← Chapters

ရေကြောင်းတိုက်ပွဲ ၂

Vol. 41 Ch. 405

ရေကြောင်းတိုက်ပွဲ ၂

Vol. 41 Ch. 405

လှေဦးထိပ်တွင် မတ်တပ်ရပ်နေသော ဓားပြခေါင်းဆောင်သည် ပတ်ဝန်းကျင်တခုလုံးကို မျက်ချေမပြတ် စောင့်ကြည့်နေ၏။

ရေမျက်နှာပြင်သည်ကား ဘာမှမဖြစ်ခဲ့သယောင် ပကတိအတိုင်း တည်ငြိမ်နေလေသည်။

ကနဦးက ရာနှင့်ချီသော လူများ ရေထဲသို့ ခုန်ဆင်းသွားသည်မှာ ယုံနိုင်စရာပင် မရှိချေ။

အနှီ တိတ်ဆိတ်ငြိမ်သက်ခြင်းကပင် ပတ်ဝန်းကျင်နှင့်မဆီလျော် ဖြစ်စဉ်နှင့် မကိုက်ညီပဲ ထူးဆန်းနေလေရာ ဓားပြခေါင်းဆောင်သည် ကျောရိုးထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

"တခုခုတော့ မှားနေပြီ"

သူက တီတိုးရေရွတ်လိုက်၏။

"ဟေးလောက်ချူ တွန့်ရှုအာ ရေထဲကို ဆင်းပြီး စစ်ဆေးကြည့်စမ်းကွာ"

ဓားပြခေါင်းဆောင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် လူရိပ်နှစ်ရိပ် ရေထဲသို့ ခုန်ဆင်းသွားလေရာ ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ထလာ၏။

ထိုနှစ်ယောက်သည် ဓားပြများအနက် အတော်ဆုံး ရေကူးသမားများ ဖြစ်သည်။ ရေထဲတွင် ၎င်းတို့အစွမ်းမှာ ဆထက်တံပိုး မြင့်မားလာတတ်ပြီး တော်ရုံတန်ရုံလူကို အလွယ်တကူ သတ်ဖြတ်နိုင်သူများပင်။

ဓားပြနှစ်ယောက်ကား ခေါင်းဆောင်၏ အမိန့်အတိုင်း ရေထဲသို့ ဆင်းသွားပြီ ဖြစ်သည်။ သို့သော် ရေပြင်မှာ ယခင်အတိုင်း ငြိမ်သက်နေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ ဓားပြခေါင်းဆောင်သည် ပို၍ စိတ်လှုပ်ရှားလာ၏။ ထို့နောက် သူက အထိတ်တလန့်နှင့် အော်ဟစ်လိုက်သည်။

"တခုခုတော့ မှားနေပြီဟေ့ တခုခု မှားနေပြီ ရေအောက်မှာ တခုခု ဖြစ်နေပြီ"

ရေအောက်တွင် တခုခု မှားယွင်းနေပြီဖြစ်ကြောင်း သာမာန်လူပိန်းတယောက်ပင် မြင်သာနေခဲ့ပြီ မဟုတ်ပါလား။

ဓားပြများသည် အူယားဖားယားနှင့် လှေစွန်းမှနေ၍ ရေအောက်သို့ စိုက်ကြည့််နေကြ၏။ သို့သော် ရေပြင်မှာ ပကတိအတိုင်း ငြိမ်သက်နေလေသည်။

ထိုအချိန်မှာပင် ဝဲဂယက်တချို့ ဖြစ်ပေါ်လာပြီး ရေမျက်နှာပြင်ပေါ်တွင် အလောင်းနှစ်လောင်း ဘွားခနဲ ပေါ်ပေါက်လာ၏။ အစောပိုင်းက ရေထဲသို့ ဆင်းသွားသည့်် ဓားပြနှစ်ဦး၏ အလောင်းဖြစ်ကြောင်း မေးခွန်းထုတ်နေစရာ မလိုတော့ပေ။

