ရေကြောင်းတိုက်ပွဲ ၁
Vol. 41 Ch. 404
အကယ်၍ သင်သည် ကြည်လင်မြစ်အတိုင်း တောင်ဘက်သို့ ဆက်သွားကြည့်ပါက မြောက်ပိုင်းမျှော်ငေးခြင်းချောက်နက်သို့ ရောက်သည့်အချိန်တွင် ရေစီးသည် အထူးပင် မြန်ဆန်လာကြောင်း တွေ့ရပေလိမ့်မည်။
ထိုလမ်းကြောင်းအတိုင်း အနောက်တောင်ဘက်သို့ ချိုးကွေ့လိုက်ပါက သင်သည် လင်းယွမ်စိမ့်တောသို့ရောက်ရှိသွားမည် ဖြစ်သည်။
လင်းယွမ်စိမ့်တောကို ဖြတ်သန်းသွားသည့် လမ်းကြောင်းမှာ အတော်ပင် ကျယ်ဝန်း၏။ မြစ်သုံးသွယ်သည် ဤနေရာတွင် လာရောက်ဆုံစည်းပြီး ရေကန်ကြီးနှစ်ကန်အတွင်း စီးဝင်သွားကာ နောက်ဆုံးတွင် အလွန်ကြီးမားကျယ်ပြန့်ပြီး မြေဆီသြဇာကောင်းလှသည့် ကွင်းပြင်ကြီးအား ဖြစ်ပေါ်လာစေ၏။ ဤနေရာကို မြစ်သုံးသွယ်လွင်ပြင်ဟု ခေါ်ဆိုကြလေသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်အနေအထားအရ လင်းယွမ်စိမ့်တောသည် ပင်လယ်ဓားပြများ ခိုအောင်းရာနေရာ ဖြစ်လာ၏။ ဤလွင်ပြင်အတွင်းဝယ် ဒါဇင်နှင့်ချီသော ပင်လယ်ဓားပြအုပ်စုများ ဖြန့်ကျဲနေထိုင်ကြလေသည်။
အသေးငယ်ဆုံးသော ပင်လယ်ဓားပြအုပ်စုများသည် လူအင်အား ဒါဇင်ကျော်ခန့်သာရှိပြီး လှေမှာလည်း တစီးစ၊ နှစ်စီးစသာ ပိုင်ဆိုင်ထားကြ၏။ သို့တိုင်အောင် ၎င်းတို့တွင် အဖွဲ့အထိမ်းအမှတ် အလံကိုယ်စီ ရှိနေကြပြီး ဓားပြတိုက်ရာတွင်လည်း လက်မနှေးကြပေ။ အကြီးဆုံး ဓားပြအုပ်စုသည်ကား လူအင်အား ရှစ်ရာခန့်ပင် ရှိနေကြပြီး အစိုးရလှေများကိုပင် ဓားပြတိုက်ဝံ့ကြ၏။
ပင်လယ်ဖျံကြီးတကောင်သည် မြစ်ကြောင်းအတိုင်း လျင်မြန်စွာ သွားလာနေ၏။ ၎င်း၏ နောက်တွင်တော့ မြစ်ဝံပုလွေ၊ မြစ်ခြင်္သေ့၊ မြစ်ကျားနှင့် မြစ်ငါးဟု အမည်ရသည့် လှေကြီးလေးစင်းတို့က အစဉ်အတိုင်း လိုက်ပါလာကြသည်။
အနှီ လှေကြီးများသည် ရှေ့တွင် ကျဉ်းပြီး နောက်တွင် ကျယ်၏။ ရှေ့နှင့်နောက်မှာ ပြောင်းပြန်ဖြစ်သည်။ ထိုလှေများသည် ခက်ခဲသော မြေပြင်အနေအထားတွင် သွားလာရလွယ်ကူအောင် အထူး တည်ဆောက်ထားသော လှေများ ဖြစ်သည်။ လှေအတွင်းပိုင်းမှာကား ကျယ်ဝန်းပြီး ကုန်စည်အများအပြား သယ်ဆောင်နိုင်၏။ လှေတစီးလုံးတွင် မည်သည့် အစောင့်များ နေထိုင်ရန် နေရာမှ မပါချေ။ ကုန်စည်တင်ပို့ရန် သီးသန့်တည်ဆောက်ထားသော လှေများပင်တည်း။
