မူလဗျူရိုအရှင်သခင်သစ်
Vol. 40 Ch. 400
နောက်တနေ့မနက်တွင် စုချန်း၊ သံမဏိနှင့် အရိပ်အစေခံများသည် မြို့တော်သို့ ပြန်လာခဲ့ကြ၏။
စုအိမ်တော်သို့ ရောက်သည်နှင့် လီရှုက ဝမ်းမြောက်ဝမ်းသာပင် ဆီးကြိုနှုတ်ဆက်၏။
"သခင်လေး ပြန်လာပြီပေါ့"
"အင်း ကျုပ်ခရီးထွက်နေတဲ့အချိန် အိမ်တော်မှာ ငြိမ်းငြိမ်းချမ်းချမ်းကော ရှိရဲ့လား"
"ငြိမ်းငြိမ်းချမ်းချမ်းပါပဲသခင်"
လီရှုက အလျင်စလိုပင် အဖြေပေးလိုက်သည်။
အချိန်အတော်များများတွင် စုချန်းသည် သုတေသနလုပ်ငန်းများနှင့်သာ အလုပ်ရှုပ်နေလေ့ရှိရာ ထူးထူးခြားခြား ပြသနာမပေါ်ပါက သူမရှိသည်ကို မည်သူမှ သတိထားမိမည်မဟုတ်ချေ။
"အနီးအနားမှာကော တခြား ကြီးကြီးမားမား ပြသနာတက်တာတွေ ရှိသေးလား"
"ကြီးကြီးမားမား ဟုတ်လားသခင်လေး တခုတော့ရှိတယ်"
ခေတ္တမျှ စဉ်းစားရင်း လီရှုက ပြန်ဖြေလိုက်သည်။
"ပြီးခဲ့တဲ့ ရက်တချို့က တော်ဝင်မျိုးနွယ်စု မဟာမိတ်အဖွဲ့တွေရဲ့ ကုန်စည်လှေအစုဟာ ဒုက္ခအကြီးအကျယ်ရောက်ကုန်ကြတယ် သခင်လေး သူတို့ဟာ ဓားပြတွေနဲ့ သွားတိုးပြီး အတော်များများ လက်စတုံးခံလိုက်ရတယ်"
ထိုသတင်းကို ကြားသည်နှင့် စုချန်း ရယ်မောလိုက်၏။
"အတော် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းပဲကွ"
"မှန်ပါတယ် သခင်လေး"
စုချန်း၏ ဆိုလိုရင်းကို တိတိပပ နားမလည်သော်လည်း လီရှုက ထောက်ခံလိုက်၏။
"ကြားရတာကတော့ တော်ဝင်မျိုးနွယ်စုတွေရဲ့ လှေတွေဟာ ပင်လယ်ဓားပြတွေနဲ့ သွားတိုးသတဲ့ တကယ်တော့ ဓားပြတွေဆိုတာကလည်း တော်ဝင်မျိုးနွယ်စုတွေရဲ့ နောက်မြီးဆွဲတွေပဲ မလား ဒီကောင်တွေ တခြားဒုက္ခတမျိုးမျိုး ကြုံရတာကို ဓားပြတွေခေါင်းပေါ် ပုံချလိုက်တာပဲ ဖြစ်ရမယ်"
"မင်းပြောတဲ့ တခြား ဒုက္ခတမျိုးမျိုးဆိုတာ ငါပဲကွ"
စုချန်းက မင်ချူး ယူလာသည့် လဖက်ရည်ကို အေးအေးဆေးဆေး မော့သောက်ရင်း ပြောလိုက်သည်။
"သခင်လေး ဟုတ်လား...ဒါဆိုရင်..."