လူတိုင်းလိုလို မျက်လုံးပြူးသွား၏။ ဓားပြခေါင်းဆောင်သည် အခြေအနေမကောင်းတော့မှန်း ချက်ချင်းသဘောပေါက်လိုက်သည်။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတသံ ထွက်ပေါ်လာ၏။

"အခြေအနေမကောင်းတော့ဘူးဟေ့ ဒီကောင်တွေ ငါတို့လှေကို ဖောက်ခွဲဖို့ ကြိုးစားနေပြီ"

ဓားပြခေါင်းဆောင်က ထအော်လိုက်သည်။

"အကာအကွယ်တွေ အမြန်ဆုံးပြင်ဆင်ကြ"

သို့သော် သူ နောက်ကျသွားခဲ့လေပြီ။

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!

ကျယ်လောင်သော ပေါက်ကွဲသံလေးချက် ထွက်ပေါ်လာပြီးနောက်တွင်တော့ ပထမဆုံးလှေသည် ရစရာမရှိအောင် ကျိုးပဲ့ကြေမွသွားတော့သည်။ လှေပေါ်ရှိ ဓားပြများမှာကား ရေထဲသို့ ကစဉ့်ကလျားနှင့် လွင့်စင်ကုန်ကြသည်။ ထိုအချိန်မှာပင် လူတစု ရေမျက်နှာပြင်ပေါ်တွင် ဘွားခနဲ ပေါ်ပေါက်လာ၏။ ၎င်းတို့၏ ပစ်မှတ်များမှာကား ပင်လယ်ဓားပြများပင်တည်း။

ထိုလူစု၏ ပုံစံမှာကား ရေထဲတွင် လွင့်မြောနေသည့် တစ္ဆေများနှင့် တူလှသည်။ ၎င်းတို့၏ ခြေထောက်များမှာကား ငါးတကောင်၏ ရေယက်နှင့် တူလှ၏။

ဘာတွေလဲဟ....ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး...

ဓားပြခေါင်းဆောင် နဝေတိမ်တောင်နှင့် တွေးလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူစုသည် ရေထဲတွင် ကျင်လည်စွာ ကူးခတ်လာပြီး ဓားပြများအနီးသို့ ရောက်ရှိလာ၏။ ငါးမန်းတကောင်၏ သွားနှင့် တူလှသော ၎င်းတို့လက်ထဲရှိ ဓားများ၊ မှိန်းများသည် ဓားပြများကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။

ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့အနီးမှ ဖြတ်သန်းသွားသော လူများကြောင့် ဓားပြတယောက်၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများ ရကုန်ကြသည်။ ၎င်း၏ ကိုယ်ပေါ်မှ ထွက်လာသော သွေးများကြောင့် ရေပြင်တခုလုံး ဆေးဆိုးထားသကဲ့သို့ ရဲရဲနီသွားလေသည်။

သိပ်မကြာမီ ကျန်ဓားပြတယောက်မှာလည်း အလားတူ ကံကြမ္မာမျိုးနှင့် ကြုံတွေ့သွားရရှာသည်။

တကယ်တော့ ပင်လယ်ဓားပြတိုင်းလိုလိုသည် ရေကူးကျွမ်းကျင်သူများသာ ဖြစ်သည်။ သို့သော် လူတယောက်သည် ငါးတကောင်နှင့် အဘယ်မှာ ရေကူးပြိုင်နိုင်ပါမည်နည်း။

လက်ရှိအချိန်တွင် ပင်လယ်ဓားပြများသည် လူတပိုင်း ငါးတပိုင်း သတ္တဝါဆန်းများအုပ်စုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ တိတိကျကျ ပြောရလျင် ၎င်းတို့အားလုံးသည် စုချန်း သွေးနီဥပြိုကွဲဆေးမင် ထိုးပေးထားသည့် သိုင်းသမားများပင်တည်း။

