ကုန်စည်များအား ဖြတ်ခုတ်ခြင်း
Vol. 40 Ch. 397
တိုက်ပွဲမှာ ရက်စက်ကြမ်းကြုတ်လှ၏။
တိုက်ပွဲအချိန် ကြာမြင့်လာသည်နှင့်အမျှ ကြွင်းကျန်ရစ်သော လူတချို့သည် ဆက်လက်တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ပဲ ထွက်ပြေးရန် ကြိုးစားအားထုတ်လာကြတော့သည်။
ထိုအချိန်တွင် အရိပ်အစေခံများ အသုံးချနေသည့် မိုးကြိုးမီးလျံစက်လုံးများနှင့် သံမဏိ သောက်သုံးထားသည့် ဆေးစွမ်းအားကလည်း များစွာ တာသွားလှသည်။
လူအများစုသည် ပြန်လည်တိုက်ခိုက်ရန် ဝေးစွ။ ထွက်ပြေးရန်သာ အလစ်ချောင်းနေကြ၏။ သူတို့၏ ရဲစိတ်ရဲမာန်များကား လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ။ ထိုအချိန်တွင် ရွာသားများသည် အထူးပင် စိတ်ဓာတ်တက်ကြွလာပြီး သံမဏိနှင့်အတူ ထွက်ပြေးနေသော သိုင်းသမားများအား လက်စတုန်းချေမှုန်းကြကုန်၏။
ရွာသားများသည် အဓိကတိုက်ပွဲတွင် အသုံးမတည့်လှသော်လည်း ထွက်ပြေးနေသော ကြွင်းကျန်ရစ်သူတချို့အား လက်စတုံးရန်နှင့် တိုက်ပွဲမြေပြင်အား ရှင်းလင်းရာတွင် အထူးပင် အသုံးဝင်လှ၏။ အနည်းဆုံးတော့ သံမဏိနှင့် ကျန်လူများအတွက် အင်အားစိုက်ထုတ်နေရန် မလိုအပ်တော့ပေ။
မီးတောက်မီးလျံများကား တဖြည်းဖြည်း ငြိမ်းအေးသွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တခုလုံးသည်လည်း ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။ မြေပြင်တခုလုံးတွင် အလောင်းများနှင့် ပြန့်ကျဲနေ၏။ လူအနည်းငယ်လောက်သာလျင် အသက်နှင့်ကိုယ်မြဲကာ ထွက်ပြေးလွတ်မြောက်သွားကြလေသည်။
သံမဏိကား အတော်ပင် မောပန်းနေခဲ့လေပြီ။ သံချပ်ကာဝတ်စုံကို ချွတ်လိုက်သည်နှင့် သူ့ကိုယ်ပေါ်မှ ချွေးများ မိုးရွာချလိုက်သည့်ပမာ စီးကျလာ၏။
"ကြည့်ရတာ ငါတို့ဘက်က အခြေအနေကောင်းတယ်နဲ့ တူတယ်"
စုချန်းက လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ဒီလိုရလဒ်မျိုးကိုသခင့်အနေနဲ့ ဟိုးအရင်ကတည်းက မျှော်လင့်ထားတာ မဟုတ်ဘူးလား"
သံမဏိက ပြန်မေးလိုက်သည်။
"တိုက်ပွဲအဆုံးသတ်ကိုတော့ ကြိုတွေးထားတာပေါ့ကွာ ဒါပေမဲ့ ဒီလောက်ထိ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မယ်လို့တော့ မထင်ထားဘူးကွ"
စုချန်းက မသိမသာ ပြုံးရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ကွေ့တာရှန်းက လမ်းလျှောက်လာပြီး လေးလံအက်ကွဲသော အသံနှင့် ပြောလိုက်သည်။
"သခင် တတိယညီလေး သေသွားပြီ"
"ကျုပ်သိတယ် သူ့မှာ မိသားစုတွေများ ကျန်ရစ်ခဲ့သေးလား"