လီရှု၏ မျက်လုံးအစုံသည်သပိတ်အိုးပမာ ပြူးကျယ်သွား၏။
"ငါတို့ အကုန် ရှင်းလင်းပြီးသွားပါပြီကွာ"
သံမဏိက အသံတိုးတိုးနှင့် ဝင်ပြောလိုက်၏။
လီရှု ဘာပြောရမှန်းပင် မသိတော့။
နောက်ဆုံးတော့ ကြည်လင်မြစ်မြို့တော်တွင်း နာမည်ကြီးသွားသည့် သတင်းမှာ စုချန်းကြောင့််ပင် ဖြစ်နေချေသည်တကား။
တော်ဝင်မျိုးနွယ်စုများဘက်မှ စေလွှတ်လိုက်သည့် တပ်ဖွဲ့မှာ လူအင်အား မနည်းလှ။ ရာနှင့်ချီသော သိုင်းသမားများ အပြင် ချီစွမ်းအားပညာရှင် အများအပြား ပါဝင်နေ၏။ ၎င်းတို့အား စုချန်း မည်သို့မည်ပုံ ရှင်းလင်းလိုက်လေသနည်း။
သို့သော် လီရှုကား လူပါးဖြစ်သည်။ မမေးအပ်သည်ကို မမေးချေ။ သူက ချက်ချင်းပင် ချီးမွမ်းလိုက်၏။
"သခင်လေးဟာ တကယ့်ပါရမီရှင်ပဲ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဒီသတင်းကို ပေါက်ကြားလို့မရဘူးနော်"
"စိတ်မပူပါနဲ့ ကျုပ် မျက်နှာဖုံးတပ်ထားတဲ့အတွက် သူတို့ ကျုပ်ကို မသိနိုင်ပါဘူး ဒါပေမဲ့ ကျုပ်စိတ်ထင် ဒီကိစ္စကို သူတို့ အနှေးနဲ့အမြနမ သိသွားဖို့ရှိတယ် သံမဏိရဲ့ အရွယ်အစားဟာ သူများနဲ့မတူဘူး အင်မတန် ထူးခြားတယ် ဒါကို သိပ်မကြာခင် သူတို့ စဉ်းစားမိသွားမှာပဲ ဘာပဲ ဖြစ်ဖြစ် သူတို့နဲ့ ကျုပ်အကြားမှာ ရန်ညိုးက သိပ်ကိုကြီးထွားနေခဲ့ပြီပဲ သိသွားလည်း ကောင်းတာပဲပေါ့"
"မှန်ပါတယ် သခင်လေး ဒါနဲ့ နောက်တခု ရှိသေးတယ်ဗျ"
လီရှုက ပြောလိုက်၏။
"ဘာများလဲ"
"မူလဗျူရို မြို့တော်အရှင်သခင်သစ် ရောက်နေတယ်သခင်လေး"
"ဟေ"
ဤတကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွားသူမှာ စုချန်းပင် ဖြစ်လေသည်။
_____________×××_____________×××__________
မူလဗျူရိုတွင် ဖြစ်သည်။
မူလဗျူရိုရှေ့သို့ ရောက်သည်နှင့် ကောက်ကျန်းချိန်းတယောက် အမောတကော ပြေးလာသည်ကို စုချန်း မြင်တွေ့လိုက်ရ၏။
"အိုး မြတ်စွာဘုရား နောက်ဆုံးတော့ သခင်လေးစု ပြန်ရောက်လာပြီ"
"ဘာဖြစ်လို့လဲ ကျုပ် ပြန်မရောက်ရင် မူလဗျူရိုအပေါ်ကို ကောင်းကင်ကြီးတခုလုံး ပြိုကျလာတော့မလို့လား"
စုချန်းက ပြုံးစေ့စေ့နှင့်် မေးလိုက်သည်။
"ကောင်းကင်ကြီးတော့ ပြိုမကျဘူးပေါ့ ဒါပေမဲ့ သခင်လေး ပြန်ရောက်မလာခဲ့ရင် မူလဗျူရိုဟာ စုနာမတော်အောက်မှာ ထပ်မရှိနိုင်တော့ဘူးဗျ"
ကောက်ကျန်းချိန်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။
ကောက်ကျန်းချိန်း၏ စကားကြောင့် စုချန်း၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာ၏။
"ကောက်ကျန်းချိန်း ခင်ဗျား ဘာတွေပြောနေတာလဲ မူလဗျူရိုဟာ ဘယ်တုန်းက စု နာမတော်ရဲ့ အောက်မှာ ရှိခဲ့ဖူးလို့လဲ တတိုင်းပြည်လုံးအနေနဲ့ ခြုံပြောရရင် မူလဗျူရိုဟာ လင်နာမတော်ရဲ့ အောက်မှာပဲ ရှိနေပြီး ဧကရာဇ်ကြီးအတွက် တာဝန်ထမ်းဆောင်နေတာပဲ ကြည်လင်မြစ်မြို့တော်အနေနဲ့ ဆိုရင်တော့ မူလဗျူရိုဟာ အန်း နာမတော်ရဲ့ အောက်မှာရှိနေပြီး မြို့တော်အရှင်သခင်အတွက် တာဝန်ထမ်းဆောင်နေတာပဲဗျ ခင်ဗျားရော ကျုပ်ရောဟာ မူလဗျူရိုမှာ အဆင့်နိမ့်အလုပ်သမားတွေပဲ ဒီလို စကားကြီးစကားကျယ်ပြောနေလို့ ဘယ်ဖြစ်မလဲဗျ"
ကောက်ကျန်းချိန်း ကြောင်အန်းအန်း ဖြစ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။
"သခင်လေးစုပြောတာ မှန်ပါတယ် ကျွန်တော်က သခင်လေးကို သတင်းပို့ချင်လွန်းအားကြီးလို့ ...."
