← Chapters

အရေးဆိုခြင်း

Vol. 41 Ch. 401

အရေးဆိုခြင်း

Vol. 41 Ch. 401

စင်းရှာဖေးသည် ဒေါသတကြီးနှင့် သူ့လက်ထဲရှိဝိုင်ခွက်ကို ရိုက်ချိုးလိုက်၏။

"တယ်လဲ ထောင်လွှားလှချည်လားကွ"

သူက တင်းမာသော လေသံနှင့် အော်ဟစ်လိုက်သည်။

"ဒါဆိုရင် အကြီးအကဲလျူနဲ့ သူ့ကို ထောက်ခံသူတွေသေဆုံးသွားတာကိုကျတော့ မင်း ဘယ်လို ရှင်းပြမလဲ"

"မြို့တော်အရှင်သခင်အန်းကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းခဲ့ပြီးပြီ ခင်ဗျားရဲ့ မေးခွန်းကို ကျုပ် ဖြေစရာမလိုတော့ဘူး တကယ်လို့ခင်ဗျားအနေနဲ့ မကျေနပ်ဘူးရင် မြို့တော်အရှင်သခင်ဆီ ကိုယ်တိုင် သွားမေးလို့ရတယ်"

"မြို့တော်အရှင်သခင်နဲ့ မင်း ပေါင်းထားမှန်း ကျုပ်သိတယ် ဒါနဲ့ပဲ ဒီလို တရားလက်လွတ် လုပ်လို့ရမယ် ထင်သလားကွ"

စင်းရှာဖေးက စုချန်းအား ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။

စကတည်းက တယောက်နှင့်တယောက် ရန်သူများမှန်း သိထားပြီးသား ဖြစ်လေရာ ယဉ်ကျေးနေစရာအကြောင်းမရှိတော့။ ထို့ကြောင့် သူတို့နှစ်ယောက်သည် စတင်တွေ့ဆုံမိသည်နှင့် အချင်းချင်း ရန်စောင်ကြတော့သည်။

"ဒါဆိုရင် အကြီးအကဲစင်းကျတော့ ဘယ်လိုလဲ ခင်ဗျားကကော ဘယ်သူ့ရဲ အိမ်စောင့်ခွေးလဲ ဒါမှမဟုတ် ခင်ဗျားကို အစာကျွေးနေတာ အိမ်တော် တခုထက်များ ပိုနေသလား"

စုချန်းကလည်း မိုက်မိုက်ရိုင်းရိုင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"မိုက်ရိုင်းလိုက်တဲ့ အကောင်"

စင်းရှာဖေး ဒေါသတကြီးနှင့် ခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ခုံကတော့ ဘာမှမဖြစ်သော်လည်း မြေကြီးပေါ်တွင်တော့ အက်ရာများ ထင်လာ၏။

စင်းရှားဖေး၏လက်ဝါးရိုက်ချက်မှာ မူလစွမ်းရည်တော့ မဟုတ်ချေ။ သို့သော် ၎င်းသည် မိမိ၏ စွမ်းအင်နှုန်းထားကို ထိန်းချုပ်ရာတွင် အလွန်ကျွမ်းကျင်မှန်း သိသာနေ၏။ ဤအတိုင်းဆိုလျင် စင်းရှာဖေးသည် အနီးကပ်တိုက်ပွဲများတွင် အလွန်ကျွမ်းကျင်ကြောင်း ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့ချေ။

စင်းရှာဖေးက စကားဆက်ပြန်သည်။

"စုချန်းက မင်းဟာ လျူဝုယာနဲ့သူ့ထောက်ခံသူတွေကို မင်း စိတ်တိုင်းကျ စီရင်ခဲ့တယ် ဒါကြောင့်် တွန့်ဖန်းနဲ့တခြားကောင်တွေကို ငါက သက်ညှာပေးမှာမဟုတ်ဘူးကွ"

