ပြင်ဆင်ခြင်း ၁
Vol. 41 Ch. 402
မူလဗျူရိုမှ စုချန်း ထွက်ခွာလာချိန်တွင်တော့သူ့ဘေးနားတွင် တိမ်တိုက်ကျားသစ်သာမက တွန့်ဖန်းတို့လူစုပါ တခါတည်း ပါလာ၏။
နောက်ဆုံးတွင်တော့ စင်းရှာဖေးတယောက် အရှုံးပေးလိုက်ပုံရသည်။
သူ့အနေနှင့် တခြား ဘာမှလုပ်စရာ မရှိတော့။ စုချန်း၏ ဗျူဟာကြွယ်ဝမှုအပေါ်တွင် တိမ်တိုက်ကျားသစ်ကပါ အားဖြည့်ပေးလိုက်သောအခါ ပြသနာသည် မထင်မှတ်လောက်အောင် ကြီးထွားသွားနိုင်၏။ ထိုအခြေအနေထိတော့ စင်းရှာဖေး အရောက်မခံနိုင်။
စုချန်းအနေနှင့် ဤတကွေ့တွင် ဘာကြောင့် နောက်ဆုတ်ပေးလိုက်မှန်းကိုလည်း စင်းရှာဖေးက ကောင်းကောင်းသဘောပေါက်ထား၏။ ၎င်းမှာ သူ့လူများကို ကယ်တင်ရန်ပင် ဖြစ်သည်။
ကုန်စည်လှေများ တိုက်ခိုက်ခံရသည့်ပြသနာအပေါ် စုချန်းကသာ ဆက်လက် ဖိအားပေးနေပါက စင်းရှာဖေးကလည်း မညှာနိုင်ပေ။ ထိုအခါ တွန့်ဖန့်နှင့် တခြားလူများ ထောင်ထဲမှာပင် သေဆုံးသွားဖွယ်ရာရှိသည်။ ထိုအခါ သူတို့အကြား ရန်ညိုးမှာလည်း ပို၍ ကြီးထွားသွားဖွယ်ရာ ရှိနေ၏။
တွန့်ဖန်းကဲ့သို့သော အဆင့်အတန်းမျိုးကြောင့် သူတို့အကြား ထိပ်တိုက်တွေ့ရန် မသင့်တော်လှဟု စင်းရှာဖေးက ယူဆထားလေသည်။
တဖက်တွင်လည်း စုချန်းအနေနှင့် သူ့လူများကို ကြိုးစား၍ ကယ်တင်ခြင်းမှာ အဓိပ္ပါယ်ရှိသော လုပ်ရပ်ပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ့လူများ၏ အသည်းနှလုံးကို စုချန်းတယောက် သိမ်းကြုံးဆွဲငင်နိုင်ပေလိမ့်မည်။
စင်းရှာဖေးအဖို့လည်း ဆက်လက် ခေါင်းမာနေပါက အခြေအနေ မကောင်းလှချေ။ ပြသနာများသည် စုချန်း၏ အစီရင်ခံစာကြောင့် အကြီးအကဲများထံသို့ ရောက်ရှိသွားနိုင်သည့်အပြင် သူ့အောက်ရှိလူများ၏ သစ္စာခံမှုကိုလည်း ၎င်းအဖို့ ဆုံးရှုံးသွားနိုင်၏။
တကယ်တော့ စင်းရှာဖေးအဖို့ တခြားရွေးချယ်စရာများ ရှိနေသည်ဟု ထင်ရသော်လည်း ဖြစ်နိုင်ဖွယ်ရာလမ်းကြောင်းကတော့ တလမ်းတည်းသာ ရှိလေသည်။
နောက်ဆုံးတော့ ဤပြသနာကို ဆက်လက်စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြ၏။ စုံစမ်းစစ်ဆေးမှု အချိန်ဘယ်လောက်ထိကြာမည်ကိုတော့ မည်သူမှ တပ်အပ်သေချာ မပြောနိုင်ချေ။
နာရီဝက်ခန့်အကြာတွင်တော့ တွန့်ဖန်းအပါအဝင် တခြားလူများအားလုံး ထောင်ထဲမှ လွတ်မြောက်လာ၏။
