ဆေးဝါး
Vol. 40 Ch. 399
အနောက်မြစ်တောအုပ်တွင် နေထိုင်သော ရွာသားများအတွက်ကတော့ ထိုဆေးဝါးများသည် ကျိန်စာကို ကာကွယ်ရန် သူတို့အတွက် မှီခိုအားထားရာဖြစ်သည်။ သို့သော် တဖက်တွင်လည်း ထိုဆေးဝါးများကပင် အနောက်မြစ်တောအုပ်အား သူတို့၏ အကျဉ်းထောင်ကြီးသဖွယ် ဖြစ်ပေါ်လာစေ၏။
စုချန်း၏ စကားသာ အမှန်တကယ်ဆိုပါက သူတို့အတွက် အားတက်စရာ ကောင်းလှသည်။ ဤအတိုင်းသာဆိုလျင် သူတို့အနေနှင့် အနောက်မြစ်တောအုပ်ရှိ သူတို့၏ အိမ်များမှ စွန့်ခွာပြီး အပြောကျယ်လှသော ပင်လယ်ပြင်ကြီးအတွင်းသို့ ထွက်ခွာကာ စူးစမ်းရှာဖွေမှုများ ဆောင်ရွက်နိုင်ပေတော့မည်။
သို့သော် ရွာသားတိုင်းလိုလိုတွင် ထိုစိတ်ကူးစိတ်သန်းများ ရှိနေသည်ဟု ယူဆပါက အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။
အလေ့အကျင့်၊ အလေ့အထ ဟူသည်မှာအလွန် အင်အားကြီးမားသော စွမ်းအင်တမျိုးပင် ဖြစ်သည်။
သူတို့သည် ဤနေရာတွင် ဆွေစဉ်မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်ဖြစ်ရာ ဤနေရာကို စွန့်ခွာသွားရမည့်အရေးမှာ သူတို့အတွက် အလွန်ပင် ခက်ခဲလှ၏။ သူတို့၏ ဘိုးဘေးဘီဘင်များအား ရှင်သန်ရန် ထောက်ပံ့ပေးခဲ့သည် ဤမြေအား စွန့်ခွာထွက်ပြေးရမည့်အစား သူတို့ကား အသက်သေဆုံးဖို့ကိုသာ ရွေးချယ်ပေလိမ့်မည်။
မိမိ၏ ဇာတိမြေအား စွန့်ခွာထွက်ပြေးရန် ဝန်လေးသည့် ခံစားချက်မျိုးကို အပြင်လူများအနေနှင့် နားလည်ရန် အမှန်တကယ်ပင် ခက်ခဲလှ၏။ ယ
ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းက ရွာသားများအား အပြီးတိုင် ပြောင်းရွှေ့ခိုင်းသည်မဟုတ်ချေ။ တော်ဝင်မျိုးနွယ်စုများ၏ ရန်မှ ကာကွယ်ရန် ယာယီပုန်းအောင်းခိုင်းသည့်သဘောမျှသာ ဖြစ်သည်။ ထို့ကြောင့် အထူးတလည် အငြင်းပွားစရာ သိပ်မရှိချေ။
ထိုကနေ့ ညနေခင်းမှာပင် ပျော်ရွှင်ခြင်းခံတပ်ရှိ ရွာသားများသည် ကြီးမားလှသော ညစာစားပွဲကြီးတခုကို ကျင်းပကြ၏။ ၎င်းတို့၏ လွတ်မြောက်မှုအတွက် အောင်ပွဲခံကြသည့် သဘောပင်။ ထိုညတွင် သူတို့သည် သီချင်းများ ပျော်ရွှင်စွာ သီဆိုကြ၏။ အမှောက် သောက်ကြ၏။
သို့သော် အကြီးအကဲ နေထိုင်သည့် အခန်းတွင်း၌ကား စုချန်းတယောက် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။ အခန်းဝတွင်တော့ သံမဏိက ကင်းစောင့်လျက်ရှိသည်။ သဘောမှာ စုချန်း အိပ်မက်နယ်ပင်သို့ ဝင်ရောက်နေပြီဟူသည့် သဘောပင်။ လေ့ကျင့်ရေးကာလနောက်ပိုင်းတွင် အိပ်မက်နယ်ပယ်သို့ ဝင်ရောက်ရန် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်လိုအပ်ကြောင်း စုချန်း သဘောပေါက်နေခဲ့လေပြီ။