"ခင်ဗျား မသက်ညှာမှာ ကျုပ် သိပြီးသားပါ ခုလည်း အဲဒီအတိုင်း လုပ်ခဲ့ပြီးပြီမလား"

စုချန်းက ပြန်ဖြေလိုက်သည်။

"မှန်တယ် ခင်ဗျားဟာ မူလဗျူရိုရဲ့ အကြီးအကဲတယောက်အနေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးပိုင်ခွင့်ရှိတယ် ဒါပေမဲ့ သူတို့ကို ကွပ်မျက်မယ် ထောင်သွင်းအကျဉ်းချမယ်ဆိုရင်တော့ ကျုပ်ကလည်း အသိပညာအတည်ပြုသူတယောက်အနေနဲ့ သူတို့မှာ အပြစ် ရှိမရှိ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ် သူတို့မှာ ဘာအပြစ်မှ မရှိဘူးလို့ ကျုပ် မပြောရဲဘူး ဒါကြောင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်လို့ရအောင် သူတို့ကို ကျုပ်ဆီ လက်လွှဲပေးဖို့ အကြီးအကဲစင်းဆီ ခွင့်တောင်းပါတယ်"

"ခွင့်မပြုဘူးဆိုရင်ကောကွာ ဘာဆက်ဖြစ်မလဲ"

စင်းရှာဖေးက ပြန်လည်တုံ့ပြန်လိုက်သည်။

"ဘာမှမဖြစ်ဘူး ခင်ဗျား ခွင့်မပြုဘူးဆိုရင် မပြုဘူးပေါ့ဗျာ"

မမျှော်လင့်ပဲ စုချန်း၏ပုံစံမှာ အလျော့ပေးဟန် ပေါ်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကောက်ကျန်းချိန်း ခင်ဗျား ကြားတယ်နော် ကျုပ်ဟာ မူလဗျူရိုရဲ့ တရားဝင် အသိပညာအတည်ပြုသူတယောက်အနေနဲ့ တွန့်ဖန်းတို့လူစု ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းခဲ့တဲ့ ပြစ်မှုကို စုံစမ်းစစ်ဆေးဖို့ အကြီးအကဲစင်းဆီမှာ ခွင့်ပြုမိန့် တောင်းခံခဲ့တယ် ဒါပေမဲ့ အကြီးအကဲစင်းကတော့ ပူးပေါင်းလုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့တယ် ဒါကို ခင်ဗျား မှတ်တမ်းတင်ထားလိုက်ပါ ဒီအတိုင်းဆိုရင် အကြီးအကဲစင်းဟာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်တဲ့ လူတွေကို မှားယွင်းစွပ်စွဲမိတယ်လို့ သံသယဖြစ်ဖွယ်ရာ ရှိနေတယ်"

"မင်းက ဒါကို အကြီးအကဲတွေဆီ အစီရင်ခံလို့လား လုပ်စမ်းပါကွာ မင်းအော်သံကြောင့် ကောင်းကင်ကြီးတခုလုံး ပြိုကျသွားတာကမှ ဖြစ်နိုင်အုံးမယ် မင်းရဲ အစီရင်ခံစာကတော့ ဟိုကို ရောက်မှာမဟုတ်ဘူး"

စုချန်းသာ ထိုနည်းလမ်းအတိုင်း ဆောင်ရွက်ပါက စင်းရှာဖေး လုံးဝမကြောက်။ ၎င်းကို ရင်ဆိုင်ရန် သူ့တွင် စိတ်ချယုံကြရသော ရင်းမြစ်များ ရှိနေသည် မဟုတ်ပါလား။

"မရောက်ဘူးလို့ ခင်ဗျား တကယ်ပြောရဲသလား"