တွန့်ဖန်းတို့လူစုသည် ထောင်ထဲတွင် ရက်အနည်းငယ်မျှသာ နေလိုက်ရသော်လည်း မသက်သာလှ။ ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်နေသည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့ တကိုယ်လုံးတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။
တွန့်ဖန်း၏ အခြေအနေမှာကား အဆိုးဆုံး ဖြစ်သည်။ သူက အံကြိတ်ကာ ဒေါသတကြီးနှင့် ပြောလိုက်၏။
"ကျုပ် စင်းရှာဖေးကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးအသိပညာအတည်ပြုသူစု ကျုပ်တို့အတွက် သူ့ကို လက်စားချေပေးပါ"
"ကျုပ် သိပါတယ် ဒီကိစ္စကို ကျုပ်နဲ့သာ လွှဲထားလိုက်စမ်းပါ ခင်ဗျားတို့ကတော့ ဒဏ်ရာပျောက်ကင်းသွားတဲ့အထိ အနားယူကြ"
ပြောပြောဆိုဆို စုချန်းက တွန့်ဖန်းတို့လူစုအား ဒဏ်ရာသက်သာစေသည့် ဆေးများ အသီးသီး ပေးလိုက်၏။
တွန့်ဖန်းတို့လူစုအား မှာစရာရှိသည်များ မှာကြားပြီးသည်နှင့် စုချန်းသည် တိမ်တိုက်ကျားသစ်အား နှုတ်ဆက်ကာ မြို့တော်အရှင်သခင်၏ အိမ်တော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။
စုချန်းအား လူတိုင်းက မှတ်မိနေကြသည် ဖြစ်လေရာ အစေခံများက အလျင်အမြန်ပင် ဆီးကြိုနှုတ်ဆက်ကြ၏။ အန်းစီယွမ်သည် အနောက်ဘက်ရှိ ပန်းဥယျဉ်တွင် ရှိလေသည်။ စုချန်း ရောက်လာသည်ကို မြင်သည်နှင့် သူက ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်း အပြင်ကို ထွက်လာပြီပေါ့"
"စုချန်း မြို့တော်အရှင်သခင်ကို နှုတ်ဆက်ပါတယ်ခင်ဗျာ"
"ထားလိုက်စမ်းပါကွာ ကျုပ်တို့အကြားမှာ လောကဝတ်တွေ မလိုပါဘူး ဒါနဲ့ မူလဗျူရိုမှာ ဘာတွေဖြစ်နေသလဲ မင်း သိထားပြီးပြီမလား"
"သိပြီးပါပြီ"
"တကယ်တော့ ဒါဟာ ကျုပ် အမှားပဲကွ မူလဗျူရိုရဲ့ အရှင်သခင်နေရာကို မင်းအတွက် အာမခံချက် မပေးနိုင်ခဲ့ဘူး နောက်ဆုံးတော့ မူလဗျူရိုဟာ ဒီကောင်တွေလက်ထဲ ပြန်ရောက်သွားပြန်ပြီ"
အန်းစီယွမ်က ခေါင်းတချက်ခါရင်း သက်ပြင်းချကာ ပြောလိုက်သည်။
သို့သော် စုချန်းကား အေးဆေးတည်ငြိမ်လှသည်။
"မူလဗျူရိုရဲ့ ခေါင်းဆောင်နေရာကို မရလိုက်တာနဲ့ မူလဗျူရိုကို မထိန်းချုပ်နိုင်တာဟာ တခြားစီပါပဲခင်ဗျာ"
အန်းစီယွမ် အားရပါးရ ရယ်မောလိုက်သည်။
"ဟား ဟား ဟား စကားပြောကောင်းတယ် ဒီတော့ မင်းရဲ့တိုက်ပွဲဝင်စိတ်ဓာတ်က ၁၀၀ရာခိုင်နှုန်းအပြည့် ရှိနေသေးတယ်ပေါ့ ဟုတ်လား"
"တခြားလူတွေနဲ့ တိုက်ခိုက်နေရတာဟာ ပျော်စရာပါပဲခင်ဗျာ တော်ဝင်မျိုးနွယ်စုတွေက ကျုပ်ကို ဒုက္ခပေးချင်နေကတည်းက ကျုပ်ဘက်ကလည်း သူတို့ကို တိုက်ခိုက်ဖို့ မတင်းတိမ်နိုင်ဘူး ဖြစ်နေတယ်"
