အသေအကြေတိုက်ပွဲ ၂
Vol. 40 Ch. 394
"အကိုကြီးကျင်"
ဟေးလျန်ဝေ အထိတ်တလန့်နှင့် အော်ခေါ်လိုက်သည်။
အကိုကြီးကျင်ကား ဟေးလျန်ဝေ၏ အသံကိုကြားဟန်မတူ။ မူလအတိုင်း ငူငူငိုင်ငိုင်နှင့်သာ ရှိလေ၏။ သူ့မျက်လုံးအစုံမှာကား မည်သည့်အရာကိုမှ မြင်ဟန်မတူချေ။
ဟေးလျန်ဝေ မျက်လုံးပြူးသွား၏။ တချိန်တည်းမှာပင် သူ ဒေါသထွက်လာလေသည်။ ထို့နောက် သူက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ"
စုချန်းက ရယ်မောလိုက်သည်။
"ဘာမှ သိပ်အများကြီး မဟုတ်ပါဘူးလေ သာမာန် ပုံရိပ်ယောင်နည်းစနစ်လေး သုံးထားတာပါ မင်းပြောသလိုပဲ ကျုပ်ဟာ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ဖို့ သိပ်ပြီး ယုံကြည်မှုမရှိလှဘူးလေ ဒါကြောင့်် တယောက်ပြီးမှ တယောက် ရှင်းပစ်မလားလို့"
စကားဆုံးသည်နှင့် စုချန်းက လက်အစုံကို လှုပ်ရှားလိုက်ရာ ပြင်းထန်စွာ ပေါက်ကွဲစေတတ်သော မီးလျံငှက်တကောင် ပေါ်ပေါက်လာတော့သည်။
"ခွေးမသား"
ဟေးလျန်ဝေက ဆဲဆိုပြီး လက်သီးနှင့် လှမ်းထိုးလိုက်ရာ ရွှေတောင်ပံကျားကြီးသည် ဝုန်းခနဲ ပေါ်ထွက်လာပြီး စုချန်း၏ မီးလျံသိမ်းငှက်ကို ခုန်အုပ်လိုက်၏။ မီးလျံသိမ်းငှက်သည် ရွှေတောင်ပံကျား၏ လက်ချက်ကြောင့် တစစီ ပြိုကွဲသွားရုံသာမက ကြွင်းငျန်ရစ်သော အားလှိုင်းများသည် စုချန်းဆီသို့ ဆက်လက်တိုးဝင်လာကြကုန်၏။
တိုက်ကွက် တကွက်တည်းနှင့် စုချန်း အနှစ်သက်ဆုံး မူလစွမ်းရည်ကို ဟေးလျန်ဝေက ချေဖျက်ပြနိုင်ခဲ့လေပြီ။ ထို့ကြောင့် အင်အားအရာတွင် ဟေးလျန်ဝေသည် လီယွဲ့ထက် သာလွန်နေကြောင်း သိသာနေ၏။
သို့သော် စုချန်းကလည်း ထိုအားလှိုင်းများကို ထိပ်တိုက်ရင်ဆိုင်ရန် စိတ်ကူးရှိသည်မဟုတ်။ သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးပြီး လက်သီးချက်ကို အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။
ထိုအချိန်မှာပင် မီးလျံသိမ်းငှက်ထံမှာ ကြွင်းကျန်ရစ်သော မီးတောက်မီးလျံတချို့က အကိုကြီးကျင်ကို ဖုံးအုပ်သွားတော့သည်။
အကိုကြီးကျင် ရုတ်တရက် အသိပြန်ဝင်လာ၏။
"ဘာတွေဖြစ်နေတာလဲ"
"အကိုကြီးကျင် မင်း သတိရလာပြီပေါ့"
ဟေးလျန်ဝေ ဝမ်းသာသွား၏။ တချိန်တည်းမှာပင် စုချန်း၏ ပုံရိပ်ယောင်နည်းစနစ်ဖြင့် ထိန်းချုပ်ခံထားရသူသည် တိုက်ခိုက်မှုနှင့် ကြုံတွေ့ပါက နှိုးထလာတတ်ကြောင်း သူ သဘောပေါက်လာသည်။
"ဒီတော့ ဘာဖြစ်သလဲ"
စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။ သူ့မျက်လုံးအစုံသည်လည်း ဝင်းလက်တောက်ပလာ၏။ ထို့နောက် သူက အကိုကြီးကျင်ကို စိုက်ကြည့်လိုက်ပြန်သည်။
အကိုကြီးကျင်ကား ယခင်နည်းအတိုင်း မတုန်မလှုပ် ကျောက်ရုပ် ပြန်ဖြစ်သွားပြန်သည်။
အကိုကြီးကျင် နောက်တကြိမ် ထိန်းချုပ်ခံလိုက်ရသည်ကို မြင်သည်နှင့် ဟေးလျန်ဝေက ဟက်ခနဲ တချက်ရယ်မောပြီး လက်သီးနှင့် လှမ်းထိုးလိုက်၏။ ဤတကြိမ် သူ့လက်သီး၏ ဦးတည်ရာမှာကား စုချန်းမဟုတ်။ အကိုကြီးကျင်ပင် ဖြစ်သည်။
အုန်းခနဲ မြည်သံနှင့်အတူ အကိုကြီးကျင် သတိပြန်ရလာ၏။ အကိုကြီးကျင် မြင်တွေ့လိုက်သည်မှာကား ဟေးလျန်ဝေက သူ့ကို လက်သီးနှင့် ထိုးလိုက်ခြင်းကိုပင်။ ထိုအခါ အကိုကြီးကျင် ဒေါသထွက်လာ၏။
"ဟေးလျန်ဝေ ခွေးမသား ဘာဖြစ်လို့ ငါ့ကို ထိုးတာလဲ"
ဟေးလျန်ဝေကလည်း အားကျမခံ ပြန်အော်လိုက်သည်။
"ငါက မင်းကို ကူညီနေတာကွ"
ကြည့်နေရင်းမှာပင် အကိုကြီးကျင်တယောက် ယခင်ပုံစံအတို်င်း ပြန်ဖြစ်သွားပြန်၏။ စုချန်းက အကိုကြီးကျင်ကို နောက်တကြိမ် ထိန်းချုပ်လိုက်ပြန်ပြီမှန်း ဟေးလျန်ဝေ ချက်ချင်း သဘောပေါက်လိုက်သည်။
ခွေးမသားစုချန်း...ဒီကောင်က စိတ်စွမ်းအင်ကို အရန်ထားဖို့တောင် မကြိုးစားပဲ အကိုကြီးကျင်ကို ထပ်ခါထပ်ခါ ထိန်းချုပ်နေပါလား...
ဟေးလျန်ဝေ ပို၍ ဒေါသထွက်လာ၏။ သူက အကိုကြီးကျင်ကို နောက်တကြိမ် လက်သီးနှင့် ထိုးချလိုက်ပြန်သည်။
သေစေနိုင်သော စုန်းမနှင့် ထိန်းချုပ်ခံထားရသူသည် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် ပြန်လည်နိုးထလာနိုင်သည်ကတော့ အမှန်ပင်။ သို့သော် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုမျိုးလောက်နှင့်တော့ နိုးထလာနိုင်ခြင်း မရှိပေ။ ဒဏ်ရာ တစုံတရာ ရရှိမှသာလျင် နိုးထလာနိုင်ခြင်းမျိုး ဖြစ်သည်။ ဒဏ်ရာ အနည်းအများမှာလည်း သေစေနိုင်သော စုန်းမကို အသုံးပြုထားသည့် စွမ်းအင် အနည်းအများပေါ်တွင် မူတည်နေသေး၏။
ယခုလည်း ဟေးလျန်ဝေ၏ လက်သီးချက်မှာ အတော်ပင် ပြင်းထန်လှ၏။ အကိုကြီးကျင်သည် သတိရလာသည့်တိုင် နာကျင်မှုကြောင့် အံပင်ကြိတ်မိရှာသည်။ သူ ပို၍ ဒေါသထွက်လာ၏။
"ခွေးမသားလေး မင်း ခုထိ ငါ့ကို ထိုးနေတုန်းပဲလား"