အိပ်မက်နယ်ပယ်အတွင်း ရောက်သည်နှင့် စုချန်းကို ဆီးကြိုနှုတိဆက်နေသည်မှာကား သူ့နှင့် မျက်မှန်းတန်းမိနေသည့် ရဲတိုက်ကြီးပင်။
အိပ်မက်နယ်ပယ်ကို အသုံးပြုသူတိုင်းသည် ၎င်းတို့ ထပ်မံ မပြောင်းလဲသရွေ့ မူလမြင်ကွင်းများကိုသာ အမြဲတစေ မြင်တွေ့ရလေ့ရှိသည်။ မည်သို့ဆိုစေ အိပ်မက်နယ်ပယ်သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကွန်ယက်ကြီးပင် ဖြစ်လေရာ မြင်ကွင်းမှာ အရေးမပါလှ။
အိပ်မက်နယ်ပယ်အတွင်း ရောက်သည်နှင့် စုချန်းသည် ပင်မဟောခန်းမများအတွင်းသို့ မသွားပဲ ရဲတိုက် အပေါ်သို့ လှေကားထစ်များအတိုင်း တက်လာခဲ့၏။ လှေကားအဆုံးတွင်တော့ လူသူကင်းမဲ့လျက်ရှိသည့် ကော်ရစ်တာလေးတခုသို့ ရောက်ရှိလာသည်။ ကော်ရစ်တာတလျှောက်တွင် အခန်းလေးများ ရှိနေလေရာ ထိုအခန်းများအနက်မှ တခန်းသို့ စုချန်းက ဝင်ရောက်လိုက်သည်။ အခန်းမှာ ခပ်ကျဉ်းကျဉ်းသာဖြစ်ပြီး တိတ်ဆိတ်ငြိမ်းချမ်းနေ၏။ အခန်းကို အလွန်စိန်းလန်းစိုပြေသော တောင်များ၊ ရေကန်များနှင့် ဝန်းရံထား၏။
ဤအခန်းမှာ အိပ်မက်နယ်ပယ်အတွင်း စုချန်း ရရှိထားသော အခန်း ဖြစ်ပြီး မင်ချွန်း၏ အထောက်ပံ့ခံတဦး ဖြစ်ရသည့် အကျိုးကျေးဇူးများအနက်မှ တခုပင် ဖြစ်သည်။ ကိုယ်ပိုင်အခန်းဖြစ်၍ စုချန်းအနေနှင့် အခန်း၏ ပုံစံကို ကြိုက်သလို ပြင်ဆင်နိုင်၏။ အခန်းကို ပြင်ဆင်ထားသော ပုံစံအရ စုချန်း၏ ပင်ကိုယ်ဗီဇသည် သူတော်စင်တဦးနှင့်ပင် တူနေသေးသည်။
အိပ်မက်နယ်ပယ်ရှိ အခန်းများသည် အခန်းပိုင်ရှင်အတွက် စိတ်ချလုံခြုံသော ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်၏။ အိပ်မက်နယ်ပယ်အရှင်သခင်၏ အဆိုအရ စုချန်း ရရှိထားသော အခွင့်အရေးမှာ ထိပ်တန်းအခွင့်အရေး ဟူ၏။ စုချန်း၏ အခန်းတွင်းဝယ် ပြောဆိုနေသော စကားများကို အခန်းပြင်မှ ချောင်းနားထောင်၍ မရပေ။ ၎င်းစကားမှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ စုချန်းအနေနှင့် အတိအကျ ပြောဆိုရန်တော့ ခက်ခဲ၏။ မည်သို့ဆိုစေ အိပ်မက်ဘုရင် အဆင့်ရှိသူတဦး၏ အခန်းကို မည်သူမှ ချိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသည်ကတော့ အမှန်ပင်။
