အညံ့ခံခြင်း
Vol. 41 Ch. 407
ဓားပြခေါင်းဆောင်နှင့် ယန်ဖွင့်လှစ်ခြင်းပညာရှင် ဓားပြ၏ တိုက်ခိုက်မှုမှာ အတော်ပင် ထက်မြက်လှသည်။ ကန့်သတ်ချက်များသာ မရှိလျင် တိုက်ပွဲချိန်ခွင်လျှာကိုပင် ပြောင်းလဲပစ်နိုင်လောက်၏။
သို့သော် တဖက်မှ တိုက်ပွဲကို ဦးဆောင်နေသူမှာ စုချန်း ဖြစ်နေ၏။
ထို့ကြောင့် သူတို့၏ တိုက်စစ်သည် သုံးစက္ကန့်မျှသာ ကြာမြင့်လိုက်ပြီး တဖက်မှ ပြန်လည်တုံ့ပြန်လာတော့သည်။
ပထမဆုံး တိုက်ခိုက်ခံရသူမှာ ရေမှုန်ရေမွှားများအား ပစ်လွှတ်နိုင်သည့် ယန်ဖွင့်လှစ်ခြင်းပညာရှင် ဓားပြပင် ဖြစ်သည်။
ဓားကိုင်လက်ကို ဝေ့ယမ်း၍ မပြီးခင်မှာပင် ရေထဲမှ ကြီးမားလှသော နဂါးကြီးတကောင် တိုးထွက်လာကြောင်း သူ မြင်တွေ့လိုက်ရ၏။ တကယ့် နဂါးအစစ်တော့ မဟုတ်။ ရေလှိုင်းများဖြင့် ဖွဲ့စည်းထားသည့် နဂါးသာ ဖြစ်သည်။ သို့သော် အနှီ ရေနဂါးကြီးသည် အင်မတန်ကြီးမားလှပြီး ပီဘိ နဂါးကြီးတကောင်ပမာ အသက်ဝင်နေဟန်ရှိ၏။ ရေနဂါးကြီး၏ ကိုယ်ပေါ်မှလည်း ကြောက်စရာကောင်းလှသည့် အရှိန်အဝါတမျိုး ထွက်ပေါ်နေလေရာ ဓားကိုင်ယန်ဖွင့်လှစ်ခြင်းပညာရှင်သည် မျက်လုံးပြူးသွား၏။
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ခပ်လှမ်းလှမ်းတွင် လူငယ်တယောက်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ လူငယ်သည် ရေပေါ်တွင် မတ်တပ်ရပ်လျက်ရှိပြီး လက်တဖက်ကို လှုပ်ရှားနေ၏။ လူငယ်ကို ကိုယ်ပေါ်တွင်လည်း ရေနဂါးတကောင် ရစ်ပတ်လျက်ရှိသည်။
ထိုလူငယ်မှာ တခြားလူမဟုတ်။ ထန်းမင်ပင် ဖြစ်သည်။
ထန်းမင်သည် သူ အကျွမ်းကျင်ဆုံး မူလစွမ်းရည်ကို အသုံးပြု၍ ရေနဂါးကြီး ဖန်တီးထားနေခြင်းပင်တည်း။ သူသည် ရေနှင့်ပတ်သက်သော တိုက်ခိုက်နည်းများကို ကျွမ်းကျင်သူဖြစ်ပြီး တသက်လုံး ရေထဲတွင် နေထိုင်လာသူ ဖြစ်သည်။ ထို့ကြောင့် ရေထဲတွင် တိုက်ခိုက်ခြင်းသည် သူ့အတွက် အသေးအမွှားမျှသာ။
ထို့ပြင် ထန်းမင်၏ သွေးဗီဇမှာ နတ်ဆိုးဧကရာဇ်သွေးဗီဇဖြစ်နေပြီး ယန်ဖွင့်လှစ်ခြင်းပညာရှင်ဓားပြမှာကား သွေးနှောသာ ဖြစ်သည်။ ထိုသွေးဗီဇနှစ်မျိုး၏ စွမ်းအင်မှာ များစွာ ကွာခြားလှပေရာ မြေအနေအထား အားသာချက်ပါ ပေါင်းထည့်လိုက်သောအခါ ဓားပြအား အနိုင်ယူရန်မှာ ထန်းမင်အဖို့ ငှက်ပျောသီး အခွံနွှာစားရသည်ထက်ပင် လွယ်ကူနေ၏။
တဖက်တွင်လည်း ကြီးမားလှသော မီးလျံသိမ်းငှက်ကြီးတကောင်သည် အစာကို သုတ်ချီတော့မည့်ဟန်ဖြင့် ကောင်းကင်မှ ထိုးဆင်းလာလေရာ ရေပြင်တခုလုံး မီးတောက်မီးလျံများနှင့် ပြည့်နှက်နေတော့သည်။