စကားသံတသံက ရုတ်တရက် ထွက်ပေါ်လာ၏။ စင်းရှာဖေး အံ့သြသင့်သွားသည်။ သူက ခေါင်းကို မော့ကြည့်လိုက်ရာ သူတို့ရှိရာသို့ လမ်းလျှောက်လာသာ လူငယ်တယောက်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုလူငယ်သည် နဂါးကိုးကောင်ပုံ ထိုးနှံထားသည့် မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း စပါးကြီးမြွေတကောင်ပုံစံ ကျောက်စိမ်းခါးပတ်ကို ဆင်မြန်ထား၏။ ခေါင်းတွင်တော့ ဦးထုတ်ရှည်တလုံးကို ဆောင်းထားလေသည်။ သူ့လက်နက်မှာကား အဆင့်၉ မူလကိရိယာဖြစ်သည့် လေမျက်လုံးဓားပင် ဖြစ်သည်။

လူငယ်၏ ပုံစံကို ကြည့်သည်နှင့် လျို့ဝှက်အဖွဲ့ဝင်တယောက်မှန်းသိသာနေသည်။ လျှို့ဝှက်အဖွဲ့ဟူသည် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်တိုင်းလိုလိုသည် ဧကရာဇ်အပေါ်တွင်သာ သစ္စာခံကြ၏။ ကြည်လင်မြစ်မြို့တော်သို့ လျှို့ဝှက်အဖွဲ့ဝင်တယောက် မည်သို့များ ရောက်လာသနည်း။

စင်းရှာဖေး ကြက်သေသေသွား၏။

လျှို့ဝှက်အဖွဲ့ဟူသည် တခြား အစိုးရအဖွဲ့များနှင့် တူသည်မဟုတ်။ ၎င်းတို့မှာ ဧကရာဇ်မိသားစုကို တိုက်ရိုက်အစီရင်ခံခွင့် ရှိသူများ ဖြစ်ကြသည်။

အကယ်၍ လျှို့ဝှက်တပ်ဖွဲ့မှသာ ဤပြသနာကို ကိုင်တွယ်မည်ဟုဆိုပါက စင်းရှာဖေးအတွက် အလားအလာမကောင်းသည်မှာ သေချာနေခဲ့လေပြီ။

ထိုအခါ သူက မတ်တပ်ရပ်ရင်း ပြောလိုက်၏။

"အိုး လျှို့ဝှက်အဖွဲ့က ဧည့်သည်တော်ကြီးပါလားဘယ်သူများပါလိမ့် ကျုပ်ဟာ လျှို့ဝှက်အဖွဲ့က ဆရာလီ ဆရာပိုင်တို့နဲ့ဆိုရင် အလွန်ကို ရင်းနှီးတာဗျ"

"ကျုပ်နာမည် တိမ်တိုက်ကျားသစ်လို့ ခေါ်တယ် ခင်ဗျားအနေနဲ့ သူတို့နာမည်ကို ပြောပြီး ကျုပ်ကို သတိပေးနေစရာမလိုဘူး ကျုပ် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး သိနေစရာလည်း မလိုဘူး"

တိမ်တိုက်ကျားသစ်သည် ပြောရင်းဆိုရင်းနှင့် မည်သူ့မှမကြည့်ပဲ တည့်တည့်မတ်မတ်ပင် လျှောက်လာ၏။ ထို့နောက် သူက စုချန်း၏ ဘေးတွင် မတ်တပ်ရပ်ပြီး စင်းရှာဖေးကို စိုက်ကြည့်လိုက်သည်။

စင်းရှာဖေးသည် စုချန်းကိုတလှည့်၊ တိမ်တိုက်ကျားသစ်ကိုတလှည့် စိုက်ကြည့်နေ၏။ ထို့နောက် သူက တစုံတခုကို ချက်ချင်းလိုလိုပင် နားလည်သဘောပေါက်သွားသည်။

"ဆရာကျားသစ် ခင်ဗျားဟာ လျှို့ဝှက်အဖွဲ့မှာ အဖွဲ့ဝင်သစ်ပဲ ဖြစ်ရမယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"

"ဟုတ်တော့ ဘာဖြစ်သလဲ"

"ဆရာကျားသစ်ကို ကြည့်ရတာ အသက်သိပ်မကြီးသေးဘူး သိပ်မကြာသေးခင်ကမှ ကျောင်းဆင်းလာတာနဲ့ တူတယ်"

