အသေအကြေတိုက်ပွဲ ၃
Vol. 40 Ch. 395
တောအုပ်အပြင်သို့ ရောက်လာချိန်တွင် စုချန်းနှင့် ဟေးလျန်ဝေတို့ မျက်နှာချင်းဆိုင် ရှိနေကြောင်း အကိုကြီးကျင် မြင်တွေ့လိုက်ရသည်။
သူတို့၏ ရန်သူမှာ စုချန်း ဖြစ်နေကြောင်း သိလိုက်ရ၍ အကိုကြီးကျင် အတော်လေး အံ့သြသွားသည်။ သူ ပို၍ အံ့သြသွားသည်မှာကား စုချန်း ပြောလိုက်သည့် စကားကြောင့်ပင်။
စုချန်းသည် ယန်ဖွင့်လှစ်ခြင်းပညာရှင်နှစ်ယောက်ကို တယောက်တည်း ရင်ဆိုင်ရန် စီစဉ်နေသည် မဟုတ်ပါလား။
တကယ်တော့ ထိပ်တန်း သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်သည် သူတို့ထက် အဆင့်မြင့်အလွှာရှိ ပညာရှင်များကို အနိုင်ရရှိနိုင်သည်မှာ ဘာမှ မထူးဆန်းချေ။ အကြောင်းမှာ အဆင့်မြင့် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်များ၏ အင်အားသည် အားနည်းသော ယန်ဖွင့်လှစ်ခြင်းပညာရှင်များကို ဖိနှိပ်ထားနိုင်သောကြောင့်ပင်။
သု့ိသော် စုချန်းကျတော့ မည်သို့ ဖြစ်နိုင်အံ့နည်း။
စုချန်းသည် တော်ဝင်သွေးဗီဇပိုင်ရှင် ဖြစ်ဖို့အသာထား။ သွေးနှောပင် မဟုတ်။ မည်သည့် သွေးဗီဇမှ မပိုင်ဆိုင်သည့် သာမာန်လူတန်းစားသာ ဖြစ်သည်။ သို့တိုင်အောင် ၎င်းသည် ထိပ်တန်း သွေးဗီဇပိုင်ရှင်အဖြစ် ကိုယ့်ကိုယ်ကို အထင်ကြီးနေသေးသည်။ ထောင်လွှားလှချေသည်တကား။
အကိုကြီးကျင်သည် အလိုလိုနေရင်း ဒေါသထွက်လာ၏။
သူက မေးလိုက်သည်။
"မင်းအနေနဲ့ ဒီလို လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
"လုပ်နိုင် မလုပ်နိုင် တကယ်တမ်း တိုက်ခိုက်ကြတဲ့ အချိန်ကျရင် သိမှာပေါ့ကွာ"
စုချန်းက ပြန်ဖြေလိုက်၏။
"ကောင်းပြီလေ ဒါဆိုရင်လဲ မင်းကို နည်းနည်းပါးပါး ဓားရာလေး ပေးရသေးတာပေါ့"
အကိုကြီးကျင်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ဟေးလျန်ဝေ ဒီတိုက်ပွဲဟာ ငါနဲ့ သူနဲ့ကြားက တိုက်ပွဲပဲ မင်း ဝင်မရှုပ်ပါနဲ့"
မည်သည့် တုံ့ပြန်မှုမှ ပြန်မလာ။
အကိုကြီးကျင် အံ့သြသွားသည်။ သူက ဟေးလျန်ဝေကို လှမ်းကြည့်လိုက်၏။ ဟေးလျန်ဝေကား မည်သည့် လှုပ်ရှားမှုမှ မရှိပဲ ငေးငိုင်သော အမူအရာနှင့် ရှိနေကြောင်း သူ တွေ့လိုက်ရသည်။
"ဟေးလျန်ဝေ မင်း ဘာဖြစ်နေတာလဲ"
ဟေးလျန်ဝေ ဘာမှ ပြန်မပြောချေ။
ထိုအချိန်မှာပင် စုချန်းက ရုတ်ချည်းဆိုသလို လှုပ်ရှားကာ မီးလျံသိမ်းငှက်တကောင်ကို ဖော်ထုတ်လိုက်၏။
အနှီ မီးလျံသိမ်းငှက်ကား ထူးဆန်းလှသည်။ လေထဲမှာပင် ဝုန်းခနဲ ပေါက်ကွဲသွားခြင်းဖြစ်သည်။ မီးတောက်မီးလျံများက အကိုကြီးကျင်ထံသို့ ကျရောက်လာ၏။ သို့သော် ၎င်းမီးတောက်မီးလျံများသည် မည်သည့် စွမ်းအားမှ မရှိသည့် သာမာန်မီးလျံများသာ ဖြစ်လေရာ အကိုကြီးကျင်အဖို့ နာကျင်ခြင်းပင် မရှိ။ စုချန်း၏ တိုက်ခိုက်မှုကား ဟာသပင် ဆန်နေချေသေးသည်တကား။
သို့သော် ထိုအချိန်မှာပင် ဟေးလျန်ဝေက ရုတ်တရက် ရယ်မောရင်း ပြောလိုက်သောကြောင့် အကိုကြီးကျင် အံ့သြသွားသည်။
"အကိုကြီးကျင် မင်းနိုးလာပြီပေါ့ လက်စသတ်တော့ ဒီထိန်းချုပ်မှုက နည်းနည်းလောက် ထိမိတာနဲ့တင် ပြန်နိုးလာနိုင်တာပေါ့"
ဘာလဲဟ...ဟေးလျန်ဝေ...ဒီကောင် ဘာတွေ ပြောနေတာလဲ...
