← Chapters

ရေကြောင်းတိုက်ပွဲ ၃

Vol. 41 Ch. 406

ရေကြောင်းတိုက်ပွဲ ၃

Vol. 41 Ch. 406

ကြောက်မက်ဖွယ်ရာ နတ်ဆိုးများသည် ရေထဲတွင် ဟိုမှသည်မှ လူးလားကူးခတ်နေ၏။ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးကား စတင်နေခဲ့ပြီ ဖြစ်သည်။

ပင်လယ်ဓားပြခေါင်းဆောင်သည် ရေယက်များအားကိုးနှင့် ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ရေကူးနေကြသော လူတစုအား မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေလေသည်။ ထိုလူစုကား ရေပြင်ပေါ်တွင် ခေါင်းလေးပင် ပေါ်မလာသည် ဖြစ်လေရာ မည်သည့်နေရာတွင် ၎င်းတို့ တိုက်ခိုက်လာမည်မှန်း ဓားပြခေါင်းဆောင်အနေနှင့် မမှန်းဆနိုင်ပဲ ဖြစ်နေ၏။ မျက်စေ့တမှိတ်အတွင်းမှာပင် ဓားပြများသည် တယောက်ပြီးတယောက် ရေထဲသို့ ဆွဲယူခြင်း ခံသွားရပြီး အသက်ပျောက်ကုန်ကြ၏။

ရေပြင်တခုလုံးကား သွေးများဖြင့် ရဲရဲနီနေခဲ့လေပြီ။ မြင်ကွင်းကို ကြည့်ရင်း ဓားပြခေါင်းဆောင်၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်လာကာ သတ်သေချင်စိတ်များပင် ပေါက်လာတော့သည်။

သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

"ချီစွမ်းအားပညာရှင်တွေအားလုံး ကျုပ်အနား လာစုစမ်း"

လက်ရှိအချိန်တွင် သူတို့၏ လူအင်အားမှာ အရေးမပါတော့။ ဆိုးဝါးလှသော အခြေအနေအား ပြောင်းလဲနိုင်ရန် သူတို့အနေနှင့် စစ်မှန်သော ခွန်အားကို အားကိုးရန်သာ ရှိတော့သည်။

အမိန့်သံ ထွက်ပေါ်လာသည်နှင့် ချီစွမ်းအားပညာရှင်တိုင်းလိုလိုသည် ဓားပြခေါင်းဆောင်၏ အနီးသို့ စုဝေးလာကြ၏။

ဓားပြခေါင်းဆောင်က ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။

"လေလှိုင်းအမျိုးအစား မူလစွမ်းရည် ကျွမ်းကျင်တဲ့ လူတွေက ကျုပ်တို့အားလုံးကို ရေပြင်ပေါ်ရောက်အောင် မပေးစမ်း ဒီအချိန်မှာ အဝေးရောက်တိုက်ခိုက်နည်း ကျွမ်းကျင်တဲ့ လူတွေက သူတို့ကို ပြန်တိုက်ခိုက်ကြ လှေပေါ် ကျုပ်တို့ ဘယ်လိုပြန်ရောက်အောင်လုပ်မလဲ စဉ်းစားဖို့ အချိန်လိုတယ်"

ရုပ်ပိုင်းဆိုင်ရာနှင့် ရွေ့လျားမှုဆိုင်ရာ ကန့်သတ်ချက် များပြားခြင်းကြောင့် ရေအောက်တွင် တိုက်ခိုက်ရခြင်းသည် လူတယောက်၏ အင်အားကို များစွာ လျော့နည်းသွားစေ၏။ သူတို့အနေနှင့် အဝေးမှ တုက်ခိုက်ရန်သာ အားထုတ်နေရသည် မဟုတ်ပါလား။

ဓားပြခေါင်းဆောင်၏ နောက်ဆက်တွဲအမိန့် ပေါ်လာသည်နှင့် ချီစွမ်းအားပညာရှင်ဓားပြတိုင်းလိုလိုသည် အဝေးမှ တိုက်ခိုက်နိုင်သည့် မူလစွမ်းရည်များကို ဖော်ထုတ်လိုက်ကြ၏။