ဤတကြိမ် စုချန်း၏ မီးလျံသိမ်းငှက်မှာ ကြမ်းတမ်းရက်စက်လှသော လက်သီးချက်များဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည့် ပင်လယ်ဓားပြခေါင်းဆောင်ထံသို့ ဦးတည်နေ၏။
ဓားပြခေါင်းဆောင်ကလည်း ခေသူတော့မဟုတ်။ မီးလျံသိမ်းငှက်အား လက်သီးနှင့် ပြန်ထိုးလိုက်လေသည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်မီးလျံများသည် ကြယ်ကြွေသည့်ပမာ ရေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ မီးလျံများ ရေနှင့် ထိတွေ့မိချိန်ဝယ် ဝန်းကျင်တခုလုံး ရေခိုးများ ထလလေသည်။
ဓားပြခေါင်းဆောင်သည် အရူးတယောက်ပမာ လက်သီးကွက်များကို အဆက်မပြတ် ဖော်ထုတ်လိုက်၏။ လေတိုးသံများ ဟူးဟူးထနေပြီး လက်သီးကွက်တွင် ပါဝင်လာသည့် အရှိန်အဟုန်မှာ ကြောက်စရာကောင်းလှသည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် လူတယောက်၏ ချီစွမ်းအင်မှာ ပို၍ ထူထပ်သိပ်သည်းလာ၏။ ထို့ကြောင့် ဓားပြခေါင်းဆောင်၏ လက်သီးသည် ကြောက်စရာကောင်းနေခြင်းပင်။ ဓားပြခေါင်းဆောင်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စုချန်း၏ မီးလျံသိမ်းငှက်များသည် တကောင်ပြီးတကောင် ပေါက်ကွဲပျက်စီးကုန်၏။
ဓားပြခေါင်းဆောင်၏ နောက်ကျောတွင်ကား ကြီးမားလှသော ပင်လယ်လိပ်ကြီးတကောင်၏ သဏ္ဍာန် ပေါ်ပေါက်နေ၏။ ဆန်းကြယ်လိပ်သွေးဗီဇကို ဖော်ထုတ်ထားခြင်းပင်။ အနှီ ဆန်းကြယ်လိပ် သွေးဗီဇကြောင့် ဓားပြခေါင်းဆောင်သည် တိုက်စစ်မှ ခံစစ်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး ရေထဲတွင် နည်းဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်း ရှိလေလေသည်။
အကယ်၍ စုချန်းသာ ရာနှင့်ချီသော လူတပိုင်းငါးတပိုင်း သိုင်းသမားများကို ကြိုတင်ဖန်တီးမထားပါက ရေထဲတွင် မည်သူမှ သူ့ပြိုင်ဘက်မဟုတ်ချေ။
ဓားပြခေါင်းဆောင်သည် ရေပေါ်တွင် လွင့်မြောပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်နေ၏။ ၎င်း၏ ကြောက်စရာကောင်းလှသော တိုက်စွမ်းအားကြောင့် နောက်ဆုံးတွင် စုချန်းကိုယ်တိုင်ပင် မနိုင်မနင်း ဖြစ်လာတော့သည်။ တဖက်တွင်လည်း စုချန်း၏ ရေပေါ်တိုက်ခိုက်ရေးစွမ်းရည်က မြေပြင်တိုက်ခိုက်ရေးစွမ်းရည်လောက် မကောင်းသောကြောင့် ထိုသို့ ဖြစ်ရခြင်းပင်။
သို့သော် လတ်တလောတွင်သာ စုချန်းကို ဖိအားပေးထားနိင်သော်လည်း ရေရှည်တွင် သူ့အတွက် အလားအလာမကောင်းလှကြောင်း ဓားပြခေါင်းဆောင်က သဘောပေါက်ထားလေသည်။ ဤပုံစံအတိုင်း ဆက်လက်တိုက်ခိုက်နေပါက သိပ်မကြာမီ သူ အားကုန်သွားနိုင်သည် မဟုတ်ပါလား။