မူလကမ္ဘာကြီးဝယ် အခြားသူများနှင့် ဆက်သွယ်ပြောဆိုနိုင်မည့် နည်းလမ်း သိပ်များများစားစား ရှိသည် မဟုတ်ပေ။ အိပ်မက်နယ်ပယ်သည်သာလျင် အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။
အခန်းထဲသို့ ရောက်သည်နှင့် စုချန်းက ပြောလိုက်သည်။
"ဆက်သွယ်ရေးလိုင်းကို ဖွင့်ပြီး ဆရာကို ခေါ်လိုက်ပါ"
စကားသံဆုံးသည်နှင့် လှိုင်းဂယက်ငယ်လေးများ ထလာပြီး ရှီကိုင်းဟွမ် ပေါ်ပေါက်လာ၏။
"ဆရာ"
"အိုး မင်းပါလား"
တပည့်ဖြစ်အား တွေ့သည်နှင့် ရှီကိုင်းဟွမ် ဝမ်းသာသွားဟန် ပေါ်လာသည်။
"မတွေ့တာတောင် ကြာပြီ ခုတလော ဘာတွေများ အလုပ်ရှုပ်နေတာလဲကွ"
"တပည့် ခုတလော အနောက်မြစ်တောအုပ်ကိုသွားပြီး လေ့ကျင့်နေပါတယ် ဆရာ"
ထို့နောက် စုချန်းက ဤအတောအတွင်း သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ရှီကိုင်းဟွမ်အား ရှင်းပြလိုက်၏။
"ဟေ ဒီ တော်ဝင်မျိုးနွယ်စုတွေက သနားစရာကောင်းတဲ့ လူတွေကိုတောင် ချမ်းသာမပေးပဲ ဂုတ်သွေးစုပ်နတယ်ပေါ့ ဟုတ်လား တယ်လဲ လောဘကြီးတဲ့ကောင်တွေပါလား ဒီကောင်တွေ ဒီလိုလုပ်တာ များနေပြီ သင်ခန်းစာပေးမှ ရတော့မယ်ကွ"
ရှီကိုင်းဟွမ်က ဗြစ်တောက်ဗြစ်တောက် မြည်တွန်တီးလိုက်သည်။
"မင်း ဘာမှ စိတ်မပူနဲ့ ဘာအကျိုးဆက်ပဲ ဖြစ်လာပါစေ ငါက မင်းကို ကာကွယ်ပေးမယ်"
"တပည့် နားလည်ပါတယ်ဆရာ တပည့်အတွက် အကြီးမားဆုံးအားဟာ အရိပ်အစေခံတွေလည်း မဟုတ်ဘူး ဆေးဝါးတွေလည်း မဟုတ်ဘူး ဆရာပါပဲ"
ရှီကိုင်းဟွမ် ရယ်မောလိုက်သည်။
"မင်းဟာ လူတွေကို ဘယ်လိုသဘောကျအောင် ပြောရမလဲဆိုတာ ကောင်းကောင်းသိတဲ့ကောင်ပဲ"
သူ့ကို မြှောက်ပင့်ပြောဆိုလိုက်မှန်း သိနေသည့်တိုင်အောင် ရှီကိုင်းဟွမ် သဘောကျသွား၏။ တဖက်တွင်လည်း ထိုမြှောက်လုံး ပင့်လုံးသည် အတုအယောင်တော့ မဟုတ်ပေ။
အကြောင်းမှာ ရှီကိုင်းဟွမ်၏ ကျောထောက်နောက်ခံသာ မရှိခဲ့လျင် စုချန်းတယောက် သူ့ခြေလှမ်းများကို ယခုထက်ပို၍ အဆပေါင်းများစွာ ဂရုစိုက်ရတော့မည် မဟုတ်ပါလား။
"ဒါနဲ့ဆရာ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မဲ့နည်းလမ်းကို ရှာဖွေနေတာကော ဘယ်အခြေအနေထိ ရောက်နေပြီလဲ"
"အခြေအနေ ပိုပြီး တိုးတက်လာလေလေ ပိုအခက်တွေ့လာလေလေပဲကွ"
ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ဆရာ့ကိုကြည့်ရတာ ယန်သုံးဌာန ကန့်လန့်ပိုင်းဖြတ်ခြင်းမှာ အခက်တွေ့နေတာနဲ့ တူတယ်"