ထိုအထဲမှ ချီစွမ်းအားပညာရှင်နှစ်ယောက်သည် ၎င်းတို့၏ လေးနှင့်မြားများကို ဆွဲထုတ်ပြီး ရေမျက်နှာပြင်ပေါ်တွင် မတ်တပ်ရပ်ကာ လျင်မြန်စွာ ပစ်လွှတ်လိုက်ကြသည်။

မြားပစ်သူမှာ လူနှစ်ယောက်တည်းဖြစ်သော်လည်း မြားများ တစင်းပြီးတစင်း ပျံသန်းလာခြင်းကြောင့်် လူတိုင်း၏ စိတ်ထဲတွင် ကျိုင်းကောင်အုပ်လိုက်ကျလာသကဲ့သို့ ခံစားလိုက်ရသည်။

လူတပိုင်းငါးတပိုင်း အုပ်စုထဲမှ တချို့မှာ မြားများထိမှန်ကုန်ကြလေရာ ရေပြင်တွင် သွေးများ ရဲခနဲ ဖြစ်သွား၏။ စုချန်းဘက်မှ အင်အားစုများအဖို့ ပထမဆုံးအကြိမ် ဒဏ်ရာရခြင်းပေတည်း။

တချိန်တည်းမှာပင် ကျန်လူအသီးသီးကလည်း ၎င်းတို့၏ အဝေးရောက်တိုက်ခိုက်ရေးနည်းစနစ်များကို ဖော်ထုတ်လိုက်ကြသည်။ ရေပြင်ပေါ်တွင်ကား ချီဓားလှိုင်းများ၊ လေဓားသွားများ၊ မြားများဖြင့် ရှုပ်ရှက်ခတ်နေ၏။

တကယ်တော့ လက်ရှိခေတ်သုံး မူလစွမ်းရည်များသည် အနီးကပ်တိုက်ပွဲများနှင့် ပိုမို သင့်လျော်သည်ဖြစ်လေရာ ချီစွမ်းအားပညာရှင်အများစုသည် အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်များကိုသာ ပိုမို လေ့ကျင့်ထားလေ့ရှိကြသည်။ အဝေးရောက်တိုက်ခိုက်ရေးနည်းစနစ်များကိုကား တော်ရိလျော်ရိလောက်သာ တတ်ကျွမ်းထားကြ၏။ သို့တိုင်အောင် ဓားပြများဘက်မှ တန်ပြန်တိုက်စစ်သည် ချီစွမ်းအားပညာရှင်များ ဖြစ်သည်နှင့်အညီ စုချန်းဘက်မှ လူတပိုင်းငါးတပိုင်း သိုင်းသမားများကို အန္တရာယ်ဖြစ်စေရန်တော့ လုံလောက်နေ၏။

တချီတွင်တော့ လူတပိုင်း ငါးတပိုင်း သိုင်းသမားတယောက်သည် လေလှိုင်းဓားသွား ထိမှန်ခြင်းကြောင့် မျက်နှာကြီးနှစ်ခြမ်းကွဲကာ ရေထဲသို့ ပြုတ်ကျသွား၏။

ဟေး!!!!

ဓားပြများ ဝမ်းသာအားရနှင့် အော်ဟစ်လိုက်ကြသည်။

ထိုအချိန်မှာပင် အလွန်ကြီးမားသော မီးလျံသိမ်းငှက်တကောင် ကောင်းကင်ပေါ်မှ ထိုးဆင်းလာပြီး ရေမျက်နှာပြင်ပေါ်ကို ဖြတ်၍ ပျံသွား၏။ ၎င်း၏ တိုက်ချမှုကြောင့် လေးကိုင် ချီစွမ်းအားပညာရှင်နှစ်ယောက်အနက် တယောက်မှာ တကိုယ်လုံး ကျိုးပဲ့ကြေမွသွားလေသည်။

ခပ်လှမ်းလှမ်းတွင် စုချန်းတယောက် ရေပေါ်တွင် မတ်တပ်ရပ်လျက်ရှိပြီး ဓားပြများကို စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်နေ၏။

အဝေးရောက်တိုက်ခိုက်ရေးနည်းစနစ်များတွင် ရှေးဟောင်းအာကင်နာနည်းစနစ်များကို ဘယ်နည်းစနစ်က ယှဉ်နိုင်အံ့နည်း။