"ကျုပ် နဂါးကျောင်းတော်က ကျောင်းဆင်းလာတာပဲ"

တိမ်တိုက်ကျားသစ်ကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"လက်စသတ်တော့ ဒီလိုကိုး"

စင်းရှာဖေး သဘောပေါက်သွားလေပြီ။

"လျှို့ဝှက်အဖွဲ့ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပိုင်ခွင့်ရှိပေမဲ့ သူတို့ရဲ့ အဓိကတာဝန်ကတော့ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ သူပုန်တွေကို သုတ်သင်ဖို့ပဲ မူလဗျူရိုရဲ့ ပြသနာဟာ ခင်ဗျားတို့ရဲ့စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး ကျုပ်ပြောတာ ဟုတ်ရဲ့လား"

"ဒီလိုလဲ မဟုတ်သေးပါဘူးဗျာ လျှို့ဝှက်အဖွဲ့အနေနဲ့ အစိုးရအရာရှိတွေ သူတို့ရဲ့ အလုပ်တာဝန်တွေကို စနစ်တကျ ထမ်းဆောင်နေရဲ့လားဆိုတာ ကြီးကြပ်ပိုင်ခွင့်ရှိတယ် တကယ်လို့ တစုံတယောက်ဟာ ကိုယ့်တာဝန်ကို ကျေပြွန်အောင် မထမ်းဆောင်ပဲ တခြားအဖွဲ့အစည်းတွေကို သစ္စာခံနေခဲ့ရင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ထိခိုက်လာစေခဲ့ရင် ၊ ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ရင် လျှို့ဝှက်အဖွဲ့အနေနဲ့ ဒါကို ဖြေရှင်းခွင့်ရှိတယ်"

အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ပြီးနောက်တိမ်တိုက်ကျားသစ်၏ စကားပြောစွမ်းရည်မှာ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် အနည်းဆုံးတော့ အစိုးရအရာရှိတယောက်နှင့် တူအောင် ပြောဆိုနိုင်ခဲ့ပေပြီ။

ယခင်တုန်းကသာဆိုလျင် တိမ်တိုက်ကျားသစ်က ယခုလို ပြောလိမ့်မည်မဟုတ်။ "ငါလုပ်ချင်ရင် လုပ်မှာပဲ" ဟု ပြောလိမ့်မည်သာ။

အမှန်တော့ အစိုးရအရာရှိများနှင့် ပတ်သက်၍ လျှို့ဝှက်အဖွဲ့၏ လုပ်ပိုင်ခွင့်မှာ ရှင်းရှင်းလင်းလင်း ရှိလှသည်မဟုတ်ချေ။ ၎င်းတို့၏ အဓိကတာဝန်မှာ လုပ်ကြံမှုများနှင့် ပတ်သက်၍ ဧကရာဇ်မိသားစုထံ တိုက်ရိုက်သတင်းပို့ရန်သာ ဖြစ်သည်။ အစိုးရအရာရှိများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ပိုင်ခွင့်မှာ ခရီးသွားဟန်လွဲသဘောမျိုးသာ ဖြစ်သည်။ မည်သို့ဆိုစေ တိမ်တိုက်ကျားသစ်အနေနှင့် အနှီ ခရီးသွားဟန်လွဲတာဝန်ကို လုပ်ပိုင်ခွင့်ရှိနေသည်ကတော့ အမှန်ပင်။ သူသည် တရားခံများအား စစ်ဆေးမေးမြန်းရန် တောင်းဆိုနေသည်မဟုတ်။ သက်သေများ တင်ပြရန် စင်းရှာဖေး ရှောင်လွှဲနေခြင်းအား သတင်းပို့လိုက်မည်ဟု ပြောဆိုနေခြင်းသာ ဖြစ်သည်။