စုချန်း၏ ဒုတိယအဆင့်သွေးနီဥပြိုကွဲဆေးမင်သည် ပြီးပြည့်စုံသေးသည် မဟုတ်သော်လည်း အတော်ပင် တိုးတက်မှုရနေပြီး မူလစွမ်းရည် ငါးမျိုးအထိ တွဲဖက်အသုံးပြုနိုင်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် တလခွဲအတွင်း စုချန်းသည် သွေးနီဥပြိုကွဲဆေးမင် အမှတ် ၁.၅ကို သူ့လက်အောက်ငယ်သား ၁၅၀အား ထိုးပေးခဲ့ပြီး ဖြစ်သလို ကြားခံဒြပ်ပစ္စည်းတမျိုးကိုပါ ထည့်သွင်းပေးခဲ့၏။

ကြားခံဒြပ်ပစ္စည်းဟူသည်မှာ သတ္တုတုံးမှရရှိသည့် မူလပစ္စည်းနှင့် လောင်မျိုးနွယ်သခင်လေး၏ ကိုယ်တွင်းမှ မူလပစ္စည်းများ ပေါင်းစပ်ရာမှ ရရှိလာသည့် မူလပစ္စည်းကို စုချန်းက ကြားခံဒြပ်ပစ္စည်းဟု နာမည်ပေးထားခြင်းပင်။ ၎င်းသည် မူလပစ္စည်းများနှင့် မတူသော်လည်း ကွဲပြားခြားနားသော စွမ်းရည်အမျိုးမျိုးတော့ ရှိနေကြ၏။

ကြားခံဒြပ်ပစ္စည်း၊ မူလပစ္စည်းနှင့် ပရမတ်အမှုန်များသည် ပရမတ်လောကတွင် စုချန်း နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် အမှုန်များပင် ဖြစ်ကြ၏။

လွန်ခဲ့သည့် တနှစ်ခွဲအတွင်း စုချန်းသည် ကြားခံဒြပ်ပစ္စည်းများနှင့် ပတ်သက်၍ အတော်ပင် နားလည်လာခဲ့၏။ အမျိုးမျိုးအဖုံဖုံသော နည်းစနစ်များကို ပေါင်းစပ်၍ ထူးခြားသော ကြားခံဒြပ်ပစ္စည်းတချို့ကို စုချန်း ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

နဂါးငါး မှာလည်း ထိုအထဲမှ တမျိုးပင် ဖြစ်သည်။

၎င်း၏ အခြေခံမှာ ကုမျိုးနွယ်စု၏ ပျံသန်းနေသောမြွေ သွေးဗီဇဖြစ်ပြီး အနှီ သွေးဗီဇကို စုချန်းက တခြား မူလပစ္စည်းတချို့နှင့် ပေါင်းစပ်ဖန်တီးလိုက်ခြင်းပင်။

အနှီနဂါးငါး ကြားခံဒြပ်ပစ္စည်းသည် အရိပ်မူလပစ္စည်းကဲ့သို့ ကိုယ်ပျောက်နိုင်သည်တော့ မဟုတ်။ သို့သော် အသုံးပြုသူကို ရေထဲတွင် အသက်ရှုနိုင်စွမ်းရှိစေပြီး ပုံစံပြောင်းလဲခြင်းများ ပြုလုပ်နိုင်၏။

ရေကူးလာသော လူစု၏ ခြေထောက်များရှိ ရေယက်သည် သက်သေပင် ဖြစ်သည်။

ရေယက်များအားကိုးကြောင့် စုချန်း၏ လက်အောက်ငယ်သား ၁၅၀သည် ရေထဲတွင် ငါးတကောင်ကဲ့သို့ ရေကူးလာနိုင်ပြီး ၎င်းတို့လက်ထဲရှိ ဓားများ၊ မှိန်းများမှာ ဓားပြများ၏ သွေးကို ကောင်းကောင်း သောက်သုံးနေတော့သည်။

"ပြေး"

ဓားပြခေါင်းဆောင်က သူ့တပည့်များကို အော်ဟစ်သတိပေးချင်သော်လည်း ရေထဲတွင်ဖြစ်လေရာ ဘာမှမတတ်နိုင်ရှာ။

နောက်ဆုံးတွင်တော့ ရန်သူများ အဘယ်ကြောင့် ရေကြောင်းတိုက်ပွဲကို ရွေးချယ်ခဲ့မှန်း သူ သဘောပေါက်ခဲ့လေပြီ။

ဒီနေရာက အမြန်ဆုံး လစ်ပြေးမှ ရတော့မယ်...

