အသေအကျေတိုက်ပွဲ ၁
Vol. 40 Ch. 393
တော်ဝင်မျိုးနွယ်စုများ၏ အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သိထားပြီးသား ဖြစ်သည့် စုချန်းအနေနှင့် ကြိုတင်ပြင်ဆင်မှုတချို့ကို အဘယ်ကြောင့် မပြုလုပ်ထားပဲ နေရမည်နည်း။
အနှီ အရိပ်အစေခံငါးယောက်အား စုချန်းက လွန်ခဲ့သော ခုနှစ်ရက်လောက်ကမှ ကြည်လင်မြစ်မြို့တော်က ချိန်သားကိုက် ခေါ်ယူလိုက်ခြင်းပင် ဖြစ်သည်။
တကယ်တော့ အရိပ်အစေခံငါးယောက်၏ အင်အားမှာ ပျမ်းမျှလောက်သာ ရှိသော်လည်း စုချန်းက ၎င်းတို့အား သံချပ်ကာ ဖောက်ထွင်းရေးဆူးချွန်နှင့် မီးလျံလက်သီးနည်းစနစ်များ သင်ကြားပေးလိုက်သောအခါ မည်သူမှ ၎င်းတို့ိကို သတိမထားပဲ မနေရဲတော့။ ၎င်းတို့၏ ပေါက်ကွဲအားမှာလည်း ဆထတံပိုး တိုးပွားလာခဲ့ပြီ ဖြစ်သည်။
သို့သော် ခြုံခိုတိုက်ခိုက်မှုတိုင်းလိုလိုသည် ပေါက်ကွဲအားအရာတွင် လျော့နည်းတတ်သည်မှာ ဓမ္မတာပင်။
လျပ်တပြက် ခြုံခိုတိုက်ခိုက်သည့်နေရာတွင် စုချန်းကို ဆရာတပါးဟု ဆိုလျင် မှားအံ့မထင်။ ပျော်ရွှင်ခြင်းချောက်နက်တွင် ပိုင်လင်မယားအား သတ်ဖြတ်ခဲ့ခြင်း၊ လျူဝုယာအား သတ်ပစ်ခဲ့ခြင်းကို ထောက်လျင် ဤအချက်ကို သိသာနိုင်၏။ ထို့ကြောင့် သူသည် အရိပ်အစေခံငါးယောက်အား မည်သို့ ခြုံခိုတိုက်ခိုက်ရမည်ကို ကျကျနန သင်ကြားပေးနိုင်ခဲ့လေသည်။
အဆက်မပြတ် ပေါက်ကွဲသံများ ပေါ်ပေါက်လာပြီး ရှီကျုံးဝေ၏ ကိုယ်ပေါ်တွင် ဒဏ်ရာငါးချက်တိတိ ရသွား၏။ ထိုဒဏ်ရာများမှ သွေးများ တလဟော စီးကျလာလေသည်။ ရှီကျုံးဝေ နာကျင်စွာ အော်ဟစ်လိုက်၏။
သူ၏ နောက်စေ့တွင်လည်း တူနှင့် ထုထားသကဲ့သို့ ကြီးမားသော အပေါက်ကြီးတပေါက်ဖြစ်ပေါ်လာ၏။ အရိပ်အစေခံငါးယောက်အနက် ခေါင်းဆောင်ဖြစ်သော ကွေ့တာရှန်း၏ လက်ရာပေတည်း။
သူ၏ နောက်ကျော၊ ရင်ဝနှင့် ဝမ်းဗိုက်တို့တွင်လည်း အရည်ကြည်ဖုများထက အဝတ်စုတ် ရေညှစ်ထားသကဲ့သို့ ကြည့်ရဆိုးလှအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ ချီစုဆောင်းခြင်းနယ်ပယ် အရိပ်အစေခံ၃ဦး၏ လက်ချက်ပေတည်း။ သူတို့ကား ရှီကျုံးဝေနှင့်စာလျင် စွမ်းအင်နယ်ပယ် နှစ်လွှာတိတိ ကွာခြားနေ၍ အတော်ပင် အားနည်းလှသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သူတို့ အသုံးပြုလိုက်သည့် နည်းစနစ်နှစ်မျိုးအနက် သံချပ်ကာ ဖောက်ထွင်းရေးဆူးချွန်သည်သာလျင် အင်အားကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ပြီး မီးလျံလက်သီး၏ အင်အားမှာကား အကန့်အသတ်နှင့်သာ ဖြစ်လေသည်။