မည်သို့ဆိုစေ တိမ်တိုက်ကျားသစ်၏ စကားက ထိရောက်သွားဟန် ရှိ၏။ စင်းရှာဖေးက အမိန့်ပေးလိုက်သည်။

"ကောက်ကျန်းချိန်း သက်သေတွေကို အသိပညာအတည်ပြုသူစုဆီ ပို့ပေးလိုက်ပါ"

ချက်ချင်းဆိုသလို စုချန်း၏ လက်ထဲသို့ တွန့်ဖန်းတို့၏ အမှုတွဲ ရောက်ရှိလာ၏။

စုချန်းကလည်း အမှုတွဲကို ချက်ချင်းပင် လှန်လှောဖတ်ရှုလိုက်၏။ အမှုတွဲထဲတွင် တွန့်ဖန်းနှင့် ကျန်သုံးယာက် ပင်လယ်ဓားပြများနှင့်် ဆက်သွယ်ပုံ၊ ကုန်စည်လှေများအား ခြုံခိုတိုက်ခိုက်ပုံတို့ကို ကျကျနန မှတ်တမ်းတင်ထား၏။ လူသက်သေ၊ ပစ္စည်းသက်သေများလည်း ပါဝင်နေကြောင်း တွေ့ရသည်။

အမှုအား တည်ဆောက်ထားပုံမှာ အတော်လေး အထင်ကြီးလောက်စရာပင်။ စုချန်းအနေနှင့် အမှုတွဲလောက်ကိုသာ ဖတ်ရှုမိပြီး အထဲရှိ လူသက်သေ၊ ပစ္စည်းသက်သေများအား တွေ့မိပါက တကယ်ပင် အမှန်ဟု ထင်မိလောက်ပေသည်။

သို့သော် လက်ရှိတွင်ကား အမှုတွဲမှာ မည်မျှပင် အထင်ကြီးစရာကောင်းနေသည့်တိုင် ၎င်းသည် အတုအယောင်မျှသာ ဖြစ်သည်။ ပကတိအမှန်တရားအား ဖုံးကွယ်ရန် လှည့်စားထားခြင်းပင်။

အမှုတွဲအား ထပ်မံ၍ အသေးစိတ် ဖတ်ရှုပြီးနောက် စုချန်း ရယ်မောလိုက်သည်။

"စိတ်ဝင်စားစရာပဲ အကြီးအကဲစင်း ဒီအထဲမှာ ရေးထားတာကတော့ တွန့်ဖန်းနဲ့ ကျန်လူတွေဟာ ကုန်စည်လှေတွေ ထွက်ခွာမဲ့ သတင်းကို ဓားပြတွေဆီ ရောင်းစားခဲ့တယ်တဲ့ ဒါကြောင့်မို့လို့သာ ကုန်စည်လှေတွေ ဒုက္ခရောက်ကုန်တာတဲ့ ဒါ ဟုတ်ကောဟုတ်ရဲ့လားဗျ"

"မင်းက ဘာကြောင့် ဒီလိုမေးတာလဲ"

"ဘာရယ်လို့တော့ မဟုတ်ပါဘူးဗျာ ဒီကောင်တွေ ကုန်စည်လှေ ထွက်ခွာမဲ့အချိန် နေ့ရက်တွေကို ဘယ်လိုလုပ်ပြီးများ သိသွားသလဲ ကျုပ် သဘောမပေါက်လို့ မူလဗျူရိုဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမှ မရှိတာပဲ"

"ဒီသတင်းကိုရဖို့ ဒီကောင်တွေ ဟေးမျိုးနွယ်စု လက်အောက်ငယ်သားတယောက်ကို လာဘ်ထိုးခဲ့တယ်လေ ကျုပ်တို့မှာ လူသက်သေ ရထားပြီးပြီ ကောက်ကျန်းချိန်း အဲဒီကောင်ကို ဆွဲခေါ်လာခဲ့စမ်း"