ဓားပြခေါင်းဆောင်၏ ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသော အတွေးဖြစ်သည်။ ကံကောင်းသည်မှာကား သူ့တွင် လှေတစီးမက ပါလာခြင်းပင်။

သို့သော်ငြားလည်း နောက်လှေတစင်းသို့ မကူးပြောင်းနိုင်မီမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကို ဓားပြခေါင်းဆောင် ကြားလိုက်ရ၏။ ဒုတိယလှေသည်လည်း ပထမလှေအတိုင်း မီးတောက်မီးလျံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြန်သည်။ သစ်သစ်အပိုင်းအစများမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး တချို့မှ ရေပြင်ပေါ်သို့ ကျရောက်ကာ မီးတောက်လောင်နေကြ၏။ တချို့မှာ ဓားပြများ၏ ဦးခေါင်းသို့ စိုက်ဝင်ကုန်ကြလေသည်။ ပတ်ဝန်းကျင်တခုလုံး နာကျင်စွာ အော်ဟစ်ငြီးငြူသံများနှင့် ဆူညံနေ၏။ အခြေအနေမှာကား သွေးပျက်စရာ ကောင်းလှသည်။

သေစမ်း...

ဒီကောင်တွေဘယ်လိုများ လုပ်လိုက်တာလဲ...

ဓားပြခေါင်းဆောင်ကား ရန်သူများ သူ့လှေကို မည်သို့မည်ပုံ ဖောက်ခွဲလိုက်ကြောင်း နားမလည်နိုင်ပဲ ဖြစ်နေရှာသည်။ သို့သော် သူ့တွင် ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိပဲ ဖြစ်နေ၏။

လူတပိုင်း ငါးတပိုင်းလူစုကား တလက်လက်တောက်ပနေသည့် ဓားများကို ကိုင်ဆောင်လျက် ရှေ့သို့ တဟုန်ထိုး ကူးခတ်လာကြပြီ ဖြစ်သည်။

"သေစမ်း ငါတို့ ဒီကောင်တွေကို မတားဆီးနိုင်ဘူးဟေ့"

သူတို့၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီမှန်း ဓားပြခေါင်းဆောင် သဘောပေါက်လိုက်သည်။ ထိုအချိန်တွင် သူ၏ သတ္တိဗြတ္တိဟူသမျှကား အရည်ပျော်သွားလေပြီ။

"ရေထဲက ထွက်ကြဟေ့"

ဓားပြတယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မည်သို့ဆိုစေ လက်ရှိအချိန်ထိ သူတို့ဘက်မှ အရေအတွက်နှင့် စွမ်းအင်အဆင့်အတန်းမှာ ရန်သူများထက် သာလွန်နေသေးသည် မဟုတ်ပါလား။

"လုပ်လိုက်ကြစို့ဟေ့"

နောက်ထပ် ဓားပြတယောက်က အော်ဟစ်လိုက်ပြီး ရေပြင်ပေါ်သို့ ခုန်တက်လိုက်၏။ သူက လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ရေကန့်လန့်ကာကြီးတချပ် ဖြစ်ပေါ်လာပြီး ရှေ့သို့ ပျံသန်းသွားလေသည်။

ထိုအချင်းအရာကို မြင်သည်နှင့် လူတပိုင်းငါးတပိုင်းလူစုက ခေါင်းများကို မော့ကာ အသံပြုလိုက်ကြ၏။ တချိန်တည်းမှာပင် ၎င်းတို့၏ ရေယက်များကို အားပြုကာ လေထဲသို့ ခုန်တက်လိုက်ကြသည်။ ရေပြင်ပေါ်သို့ ၎င်းတို့ ကိုယ်ခန္ဓာ မကျရောက်ခင်မှာပင် ထိုလူစုသည် ၎င်းတို့လက်ထဲရှိ လှံတံများကို ရေကန့်လန့်ကာနံရံဆီသို့ ချိန်ရွယ်ပစ်လွှတ်လိုက်ကြလေသည်။