တကယ်တမ်းတွင်တော့ အကိုကြီးကျင်သည် ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေမှန်း တိတိပပ သိသည်မဟုတ်။ သူ သိသည်မှာ ဟေးလျန်ဝေက သူ့က အကြိမ်ကြိမ် ထိုးကြိတ်နေခြင်းသာ ဖြစ်သည်။ အကိုကြီးကျင်သည် ဒေါသကို မထိန်းနိုင်တော့ပဲ ဟေးလျန်ဝေကို လက်သီးနှင့် ပြန်ထိုးလိုက်တော့သည်။
"ဟေ့ ငါက မင်းကို ကူညီနေတာကွ"
ပြောပြောဆိုဆို ဟေးလျင်ဝေက အကိုကြီးကျင်၏ လက်သီးကို ရှောင်တိမ်းပေးလိုက်သည်။ သို့သော် အကိုကြီးကျင်၏ လက်သီးမှာ အလွန် မြန်ဆန်လှပေရာ မျက်နှာကို လက်သီးနှင့် အထိုးခံလိုက်ရပြီး ဟေးလျန်ဝေ နောက်သို့ လွင့်စင်သွားတော့သည်။
"အကိုကြီးကျင် မင်း ရူးနေပြီလား မင်း ငါ့ကို တကယ်ထိုးတယ်ပေါ့"
ဟေးလျန်ဝေ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဟေးလျန်ဝေ ကြည့်နေစဉ်မှာပင် အကိုကြီးကျင်၏ မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီလာ၏။ သူ့ပုံစံမှာလည်း ထူးဆန်းပြီး နတ်ဆိုးတကောင်နှင့် တူလာလေသည်။
"ဒါ...ဒါ..."
ဟေးလျန်ဝေ အထိတ်တလန့်နှင့် စုချန်းကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် စုချန်းသည် ဦးခေါင်းကို နှိမ့်ပြီး တစုံတခုကို တီးတိုးရွတ်ဆိုနေ၏။ သူ့ကိုယ်ပေါ်တွင်လည်း ထူးဆန်းသော အလင်းရောင်များ ဝင်းလက်တောက်ပနေလေသည်။
"မင်း သူ့ကို ထိန်းချုပ်လိုက်ပြီပေါ့ ဟုတ်လား"
ဘာတွေ ဖြစ်နေမှန်း နောက်ဆုံးတွင် ဟေးလျန်ဝေ သဘောပေါက်သွားလေပြီ။
"မင်းကို ငါ သတ်မယ်ကွ"
အကိုကြီးကျင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ တဟုန်ထိုး ခုန်ဝင်လာ၏။
ဟေးလျန်ဝေသည် အကိုကြီးကျင်၏ တိမ်တိုက်ထက်ခြမ်းခွဲခြင်းကို လက်အစုံကို မြောက်ကာ ကာကွယ်လိုက်၏။ တဆက်တည်းမှာပင် သူက အနီးရှိ စုချန်းကို လက်ဝါးနှင့် ရိုက်ချလိုက်လေသည်။ စုချန်းကို သတ်နိုင်မှ အကိုကြီးကျင်ကို ကယ်တင်နိုင်မည်မှန်း သူ သဘောပေါက်ထားသည် မဟုတ်ပါလား။
အုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး စုချန်း၏ ကိုယ်ခန္ဓာမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ဟေးလျန်ဝေ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်လေသည်။
"ဒါ...ဒါ...အကိုကြီးကျင်ရဲ့ မှောင်မိုက်ခြင်းကြာပွင့်မလား"
ဟေးလျန်ဝေ မျက်လုံးပြူးသွား၏။
အကိုကြီးကျင်က စုချန်းကို ဝင်ရောက်ကာကွယ်ပေးလိုက်မှန်း ချက်ချင်းလိုလိုပင် ဟေးလျန်ဝေး သဘောပေါက်သွား၏။
သေစမ်း...ဒီကောင် စုချန်းကို သတ်ပစ်မှရမယ်...