ဘာထိန်းချုပ်မှုလဲ...ထိန်းချုပ်ခံနေရတာက မင်းမဟုတ်လား...
အကိုကြီးကျင် ဒေါသထွက်လာ၏။ သူက တစုံတခု ပြောဆိုရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ဟေးလျန်ဝေက ရှေ့သို့ လှမ်းတက်ပြီး သူ့ကို လက်သီးနှင့် လှမ်းထိုးလိုက်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
အကိုကြီးကျင်သည် ထိုအတွက် ဘာမှ ပြင်ဆင်ထားခြင်း မရှိလေရာ လက်သီးနှင့် အထိုးခံလိုက်ရလေသည်။ လက်သီးချက်သည် အားပါခြင်းမရှိလှ၍ အကိုကြီးကျင် ဒဏ်ရာရလိုက်ခြင်း မရှိ။ သို့သော် သူ ဒေါသထွက်လာ၏။
"ဟေးလျန်ဝေ ခွေးမသား ဘာလို့ ငါ့ကို ထိုးနေတာလဲကွ"
"ငါက မင်းကို ကူညီနေတာကွ"
ဟေးလျန်ဝေက ပြန်ဖြေလိုက်သည်။
အကိုကြီးကျင် ဘာမှ ပြန်ပြောခြင်းမရှိ။ ဟေးလျန်ဝေတယောက် အကိုကြီးကျင်၏ လှည့််ကွက်ထဲသို့ ကျကျနန ကျရောက်သွားပြီမှန်း သူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။
စုချန်း၏ စိတ်လှည့်စားခြင်းနည်းစနစ်သည် သိပ်မြင့်မားခြင်း မရှိလှသေး။ လူပုဂ္ဂိုလ်များအား ထိန်းချုပ်ရာတွင် ချင်းလင်အာနှင့် တခြားလူများထက်စာလျင် များစွာ နိမ့်ကျနေသေးသည်။
သို့သော် စုချန်း၏ အားသာချက်မှာ သူ့နည်းစနစ်ကို အသုံးချရာတွင် တခြားလူများထက် နည်းဗျုဟာ များစွာ ကြွယ်ဝနေခြင်းပင် ဖြစ်သည်။
သူ့အနေနှင့်စိတ်လှည့်စားခြင်းနည်းစနစ်ကို တစုံတဦးအား အလုံးစုံ ထိန်းချုပ်ရန် အသုံးမပြုပေ။ ထိုအစား သူက အမှန်တရားကို ရှုပ်ထွေးသွားစေရန်သာ အသုံးပြုနေခြင်း ဖြစ်သည်။
စုချန်း၏ ထိန်းချုပ်မှုအောက်သို့ အမှန်တကယ် ကျရောက်နေသူမှာ ဟေးလျန်ဝေ ဖြစ်သော်လည်း ၎င်း၏ စိတ်ထဲတွင်တော့ အကိုကြီးကျင်ကိုသာ ထိန်းချုပ်ခံထားရသည်ဟု ယူဆနေလေသည်။ သူ မြင်နေသမျှ အရာအားလုံးကိုလည်း အမှန်တရားဟုသာ ထင်နေလေသည်။
အကိုကြီးကျင်အနေနှင့် စုချန်း အသုံးပြုနေသည့် နည်းစနစ်အကြောင်းကို ဂဃနဏ သိသည်မဟုတ်။ သူ သိထားသည့်် တခုတည်းသော အရာမှာ ဟေးလျန်ဝေကား စုချန်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီ ဟူသည့်အချက်ကိုသာ ဖြစ်သည်။
အကိုကြီးကျင်သည် ယခုအချိန်ထိ ကိုယ့်စိတ်ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သောကြောင့် ပြန်မတိုက်သေးချေ။ သို့သော် ဟေးလျန်ဝေက နောက်တကြိမ် တိုက်ခိုက်လာချိန်တွင်တော့ သူက ဒေါသထွက်လာကာ ပြန်လည်တိုက်ခိုက်မိတော့သည်။
အကိုကြီးကျင်တို့နှစ်ယောက် အချင်းချင်း ပြန်တိုက်ကြသော နောက်ပိုင်းတွင်တော့ အရာအားလုံးသည် စုချန်းအတွက် ပိုမို လွယ်ကူသွားတော့သည်။