"အေးကွ မင်း ပြောသလိုပဲ ငါ အဲဒီနေရာမှ အခက်တွေ့နေတာ ယန်သုံးဌာန ကန့်လန့်ဖြတ်ပိုင်းခြားခြင်းနေရာဆိုတာ မူလစွမ်းအင်တွေ အတူတကွ စီးဆင်းနေတဲ့ နေရာပဲ အမှားအယွင်း တခုခု ဖြစ်သွားခဲ့ရင် အဲဒီလူရဲ့ သွေးလှည့်ပတ်မှုလမ်းကြောင်း ကမောက်ကမ ဖြစ်သွားနိုင်တယ် ငါ့အနေနဲ့ မူလစွမ်းအင်ဖွင့်လှစ်ခြင်းလမ်းကြောင်းအတိုင်း သွားကြည့်ပြီးပြီ အတိုင်းအတာတခုထိလည်း တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တယ် ဒါပေမဲ့ ငါ အခက်တွေ့နေတာက ရာနှုန်းပြည့် မထိန်းချုပ်နိုင်ပဲ ဖြစ်နေတာပဲ မင်းသိတဲ့အတိုင်း ဒီအဆင့်မှာ အမှားသေးသေးလေးကနေ အားလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်လေ အနည်းဆုံး မူလစွမ်းအင် တန်ပြန်ရိုက်ခတ်မှုကြောင့် ဒဏ်ရာရသွားနိုင်ပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်သွားနိုင်တယ်"
"ဒါကြောင့်မို့လို့ ကျွန်တော် ဒီနေ့ ဆရာ့ကို လာတွေ့တာပေါ့ အနောက်မြစ်တောအုပ်မှာ ကျွန်တော် တခုတွေ့ခဲ့တယ်ဆရာ ဒါက ယန်သုံးဌာနကန့်လန့်ဖြတ်ပိုင်းခြားခြင်းရဲ့ပြသနာကို ဖြေရှင်းပေးနိုင်မဲ့ အဖြေများ ဖြစ်လာမလားလို့"
"အိုး မင်းတွေ့တာ ဘာများလဲကွ"
စုချန်း၏ စကားကြောင့် ရှီကိုင်းဟွမ် အထူးပင် စိတ်ဝင်စားလာဟန် ရှိသည်။
"တခြားတော့မဟုတ်ဘူးဆရာရဲ့ အနောက်မြစ်တောအုပ်ရဲ့ ကျိန်စာပါပဲ"
စုချန်းကပြန်ဖြေလိုက်သည်။
"ကျိန်စာကို ဖြစ်ပေါ်စေတဲ့ လက်သည်ကတော့ အလွန်သေးငယ်တဲ့ ပရမတ်သက်ရှိလေးတွေပဲ ဒီကောင်လေးတွေကို ကျွန်တော် လေ့လာကြည့်တော့ ဒီကောင်တွေဟာ ယန်သုံးဌာန ကန့််လန့်ပိုင်းဖြတ်ခြင်းနေရာကို အတော်လေး အထောက်အကူ ပြုပေးနိုင်တာကို တွေ့ရတယ် ပြီးတော့ ဒီသက်ရှိလေးတွေဟာ တစုံတယောက်ရဲ့ စွမ်းအင်ကို တည်ငြိမ်စေတယ် စွမ်းအင်စီးဆင်းတဲ့ လမ်းကြောင်းကို ချောမွေ့စေတယ် ဒီကောင်တွေကိုသာ ဆေးအဖြစ် ပြောင်းလဲဖော်စပ်နိုင်ရင် ဆရာကြုံတွေ့နေရတဲ့ ပြသနာအတွက် အဖြေဖြစ်လာနိုင်မယ်လို့ ယုံကြည်ရတယ်"
ထိုစကားကို ကြားလိုက်သည်နှင့် ရှီကိုင်းဟွမ်က ချက်ချင်းဆိုသလိုပင် ခေါင်းခါပြလိုက်၏။