စုချန်းသည် လှေဦးတွင် မတ်တပ်ရပ်နေ၏။ သူ့ဘေးတွင်တော့ ထန်းမင်၊ ဝူရှောက်နှင့် ကျန်လူများ အသီးသီး ရှိနေကြသည်။
စိမ့်တောကြီးအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူတို့၏ အမြင်အာရုံတခုလုံး လင်းခနဲ ဖြစ်သွား၏။ မျက်စေ့တဆုံး ရေပြင်ကြီးပေတည်း။ တခါတရံတွင် လှေတစင်းစ နှစ်စင်းစခန့် ဖြတ်သန်းသွားလာနေသည်ကို မြင်တွေ့ရ၏။
"ဒါ လင်းယွမ်စိမ့်တောပဲ စတုရန်းကီလိုမီတာ ရှစ်ရာ ကျယ်ဝန်းတယ် တရက်ကို လှေပေါင်း သောင်းနဲ့ချီပြီး ဒီစိမ့်တောကို ဖြတ်သန်းသွားလာနေကြတယ် ဒါကြောင့် ဒီစိမ့်တောဟာ သာမာန်ကုန်သည်တွေကိုရော ပင်လယ်ဓားပြတွေကိုရော ထောက်ပံ့ပေးနေတဲ့ နေရာလို့ ဆိုနိုင်တယ် ဒီအထဲက ပင်လယ်ဓားပြတချို့ကတော့ တော်ဝင်မျိုးနွယ်စုတွေရဲ့ အိမ်စောင့်ခွေးစစ်စစ်တွေပဲ"
စုချန်းက ရှင်းပြလိုက်သည်။
"လင်းယွမ်ရေတပ်က ဒီနေရာကို ရှင်းလင်းဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးလား"
ကျန့်ဟန်ဖန်းက ဝင်မေးလိုက်၏။
"အမှန်ပဲ သူတို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး ဘယ်ကြိုးစားမလဲ အသုံးမှမဝင်တာပဲကိုး "
စုချန်းက အေးစက်သော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။
"တကယ်တော့ လင်းယွမ်ရေတပ်ဟာ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ရှိနေတာမဟုတ်ဘူး သူတို့ကသာ ပင်လယ်ဓားပြတွေ ရှိနေတာကို အကြောင်းပြပြီး သူတို့ရဲ့ တည်ရှိမှုကို အဓိပ္ပါယ် ပြည့်ဝနေစေခဲ့တာ တကယ်လို့ ဓားပြအားလုံးကိုသာ ရှင်းပစ်လိုက်ရင် သူတို့ ဒီနေရာမှာ ဘာလုပ်နေရအုံးမှာလဲ"
"ဒီအတိုင်းဆိုရင် အစိုးရအနေနဲ့ လုပ်ရကိုင်ရခက်နေတာ ဘာမှ အံ့သြစရာမရှိတော့ဘူးပဲ"
ကျန့်ဟန်ဖန်းက သက်ပြင်းချရင်း မှတ်ချပြုလိုက်သည်။
"ဒီတော့ ဓားပြတွေအားလုံး ရှင်းလင်းသွားအောင် ကျုပ်တို့ လုပ်လိုက်ရင် ဒါဟာ လင်းယွမ်ရေတပ်ကို အကူအညီမဖြစ်ပဲ ဒုက္ခပေးသလို ဖြစ်နေမှာပေါ့"
ထန်းမင်က မေးလိုက်၏။
"အမှန်ပဲ ဒါပေမဲ့ ကျုပ်တို့အနေနဲ့ ဓားပြတချို့ကို သတ်ပစ်နိုင်ပေမဲ့ ဓားပြအားလုံးကိုတော့ သတ်ပစ်ဖို့ မလွယ်ဘူး ဒါကြောင့် ကျုပ်တို့အနေနဲ့ ပစ်မှတ်တွေကို တိတိကျကျ ရွေးချယ်ထားရလိမ့်မယ် ထပ်ပြောရရင် ဓားပြအားလုံးကို သတ်ပစ်ဖို့ မလွယ်တဲ့အတွက် ကျုပ်တို့အနေနဲ့ ဒီလောက် ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့ မလိုသေးဘူး"