"သူ့မှာ မိန်းမနဲ့ ကလေးတွေရှိတယ် သူတို့အားလုံး ယန်ပိုင်တောင်မှာ နေကြပါတယ် သခင်"
"ဒါဆိုရင်"
စုချန်းက ခေတ္တ စဉ်းစားရင်း ပြောလိုက်သည်။
"သူတို့အတွက် ရွှေစင် အချိန်တရာ ထုတ်ပေးလိုက် နောက်ထပ်လည်း နှစ်စဉ်နှစ်တိုင်း ရွှေစင်အချိန်တစ်ဆယ်စီ ထပ်ပေးသွားမယ် ပြီးတော့ သူတို့ကို ပြောလိုက် သူတို့သာ ဆန္ဒရှိမယ်ဆိုရင် ဒီကို ပြောင်းလာလို့ရမယ် ကျုပ်က သူတို့ကို စောင့်ရှောက်ပေးမယ် ဒါကလဲ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတယ်လို့"
"ကျေးဇူးအများကြီးတင်ပါတယ် သခင်"
ကွေ့တာရှန်းက ဝမ်းသာအားရ ဖြစ်သွား၏။
ဓားပြများသည် အလွန်တရာ ဆိုးသွမ်းရက်စက်ကြသော်လည်း ၎င်းတို့၏ ရဲဘော်ရဲဘက်များအပေါ်တွင်တော့ အထူးပင် သစ္စာရှိကြကုန်၏။ စုချန်းက ကွယ်လွန်သူ ရဲဘော်ရဲဘက်များအပေါ် အထူးတလည် ဂရုစိုက်ကြောင်း မြင်တွေ့လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် စုချန်းအပေါ်ပို၍ လေးစားကုန်ကြလေသည်။
တကယ်တော့ စုချန်း၏ နောက်လိုက်ဘဝသို့ ကျရောက်သွားပြီးကတည်းက သူတို့၏ လွတ်လပ်ခွင့်သည် အပြီးတိုင် ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ အသက်အန္တရာယ်နှင့်လည်း ပို၍ နီးကပ်လာ၏။ ထို့ကြောင့် စုချန်းက သူတို့အား အမြဲတစေ နွေးနွေးထွေးထွေး ဆက်ဆံလေ့ရှိလေသည်။ ပို၍ အရေးကြီးသည်မှာကား သူတို့၏ စွမ်းရည်သည် ယခင်ကထက်စာလျင် ဆထက်တံပိုး တိုးမြင့်လာခြင်းပင် ဖြစ်သည်။
စုချန်းသည် ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မားလာစေသည့် ဆေးဝါးများကို အမြဲလိုပင် တီထွင်ဖော်စပ်နေတတ်သူ ဖြစ်သည်။ ထိုဆေးဝါးများကို သူ့အတွက် သို့မဟုတ် သံမဏိအတွက် အရေးတကြီးမလိုအပ်ပါက ၎င်းဆေးများသည် အရိပ်အစေခံများအတွက်သာ ဖြစ်သွားလေ့ရှိသည်။ ရံဖန်ရံခါ စုချန်း၏ ညွှန်ကြားပြသမှုနှင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ၎င်းတို့၏ အင်အားမှာ သိသိသာသာပင် တိုးပွားလာတော့သည်။
ထို့ကြောင့် ဤအတောအတွင်းဝယ် ကွေ့တာရှန်းနှင့် ကျန်လူများ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းသည် သိသိသာသာပင် မြင့်မားလာကြ၏။ တဖက်တွင်လည်း စုချန်းက သွေးဗီဇမလိုပဲ အဆင့်မြင့်အလွှာများအတွင်းသို့ ဝင်ရောက်နိင်မည့် နည်းလမ်းများရှိနေကြောင်း သူတို့အား ပြောပြထားလေရာ ကွေ့တာရှန်းတို့မှာ အထူးပင် စိတ်လှုပ်ရှားနေကြ၏။ စုချန်း၏ နောက်လိုက် ဖြစ်ရသည့် ဘဝအပေါ်တွင်လည်း ပို၍ နှစ်သက်သဘောကျလာကြလေသည်။ သူတို့ကဲ့သို့ သာမာန်ဓားပြများအနေနှင့် သွေးဗီဇမလိုပဲ အဆင့်မြင့်နယ်ပယ်များသို့ ဝင်ရောက်နိုင်ရန်မှာ အင်မတန် ခက်ခဲလှသည် မဟုတ်ပါလား။