ထိုကြားထဲ ဟေးလျန်ဝေက သူခိုး လူပြန်ဟစ်နေသေးသည်။
"အကိုကြီးကျင် မင်း ရူးနေပြီလား ငါ့ကို တကယ်ကြီး ပြန်ထိုးတယ်ပေါ့"
စုချန်းသည် သေစေနိုင်သော စုန်းမကို ချိန်သားကိုက် အသုံးချနေ၏။ ထိုအချိန်တွင် ဟေးလျန်ဝေ၏ မျက်လုံးထဲ၌ အကိုကြီးကျင်သည် နတ်ဆိုးတကောင်နှင့် တူနေလေသည်။ သို့သော် သူ မြင်တွေ့နေရသော အကိုကြီးကျင်သည် ပုံရိပ်ရောင်သာဖြစ်ကြောင်း ဟေးလျန်ဝေ မသိချေ။
ထိုအချိန်တွင် ပြင်ပလောကမှ အစစ်အမှန် အကိုကြီးကျင်သည် စုချန်းအား ရေကုန်ရေခန်း လိုက်လံတိုက်ခိုက်နေ၏။ အဖြစ်မှန်ကို မသိသော ဟေးလျန်ဝေမှာကား မြွေပူရာ ကင်းမှောင့်ဆိုသလို အကိုကြီးကျင်အား တိုက်ခိုက်မိနေရရှာသည်။
စုချန်းအတွက်ကား ဤအချိန်ကလေးသည် အခက်ခဲဆုံးဟု ဆိုနိုင်သည်။
သူ၏ စိတ်လှည့်စားခြင်းနည်းစနစ်သည် တစုံတဦးအား တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်းမရှိပဲ အမှန်တရားကို ရှုပ်ထွေးသွားစေနိုင်သည့် ပုံရိပ်ယောင်နယ်ပယ်မျိုးကိုသာ ဖန်တီးပေးနိုင်ခြင်း ဖြစ်သည်။ သေစေနိုင်သော စုန်းမ၏ စွမ်းရည်အရ စုချန်းအနေနှင့် တစုံတယောက်ကို ပုံရိပ်ယောင်နယ်ပယ်ထဲတွင် ဖမ်းစားထားရန်မှာ သိပ်မခက်လှ။ သို့သော် တဖက်တွင်ကား စုချန်းသည် အကိုကြီးကျင်၏ တိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းနေရလေသည်။
ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းသည် နောက်ထပ် အသုံးတည့်နိုင်မည့် နည်းစနစ်တမျိုးကို တတ်ကျွမ်းထားခြင်းပင် ဖြစ်သည်။
စိတ်ရှုပ်ထွေးခြင်းနည်းစနစ်။
ထိုနည်းစနစ်အား စုချန်းက ချင်းလင်အာထံမှ သင်ယူထားခြင်း ဖြစ်သည်။ ထိုနည်းစနစ်သည် ကန့်သတ်ချက်အတော်များများ ရှိနေသော်လည်း လက်တွေ့တွင်တော့ အတော်လေး အသုံးဝင်၏။ သို့သော် စိတ်ရှုပ်ထွေးခြင်းနည်းစနစ်ကို အသုံးပြုနိုင်ရန် လိုအပ်ချက်ကတော့ အတော်ပင် မြင့်မားလှသည်။ စုချန်းအနေနှင့် ထိုလိုအပ်ချက်တိုင်းကို ပြည့်စုံအောင် စီမံနိုင်စွမ်း မရှိသည်ကတော့ အမှန်ပင်။ ကျေးဇူးတင်စရာကောင်းနေသည်မှာကား ဟေးလျန်ဝေ၏ လက်ရှိအခြေအနေအရ ထိုနည်းစနစ်ကို အသုံးပြုနိုင်ရန် လိုအပ်ချက် အများကြီး မလိုတော့ခြင်းပင်။
ဟေးလျန်ဝေသည် မူလကတည်းက သေစေနိုင်သော စုန်းမ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေသူ ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့်် စိတ်ရှုပ်ထွေးခြင်းနည်းစနစ်ကို အနည်းငယ် ပေါင်းစပ်အသုံးပြုလိုက်ရန်သာ လိုအပ်၏။ ထို့ပြင် စုချန်းသည် ဟေးလျန်ဝေအား အကိုကြီးကျင်ကို သူပုံရိပ်အဖြစ် မြင်တွေ့ရစေရန် အတင်းအကျပ် ဖိအားပေးခြင်းမရှိ။ ထိုအစား သူက ပို၍ လွယ်ကူရိုးရှင်းသော နည်းလမ်းကိုသာ အသုံးပြုထား၏။ ၎င်းမှာ အကိုကြီးကျင်အပေါ်တွင် စုချန်းက သူ့ပုံရိပ်ကို ထင်ဟပ်ထားစေခြင်းပင် ဖြစ်သည်။ ဤနည်းအားဖြင့် ဟေးလျန်ဝေသည် အကိုကြီးကျင်အား ကြည့်လိုက်တိုင်း စုချန်းအဖြစ်သာ မြင်တွေ့နေတော့မည် ဖြစ်သည်။