"မူလဗျူရို ခေါင်းဆောင်သစ် ရောက်နေပြီလား"
"ဒီတော့ သခင်လေးက ဒါကို သိထားပြီးသားပေါ့"
နဖူးပေါ်သို့ စီးကျနေသော ချွေးများကို သုတ်ရင်း ကောက်ကျန်းချိန်းက မေးလိုက်သည်။
"ကျုပ် သတင်းရထားပြီးပါပြီ"
စုချန်းက မူလဗျူရိုအတွင်း လှမ်းဝင်ရင်း ပြောလိုက်သည်။
"သူ ဘယ်အချိန်က ရောက်လာသလဲ"
"လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ သခင်လေး သူဟာ ဒီကို ရောက်ရောက်ချင်း သခင်လေးနဲ့ တွေ့ဖို့လုပ်ျယ် ဒါပေမဲ့ သခင်လေးအိမ်တော်ကလူတွေက သခင်လေး တံခါးပိတ်ထားပြီး ဘယ်သူနဲ့မှ အတွေ့မခံဘူးဆိုလို့ သူ အတော် စိတ်ပျက်သွားတယ် အဲဒီနောက်မှာတော့ သူဟာ မူလဗျူရိုကို ပြန်လည်ဖွဲ့စည်း...."
ဤနေရာသို့ အရောက်တွင် ကောက်ကျန်းချိန်းက စကားကို ရပ်တန့့်လိုက်၏။
စုချန်းက ၎င်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ခင်ဗျားမှာ ပြောစရာရှိတယ်ဆိုရင် ပြောသာပြောစမ်းပါ"
"တွန့်ဖန်း ဟေးချီဝေ ခုံးယွန်နဲ့ လီကျိတို့ အဖမ်းခံထားရပါတယ် သခင်လေး"
ထိုလေးယောက်မှာ မူလဗျူရိုတွင် စုချန်းအပေါ် သစ္စအရှိဆုံး လူယုံတော်များ ဖြစ်သည်။ မူလဗျုရိုအား သိမ်းပိုက်ခဲ့စဉ်က စုချန်းသည် လျူဝုယာ၏ အမာခံများအား ဦးစွာ ရှင်းပစ်ခဲ့၏။ ယခုလည်း မူလဗျူရို၏ သခင်သစ်သည် ယခင် စုချန်း အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း တထပ်တည်း လုပ်ဆောင်နေခဲ့လေပြီ။ တခုတည်းသော ကွဲပြားခြားနားချက်မှာ ၎င်းသည် ယခုအချိန်ထိ လူတယောက်မှ မသတ်သေးခြင်းပင် ဖြစ်သည်။
ထိုသို့ မသတ်ခြင်းမှာ လူမသတ်ချင်၍လောဟု မေးစရာရှိ၏။ တကယ်တော့ မဟုတ်ချေ။ ၎င်းမှာ စုချန်း မဟုတ်၍သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မူလဗျူရို၏ အန်းစီယွမ်၏ အမှုထမ်းတပ်ဖွဲ့တခုသာ ဖြစ်နေသေး၏။ မူလဗျူရိုရှိ တစုံတဦး အသတ်ခံရပြီး အသတ်ခံရသူသည် ချီစွမ်းအားပညာရှင်သာ ဖြစ်နေခဲ့လျင် အန်းစီယွန်အနေနဲ့ ထိုသေဆုံးမှုအား မေးခွန်းထုတ်ပိုင်ခွင့် ၊ စုံစမ်းစစ်ဆေးခွင့် ရှိနေသည်မဟုတ်ပါလား။
စုချန်းအနေနှင့်ကား ထိုသို့မဟုတ်။ သူသည် အန်းစီယွမ်နှင့် သဘောတူညီချက် ယူထားပြီးသား ဖြစ်လေရာ လူဘယ်လောက်သတ်သတ် မေးခွန်းထုတ်ခံရမည် မဟုတ်ချေ။ မေးခွန်းထုတ်ခံရပါကလည်း လွှဲချစရာ တခြားအဖွဲ့အစည်းများ ပေါများလှသည် မဟုတ်ပါလား။
ယခု ရောက်လာသည် မူလဗျူရို သခင်သစ်ကသာ တစုံတယောက်ကို စတင်သတ်ဖြတ်မိပါက အန်းစီယွမ်၏ မေးခွန်းက တမျိုးတဖုံ ဖြစ်လာပေလိမ့်မည်။ သို့သော် အမာခံများ ဖမ်းဆီးခံလိုက်ရ၍ စုချန်းအတွက် အတော်လေး အကျပ်ရိုက်သွားသည်ကတော့ အမှန်ပင်။