သို့သော် ရှီကျုံးဝေ၏ အောက်ပိုင်းမှာကား ရစရာမရှိအောင် စုတ်ပြတ်ကျေမွသွား၏။ ထိုဧရိယာကို တိုက်ခိုက်ရန် တာဝန်ယူထားသူမှာ အရိပ်အစေခံ ဒုတိယခေါင်းဆောင် ချန်းပင် ဖြစ်သည်။ ၎င်းသည် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်မျှသာ ဖြစ်သော်လည်း ၎င်းတိုက်ခိုက်လိုက်သည့် နေရာမှာ ရှီကျုံးဝေ၏ အားအနည်းဆုံး ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြစ်နေ၍ ဒဏ်ရာက ထိုမျှ ပြင်းထန်သွားရခြင်းပင်။
တိုက်ကွက် တကွက်တည်းနှင့် သူ့ဘဝတခုလုံး ဖျက်ဆီးခံလိုက်ရပြီဟု ရှီကျုံးဝေ ခံစားလိုက်ရသည်။
"မဟုတ်ဘူး"
အရိပ်အစေခံများထဲမှ တယောက်ကို လက်သီးနှင့် ပြန်ထိုးပြီး ရှီကျုံးဝေ နာကျည်းစွာ အော်ဟစ်လိုက်သည်။ ရှီကျုံးဝေ၏ တုံ့ပြန်မှုသည် မူလစွမ်းရည်တော့ မဟုတ်ပေ။ သို့သော် သူ၏ နာကျင်မှု၊ အမုန်းတရားများအားလုံး ပေါင်းစပ်ပါဝင်နေသော လက်သီးချက်ဟုတော့ ဆိုနိုင်လေသည်။
လက်သီးချက်ထိမှန်ခံလိုက်ရသည့် အရိပ်အစေခံသည် တချက်တည်းနှင့်ပင် အသားပုံကြီးအဖြစ် ပြောင်းလဲသွားရှာ၏။ ထိုအခါ ကျန် အရိပ်အစေခံများမှာလည်း အထိတ်တလန့်နှင့် နောက်ဆုတ်လိုက်ကြလေသည်။ သူတို့၏ ကိုယ်ခန္ဓာသည် မျက်စေ့တမှိတ်အတွင်းမှာပင် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ရှီကျုံးဝေသည်လည်း မဟန်နိုင်တော့။ လက်သီးတချက်သာ ထုတ်နိုင်လိုက်ပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်သွားကာ မြေကြီးပေါ်သို့ ဒူးထောက်ထိုင်ကျသွားရှာသည်။ ရှီကျုံးဝေ သေတော့ မသေသေး။ သို့သော် သူ ရရှိထားသော ဒဏ်ရာများမှာကား ပြင်းထန်လှသည် ဖြစ်လေရာ သတိလစ်သွားတော့သည်။ မည်သို့ဆိုစေ လက်ရှိအချိန်တွင် ရှီကျုံးဝေသည် ခြိမ်းခြောက်မှုတခု မဟုတ်နိုင်တော့။
"မင်း...မင်း...ခွေးမသား"
ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ဟေးလျန်ဝေ ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။
ဟေးလျန်ဝေကား တော်ဝင်မျိုးနွယ်စု မဟာမိတ်များဘက်မှ ပါလာသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်လေးယောက်အနက် တယောက် ဖြစ်သည်။ သူ့အနေနှင့် ပျော်ရွှင်ခြင်းခံတပ်ရွာသားများကဲ့သို့ သာမာန်လူများကို ကိုင်တွယ်ရန် ယန်ဖွင့်လှစ်ခြင်း ပညာရှင်လေးယောက်တိတိ မလိုဟု တထစ်ချ ယူဆထားပြီး ဖြစ်သည်။ သို့သော် ယခုတော့ သူ့ပထင်နှင့် အမြင် လွဲမှားသွားခဲ့လေပြီ။ ရွာသားများဘက်မှ တယောက်သည် သွေးဆူပွက်ခြင်းနယ်ပယ်အင့်သာဖြစ်နေသည့်တိုင် သူတို့ဘက်မှ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ကို အံတုနိုင်ခဲ့ပြီး ကျန်တယေက်မှာ ခြုံခိုတိုက်ခိုက်ခြင်းအားဖြင့် သူတို့ဘက်မှ ယန်ဖွင့်လှစ်ခြင်းပညာရှင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့လေပြီ။