စုချန်းက နောက်တကြိမ် လက်တဖက်ကို မြောက်လိုက်ပြန်ရန် မီးလျံသိမ်းငှက်တကောင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။ သိမ်းငှက်၏ ကြီးမားလှသော တောင်ပံနှစ်ဖက်ကြောင့် ကောင်းကင်တခြမ်းပင် ရဲရဲနီသွား၏။

ဓားပြခေါင်းဆောင်သည် ကြောက်စရာကောင်းလှသော သိမ်းငှက်ကိုကြည့်ရင်း ကိုယ့်အခြေအနေကိုယ် နားလည်သွား၏။ သူက သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်သည်။

"ပြေး"

ပြေးဆိုသော်ငြား ဘယ်ကို ပြေးမည်နည်း။

ရေထဲတွင်သာ စိတ်ရှိလက်ရှိ ပြေးလွှားနိုင်ပါက သူတို့အနေနှင့် အလွန်စွမ်းအားမြင့်သော နည်းပညာမျိုးကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်သည်မဟုတ်ပါလား။

ထိုအချိန်တွင်ကား မီးလျံသိမ်းငှက်သည် ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်ပြီး ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းလာခဲ့ပြီ ဖြစ်သည်။

"အဲဒါကြီးကို တားကြစမ်းဟေ့"

ဓားပြခေါင်းဆောင်က အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။

ခေါင်းဆောင်၏ အမိန့်အတိုင်း ဓားပြများက စုပေါင်းလှုပ်ရှားလိုက်ကြသည်။ မူလစွမ်းအင်များကို ပေါင်းစည်းလိုက်ခြင်းကြောင့် ၎င်းတို့၏ ရှေ့တွင် ကြီးမားသော အဖြူရောင်နံရံကြီး ပေါ်ပေါက်လာ၏။

မင်းက ငါတို့က ဒီလောက်နဲ့ အလွယ်တကူ သတ်နိုင်မယ် ထင်နေတာလား...

ဓားပြခေါင်းဆောင်က တွေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် မီးလျံသိမ်းငှက်သည် ရုတ်ချည်းပင် ဦးတည်ချက် ပြောင်းလဲသွားပြီး အဖြူရောင်နံရံကို ကျော်လွှားလိုက်၏။

ဓားပြခေါင်းဆောင် ထိတ်လန့်တကြားနှင့် နောက်ကို လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် မီးလျံသိမ်းငှက်ကား တတိယမြောက်လှေကို ဝင်တိုက်လိုက်ပြီ ဖြစ်သည်။

တကယ်တော့ ပထမလှေနှစ်စီး ပျက်စီးသွားကတည်းက ဓားပြများဘက်မှ ကျန်လှေများသည် ခပ်လှမ်းလှမ်းသို့ ဆုတ်ပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားပြီး ဖြစ်သည်။ သို့သော် ကြီးမားလှသော မီးလျံသိမ်းငှက်နှင့် ရင်ဆိုင်ရချိန်တွင်တော့ သူတို့၏ ကြိုတင်ကာကွယ်မှုများမှာ အသုံးမဝင်တော့။

မီးလံျသိမ်းငှက်သည် ဓားပြလှေ၏ အကာအကွယ်ကို ဝင်တိုက်ပြီး တောက်ပသော အလင်းရောင်မျိုးစုံ ထွက်ပေါ်လာ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ဓားပြလှေပတ်ပတ်လည်ရှိ အကာအကွယ်မှာ ပြိုကျပျက်စီးသွား၏။ ထိုအခွင့်အရေးကို စောင့်နေသော စုချန်း၏ ဘက်တော်သားများကလည်း ချိန်သားကိုက် လှုပ်ရှားလိုက်ကြပြန်ရာ ပေါက်ကွဲသံကြီးများ ဆက်တိုက်ထွက်ပေါ်လာ၏။ ဓားပြများဘက်မှ တတိယမြောက်လှေသည် ပေါက်ကွဲသံများအဆုံးတွင် အပေါက်ကျယ်ကြီးများ ဖြစ်ပေါ်လာပြီး ရေအောက်သို့ စတင်နစ်မြုပ်စပြုလေသည်။