ထို့နောက် သူက ကနဦး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား အန်းစီယွမ်ကို ကျကျနန ရှင်းပြလိုက်၏။
တွန့်ဖန်းနှင့် ကျန်လူများ လွတ်လာကြောင်း သိလိုက်ရသောအခါ အန်းစီယွမ် သက်ပြင်းချလိုက်၏။
"မင်းက သူတို့ကိုတောင် ကယ်လာခဲ့ပြီးပြီကိုး သိပ်ကောင်းတယ် ကျုပ်လည်း သူတို့ကို ကူညီချင်ပေမဲ့ လူအင်အား မလုံလောက်ဘူး ဖြစ်နေတယ် မင်းဟာမင်း ကယ်လာခဲ့ပြီဆိုတော့ အကောင်းဆုံးပဲပေါ့ ဒါနဲ့ဘာဆက်လုပ်ဖို့ မင်းစဉ်းစားထားသလဲ"
မြို့တော်အရှင်သခင်တယောက် ဖြစ်သော်ငြား စုချန်း ဘာဆက်လုပ်မည်နည်းဟု မေးလိုက်ခြင်းကြောင့် အန်းစီယွမ်၏ စုချန်းအပေါ် အထင်ကြီးလေးစားမှုက ပေါ်လွင်နေ၏။
စုချန်းက ရှင်းပြလိုက်၏။
"စင်းရှာဖေးဟာ မူလဗျူရိုရဲ့ ခေါင်းဆောင်သစ်ဖြစ်လာပြီ ဆိုပေမဲ့ ကျုပ်အနေနဲ့ကလည်း လွန်ခဲ့တဲ့ နှစ်ဝက်လုံးလုံး အလကား ထိုင်နေခဲ့တာ မဟုတ်ပါဘူးခင်ဗျာ ဒီတော့ သူ့အနေနဲ့ ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင် ကျုပ်တို့က သူ့ကို ရုပ်ပြခေါင်းဆောင်သဘောမျိုး ထားပေးလို့ရတယ် မဖြစ်မနေတိုက်ခိုက်ရတော့မဲ့ အချိန်ရောက်လာရင်လည်း ကျုပ်တို့ဘက်က ကြောက်စရာမလိုသေးပါဘူး"
အန်းစီယွမ်ကိုယ်တိုင်လည်း မြို့တော်အရှင်သခင်တယောက် ဖြစ်သည့််တိုင် တော်ဝင်မျိုးနွယ်စုများအား ထိတ်လန့်နေရ၍ မြို့တော်အရှင်သခင်ဟူသော ရာထူးမှာ ရုပ်ပြသဖွယ် ဖြစ်နေသည်မှာ ကြာမြင့်လှပြီ မဟုတ်ပါလား။ ထို့ကြောင့် စုချန်း၏ ဆိုလိုရင်းကို အန်းစီယွမ် ချက်ချင်း နားလည်လိုက်သည်။
စင်းရှာဖေးသည် မူလဗျူရိုတွင် ခေါင်းဆောင် ဖြစ်လာသော်လည်း ၎င်းမှာ လျူဝုယာ မဟုတ်။ လူသစ်မျှသာဖြစ်သေး၍ လက်အောက်ငယ်သားများ၏ သစ္စာရှိမှုကို အချိန်တိုအတွင်း ရရှိရန် မလွယ်လှပေ။
စုချန်းက စကားဆက်လိုက်ပြန်သည်။
"လောလောဆယ် စင်းရှာဖေးကို ရင်ဆိုင်ဖို့ထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတခု ရှိသေးတယ် မြို့တော်အရှင်သခင်"
"အိုး ဘာများလဲကွ"
စုချန်းလိုလူစားမျိုး၏ ပါးစပ်မှ ထိုစကားမျိုး ထွက်လာ၍ အန်းစီယွမ်၏ စိတ်ဝင်စားမှုမှာ အထွတ်အထိပ်သို့ ရောက်သွား၏။
"လူတချို့ကို ဖိအားပေးဖို့ လူအင်အားလိုနေပါတယ် မြို့တော်အရှင်သခင်"
"ဘယ်သူတွေကို ဖိအားပေးဖို့များလဲကွ"
"တကယ်တော့ ပင်လယ်ဓားပြတွေကိုပါခင်ဗျာ"
စုချန်းက ရှင်းပြလိုက်၏။