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသကဲ့သို့ပင် မူလဗျူရိုခေါင်းဆောင်သစ်သည် မည်သူ့အပေါ်တွင် သစ္စာခံထားမှန်းစတင်ပြသလိုက်ပြီ ဖြစ်သည်။
ထိုအခါ စုချန်းက မေးခွန်းထုတ်လိုက်၏။
"ဘာအကြောင်းပြချက်နဲ့ သူတို့ကို ဖမ်းတာလဲ"
"ပင်လယ်ဓားပြတွေနဲ့ ပေါင်းပြီး ကုန်စည်လှေတွေကို တိုက်ခိုက်တဲ့အမှုလို့ ပြောတာပဲ သခင်လေး သက်သေကတော့ အတော်ကို ခိုင်မာသတဲ့"
"ရက်အနည်းငယ်အတွင်းမှာပဲ ဓားပြတွေက နောက်ထပ် ကုန်စည်လှေတွေကို တိုက်ခိုက်လိုက်ပြန်ပြီလား"
စုချန်းက အံ့သြတကြီးနှင့် မေးလိုက်သည်။
"မှန်ပါတယ်သခင်လေး"
ထိုစကားကို ကြားသည်နှင့် စုချန်းက တဟားဟား ရယ်မောလိုက်သည်။
ယခုအချိန်ထိ စုချန်း ရယ်မောနိုင်သေး၍ ကောက်ကျန်းချိန်း မျက်လုံးပြူးသွား၏။ စုချန်းက မေးလိုက်ပြန်သည်။
"သူတို့ရဲ့ အခြေအနေ ခု ဘယ်လိုရှိသလဲ"
"နည်းနည်းတော့ ခံစားရတာပေါ့ ဒါပေမဲ့ သိပ်စိုးရိမ်စရာမရှိပါဘူး ဒါနဲ့ သခင်လေး လူတချို့ကတော့ သခင်လေးကို အပြစ်ရှာနေကြတယ်နော်"
ကောက်ကျန်းချိန်းက စုချန်းကို သတိပေးလိုက်၏။
ကောက်ကျန်းချိန်းကား စုချန်း၏ ဘက်တော်သားလုံးလုံး ဖြစ်သွားပြီ ဖြစ်သည်။ သို့သော် သူသည် ချီစွမ်းအားပညာရှင်မဟုတ်သည့်အပြင် မူလဗျူရိုတွင် အသုံးဝင်ဆုံး ပုဂ္ဂိုလ် ဖြစ်နေသေး၍ ခေါင်းဆောင်သစ်က သူ့အား လက်ဖျားနှင့်ပင် မထိသေးချေ။ သို့သော် ခေါင်းဆောင်သစ်အား ၎င်းလုပ်ချင်သည်ကို လုပ်ခွင့်ပြုလိုက်ပါက အနှေးနှင့်အမြန် သူ့အလှည့်သို့ ရောက်လာမည်မှန်း ကောက်ကျန်းချိန်း ကောင်းကောင်းသဘောပေါက်ထား၏။ ထို့ကြောင့် သူသည် စုချန်း ပြန်လည်တုံ့ပြန်မည့် အချိန်ကို စိတ်အားထက်သန်စွာနှင့် စောင့်မျှော်လျက်ရှိလေသည်။
"ဒါဆို မဆိုးသေးဘူး"
စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ဒါနဲ့ အသစ်ရောက်လာတဲ့ ခေါင်းဆောင် အထဲမှာရှိသလား"
"ရှိပါတယ် သခင်လေး"
"ဒါဆိုလည်း သူ့ဆီ သွားကြတာပေါ့"
စုချန်းက ရှေ့မှ ဦးဆောင်ပြီး မူလဗျူရိုအတွင်းသို့ လှမ်းဝင်လိုက်သည်။ ကောက်ကျန်းချိန်းလည်း ဘာမှ မပြောပဲ စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေသည်။
မူလဗျူရို၏ ပင်မခန်းမဆောင်အတွင်းရောက်သည်နှင့် ခန်းမ၏ ထိပ်ရှိ ခုံမြင့်ကြီးပေါ်တွင် အရပ်ရှည်ရှည် လူတယောက် ထိုင်နေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ ထိုလူသည် ဝိုင်ခွက်ကို တဂွပ်ဂွပ်နှင့် မော့သောက်လျက်ရှိ၏။ သူ၏ ပေါင်ပေါ်တွင်တော့ ကြီးမားသော ဓားတချောင်းကို တင်ထားလေသည်။