တဖက်တွင်လည်း စုချန်းက ဓားပြများအပေါ် ထင်သလောက် တန်ဖိုးမထားဟု ဆိုနိုင်သည်။ စုချန်းအတွက် ရွှေစင်တရာဟူသည်မှာ ပြောပလောက်စရာ မဟုတ်ချေ။
မည်သို့ဆိုစေ ကွေ့တာရှန်းအပါအဝင် အရိပ်အစေခံများအား စိတ်ကျေနပ်မှု ရရှိအောင် စုချန်းက ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူက ချာလိုင်နှင့် ရွာသားများဘက်သို မျက်နှာမူလိုက်၏။
ထိုအချိန်မှာပင် ချာလိုင်က စုချန်း၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
"ကျုပ်တို့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးစု"
"လုပ်ထုံးလုပ်နည်းတွေကို ခနလောက် မေ့ထားလိုက်စမ်းပါဗျာ တော်ဝင်မျိုးနွယ်စုတွေဟာ သေချာပေါက် ထပ်ပြီး တိုက်ခိုက်လာလိမ့်မယ် ကျုပ် သူတို့အကြောင်းကို ကောင်းကောင်းသိတယ် ပြီးတော့ ဒီနေရာဟာ သူတို့ရဲ့ စီးပွားရေး အရင်းအမြစ်ကြီး ဖြစ်နေတယ်လေ"
မူလဗျူရို ပြသနာတုန်းက စုချန်းသည် တော်ဝင်မျိုးနွယ်စုများ၏ ရန်ကို ဟန့်တားရန် သွေးဝတ်ရုံတပ်ဖွဲ့များကို အသုံးပြုခဲ့၏။ သို့သော် အနောက်မြစ်တောအုပ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေမှာက ား တော်ဝင်မျိုးနွယ်စုများအတွက် မူလဗျူရိုထက် ပို၍ အရေးပါနေ၏။ အနောက်မြစ်တောအုပ်ကြီးသည် တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးအတွက် စီးပွားရေးအခြေခံအုတ်မြစ်ကြီး ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် အနောက်မြစ်တောအုပ်ရှိ ရွာသားများအား တော်ဝင်မျိုးနွယ်စုများက လွှတ်ပေးမည်မဟုတ်သည်ကတော့ သေချာနေသည်။ သူတို့အနေနှင့် အမြန်ဆုံး တုံ့ပြန်လာမည်သာ။
ထိုအခြေအနေကို ချာလိုင်ကလည်း ကောင်းစွာ နားလည်သဘောပေါက်ထား၏။ သူက ခါးသီးသော လေသံနှင့် ပြောလိုက်သည်။
"ကျုပ်တို့လည်း ဘာမှမတတ်နိုင်ဘူး သူတို့ တောင်းဆိုသမျှ လိုက်လျောပေးရုံပဲ ရှိတော့တာပေါ့ဗျာ"
ချာလိုင်၏ စကားကြောင့် စုချန်း၏ အမူအရာမှာ ချက်ချင်းဆိုသလို အေးစက်တင်းမာသွား၏။
"ဒါနဲ့များ ဒီအခြေအနေထိ ဘာဖြစ်လို့ အရောက်ခံရတာလဲ ခင်ဗျားတို့ ဒီလို အညံ့ခံရအောင် ကျုပ် အကူအညီပေးတယ်လို့များ ထင်နေတာလား ကျုပ်ရန်သူတွေကို အင်အားဖြည့်ပေးမဲ့အစား ခင်ဗျားတို့ကို ခုချက်ချင်း သတ်ပစ်လိုက်တာကမှ ပိုကောင်းအုံးမယ်"
ချာလိုင်၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွား၏။ စုချန်းနှင့် အတိုက်အခံလုပ်၍ မဖြစ်မှန်း သူ ချက်ချင်း နားလည်သွားသည်။ ထိုအခါ သူက ခေါင်းငုံ့ကာ ပြောလိုက်၏။