"ဟုတ်တာပေါ့ ဘယ်ဓားပြကများ အလွယ်တကူ အရှုံးပေးပါ့မလဲ ပြီးတော့ ကျုပ်တို့ တနေကုန် ရွက်လွှင့်နေတာတောင် ဘယ်ဓားပြမှ မပေါ်လာတာမျိုးလည်း ဖြစ်နိုင်နေသေးတယ်လေ"
ကျန့်ဟန်ဖန်းက တီးတိုးရေရွတ်လိုက်သည်။
သို့သော် ကျန့်ဟန်ဖန်း စကားပင်မဆုံးလိုက်။ ခပ်လှမ်းလှမ်း မြူထုထဲမှာ အလွန်ကြီးမားသော လှေတချို့ တိုးထွက်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ထိုလှေများသည် သူတို့အနီးသို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။ လှေပေါ်ရှိ သွေးဆာနေသော မျက်နှာများကိုပင် သဲသဲကွဲကွဲ မြင်တွေ့နေရပေပြီ။
ထိုလူများသည် အသံမျိုးစုံဖြင့် အော်ဟစ်နေကြ၏။ လေသင့်နေရသည့်အထဲ ထိုလူများ စီးနင်းလိုက်ပါလာသော လှေများကလည်း မြန်ဆန်လှသည်။ ၎င်းတို့လှေများသည် စုချန်းတို့လှေထက် အနည်းဆုံး နှစ်ဆတော့ မြန်ဆန်မည်ဟု ယူဆရသည်။
"ဓားပြတွေ လာပြီဟေ့"
စုချန်းတို့ဘက်မှ တယောက်က ထအော်လိုက်သည်။ ၎င်း၏ အသံမှာ ကြောက်လန့်နေရမည့်အစားစိတ်လှုပ်ရှားမှုများနှင့်သာ ပြည့်လျှမ်းနေလေသည်။
ဓားပြများ၏ သံသေးသံကြောင် အသံများကို စုချန်းတို့ အတိုင်းသား ကြားနေရသည်။ ဓားပြတိုင်းလိုလိုသည် ကိုယ်အပေါ်ပိုင်းတွင် ဗလာကျင်းနေ၏။ ၎င်းတို့သည် လှေများပေါ်တွင် မတ်တပ်ရပ်ကာ ဓားများကို ဝေ့ယမ်းပြီး အရူးများပမာ အော်ဟစ်နေကြလေသည်။
မဟာအမဲလိုက်ပွဲကြီးကား စလေပြီ။
တကယ်တော့ ထိုသို့ စဉ်းစားနေခြင်းမှာ ဓားပြများဘက်မှသာမဟုတ်။ စုချန်းတို့လည်း အတူတူပင်။
သူတို့ရှိရာသို့တဟုန်ထိုး တိုးဝင်လာသည့် လှေများကိုကြည့်ရင်း လူတိုင်း ခံစားနေရသည်မှာ ကြောက်ရွံ့မှုမဟုတ်။ အတောမသတ်နိုင်သည့် စိတ်လှုပ်ရှားမှုသာလျင် ဖြစ်လေသည်။
"အရှိန်ကုန်တင်စမ်းဟေ့"
စုချန်းက အော်ဟစ်အမိန့်ပေးလိုက်သည်။
မိမိတို့ ထွက်ပေါ်လာသည်နှင့် တက်ကုန်ရွက်ကုန်ဖွင့်ကာ တဟုန်ထိုးထွက်ပြေးကြသည့် တခြားလှေများနှင့်မတူပဲ ဝါးလုံးထိုး တိုးဝင်လာသော လှေများကိုကြည့်ရင်း ဓားပြများ၏ စိတ်ထဲတွင် သရိုးသရီ ခံစားလိုက်ရ၏။
တစုံတခု မှားယွင်းနေပြီမှန်း သဘောပေါက်လိုက်သည်နှင့် မြင်ကွင်းတခုလုံးကို မျက်ချေမပြတ်စောင့်ကြည့်နေသည့် အရပ်ရှည်ရှည်ပင်လယ်ဓားပြက အော်ဟစ်အမိန့်ပေးလိုက်သည်။