အချိန်တိုအတွင်းမှာပင် ပင်လယ်ဓားပြလှေငါးစင်းအနက် သုံးစင်းမှာ ပျက်စီးသွားခဲ့ချေပြီတည်း။

အားကောင်းလှသော ပေါက်ကွဲမှုကြီးကြောင့် ကျန်လှေနှစ်စင်းပေါ်ရှိ ဓားပြများမှာ သွေးရူးသွေးတန်း ဖြစ်ကုန်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

"ခွေးမသားတွေ မပြေးနဲ့ ဒီကို အမြန်ဆုံး လာစုကြစမ်း"

လှေပေါ်ပြန်ရောက်ပါက သူတို့၏ စစ်မှန်သော အင်အားကို ဖော်ထုတ်နိုင်မည်ဟု ဓားပြခေါင်းဆောင် ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

ဓားပြခေါင်းဆောင်၏ အမိန့်သံကြောင့် ထွက်ပြေးရန် ဟန်ပြင်နေသည့် လှေနှစ်စင်းသည် ရုတ်တရက် အသိဝင်လာဟန်တူသည်။ ရုတ်ချည်းပင် နောက်သို့ ပြန်လှည့်လာ၏။ ထိုအခါ ရေထဲရှိ ဓားပြများမှာလည်း လှေရှိရာသို့ သွေးရူးသွေးတန်းနှင့် ကူးခတ်ကြလေသည်။

"ပြေးချင်တယ်ပေါ့ ဟုတ်လား"

စုချန်းက ဟက်ခနဲ ရယ်မောလိုက်သည်။

"မင်းတို့ကို ဒီလောက်အလွယ်တကူ လွှတ်ပေးလိုက်ရင် ငါ့အစီအစဉ်က လူရယ်စရာကောင်းနေမှာပေါ့ ဟေ့ သံမဏိ"

"သံမဏိ ဒီမှာ ရှိပါတယ်သခင်"

သံမဏိကား စုချန်း၏ နောက်ဘက်တွင် မတ်တပ်ရပ်လျက် ရှိသည်။ ထုံးစံအတိုင်း သူသည် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်သည်။

ထူးဆန်းသည်မှာကား သံမဏိသည်လည်း စုချန်းကဲ့သို့ ရေပေါ်တွင် မတ်တပ်ရပ်နေခြင်းပင်တည်း။

"လှေနဲ့လူတွေကို ခွဲပစ်လိုက်စမ်း"

"ကောင်းပါပြီသခင်"

သံမဏိက တချက်ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရေပြင်ကို ဖြတ်ပြေးသွား၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရေပြင်ပေါ်တွင် ပြေးလွှားနေသော သံမဏိကိုကြည့်ရင်း ဓားပြများ သွေးပျက်ကုန်၏။

"သူ့ဖိနပ်တွေ သူ့ဖိနပ်တွေ"

ဓားပြတယောက်က သတိထားမိသွားဟန်ဖြင့် သံမဏိ၏ ခြေထောက်ကို လက်ညိုးထိုးပြလိုက်၏။

ပြာလဲ့လဲ့အရောင်သန်းနေသည့် သံမဏိ၏ ဖိနပ်များမှာ လူတိုင်း၏ အမြင်အာရုံကို ဖမ်းစားနေ၏။ သူ ရေပြင်ပေါ်သို့ ခြေချလိုက်တိုင်း မည်သည့်လှိုင်းဂယက်မှ ထလာခြင်းမရှိပဲ အားလှိုင်းတခုသာ ဖြစ်ပေါ်လာပြီး သံမဏိ၏ အမြန်နှုန်းကို တိုးမြှင့်ပေးလျက်ရှိလေသည်။