အတွေးနှင့်အတူ ဟေးလျန်ဝေသည် ရွှေတောင်ပံကျားကို ထပ်မံ ဖန်တီးလိုက်၏။ ကြီးမားလှသော ကျားကြီးကြောင့် ဟေးလျန်ဝေ၏ ပုံစံသည် ထူးဆန်းသော အရှိန်အဝါတမျိုးကို ဆောင်နေလေသည်။
ဧရာမကျားကြီး၏ လက်သည်းများသည် စုချန်းဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။
ထိုအချိန်မှာပင် စုချန်းကို ဖုံးအုပ်ထားသည် အနက်ရောင်ကြာပန်းသည် ပွင့်လန်းလာ၏။ အနက်ရောင်မြူခိုးများသည် ပန်း၏ ပွင့်ချပ်များနှင့် တူညီနေလေသည်။ ၎င်း ပွင့်ချပ်များသည် စုချန်းကို သယ်ဆောင်သွားပြီး ကျားလက်သည်းများကို ရပ်တန့်စေလိုက်၏။
ဟေးလျန်ဝေ ဒေါသထွက်လာ၏။ သူက ကျားလက်သည်းကို ၁၈ကြိမ်တိတိ ဖော်ထုတ်တိုက်ခိုက်လိုက်ပြန်သည်။ အကိုကြီးကျင်ကလည်း အနက်ရောင်ကြာပန်းကို အသုံးပြုကာ ဟေးလျန်ဝေ၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်၏။
ဟေးလျန်ဝေ ဒေါသအိုးပေါက်ကွဲသွားလေပြီ။
"မင်း သူ့လှည့်ကွက်ထဲ ကျနေပြီ မြန်မြန်နိုးပါတော့"
"ဘယ်ကလာ မင်းကမှ သူ့ထောင်ချောက်ထဲ ရောက်နေတာ မြန်မြန်နိုးတော့"
အကိုကြီးကျင်ကလည်း ဒေါသတကြီးနှင့် ပြန်အော်ပြီး အမှောင်တိမ်တိုက်ထက်ခြမ်းခွဲခြင်းသွေးဗီဇကို ထပ်မံနှိုးဆွလိုက်၏။ အနက်ရောင်ကြာပန်းသည် ကြမ်းတမ်းစွာ လှုပ်ရှားလာပြီး ဟေးလျန်ဝေကို စတင်ဖိအားပေးစ ပြုလာခဲ့လေပြီ။
"ခွေးမသား ခွေးမသား အလကားကောင် မင်းနားလည်လာအောင် ငါ ဘယ်လို ရှင်းပြရမှာလဲ"
ဟေးလျန်ဝေသည် တခါမှ မကြုံဖူးလောက်အောင် ဒေါသထွက်လာ၏။ ထို့နောက် သူသည် စကားပြောခြင်းကို လက်လျော့ပြီး စုချန်းကို သတ်ဖြတ်ရန်သာ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။
စုချန်းကို သတ်နိုင်မှ အကိုကြီးကျင်တယောက် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိလာမည် မဟုတ်ပါလား။
ဟေးလျန်ဝေသည် သူ၏ ရွှေတောင်ပံကျားသွေးဗီဇကို အမြင့်ဆုံးအနေအထားထိ နှိုးဆွလိုက်၏။ ကြီးမားလှသော ရွှေရောင်တောင်ပံကြီးကြောင့် ပြင်းထန်သော လေပြင်းများ ပေါ်ပေါက်လာပြီး ကောင်းကင်တခွင်လုံးတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ မိုးခြိမ်းသံများအကြားမှ ဆက်တိုက်ပေါ်ပေါက်လာသည့် လက်သီးချက်များသည်ကား မကြုံစဖူး မီးတောက်မီးလျံများနှင့်စွမ်းအင်လှိုင်းများကို ဖော်ဆောင်နေတော့သည်။
ဟေးလျန်ဝေကဲ့သို့ပင် အကိုကြီးကျင်သည်လည်း ဒေါသထွက်လာဟန် ပေါ်၏။
အနက်ရောင်ကြာပန်းသည် ကျယ်သည်ထက် ကျယ်ပြန့်လာပြီး ၎င်း၏ ပွင့်ညှာများသည် တဖြည်းဖြည်းနှင့် အနက်ရောင်လက်သည်းကြီးများပမာ ဖြစ်ပေါ်လာကြောင်း အံ့သြသင့်စဖွယ် မြင်တွေ့နေရသည်။ နောက်ဆုံးတွင်တော့ အကိုကြီးကျင်၏ အနက်ရောင်ကြာပန်းက ဟေးလျန်ဝေ၏ ရွှေတောင်ပံကျားကို ဝါးမြိုစပြုလာတော့သည်။
"မင်း ခုထိ သတိမရသေးဘူးလား"
အကိုကြီးကျင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အသံသည် စိုးရိမ်ထိတ်လန့်နေဟန်ရှိ၏။
အကိုကြီးကျင်၏ စိုးရိမ်ထိတ်လန့်နေဟန်အသံကို ကြားရသောအခါ ဟေးလျန်ဝေ ရင်တုန်ပန်းတုန် ဖြစ်သွား၏။
သူ့အသံဟာ ထိန်းချုပ်ခံထားရတာနဲ့ မတူပါကလား...