ရွှီခနဲ မြည်သံများနှင့်အတူ လှံမိုးရွာချလာခြင်းကြောင့် ရေနံရံပေါ်ရှိ ဓားပြဆယ်ယောက် အသက်ပျောက်ကုန်ကြ၏။

လူတပိုင်းငါးတပိုင်းလူစုသည် ရေမျက်နှာပြင်ပေါ်သို့ ပြန်ကျသွားသည်နှင့် ရေထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားပြန်၏။ ထို့နောက် သူတို့လူစုသည် ဓားပြများအား အထက်က နည်းလမ်းအတိုင်း ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြလေသည်။

"အား"

ထိုအချိန်မှာပင် ဓားပြတယောက်၏ နာကျင်စွာ အော်ဟစ်ငြီးငြူသံကြီး ပေါ်ပေါက်လာ၏။ သူ့လည်မြိုမှာကား ရန်သူ၏ ကိုက်ခဲမှုကြောင့် အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေလေသည်။

သင်တုန်းဓား သွားနည်းစနစ်ပေတည်း။

သင်တုန်းဓား သွားနည်းစနစ်မှာ လူသုံးနည်းလှသော မူလစွမ်းရည်တမျိုး ဖြစ်သည်။ ရန်သူကို သွားနှင့် ကိုက်ခဲရသော နည်းစနစ်တမျိုးဖြစ်၍ တော်ရုံတန်ရုံလူ အသုံးပြုလေ့ မရှိချေ။ လူဆိုသည်မှာ သားရဲသတ္တဝါများကဲ့သို့ ရန်သူကို သွားနှင့်ကိုက်ခဲတတ်သော သတ္တဝါများ မဟုတ်၍ ဤနည်းစနစ် လူသုံးနည်းလှသည်မှာ မထူးဆန်းလှ။

သို့သော် ရေကြောင်းတိုက်ပွဲများတွင်ကား ရေသည် လှုပ်ရှားမှုကို ကန့်သတ်ထားလေရာ သင်းတုန်းဓားသွားနည်းစနစ်သည် အတော်ပင် အသုံးတည့်လှသော နည်းစနစ်တမျိုး ဖြစ်လာ၏။

မိမိ၏ကိုက်ခဲမှုကြောင့် ရန်သူ မသေစေနိုင်သည့်တိုင်အောင် အနည်းဆုံးတော့ ၎င်းတို့အနေနှင့် ရေထဲမှ ထွက်မပြေးနိုင်တော့။ ထိုအခါ အချိန်ကြာလာသည်နှင့်အမျှ ရန်သူများအနေနှင့် အားအင်ကုန်ခန်းသွားပြီး အသက်ဆုံးရှုံးရပေလိမ့်မည်။

ထို့ကြောင့် ရေကြောင်းတိုက်ပွဲများတွင် သင်တုန်းဓားသွားနည်းစနစ်သည် အသုံးတည့်လှသည်ကတော့ အမှန်ပင်။ သို့သော် ထိုစွမ်းရည်မျိုး လူတိုင်းတွင် ရှိနိုင်သည်မဟုတ်။ ၎င်းနည်းစနစ်ကို အသုံးပြုနိုင်ရန် သီးခြားမူလစွမ်းရည်များ လိုအပ်၏။

စုချန်း၏ လက်အောက်ငယ်သား ၁၅၀လုံးကတော့သင်တုန်းဓားသွားနည်းစနစ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်နေကြ၏။

ယခုတိုက်ပွဲတွင် ၎င်းတို့သည် စုချန်း၏ ဝှက်ဖဲများပင် ဖြစ်လေသတည်း။

All Chapters