စုချန်း ဝင်လာသည်ကို မြင်သည်နှင့် ထိုလူ၏ မျက်လုံးအစုံသည် အရောင်များ တောက်ပလာ၏။
"မင်းက အသိပညာအတည်ပြုသူ စုနဲ့တူတယ်"
စုချန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ခင်ဗျားကတော့ မူလဗျူရိုရဲ့ ခေါင်းဆောင်သစ် ဆရာကြီး စင်းရှာဖေးပဲ ဖြစ်ရမယ်"
"ငါ ဘယ်သူမှန်း သိနေတာတောင် မင်း ခုထိ အရိုအသေ မပေးသေးဘူးလား"
ဆရာစင်းက ငေါက်လိုက်၏။
ထိုအခါ စုချန်းက သူ့အိပ်ကပ်ထဲမှ တံဆိပ်အား ဆွဲထုတ်ပြီး စင်းရှာဖေး မြင်သာအောင် ပြသလိုက်၏။
"ကျုပ်မှာ ဒါလေးရှိတယ် ဒါကြောင့် ကျုပ်ထက် အဆင့် သုံးဆင့်မြင့်တဲ့ အရာရှိကြီးတွေကိုတောင် အရု်ိအသေမပြုပဲ နေခွင့်ရှိတယ် ဆရာကြီးစင်း ခင်ဗျားဟာ ကျုပ်ထက် တဆင့်ပဲ ပိုမြင့်တာပါဗျာ"
စင်းရှာဖေး၏ အမူအရာသည် မသိမသာ တင်းမာသွား၏။
"အဆင့်နှစ် သူရဲကောင်းတံဆိပ်...ကောင်းတယ် သိပ်ကောင်းတယ် အသိပညာအတည်ပြုသူစု မင်းဟာ သာမာန်လူ မဟုတ်ဘူးပဲ ဒါကြောင့်လည်း အချိန်တိုအတွင်းမှာ တမြို့လုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားအောင် လုပ်ပစ်နိုင်တာကိုး"
စုချန်းက ခပ်မာမာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျုပ် စုချန်းဟာ မူလဗျူရိုကို တာဝန်ယူပြီးကတည်းက ဥပဒေအတိုင်းပဲ လုပ်ဆောင်ခဲ့တယ် ဘယ်မြို့သူမြို့သားကိုမှ ဘေးဒုက္ခမဖြစ်စေခဲ့ဘူး ဒီတော့ တမြို့လုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပါတယ်လို့ ပြောလို့ ဘယ်ရမတုန်းဗျ"
"ကြည်လင်မြစ်ဆိပ်ကမ်းပြသနာဟာ မင်းလက်ချက်မဟုတ်လို့ ဘယ်သူ့လက်ချက်တုန်းကွ"
"မှန်ပါတယ် ဒါ ကျုပ်လက်ချက်ပဲ ဒီလူတွေဟာ တရားဥပဒေကို ချိုးဖောက်ပြီး မူလဗျူရိုရဲ့ ချီစွမ်းအားပညာရှင်ကို သတ်ဖြတ်ခဲ့တယ် ကျုပ်က သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြပြီး သူတို့ကို ဝန်ခံဖို့ ပြောတယ် ဒါပေမဲ့ သူတို့က ရာဇဝတ်မှုကို ဝန်မခံတဲ့အပြင် ကျုပ်တို့ကိုပါ ရန်ပြုဖို့လုပ်လာလို့ ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ရတာပဲ အစုလိုက်အပြုံလိုက် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ပေမဲ့ ကျုပ်လုပ်တာ ဥပဒေနဲ့ ညီတယ် အခြားတဖက်မှာလည်း ဒီဒုစရိုက်အဖွဲ့ဟာ အဲဒီကတည်းက ဥပဒေကို မချိုးဖောက်ရဲတော့ပဲ ငြိမ်သက်သွားခဲ့တယ် တကယ်ဆိုရင် အဲဒီအတွက် ကျုပ်က ချီးကျူခံတောင် ထိုက်နေသေးတယ်"