"မလိုပါဘူးဗျာ ကျုပ် ခင်ဗျားတို့ရဲ့ လူသက်သေကို စိတ်မဝင်စားဘူး ကျုပ် သိချင်တာက ခင်ဗျားတို့ ပြောတဲ့ ဟေးမျိုးနွယ် လက်အောက်ငယ်သားဟာ ဒီသတင်းကို ဘာကြောင့် ပင်လယ်ဓားပြတွေဆီ တိုက်ရိုက်မရောင်းတာလဲ ဆိုတာပဲ အဲလိုသာဆိုရင် သူ့အနေနဲ့ ဒီထက်ပိုပြီး အများကြီး မြတ်စွန်းနိင်တယ်မလား"

"ဘာကြောင့်လဲဆိုတော့ ဒီကောင်ဟာ အလွန်သူရဲဘောကြောင်ပြီး ပင်လယ်ဓားပြတွေနဲ့ တိုက်ရိုက် မဆက်ဆံရဲလို့ပေါ့ကွာ"

"ဒါဆိုရင် ကျုပ်မှာ နောက်ထပ်မေးခွန်းတခု ရှိသေးတယ် ကုန်စည်လှေတွေဟာ အနောက်မြစ်တောအုပ်ကို ဆေးဘက်ဝင်ပစ္စည်းသွားဝယ်တဲ့လမ်းမှာ ဓားပြတိုက်ခံရတယ်လို့ ဆိုတယ် ဒါဆိုရင် သူတို့ သွားတဲ့လမ်းမှာ အတိုက်ခံရတာလား ဒါမှမဟုတ် အပြန်လမ်းမှာ အတိုက်ခံရတာလား"

"ဘာများ ကွာခြားနေလို့လဲကွ"

"ကျေးဇူးပြုပြီး ကျုပ်မေးတာသာ ဖြေစမ်းပါဗျာ"

"ဒါ"

စင်းရှာဖေး ခေတ္တမျှ တွန့်ဆုတ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။

"အသွားလမ်းမှာနဲ့တူတယ် ဟုတ်တယ်ကွ သူတို့ အဲဒီကို သွားတဲ့လမ်းမှာ ဓားပြတိုက်ခံရတာပဲ"

ထိုစကားကို ကြားသည်နှင့် စုချန်း အားရပါးရ ရယ်မောလိုက်၏။

"ဒါဆိုရင်တော့ အတော်ကို စိတ်ဝင်စားစရာ ကောင်းနေပြီ လူတိုင်းသိထားတာက အဓိက အကျိုးအမြတ်ဟာ အနောက်မြစ်တောအုပ်က သယ်လာတဲ့ ကုန်စည်တွေဆိုတာပဲဗျ အဲဒီကနေ ဘာတွေပဲ သယ်လာ သယ်လာ ရွှေစင်အနည်းငယ်လောက်နဲ့ ဝယ်ယူပြီး ပြင်ပကမ္ဘာမှာ အဆတရာလောက် ဈေးတင်ရောင်းနေမှန်း လူတိုင်း သိနေတာပဲလေ ပြီးတော့ ဈေးကွက်ကြီးတခုလုံးကို တော်ဝင်မျိုးနွယ်စုတွေ လက်ဝါးကြီးအုပ်ထားတော့ ဘယ်သူမှ ဝင်စွက်လို့မရဘူး ခုတော့ တော်ဝင်မျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုကို ဓားပြတိုက်ရဲတဲ့ လူတွေ ပေါ်လာပြီ ဒါတောင်မှ ဒီဓားပြတွေက အဖိုးတန်ကုန်စည်တွေ သယ်လာမဲ့ အပြန်လမ်းကို ရွေးမတိုက်ပဲ ဘာကြောင့် အသွားလမ်းမှာ တိုက်ရတာလဲ ရွှေတွေလိုချင်လို့လား ရွှေတွေ လိုချင်ရင် တခြားလူတွေကို ရွေးတိုက်မှာပေါ့ဗျ"

"မဟုတ်ဘူးကွ ကျုပ် အမှတ်မှားသွားတာ ကုန်စည်လှေတွေဟာ အပြန်လမ်းမှာ ဓားပြတိုက်ခံရတာကွ"