"ငါလိုချင်တာ သွေးဗီဇ ဒါမှမဟုတ် ဘယ်ဆေးဝါးမှမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းမျိုးကွ မင်းအနေနဲ့ ဒါကို အောင်မြင်ဖို့ ဆေးတမျိုးမျိုးရဲ့ အကူအညီကို ယူလိုက်တာနဲ့ ဒီဆေးဝါးရဲ့ ကန့်သတ်မှုကို ခံရတော့မှာပဲ ဒါဆိုရင် ငါတို့တွေ သွေးဗီဇကို အားကိုးနေရတာနဲ့ ဘာများ ကွာခြားတော့မှာလဲ"
"အများကြီး ကွာခြားတာပေါ့ ဆရာ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဆေးဝါးဆိုတာက သွေးဗီဇထက် ရရှိဖို့ ပိုလွယ်ကူတယ် ဒီဆေးကို ရဖို့ လူတိုင်းမှာ တူညီတဲ့ အခွင့်အရေးကိုယ်စီ ရှိနေတယ် သွေးဗီဇ အကူအညီကို မယူပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းမျိုး မတွေ့ဖူးတာ ကြာလှပြီ ဆရာ့အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းမျိုး ရှာမတွေ့သေးခင် လက်ရှိ ပြသနာကိုပဲ အာရုံစိုက်သင့်တယ်"
ရှီကိုင်းဟွမ် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"မင်းပြောတာ အဓိပ္ပါယ်ရှိတယ် ဒါပေမဲ့ မင်းပြောတဲ့ ဆေးမျိုးက အနောက်မြစ်တောအုပ်မှာပဲ ရှိနေတာ ဆိုတော့ ငါတို့ နှစ်တိုင်း ထုတ်လုပ်နိုင်မဲ့ ပမာဏက ကန့်သတ်ချက် ရှိနေတာပေါ့ ဟုတ်လား"
"မှန်ပါတယ်ဆရာ ကျွန်တော်ကတော့ ဒီဆေးကိုပဲ ပမာဏများများ ဖော်စပ်နိုင်အောင် ကြိုးစားဖို့ စဉ်းစားထားတယ် အရင် လူတွေလည်း ဒီလိုပဲ ကြိုးစားခဲ့ကြတယ်မလား"
"မင်းပြောတာ မှားတော့မမှားဘူး"
ရှီကိုင်းဟွမ် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။
ထို့နောက် သူက သက်ပြင်းချရင်း စကားဆက်လိုက်ပြန်သည်။
"မင်းဟာ ဒီနှစ်တွေမှာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေနဲ့ လက်ရှိခေတ်သုံး နည်းစနစ်တွေကို ပေါင်းစပ်ပြီး သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တယ် ခုလည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ ဆေးတမျိုးကို ဖော်ထုတ်နိင်ခဲ့ပြန်ပြီ နောက်ဆုံးတော့ ငါ့တပည့်ဟာ ငါ့ကို ကျော်တက်သွားခဲ့ပြီပဲ"
"ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ဆရာ့ကြောင့်ပါပဲခင်ဗျာ ကျွန်တော်လုပ်ရတာက ပိုးထည်ပေါ်မှ ပန်းပွင့်လေးတွေ ပေါင်းထည့်ပေးရတဲ့ သဘောလောက်သာပါ"
"ပိုးထည်ပေါ်မှာ ပန်းပွင့်လေးတွေ ပေါင်းထည့်ပေးတဲ့ သဘောလောက်တဲ့လား တကယ်တော့ နောက်ဆုံး ထိချက်နဲ့ ကောင်းမွန်တဲ့ ပိုးထည်တစ်ထည်ကို အပြီးသတ်ပေးတာနဲ့ ပိုတူနေတယ်ကွ မင်း ဖော်စပ်တဲ့ ဆေးကသာ ငါတို့ပြသနာကို ဖြေရှင်းနိုင်ခဲ့ရင် အဲဒီအချိန်ဟာ ငါတို့အနေနဲ့ သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို အောင်မြင်မဲ့ အချိန်ပဲကွ အိုး နေစမ်းပါအုံး လက်စသတ်တော့ မင်းက အဲဒီအချိန်ကို စောင့်နေတာကိုးကွ"