"ဒီနှစ်ပိုင်းတွေမှာ တော်ဝင်မျိုးနွယ်စုတွေဟာ ပင်လယ်ဓားပြတွေနဲ့ လျှို့ဝှက်ပူးပေါင်းထားပြီး ရေလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ကြည်လင်မြစ်မြို့တော်ရဲ့ စီးပွားရေး ရေသောက်မြစ်ကြီးတခုလုံးကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့တယ် မြို့ပေါ်မှာဆိုရင် ဒုစရိုက်အဖွဲ့တွေက မြို့တော်ရဲ့ ဈေးကွက်နဲ့ ဆိုင်တွေကို ထိန်းချုပ်ထားပြီး ပင်လယ်ဓားပြတွေကတော့ ရေလမ်းကို စိုးမိုးထားတယ် ဒါကြောင့် ဒီကောင်တွေဟာ တော်ဝင်မျိုးနွယ်စုတွေရဲ့ ခြေ လက်တွေနဲ့ တူတယ် ကျုပ်တို့အနေနဲ့ တော်ဝင်မျိုးနွယ်စုတွေကို ရင်ဆိုင်မယ်ဆိုရင် သူတို့ရဲ့ ခြေလက်တွေကို အရင်ဆုံး ချိုးထားသင့်တယ်"
"ဒါပေမဲ့ ဓားပြတွေ ဒုစရိုက်အဖွဲ့တွေက်ို ရှင်းပစ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်ကွ"
အန်းစီယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။
"မြို့ပေါ်က ဒုစရိုက်အဖွဲ့တွေဟာ မြို့သူမြို့သားတွေနဲ့ ရောနှောနေတဲ့အတွက် ခွဲခြားဖို့ ခက်တယ် ပင်လယ်ဓားပြတွေကျပြန်တော့ ချောင်းကြားမြောင်းကြားတွေထဲမှာ ပုန်းအောင်းနေတော့ တွေ့ဖို့ခက်တယ် သူတို့ထဲမှာလဲ ထူးချွန်တဲ့ လူတချို့ ရှိနေကြတယ် ကျုပ်တို့က အင်အားအများကြီး ပြလိုက်မိရင် ဒီကောင်တွေ ဘယ်တော့မှ ပေါ်လာတော့မှာ မဟုတ်ဘူး လူနည်းသွားပြန်ရင်လည်း ကျုပ်တို့ ခံသွားရမယ် ဒါကြောင့် တော်ဝင်မျိုးနွယ်စုတွေနဲ့ လူဆိုးတွေရဲ့ ပူးပေါင်းမှုကို ဖြိုခွဲဖို့ အတော်လေး ခက်တယ်ကွ"
"ကျုပ်တို့ဘက်က လင်းယွန်ရေတပ်ကို စည်းရုံးလို့ ရနိင်မလား မြို့တော်အရှင်သခင်"
အန်းစီယွမ်က ခေါင်းခါလိုက်သည်။
"လင်းယွန်ရေတပ်ဟာ ကြည်လင်မြစ်မြို့တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူးကွ ဒါကြောင့် ကျုပ်တို့က သူတို့ကို တိုက်ရိုက်အမိန့်ပေးလို့ မရဘူး ဒီလိုမဟုတ်ဘူးဆိုရင် ကျုပ်ဟာ အစောကြီးတည်းက သူတို့ကို ထုတ်သုံးပြီပေါ့ကွာ"
"ဒါဆိုရင်လဲ"
စုချန်းက ခေတ္တ စဉ်းစားဟန်ပြုလိုက်၏။
"ဒီကိစ္စ ကျုပ်ဆီ ဘာဖြစ်လို့မလွှဲလိုက်တာလဲ မြို့တော်အရှင်သခင်"
"မင်းဆီကို ဟုတ်လား"
အန်းစီယွမ် မျက်လုံးပြူးသွား၏။
"မင်းမှာ လူအင်အား ဘယ်လောက်ရှိလို့လဲ ဓားပြတွေမှာ ထိပ်တန်းကျွမ်းကျင်သူတွေ ရှိနေတဲ့အပြင် အင်အားကလည်း မသေးဘူးကွ ဒီကောင်တွေကို အထင်သေးလို့မရဘူး ထပ်ပြောရရင် ရေကြောင်းတိုက်ပွဲဟာ မြေပြင်တိုက်ပွဲတွေထက် အများကြီး ပိုရှုပ်ထွေးတယ်ကွ ထိပ်တန်းချီစွမ်းအားပညာရှင်တွေတောင် ရေထဲမှာဆိုရင် စွမ်းအား တဝက်လောက်ထိ လျော့နည်းသွားတတ်တယ်"