"ကျုပ်စကားပြောမှားသွားပါတယ် ကျုပ်ကို ခွင့်လွှတ်ပါ သခင်လေးစု"
စုချန်းက စကားဆက်လိုက်ပြန်သည်။
"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အကြောက်တရားကိုတော့လည်း ကျုပ် နားလည်ပါတယ် ဘာပြောပြော ခင်ဗျားတို့အနေအထားနဲ့ တော်ဝင်မျိုးနွယ်စုတွေကို အန်မတုနိုင်တာတော့ အမှန်ပဲလေ"
စကားဆုံးသည်နှင့် သူက ကွေ့တာရှန်းကို လှမ်းကြည့်လိုက်၏။
ကွေ့တာရှန်းကလည်း စုချန်း၏ သဘောထားကို ချက်ချင်းပင် နားလည်လိုက်သည်။ သူက ကျယ်လောင်သောအသံနှင့် အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းတို့ တော်တော် အသုံးမကျတဲ့ကောင်တွေပဲ မင်းတို့အင်အားနဲ့ တော်ဝင်မျိုးနွယ်စုတွေကို အန်မတုနိုင်တာ မှန်တယ် ဒါနဲ့ပဲ ငါတို့သခင်က ကြောက်ရမှာလား ခုပဲကြည့်လေ သခင်က ဒီကောင်တွေကို မောင်းထုတ်လိုက်တာပဲ မဟုတ်ဘူးလား"
ချာလိုင် အံ့သြသွား၏။
"ဒါပေမဲ့ သခင်လေးစုက ကျုပ်တု့ိကို ကာကွယ်ပေးချင်စိတ်မှ မရှိပဲ"
"အဓိပ္ပါယ်မရှိလိုက်တာကွာ သခင့်အနေနဲ့ မင်းတို့ကို အလကားတော့ ကာကွယ်ပေးမလားကွ မင်းတို့ဘက်ကလည်း အနည်းဆုံးတော့"
ဤနေရာသို့အရောက်တွင် ကွေ့တာရှန်းက စကားကို ရပ်တန့်လိုက်သည်။ သူ့အနေနဲ့ စုချန်း ဘာလိုချင်မှန်း တိတိကျကျ မသိချေ။ ထို့ကြောင့် သူက စုချန်းကို လှည့်ကြည့်လိုက်၏။
စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားတို့အနေနဲ့ ကျုပ်ရဲ့ အကာအကွယ်ကို လိုချင်ရင် လွယ်ပါတယ် ဒီတောအုပ်ထဲက ခင်ဗျားတို့ ရှာဖွေတွေ့ရှိသမျှ အရင်းအမြစ်တွေ ကျုပ်ကို ရောင်းပေးရုံပဲ"
နောက်ဆုံးတော့ စုချန်း၏ လိုလားချက်က ပေါ်ထွက်လာခဲ့ချေပြီတည်း။
စုချန်းအနေနှင့် တော်ဝင်မျိုးနွယ်စုဝင်များ၏ စီးပွားရေးလမ်းကြောင်းကို ဖြတ်တောက်ပစ်ရန် ကြံစည်နေခြင်းပေတကား။
အနောက်မြစ်တောအုပ်ရှိ စီးပွားရေးလုပ်ငန်းများမှနေ၍ တော်ဝင်မျိုးနွယ်စုများသည် တနှစ်လျင် မူလကျောက်တုံး သန်းနှင့်ချီ၍ ရရှိနေ၏။ ထိုပမာဏမှာ နည်းလှသည်မဟုတ်ချေ။ အကယ်၍ ထိုဝင်ငွေများကိုသာ လက်လွှတ်ရပါက တော်ဝင်မျိုးနွယ်စုများအဖို့ အကြီးအကျယ် အထိနာသွားပေလိမ့်မည်။
ဤအခွင့်အရေးကြောင့်သာ မဟုတ်လျင် စုချန်းအနေနှင့် အဘယ်ကြောင့် ဓားခုတ်ရာ လက်ဝင်လျှိုနေမည်နည်း။
ဓားခုတ်ရာကို လက်ဝင်လျှိုလိုက်ခြင်းအားဖြင့် စုချန်းအဖို့ တန်ဖိုးရှိသော အချိန်များကို သေချာပေါက် ဆုံးရှုံးရပေတော့မည်။
များပြားလှသော ငွေကြေးကြောင့်သာ မဟုတ်လျင် စုချန်းအနေနှင့် အချိန်ကို အလဟသဟ အဖြစ်ခံစရာ အကြောင်းမရှိ။