"ကျုစီလျန် ရန်သူတွေကို အနီးကပ်ကြည့်လိုက်စမ်း တခုခုတော့ မှားနေပြီနဲ့တူတယ် ခြုံခိုတိုက်ခိုက်မှုများ ဖြစ်နေမလား"
အမိန့်သံဆုံးသည်နှင့် လည်ပင်းရှည်ရှည်နှင့် အဖိုးအိုတယောက် ထွက်ပေါ်လာ၏။ အဖိုးအို၏ မျက်လုံးအစုံမှာကား နီရဲတောက်ပနေလေသည်။
"ချီစွမ်းအားပညာရှင်တချို့ပါပဲ လူကလည်း ဆယ်ယောက်လောက်ပါပဲ အများစုက သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တွေ တခြားလူတွေလည်းပါတယ် အဲဒီလူတွေကတော့ သာမာန်သိုင်းသမားတွေပါပဲ"
"ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် တယောက်မှမပါဘူးလား"
"မပါပါဘူးခင်ဗျာ"
အဖိုးအိုက စိတ်ချယုံကြည်ဟန်ဖြင့် ဖြေလိုက်သည်။
"ဒါဆိုရင် ဒီကောင်တွေကို ကြောက်စရာမလိုဘူးကွ"
အရပ်ရှည်ရှည်နှင့် ဓားပြခေါင်းဆောင်က အော်ဟစ်ရယ်မောရင်း ပြောလိုက်သည်။
"ကိုယ့်အင်အားကိုယ်မသိတဲ့ အမှိုက်လိုကောင်တွေက ကျုပ်တို့နဲ့တိုက်ချင်သတဲ့လား ကဲ ကောင်လေးတွေ လုပ်လိုက်ကြစို့ဟေ့"
"တိုက်ကြမယ်ဟေ့"
ဓားပြများသည် ကောင်းကင်တခုလုံး ပွင့်ထွက်သွားမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ဓားပြများသည် သူတို့ကိုသူတို့ အထူးပင် ယုံကြည်မှု ရှိနေကြ၏။ အကြောင်းမှာ သူတို့၏ အင်အားသည် လူပေါင်း ၃၀၀ကျော်ခန့်ရှိပြီး ထိုအထဲမှ ၅၀ကျော်မှာ ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်များ ဖြစ်ကြသည်။ အယောက်၂၀ခန့်မှာ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်များ ဖြစ်ကြပြီး ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်၂ယောက်လည်း ရှိနေ၏။ ထို့ပြင် သူတို့၏ လှေများတွင်လည်း အကာအကွယ်မျိုးစုံ၊ မူလပုံစံမျိုးစုံ တပ်ဆင်ထားသေး၏။ လင်းယွမ်စိမ့်တောတခုလုံးတွင် သူတို့၏ အဖွဲ့မှာ အလယ်အလတ်တန်းစား ဓားပြအဖွဲ့ဖြစ်ပြီး တဖက်ရန်သူများ၏ စွမ်းအင်အဆင့်အတန်း၊ အရေအတွက်၊ အရည်အသွေးပေါင်းစုံကို ထည့်သွင်းတွက်ချက်လိုက်သောအခါ သူတို့အနေနှင့် ရန်သူကို နှိမ်နင်းရန် လုံလောက်နေသည် မဟုတ်ပါလား။
မျက်နှာချင်းဆိုင် ရွေ့လျားလာသော လှေအုပ်စုနှစ်စုသည် တဖက်နှင့်တဖက် အလွန်နီးကပ်လာ၏။