စုချန်းက ရယ်မောလိုက်သည်။
"ဒါကို ကျုပ် သိပြီးသားပါ ဒါပေမဲ့ ကျုပ်အနေနဲ့ ယုံကြည်မှုရှိပါတယ်ခင်ဗျာ"
ထိုစကားသည် အန်းစီယွမ်ကို အံ့သြသွားစေ၏။ ထိုအခါ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကြည့်ရတာ မင်းအနေနဲ့ အစောကြီးကတည်းက တွက်ချက်ပြီးသားထင်တယ် ကောင်းပြီလေ ကျုပ် မင်းကို မတားတော့ဘူး ကျုပ်ဆီက ဘာအကူအညီများ မင်း လိုအုံးမလဲ"
စုချန်းက အန်းစီယွမ်ထံသို့ သူ အသင့်ရေးသားထားသော စာရွက်အား ကမ်းပေးလိုက်၏။
"ကျုပ် လိုအပ်တာလေးတွေပါ"
စာရွက်ကို ကြည့်ရင်း အန်းစီယွမ် မျက်လုံးပြူးသွား၏။
အကြောင်းမှာ စုချန်း၏လိုအပ်ချက်များ ကြီးမားလွန်းနေ၍ မဟုတ်။ အလွန် နည်းပါးနေ၍ ဖြစ်သည်။
သူက စုချန်းကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"ဒီလောက်ပဲလား"
စုချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဒါလေးတွေကို ရအောင် မြို့တော်အရှင်သခင်က လုပ်ပေးနိုင်ရင် ကျန်တာတွေ ကျုပ်တာဝန်ထားပါ"
"လှေတချို့နဲ့ အပိုပစ္စည်းတချို့က ပြသနာမရှိပါဘူး ဒါပေမဲ့ လူအင်အား မင်းဘာကြောင့် ကျုပ်ဆီက လူအင်အား ထပ်မတောင်းတာလဲ"
"ကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ ကျုပ်မှာ နည်းလမ်းရှိပါတယ်"
အန်းစီယွမ်၏ ကူညီမှုသည် ရည်ရွယ်ချက်ကောင်းနှင့် ဖြစ်နိုင်သည်။ သို့သော် စုချန်း လက်မခံနိုင်။
သူ၏ နောက်ခြေလှမ်းသည် အင်အားကို အစွမ်းကုန် စိုက်ထုတ်ရမည့် အနေအထား ဖြစ်သည်။ ထိုအခြေအနေတွင် စုချန်းအနေနှင့် မိမိစကားအား လုံးဝဥသုံ နားထောင်မည့်သူများကိုသာ လိုအပ်၏။ တခြား လူတယောက် သြဇာလွှမ်းမိုးထားသော နောက်လိုက်များအား မလိုအပ်ချေ။
ထို့ကြောင့် အန်းစီယွမ်အနေနှင့် စုချန်း တောင်းဆိုထားသည့် ပစ္စည်းတချို့အား ရအောင် ဝယ်ယူရန်သာ တာဝန်ရှိတော့မည် ဖြစ်သည်။ သို့သော် မြို့တော်၏ စီးပွားရေးလုပ်ငန်းများအား တော်ဝင်မျိုးနွယ်စုများက ထိန်းချုပ်ထားလေရာ ၎င်းတို့ မသိပဲ မည်သည့်ပစ္စည်းမှ ဝယ်ယူရန် မလွယ်သည်ကတော့ အမှန်ပင်။
"ကောင်းပြီလေ မင်းလိုအပ်တဲ့ ပစ္စည်းတွေ အမြန်ဆုံးရအောင် ကျုပ် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်"
အန်းစီယွမ်က စာရွက်ကို သိမ်းဆည်းရင်း ပြောလိုက်သည်။