များပြားသော ဓနဥစ္စာဟူသည် တခါတရံတွင် အချိန်ကို အစားထိုးနိုင်သည် မဟုတ်ပါလား။
ပျော်ရွှင်ခြင်းခံတပ်ရွာရှိ ရွာသားများအဖို့ကား ဆုံးဖြတ်ချက်တခုကို မလွဲမသွေ ချမှတ်ရပေတော့မည်။
ယခင်က သူတို့နှင့် စုချန်းအကြား ကုန်သွယ်မှုတချို့ ရှိခဲ့သော်လည်း ပမာဏအားဖြင့် နည်းလှသည်။ ယခုတော့ အခြေအနေမှာ မတူတော့။ တော်ဝင်မျိုးနွယ်စုများ၏ ကုန်သွယ်မှုအားလုံးကို စုချန်းက လက်လွှဲယူလိုက်သည့် သဘောသက်ရောက်နေလေရာ ပမဏအားဖြင့် ကြီးမားလှသည်။
စုချန်း၏ စကားကို ကြားသည်နှင့် ချာလိုင်က ခေတ္တစဉ်းစားရင်း ပြောလိုက်သည်။
"ဒါကျတော့ ခံတပ်ရွာက ရွာသားအားလုံးနဲ့ သက်ဆိုင်နေတယ် ကျုပ် တယောက်တည်း ဆုံးဖြတ်လို့မရပါဘူး သခင်လေးစု"
စုချန်းက ငြင်သာသော လေသံနှင့် ပြောလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခခံမနေပါနဲ့လေ ကျုပ်သာ မလာခဲ့ဘူးဆိုရင် ဒီကနေ့မှာ ခင်ဗျားတို့အားလုံး သေလူဖြစ်နေပြီ သေတဲ့လူတွေဟာ ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူးဗျ ကျုပ်အနေနဲ့ ကျန်ရွာသားတွေရဲ့ သဘောထားကို ဂရုမစိုက်ဘူး ခင်ဗျားရဲ့ သဘောထားကိုပဲ စိတ်ဝင်စားတယ် ဒီတော့ အကြီးအကဲချာလိုင် ခင်ဗျားအနေနဲ့ ကျုပ်နောက်ကို လိုက်မှာလား ဒါမှမဟုတ် သူတို့နောက်ကိုပဲ လိုက်မလား ထပ်ပြောရရင် ကျုပ်ဘက်က ခင်ဗျားတို့ကို တခုတော့ တိတိကျကျ ကတိပေးနိုင်တယ် ခင်ဗျားတို့ သုံးဆ လိုချင်နေတာမလား တော်ဝင်မျိုးနွယ်စုတွေဟာ တကိုယ်ကောင်းဆန်လွန်းတယ် ဒီလောက်လေးတောင် မပေးချင်ဘူး ဒီတော့ ကျုပ်နဲ့သာ အရောင်းအဝယ်လုပ်မယ်ဆိုရင် ကျုပ်က ခင်ဗျားတို့ကို ကာကွယ်ပေးရုံတင်မကဘူး မူလဈေးနှုန်းထက် ငါးဆ ပိုပေးမယ် ဘယ့်နှယ့်လဲ"
ကုန်ပစ္စည်းများအား မြို့ပေါ်တွင် အဆနှစ်ဆယ်ထိ ဈေးတင်ရောင်းချနိုင်၍သာ စုချန်းက ငါးဆ ပိုပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် ရွာသားများအတွက်တော့ ထိုပမာဏသည် ကြီးမားသော ပြောင်းလဲမှုပင် ဖြစ်သည်။ ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးကောင်းရခြင်းကြောင့် သူတို့၏ လူနေမှုအဆင့်အတန်းမှာလည်း များစွာမြင့်မားလာတော့မည် ဖြစ်သည်။
နောက်ဆုံးတော့ ချာလိုင်က ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ သခင်လေးစုက ဒီလိုပြောပြီဆိုတော့ ကျုပ်တို့ရွာသားတွေအားလုံးရဲ့ အသက်ကို သခင်လေးစု ပိုင်ဆိုင်သွားပါပြီ"
စုချန်းက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့ဗျာ"