တကယ်တော့ စုချန်းကိုသာ အနီးကပ်စိုက်ကြည့်လိုက်လျင် ဝေဝါးနေသော ပုံရိပ်များကြောင့် လှည့်ကွက်မှန်း ဟေးလျန်ဝေ သိရှိသွားနိုင်စရာ ရှိသည်။ သို့သော် လက်တွေ့တွင်ကား ဟေးလျန်ဝေ ထိုသို့ မလုပ်ဆောင်ခဲ့ချေ။ တဖက်တွင်လည်း အနက်ရောင်ကြာပန်းက အမြင်ကို ရှုပ်ထွေးစေလေရာ ဟေးလျန်ဝေအနေနှင့် အမှန်တရားကို မည်သို့မှ သိမြင်နိုင်စွမ်းမရှိခဲ့။
တချိန်တည်းမှာပင် အကိုကြီးကျင်သည်လည်း သူ့ကိုယ်သူ သေစေနိုင်သောစုန်းမ၏ သားကောင်ဘဝသို့ ကျရောက်နေခဲ့မှန်း သဘောမပေါက်ခဲ့ချေ။
ဟေးလျန်ဝေနှင့် မတူသည်မှာကား သူ့အပေါ် သေစေနိုင်သော စုန်းမ၏ လွှမ်းမိုးမှုသည် သူ့ထင်မြင်ချက်နှင့်သာ ပို၍ ဆက်စပ်နေ၏။ အကိုကြီးကျင်၏ စိတ်ထဲတွင် စုချန်း၏ နည်းစနစ်သည် တစုံတယောက်ကို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်းရှိသည်ဟုသာ ယူဆနေ၏။
ထို့အတွက်ကြောင့်ပင် ဟေးလျန်ဝေအား နိုးထလာစေနိုင်မည့် အခွင့်အရေးကို အကိုကြီးကျင် လက်လွတ်ခဲ့ရရှာသည်။ နောက်ဆက်တွဲရလဒ်မှာကား သူနှင့် ဟေးလျန်ဝေအကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ်လာစေခြင်းပင်။
စုချန်း မလုပ်ဆောင်နိုင်ခဲ့သည့် တခုတည်းသောအရာမှာ အကိုကြီးကျင်၏ စွမ်းအင်အဆင့်အတန်းကို မဖုံးကွယ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တကယ်တော့ အကိုကြီးကျင်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာထဲသို့ပင် ရောက်ရှိနေခဲ့လေပြီ။
နောက်ဆုံးတွင်တော့ ဟေးလျန်ဝေတယောက် ပြန်လည်နိုးထလာ၏။
"အကိုကြီးကျင်"
သူက ရေရွတ်လိုက်သည်။
"မင်း သတိရလာပြီပေါ့"
အကိုကြီးကျင်က ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလိုက်၏။
ကနဦးတိုက်ပွဲတွင် ဟေးလျန်ဝေ အထိနာသွားသလို အကိုကြီးကျင်သည်လည်း မသက်သာလှချေ။
"မင်း သတိရလာရင် ပြီးတာပဲ နောက်တကြိမ် အလိမ်မမိစေနဲ့တော့"
အကိုကြီးကျင်က ဟေးလျန်ဝေကို ပွေ့ကာ မူလစွမ်းအင်တချို့ ဖြည့်သွင်းပေးလိုက်၏။ ထိုအချိန်မှာပင် ဟေးလျန်ဝေ၏ မျက်လုံးများ နောက်တကြိမ် ရီဝေဝေ ဖြစ်သွားသည်ကို အကိုကြီးကျင် မြင်တွေ့လိုက်ရပြန်သည်။
ဟာ...အခြေအနေ မကောင်းဘူး...