"မှန်တာပေါ့ဆရာ"
စုချန်း ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
ရှီကိုင်းဟွမ်သည် အချိန်တိုအတွင်းဝယ် တမုဟုတ်ချင်း တိုးတက်လာသော စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကို အာရုံခံကြည့်လိုက်၏။
အိပ်မက်နယ်ပယ်အတွင်းတွင် ရှိနေသော်လည်း သူတို့နှစ်ယောက် နောက်ဆုံး တွေ့ဆုံခဲ့သည့် အချိန်ကထက် စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းသည် များစွာ တိုးတက်လာပြီဖြစ်ကြောင်း ရှီကိုင်းဟွမ် အာရုံခံမိလိုက်သည်။ သို့သော် ဘာကြောင့် ဤမျှလောက်ထိ တိုးတက်လာမှန်း စုချန်းက မပြောသလို ရှီကိုင်းဟွမ်ကလည်း မမေးချေ။ လူတိုင်းလိုလိုတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြသည် မဟုတ်ပါလား။ ၎င်းမှာ သူတို့နှစ်ယောက်အကြား တည်ရှိနေသည့် အချင်းချင်း အပြန်အလှန် လေးစားမှုပင် ဖြစ်သည်။
စုချန်းအတွက်တော့ သူဖော်စပ်မည့်ဆေးသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို သွေးဗီဇမလိုပဲ ဝင်ရောက်နိုင်မည့် နည်းလမ်းတခုသာ မကပဲ ချမ်းသာကြွယ်ဝရေးအတွက် အရင်းအမြစ်တခုလည်း ဖြစ်နေ၏။ သူ့အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မည့်နည်းလမ်းကို လူထုသို့ ချပြမည်ကတော့ အမှန်ပင်။ သို့သော် ဆေးကိုတော့ သေချာပေါက် ရောင်းစားရပေလိမ့်မည်။
သူတို့နှစ်ယောက်သည် အတန်ကြာအောင် အသေးစိတ် ဆွေးနွေးနေကြ၏။ ထို့နောက် ရှီကိုင်းဟွမ်က မေးလိုက်သည်။
"နောက်ထပ် ဘာပြောစရာ ရှိသေးလဲ"
စုချန်း၏ အမူအရာက အနည်းငယ် တွန့်ဆုတ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။
"တကယ်တော့ အနောက်မြစ်တောအုပ်မှာ ကျွန်တော် နောက်တခု တွေ့ခဲ့သေးတယ်ဆရာ ထူးခြားတဲ့ ဖန်သားတမျိုးပဲ ခရမ်းရောင်ဖန်သားလို့ ခေါ်တယ် ဒီဖန်သားဟာ လူတယောက်ရဲ့ ဝိညာဉ်ကို သားရဲသတ္တဝါတကောင်ရဲ့ ကိုယ်ထဲကို ပြောင်းလဲပေးနိုင်တယ် ဒီနည်းနဲ့ အဲဒီက ရွာသားတွေဟာ သားရဲသတ္တဝါတွေကို ထိန်းချုပ်လာနိုင်ကြတာပဲဆရာရဲ့ လီအိမ်တော်နဲ့ ဝေလျန်ချန်းတို့ရဲ့ ပြသနာတွေကို စဉ်းစားတဲ့အခါ ကျွန်တော်တို့အနေနဲ့ အခြေခံအားဖြင့်..."