ဟေးလျန်ဝေ ပြင်းစွာ ဒေါသထွက်လာ၏။
"အကိုကြီးကျင် ကျုပ်တို့ပေါင်းပြီး ဒီခွေးမသားတွေကို ရှင်းပစ်ကြမယ်"
အကိုကြီးကျင်ဆိုသူမှာ နောက်ထပ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် ဖြစ်သည်။ ဟေးလျန်ဝေ၏ စကားကို ကြားသည်နှင့် အကိုကြီးကျင်က ခေါင်းတချက်ညိတ်ပြလိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်လိုက်၏။
၎င်းကို မြင်သည်နှင့် စုချန်းက အရိပ်အစေခံများကို အမိန့်ပေးလိုက်သည်။
"ဒီနှစ်ယောက်ကို ငါရင်ဆိုင်လိုက်မယ် ကျန်တဲ့လူတွေကို မင်းတို့ တာဝန်ယူလိုက်"
"ကောင်းပါပြီသခင်"
စုချန်း၏ အမိန့်သံဆုံးသည်နှင့် အရိပ်အစေခံများ ပြန်လည်ပေါ်ပေါက်လာ၏။
အရိပ်အစေခံများသည် ပထမတကြိမ် တိုက်ခိုက်ပြီးပြီဖြစ်၍ ယန်ဖွင့်လှစ်ခြင်းပညာရှင်များနှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်နိုင်တော့။ ထို့ကြောင့် စုချန်းက ထိုကဲ့သို့ စီစဉ်လိုက်ခြင်းပင်။
အရိပ်အစေခံများကို အမိန့်ပေးပြီးသည်နှင့် စုချန်းသည် နောက်သို့ ချာခနဲလှည့်ကာ တောအုပ်ထဲသို့ ဝင်ပြေးလိုက်သည်။
"ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့ကွ"
ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟေးလျန်ဝေ ရှေ့သို့ တဟုန်ထိုး ခုန်ဝင်လိုက်သည်။ သူ့နောက်ကျောတွင်လည်း ကြီးမားလှသော ကျားကြီးတကောင် ပေါ်ပေါက်လာ၏။ သာမာန်ကျားတော့မဟုတ်။ ရွှေရောင်အတောင်ပံများ ရှိနေသည့် ကျားကြီး ဖြစ်သည်။
သံမဏိသွား ရွှေတောင်ပံ ကျားကြီး ပေတည်း။
ကျားဟူသည်မှာ သားရဲဘုရင် ဖြစ်သည်။ ၎င်းတို့သည် ဟန်ရေးပြရသည်ကို သဘောကျပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်လှ၏။ ရွှေတောင်ပံကျားများသည်လည်း ထိုအတိုင်းသာ ဖြစ်သည်။
ရွှေတောင်ပံကျား၏ တောင်ပံများသည် ဓားသွားကဲ့သို့ ချွန်မြသည့် လေပြင်းများကို ဖြစ်ပေါ်လာစေ၏။ ဟေးလျန်ဝေ၏ အရှိန်အဟုန်သည်လည်း တမုဟုတ်ချင်း မြန်ဆန်လာတော့သည်။
ကျန် ယန်ဖွင့်လှစ်ခြင်းပညာရှင်တဦးဖြစ်သည့် အကိုကြီးကျင်သည်ကား အမှောင်တိမ်တိုက်ထက်ခြမ်းခွဲုခင်းသွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုသွေးဗီဇပိုင်ရှင် သားရဲမှာ အလွန်ထူးဆန်းသည့် သားရဲတမျိုးပင် ဖြစ်သည်။ ထို့ကြောင့် ကျန် နတ်ဆိုးသတ္တဝါ သွေးဗီဇများနှင့် နှိုင်းယှဉ်လျင် အကိုကြီးကျင်၏ သွေးဗီဇက ပို၍ပင် အင်အားပြင်းထန်သည်ဟု ဆိုနိုင်၏။