စင်းရှာဖေးက မြန်မြန်ဆန်ဆန်ပင် အမှားပြင်လိုက်၏။

"ခင်ဗျား သေချာလို့လား"

"သိပ်ကိုသေချာတာပေါ့ကွာ"

"ဒါဆိုရင်တော့ ကျုပ်တို့မှာ ပြသနာကြီးကြီးမားမား ရှိနေပြီ ကျုပ်သိထားသလောက် အနောက်မြစ်တောအုပ်က ရွာသားတွေဟာ ဈေးနှုန်းကိစ္စနဲ့ ပတ်သက်ပြီး တော်ဝင်မျိုးနွယ်စုတွေနဲ့ အငြင်းပွားနေကြတယ် ဒါကြောင့် ဘယ်တော်ဝင်မျိုးနွယ်စုတွေဆီမှ သူတို့ရဲ့ ကုန်စည်တွေကို မရောင်းမှာ သေချာတယ် ဒါဆိုရင် ဓားပြတွေက ဘယ်လို ဆေးဘက်ဝင်ကုန်စည်တွေကိုများ ဓားပြတိုက်သွားတာပါလိမ့်"

"ဘာကွ"

စင်းရှာဖေး နဝေတိမ်တောင် ဖြစ်သွား၏။

ထိုအကြောင်းကို စုချန်း ဘယ်လိုလုပ် သိသွားသနည်း။

စုချန်းက စကားဆက်ပြန်သည်။

"ခင်ဗျားတို့ အမှုဟာ သံသယဖြစ်စရာတွေ များလွန်းနေတယ် ကျုပ်အနေနဲ့ အဖမ်းခံရထားတဲ့လူတွေကိုတောင် သွားတွေ့နေစရာမလိုသေးဘူး ကျုပ်သာ ဆက်ပြီး စုံစမ်းရင် ဒီထက်များတဲ့ ဟာကွက်တွေ ပေါ်လာအုံးမှာ သေချာတယ် ဒီတော့ ခင်ဗျားအနေနဲ ဒါကို ဂရုမစိုက်ပဲ ရှေ့ဆက်တိုးမယ်ဆိုရင် ကျုပ်ဘက်ကလည်း မထောက်မညှာပဲ အစီရင်ခံစာ တင်ရလိမ့်မယ် ဒါမှမဟုတ် ကျုပ်တို့နှစ်ဘက်လုံး သဘောတူညီချက်ယူပြီး နောက်ဆုတ်လိုက်လို့ရတယ်"

"ဘာကွ သဘောတူညီချက်ယူပြီး နှစ်ဘက်လုံး နောက်ဆုတ်မယ် ဟုတ်လား"

စင်းရှာဖေး လွှတ်ခနဲ မေးလိုက်သည်။

"ဟုတ်တယ် နှစ်ဖက်လုံး သဘောတူညီချက်ယူပြီး နောက်ဆုတ်လိုက်ဖို့ပဲ"

စုချန်းက ပြောလိုက်၏။

"ဒီမှာ အကြီးအကဲစင်း ခင်ဗျားဟာ ကျုပ်အပေါ် ကောင်းကောင်းနားမလည်သေးဘူးဗျာ ကျုပ်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို မဆုတ်မနစ် ကြိုးစားအားထုတ်လေ့ရှိတယ် ခုလို နောက်ဆုတ်ပေးတယ်ဆိုတာ ကျုပ်ဘဝမှာ အလွန်ရှားတယ်ဗျ ဒါကို ခင်ဗျား ရာထူးသစ်အတွက် ကျုပ်ရဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ ကောင်းကောင်းတန်ဖိုးထားပါ"

စုချန်း၏လေသံမှာ သာမာန်မျှသာ ဖြစ်သည်။ သို့သော် စကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပါယ်မှာကား ပြစ်ပယ်ရန်ခက်ခဲလှသည်။

All Chapters