စုချန်း၏ စကားမှာ အဆုံးမသတ်လိုက်ရ။ ရှီကိုင်းဟွမ်က စကားဖြတ်ပြောလိုက်၏။ သူ့အမူအရာမှာပဲ အထူးပင် လေးနက်တည်ကြည်သွားလေသည်။
"ဒီလို လူမဟုတ် နတ်ဆိုးမဟုတ်တဲ့ကောင်တွေ ငါတို့ ကမ္ဘာကြီးကို ဒုက္ခပေးဖို့ ပြန်ပေါ်လာပြန်ပြီလား"
"အရေအတွက် နည်းနည်းလေးပါဆရာရဲ့ "
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဆရာ့အနေနဲ့ စမ်းသပ်ချင်ရင် စမ်းသပ်လို့ရပါသေးတယ် အစမ်းသပ်တွေလုံလုံလောက်လောက် ရှိနေတယ်"
"မလုပ်နဲ့ကွ ပြသနာတောာ ပေါ်လာပြီ ငါ့အနေနဲ့ အကြီးအကဲတွေဆီကို အကြောင်းကြားမှ ရတော့မယ်"
"ဆရာ"
စုချန်းက အလျင်စလို ထပြောလိုက်၏။
"ဒီကိစ္စကို ကျွန်တော်နဲ့ ဘာဖြစ်လို့ မလွှဲလိုက်တာလဲ ဆရာ"
"မင်းနဲ့ ဟုတ်လား"
ရှီကိုင်းဟွမ်၏ အမူအရာက တွန့်ဆုတ်ဆုတ် ဖြစ်သွား၏။
"မင်းကိုငါ အထင်သေးလို့တော့ မဟုတ်ဘူး ဒါပေမဲ့ ဒီတခါ မင်းရဲ့ ရန်သူတွေက ပုံမှန်မဟုတ်ဘူးကွ မင်း...တကယ်ကော ကိုင်တွယ်နိုင်လို့လား"
စုချန်းသည် အတန်ကြာအောင် စဉ်းစားနေ၏။ ပြီးမှသူက ပြောလိုက်သည်။
"ခုချိန်မှာတော့ အတိအကျ မပြောနိုင်သေးပါဘူးဆရာ ဒါပေမဲ့ အချိန်တခုအရောက်မှာတော့ ဒီပြသနာကို ကျွန်တော် သေချာပေါက် ကိုင်တွယ်နိုင်ပါလိမ့်မယ်"
ရှီကိုင်းဟွမ်က ခေါင်းတညိတ်ညိတ်နှင့် မှတ်ချက်ချလိုက်သည်။
"ဒီအတိုင်းဆိုရင် အခြေအနေတွေက အတော်ရှုပ်ထွေးလာမဲ့ သဘောရှိတယ် မင်းအနေနဲ့ တော်ဝင်မျိုးနွယ်စုတွေကို ရင်ဆိုင်ရမဲ့အပြင် ဝေလျန်ချန်းတို့ အုပ်စုတွေနဲ့လည်း ထိပ်တိုက်တိုးလာမဲ့ သဘောရှိတယ် မင်းတယောက်ထဲ ဒါကို ကိုင်တွယ်နိုင်ဖို့ ခက်ခဲလိမ့်မယ် ဒီတော့ ငါ့အနေနဲ့ မင်းအတွက် အကူအညီတချို့ ပို့လိုက်မယ်ဆိုရင် ဘယ်လို သဘောရသလဲ"
"အကူအညီ ဟုတ်လား ဆရာ"
"ရွှေရောင်ရေအပျက်အစီးသိုက်တုန်းက မင်းနောက်ကို လိုက်ခဲ့တဲ့ ကျောင်းသားတွေဆိုရင် ဘယ်လိုလဲကွ"