သူ မဟုတ်ဘူးဆိုရင် စုချန်း ထိန်းချုပ်နေတာ ငါ့ကိုများလား...
ဘာတွေဖြစ်ကုန်ပြီလဲ...
စုချန်းနှင့် စတင်စကားပြောဆိုသည့် အခိုက်အတန့်ကို ဟေးလျန်ဝေ ပြန်စဉ်းစားကြည့်၏။ သူ့ကို စိုက်ကြည့်နေသည့် စုချန်း၏ မျက်လုံးအစုံတွင် အရှိန်အဝါတမျိုး ရှိနေကြောင်း သူ သတိရလာသည်။
ဒီကောင် အဲဒီကတည်းက ငါ့ကို ထိန်းချုပ်ထားတာပဲ...
ဒါဆိုရင် ထိန်းချုပ်ခံထားရတာ အကိုကြီးကျင် မဟုတ်ဘူး...
ငါပဲ...
ဒါဆိုရင် အကိုကြီးကျင်ကို တချိန်လုံး တိုက်ခိုက်နေတာ ငါပဲပေါ့...
ဟေးလျန်ဝေသည် နောင်တရလာ၏။ တချိန်တည်းမှာပင် ဒေါသထွက်လာပြန်သည်။
သူ့အမြင်အာရုံမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ တချိန်လုံး စုချန်း၏ ယူဆပြီး သူ လိုက်လံတိုက်ခိုက်နိုင်သူမှာ အကိုကြီးကျင် အမှန်ပင်တည်း။ အနက်ရောင်ကြာပန်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့။
"အကိုကြီးကျင်"
မြေကြီးပေါ်သို့ ဒူးတဖက်ထောက် ထိုင်ကျသွားရင်း ဟေးလျန်ဝေက ခေါ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများ စီးကျနေ၏။
"မင်း သတိရလာပြီပေါ့"
အကိုကြီးကျင်က ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
ကနဦးတိုက်ပွဲတွင် ဟေးလျန်ဝေ အထိနာသွားသလို အကိုကြီးကျင်သည်လည်း မသက်သာလှချေ။
"မင်း သတိရလာရင် ပြီးတာပဲ နောက်တကြိမ် အလိမ်မမိစေနဲ့တော့"
အကိုကြီးကျင်က ပြောပြောဆိုဆို ဟေးလျန်ဝေကို ပွေ့ထူလိုက်၏။
ဟေးလျန်ဝေကလည်း တစုံတခု ပြန်လည်ပြောဆိုရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် သူ့ရင်ဘတ်ဆီမှ ပြင်းထန်သော နာကျင်မှုကို ဟေးလျန်ဝေ ခံစားလိုက်ရသည်။
ခေါင်းကို ငုံ့ကြည့်လိုက်ရာ အကိုကြီးကျင်၏ လက်သီးက သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်နေကြောင်း ဟေးလျန်ဝေ တွေ့လိုက်ရ၏။
ဘာတွေဖြစ်ကုန်တာလဲ...
ဟေးလျန်ဝေ အူကြောင်ကြောင်နှင့် အကိုကြီးကျင်ကို မော့ကြည့်လိုက်မိ၏။ သို့သော် သူ မြင်တွေ့လိုက်ရသည်မှာကား စူးရှအေးစက်သော မျက်လုံးတစုံနှင့် သနားညှာတာမှုကင်းမဲ့သော မျက်နှာ။
လက်စသတ်တော့ စုချန်းပေတကား။
ဟေးလျန်ဝေ နောက်တကြိမ် အလိမ်မိသွားပြန်ချေပြီ။
သူ အကြီးအကျယ် ဒေါသထွက်သွား၏။
အား!!!!!!!!!
သို့သော်...