အဆင့်ခြောက် မူလကိရိယာတမျိုး ဖြစ်သည့် လေလှိုင်းခြေနင်း ဖိနပ်ပေတည်း။

ရေပြင်ပေါ်တွင် တဟုန်ထိုး ဖြတ်ပြေးရင်း သံမဏိသည် ကျောပေါ်ရှိ ဦးချိုဓားကို ဆွဲထုတ်ကာ ဝေ့ယမ်းလိုက်၏။ သံမဏိ၏ လှုပ်ရှားမှုကြောင့် ရုတ်ချည်းဆိုသလို ရေပြင်တွင် လှိုင်းဂယက်ကြီးများ ဘောင်ဘင်ရိုက်ခတ်လာ၏။ အိမ်တလုံးကဲ့သို့ ကြီးမားသော လှိုင်းလုံးများ၏ ရိုက်ခတ်မှုကြောင့် ဓားပြလှေသည် နောက်ဘက် ခပ်လှမ်းလှမ်းသို့ လွင့်ပါသွားလေသည်။ ထိုနည်းတူစွာ ရေကူးနေသော ဓားပြများမှာလည်း လှေနှင့် ဝေးရာဆီသို့လွင့်စင်ကုန်ကြ၏။

ကနဦးက စုချန်းသည် လှေနှင့် လူ ခွဲခြားပစ်ရန် သံမဏိအား အမိန့်ပေးခဲ့၏။ သံမဏိကလည်း သခင်ဖြစ်သူ ပေးအပ်သည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းကိုကြည့်ရင်း ဓားပြခေါင်းဆောင်သည် ပြင်းထန်စွာ ဒေါသထွက်လာ၏။ ထို့နောက် သူက ခါးသီးနာကျင်သော အသံနှင့် အော်ဟစ်အမိန့်ပေးလိုက်လေသည်။

"သူသေကိုယ်သေ တိုက်ကြပေတော့ဟေ့"

တချိန်တည်းမှာပင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ဓားပြခေါင်းဆောင်၏ ကိုယ်ခန္ဓာသည်လည်း ရေပေါ်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။

ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်၏ စစ်မှန်သော စွမ်းရည်ကို ဓားပြခေါင်းဆောင် ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

"တိုက်ကြစမ်း"

သူက ထပ်မံ အော်ဟစ်လိုက်၏။

သူ့ကိုယ်ပေါ်တွင်လည်း ထူထည်းသိပ်သည်းသည့် အရှိအဝါတမျိုး ပျံ့နှ့ံ့လာ၏။ အဆိုပါ အရှိန်အဝါ ကိုယ်လုံးအနှံ့ ရောက်ရှိသွားသည်နှင့် သူက လေထဲသို့ လက်သီးနှင့် လှမ်းထိုးလိုက်သည်။ လက်သီးချက်နှင့်အတူ အလင်းရောင်သက်တန့်ကွေးကြီး ပေါ်ပေါက်လာပြီး လူတပိုင်းငါးတပိုင်း သိုင်းသမားတယောက် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရှာ၏။ လက်သီးချက်ကား အရှိန်ကုန်သေးဟန်မတူ။ နောက်ထပ် သိုင်းသမားတချို့မှာလည်း ဒလိန့်ကောက်ကွေးနှင့် လွင့်စင်ပေါက်ကွဲကုန်ကြလေသည်။

ကြောက်စရာ လက်သီးချက်ပေတည်း။

ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်တွင် ရှိနေသင့်သည့် အင်အားမျိုးကို ဓားပြခေါင်းဆောင် ပိုင်ဆိုင်ထားမှန်း သိသာနေခဲ့လေပြီ။

ထွက်ပြေးရန် လမ်းမရှိတော့မှန်း သဘောပေါက်လိုက်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် ဓားပြခေါင်းဆောင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထိုအချိန်မှာပင် နောက်ထပ် ပင်လယ်ဓားပြတယောက်ကလည်း လေထဲသို့ ခုန်တက်လိုက်ပြီး ၎င်း၏ လက်ထဲရှိ ဓားကို ဝေ့ယမ်းလိုက်ရာ ဓားသွားမှ အလင်းရောင်တန်းများ ထွက်ပေါ်လာပြီ စွမ်းအင်လှိုင်းများ ဖြာထွက်လာလေသည်။ ဓားချက်ကြောင့် ရေစက်ရေမှုန်များ ဖြာခနဲ ဖြစ်ပေါ်လာပြီး ရေစက်များသည် လေးညှို့မှ မြားအား ပစ်လွှတ်လိုက်သည့်ပမာ လူတပိုင်းငါးတပိုင်း သိုင်းသမားများဆီသို့ ဦတည်ပျံသန်းသွား၏။

All Chapters