အနှီ သွေးဗီဇ နှစ်မျိုးလုံးသည်ပင် အလွန် မြန်ဆန်လှသည်ဖြစ်ရာ စုချန်းအနေနှင့် မြွေခြေလှမ်းကို အဆုံးစွန်သော အနေအထားထိ နှိုးဆွထားလျင်ပင် ဟေးလျန်ဝေတို့ လက်ထဲမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်မည် မဟုတ်။
ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်း၏ အစီအစဉ်မှာ ထွက်ပြေးရန် မဟုတ်ပေ။ သူသည် ခပ်လှမ်းလှမ်းသို့ ရောက်သည်နှင့် ခြေလှမ်းအစုံကို ဖြတ်ခနဲ ရပ်တန့်လိုက်၏။
"ဘာလဲ မင်း ဆက်မပြေးတော့ဘူးလား"
စုချန်း ခြေလှမ်းများ ရပ်တန့်လိုက်သည်ကို မြင်သည်နှင့် ဟေးလျန်ဝေက ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ရယ်မောပြီး ပြောလိုက်သည်။
စုချန်းက မသိမသာ ပြုံးလိုက်သည်။
"ကျုပ် ဘာလို့ ဆက်မပြေးတော့တာလဲဆိုတော့ ဒီနေရာက ပြသနာဖြေရှင်းဖို့ ပိုကောင်းလိမ့်မယ်လို့ ယူဆလို့ပဲဗျ"
စကားဆုံးသည်နှင့် သူက မျက်နှာပေါ်ရှိ နတ်ဆိုးမျက်နှာဖုံးကို ချွတ်ပစ်လိုက်လေသည်။
စုချန်း၏ မျက်နှာကို မြင်တွေ့လိုက်ရသည်နှင့် ဟေးလျန်ဝေ၏ မျက်လုံးအစုံသည် အလိုအလျောက် ပြူးကျယ်သွား၏။
"စုချန်း လက်စသတ်တော့ မင်းကိုးကွ"
တချိန်တည်းမှာပင် သူသည် အကြီးအကျယ် စိတ်လှုပ်ရှားလာ၏။
"ဟား ဟား ဟား လက်စသတ်တော့ မင်းဟာ ကောင်းကင်ဘုံကို သွားမဲ့လမ်းကို ငြင်းပယ်ပြီး ငရဲပြည်ကိုမှ ဆင်းချင်တဲ့ကောင်ကိုးကွ ကြည်လင်မြစ်မြို့တော်မှာသာ နေခဲ့ရင် သွေးဝတ်ရုံအစောင့်တွေက မင်းကို ကာကွယ်ပေးနိုင်တယ် ဒါ့အပြင် မင်းရဲ့ အဆင့်နှစ် သူရဲကောင်းတံဆိပ်နဲ့ဆိုရင် တော်ရုံတန်ရုံလူ မင်းကို မထိရဲဘူး ခုတော့ မင်းက အနောက်မြစ်တောအုပ်ကို လာတယ် ဒီနေရာမှာ မင်း အားကိုးလို့ရတာ ဘာမှ မရှိဘူးကွ"
"မှန်တယ်ကွ"
အကိုကြီးကျင်ကလည်း လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ကျုပ် စစ်ဆေးပြီးပြီ ဒီနေရာမှာ ဘာထောင်ချောက်မှ မရှိဘူး သွေးဝတ်ရုံအစောင့်တွေလည်း ရှိမနေဘူး"
"သူတို့ ရှိတော့ကော ဘာအရေးလဲ ကျုပ်တို့က တယောက်မကျန် သတ်ပစ်လိုက်တာပေါ့"
ဟေးလျန်ဝေက အညှာအတာ ကင်းမဲ့စွာ ပြောလိုက်၏။
"ဒီကောင်တွေ အကုန်လုံး သေသွားရင် ဘာသဲလွန်စမှ မရှိတော့ဘူး ကျုပ်တို့လည်း ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူးလေ"
စုချန်း အားရပါးရ ရယ်မောလိုက်သည်။
"ပြသနာက ကျုပ်ဟာ သွေးဝတ်ရုံအစောင့်တွေကိုပဲ အမြဲတမ်း အားကိုးနေတဲ့ ကောင်စားမျိုး မဟုတ်တာပဲဗျ"