ဒီကောင် နောက်တကြိမ် ထိန်းချုပ်ခံလိုက်ရပြန်ပြီ ထင်တယ်...
အကိုကြီးကျင်၏ အာရုံထဲတွင် အချက်ပေးခေါင်းလောင်းသံများ အော်မြည်လာ၏။ သူက အချိန်မီ နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ဟးလျန်ဝေ၏ ကိုယ်တွင်းဆီမှ ကြီးမားသော ပေါက်ကွဲမှုကြီးတခု ပေါ်ပေါက်လာတော့သည်။
"မဟုတ်ဘူး"
အကိုကြီးကျင် အရူးတယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။ သို့သော် ကြောက်စရာ စွမ်းအင်လှိုင်းများက အကိုကြီးကျင်အား လျင်မြန်စွာ ဝါးမြိုသွားခဲ့လေပြီ။
အား!!!!
နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်သော ငြီးငြူသံကြီး၏ အဆုံးဝယ် မီးတောက်မီးလျံများသည် တဖြည်းဖြည်း လျော့နည်းသွား၏။ နောက်ဆုံး ကြွင်းကျန်ရစ်သည်မှာကား မီးသွေးတုံးကဲ့သို့ မဲနက်နေသော ပုံရိပ်တရိပ်သာ ဖြစ်လေသည်။
"စုချန်း...ခွေးမသား မင်း မသေသေးဘူးလား"
အကိုကြီးကျင်က အက်ကွဲနေသော အသံနှင့် အော်ဟစ်လိုက်သည်။
စုချန်းကား ခေါင်းကိုက်ဝေဒနာကြောင့် နားထင်ကို ပွတ်သပ်လျက် ရှိလေသည်။
စုချန်း ခံစားနေရသည့် ခေါင်းကိုက်ဝေဒနာမှာ အကိုကြီးကျင်ကြောင့် မဟုတ်ပေ။ သေစေနိုင်သော စုန်းမကို ထပ်ခါ ထပ်ခါ အသုံးပြုလိုက်ရ၍ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားသောကြောင့်သာတည်း။
အမှန်တရားကို ရှုပ်ထွေးသွားစေရန် စုချန်း အသုံးပြုခဲ့ရသည့် သေစေနိုင်သောစုန်းမ၏ စွမ်းအင်သုံးစွဲမှုမှာ မယုံနိုင်လောက်အောင် မြင့်မားလှ၏။ စုချန်းသာအကိုကြီးကျင်တို့ထက် စိတ်ဝိညဉ်စွမ်းအား မြင့်မားခြင်းမရှိလျင် ဤအခြေအနေထိ တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့စေကာမူ ယန်ဖွင့်လှစ်ခြင်းပညာရှင်နှစ်ယောက်အား ကိုယ့်အစွမ်းအစနှင့်ကိုယ် ရှင်းပစ်နိုင်ခြင်းဖြစ်လေရာ စုချန်းအဖို့ အတော်ပင် ဂုဏ်ယူစရာ ကောင်းနေခဲ့လေပြီ။
သို့သော် စုချန်းကို ကြည့်ရသည်မှာ ပုံမှန်အတိုင်းပင် ရှိလေ၏။ တစက်ကလေးမှ အားကုန်ဟန် မပေါ်။
ထို့နောက် သူက လက်တဖက်ကို လှုပ်ရှားလိုက်ရာ ပြင်းထန်စွာ ပေါက်ကွဲနိုင်သည့် မီးလျံသိမ်းငှက်ကြီးတကောင် ပေါ်ပေါက်လာပြီး အကိုကြီးကျင်အား ဖုံးအုပ်သွားလေသည်။
ဤတကြိမ်တွင်တော့ အကိုကြီးကျင်အနေနှင့် အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့။