမ္ဘာတွင် လင်းယွမ်၏ နေထိုင်ချိန်က နှစ်ပေါင်း ၁၁၀၀ သာ ရှိသောကြောင့် ကျန်ရှိသော သက်တမ်းများက သူ့အတွက် အဓိပ္ပါယ်မရှိပေ။

သက်တမ်းက နှစ်ပေါင်းတစ်သန်းရှိနေလျှင်တောင် နေထိုင်ချိန် အကန့်အသတ်သို့ ရောက်လျှင် ပင်မစကြာဝဠာသို့ ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် လင်းယွမ်က တပ်မက်ခြင်းမိခင်နတ်ဘုရားကို သတ်ရန် ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

All Chapters