ဟေးလျန်ဝေ မျက်မှောင်ကုတ်သွားသည်။
"ဒီတော့ မင်းဆိုလိုတာက ယန်ဖွင့်လှစ်ခြင်း ပညာရှင်နှစ်ယောက်ကို မင်းတယောက်တည်း ရင်ဆိုင်မယ်ပေါ့ ဟုတ်လား"
စုချန်းက ပုခုံးတွန့်ပြီး ပျင်းရိငြီးငွေ့သော လေသံနှင့် ပြောလိုက်သည်။
"စွမ်းအင်နယ်ပယ် တလွှာလောက် ကွာခြားတာဟာ ပြောပလောက်စရာမှ မဟုတ်တာပဲဗျာ ပြီးတော့ မင်းတို့ နှစ်ကောင်လုံးဟာ သွေးနှောတွေပဲ ဒါကြောင့် မင်းတို့ဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာ ရှိနေတယ်ဆိုရင်တော့ ကျုပ်အမြင်မှာတော့ ဘာမှအထင်ကြီးစရာမရှိသေးဘူး တကယ်တော့ အမှိုက်ဟာ အမှိုက်ပါပဲလေ ဒါကြောင့်် ကျုပ်လို ထိပ်တန်း နဂါးကျောင်းတော်သားတယောက်အနေနဲ့ မင်းတို့ကို အနိင်ရတယ်ဆိုရင် ဒါဟာ ဘာမှ အံ့သြနေစရာ မရှိဘူး အနိုင်မရမှသာ အံ့သြစရာ ဖြစ်နေမှာ"
"ထွီ လေထွားလိုက်တဲ့အကောင်"
ဟေးလျန်ဝေ ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်သည်။
"ကောင်လေး မင်း ဒီလောက် လေထွားရအောင် ဘာနည်းစနစ်များ ရှိနေလို့လဲ ပြစမ်းပါအုံး"
စုချန်းအနေနှင့် ယန်ဖွင့်လှစ်ခြင်းပညာရှင် တယောက်ကို ယှဉ်နိုင်သည်ဟုဆိုလျင် ဟေးလျန်ဝေ အံ့သြမည် မဟုတ်။ သို့သော် နှစ်ယောက်တယောက် ယှဉ်နိုင်လိမ့်မည်ဟုတော့ သူ လုံးဝ မထင်ချေ။
အင်အားမကွာပါက အရေအတွက်သည် အောင်မြင်ခြင်းဆီသို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပါလား။
လီယွဲ့နှင့် စုချန်း၏ တိုက်ပွဲကို သုံးသပ်ကြည့်လျင် စုချန်းသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်များအနက်မှ အားနည်းသူတချို့ကို အနိုင်ရရှိနိုင်သည် မှန်သော်လည်း တယောက်ထက်ပိုလာပါက အနိုင်ရရှိရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့်် စုချန်းအနေနှင့် သူတု့ိနှစ်ယောက်ကို မည်သို့မှ နိုင်ချေမရှိဟု ရှီကျုံးဝေက တထစ်ချ ယုံကြည်ထားလေသည်။
"ဘာနည်းစနစ်များ ရှိလို့လဲ ဟုတ်လား"
စုချန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။
"အဲဒီနည်းစနစ်ကို ကျုပ် သုံးခဲ့ပြီးပြီလေဗျာ"
စကားဆုံးသည်နှင့် သူက ဟေးလျန်ဝေ၏ ဘေးတွင် မတ်တပ်ရပ်နေသော အကိုကြီးကျင်းကို လှမ်းကြည့်လိုက်၏။
ဟေးလျန်ဝေ အတော်လေး အံ့သြသွားသည်။ ထို့နောက် သူကလဲ အကိုကြီးကျန်းကို ငဲ့ကြလိုက်၏။ မမျှော်လင့်သော မြင်ကွင်းကြောင့် ဟေးလျန်ဝေ မျက်လုံးပြူးသွားလေသည်။
အကြောင်းမှာ အကိုကြီးကျန်းသည် မလှုပ်မရှားပဲ ကျောက်ရုပ်ကြီးပမာ မတ်တပ်ရပ်နေသောကြောင့်ပင်။
အကိုကြီးကျန်း၏ မျက်လုံးအစုံမှာကား ရီဝေဝေနှင့်ပေတကား။