ဓားပြများ၏ သတ်ဖြတ်လိုစိတ်မှာလည်း အထွပ်အထိပ်သို့တိုင် ရောက်ရှိနေခဲ့လေပြီ။
ထိုအချိန်မှာပင် တဖက်လှေပေါ်ရှိ လူများသည် ရေထဲသို့ တယောက်ပြီးတယောက် ခုန်ဆင်းကုန်ကြောင်း ဓားပြများ တွေ့လိုက်ရသည်။
"သူတို့ ဘာလုပ်နေတာလဲ"
ဓားပြခေါင်းဆောင် စိတ်ရှုပ်ထွေးသွား၏။
တဖက်ရန်သူများသည် သူတို့နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမှ ကြောက်စိတ်ဝင်လာပြီး ရေထဲသို့ ခုန်ချထွက်ပြေးသွားခြင်းပေလော။
ထိုအတွေးမှာလည်း တကယ်တမ်းကျ မဖြစ်နိုင်ပေ။ ရေကူးပြေးမည့်အစား လှေနှင့် ထွက်ပြေးခြင်းက ပို၍ မြန်ဆန်သည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ဓားပြများဘက်မှ အော်သံတချို့ ထွက်ပေါ်လာ၏။
"မီးဗျို့ မီးတွေ"
တဖက်လှေများသည် ရုတ်တရက်ဆိုသလို မီးတောက်မီးလျံများအတွင်း နစ်မြုပ်သွားကြောင်း ဓားပြခေါင်းဆောင် မြင်တွေ့လိုက်ရသည်။ အနှီ မီးတောက်မီးလျံများသည် ကြည့်နေရင်းနှင့်ပင် နဂါးကြီးတကောင်အဖြစ် ပြောင်းလဲသွားပြီး ဓားပြများရှိရာသို့ ပျံသန်းလာ၏။
"ဒီကောင်တွေအစွမ်းက ဒီလောက်ပဲလားကွ"
ဓားပြခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး နောက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။
"ငါ့ကောင် အစွမ်းပြလိုက်စမ်းဟေ့"
ဓားပြခေါင်းဆောင်၏ အမိန့်သံထွက်ပေါ်လာသည်နှင့် ရဲရင့်ဟန်ရှိသည့် ချီစွမ်းအားပညာရှင်တဦး ရယ်ရယ်မောမောနှင့် ရှေ့သို့ ထွက်လာ၏။
ထို့နောက် သူက လက်တဖက်ကို မြောက်လိုက်ရာ ရေလှိုင်းကြီးများ လေထဲသို့ မြောက်တက်လာပြီ ရေကန့်လန့်ကာကြီးအဖြစ် အသွင်ပြောင်းသွားလေသည်။
မီးတောက်မီးလျံများသည် ရေလုံးကြီးများ၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရ၏။ တချိန်တည်းမှာပင် ရေနွေးငွေ့များ ထွက်ပေါ်လာပြီ ရေပြင်တခုလုံး မြူခိုးများနှင့် ပိတ်ဖုံးသွားတော့သည်။
စက္ကန့်ပိုင်းအတွင်း မီးတောက်မီးလျံများ ငြိမ်းသွားပြီ ဖြစ်သည်။ ရေပြင်တခုလုံးတွင် လူသူကင်းမဲ့နေသည့် လှေများမှအပ မည်သည့် သက်ရှိမှ မရှိတော့။
သို့တိုင်အောင် ဓားပြများ၏ စိတ်ထဲတွင် တစုံတခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရ၏။
ရေထဲသို့ ခုန်ဆင်းသွားသည့်လူများ လုံးဝ ပျောက်ကွယ်သွားသည် မဟုတ်ပါလား။