ဓားပြခေါင်းဆောင်က စိတ်ပူနေသလောက် တဖက်မှ စုချန်းမှာကား အေဆေးတည်ငြိမ်လှသည်။ သူသည် စိတ်အေးလက်အေးနှင့်ပင် မီးလျံသိမ်းငှက်များအား အဆက်မပြတ် ဖော်ထုတ်တိုက်ခိုက်နေ၏။ လက်ရှိအချိန်တွင် ဓားပြခေါင်းဆောင်ကို သူ အနိုင်မရနိုင်သော်လည်း မရှုံးသေး။ မီးလျံသိမ်းငှက်များဖြင့် ဓားပြခေါင်းဆောင်အား အလုပ်ပေးထားနိုင်သေးသည်။ ထိုအချိန်တွင် သူ့လူများက ကျန်ပင်လယ်ဓားပြများကို ရှင်းပစ်နိုင်သည် မဟုတ်ပါလား။
ဓားပြခေါင်းဆောင်နှင့် စုချန်း ရင်ဆိုင်တွေ့နေချိန်ဝယ် ထန်းမင်သည် သူ့ပြိုင်ဘက်ကို အသာစီးရနေခဲ့ပြီ ဖြစ်သည်။ လူတပိုင်းငါးတပိုင်း သိုင်းသမား၁၅၀ကလည်း ကျန်ပင်လယ်ဓားပြများအား စိတ်တိုင်းကျ သတ်ဖြတ်နေကြလေသည်။
လူတပိုင်းငါးတပိုင်း သိုင်းသမားများသည် ရေထဲတွင် ဟိုမှသည်မှ လူးလားကူးခတ်ပြီး ပင်လယ်ဓားပြများအား ပုံစံမျိုးစုံနှင့် ထိုးနှက်တိုက်ခိုက်နေကြ၏။ ဓားပြများကား သွေးပျက်ကုန်ကြလေပြီ။
ထိုအချိန်တွင် ဓားပြတယောက်က ထအော်လိုက်သည်။
"ကျုပ် အရှုံးပေးပါပြီ အရှုံးပေးပါပြီ"
တကယ်တော့ ပင်လယ်ဓားပြများဟူသည် ကိုယ်ကျင့်သိက္ခာ ရှိသူများ မဟုတ်ပေ။
သူတို့အနေနှင့် အခြေအနေ မဟန်ဟု ယူဆလျင်အလွယ်တကူ အရှုံးပေးတတ်ကြသူများပင်။ ထိုသို့ အရှုံးပေးလိုက်ရသည့်အတွက် ဘာမှ ရှက်စရာမရှိဟု ဓားပြများက ခံယူထားကြ၏။
စုချန်းဖက်မှ လူတပိုင်းငါးတပိုင်း သိုင်းသမားများသည်လည်း သွေးဆာနေသူများ မဟုတ်လေရာ အညံ့ခံသူ ပင်လယ်ဓားပြမှန်သမျှကို ဖမ်းဆီးပြီး လှေပေါ်သို့ ပစ်တင်ပေးလိုက်ကြလေသည်။
သို့တိုင်အောင် ဓားပြများဘက်မှ စိတ်ဓာတ်ပြင်းထန်သော တချို့ကတော့ အညံခံချင်ဟန် ဆောင်သည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်သော စိတ်ကတော့ ကျန်ရှိနေကြသေးသည့်ပုံပင်။
ထိုအထဲမှ တယောက်သည် လူတပိုင်းငါးတပိုင်း သိုင်းသမားတယောက် သူ့အနားသို့ ကပ်လာသည့်နှင့် အညံ့ခံသည့်ဟန်ပြကာ ရုတ်တရက် ဓားနှင့် လှမ်းထိုးလိုက်၏။ သို့သော် အထိုးခံလိုက်ရသည့် လူတပိုင်းငါးတပိုင်းသိုင်သမား၏ ကိုယ်ခန္ဓာသည် ရွှေရောင် ဝင်းလက်တောက်ပလာပြီး ဓားပြ၏ ဓားမှာ ဖျောင်းခနဲ ကျိုးပဲ့သွား၏။
အက်ဒမန်တင်းကိုယ်ခန္ဓာပေတည်း။
စုချန်းသည် သူ၏ လူတပိုင်းငါးတပိုင်း သိုင်းသမား၁၅၀လုံးကို အင်ဒမန်တင်းနည်းစနစ်အား သင်ကြားပေးထားခြင်းပင်။ ထို့ပြင် စုချန်း ၎င်းတို့အား သင်ကြားပေးထားသည့် နည်းစနစ်မှာ အိပ်မက်နယ်ပယ်တွင် ဝယ်ယူနိုင်သော အပေါစားနည်းစနစ်မျိုး မဟုတ်။ သံမဏိကိုယ်တိုင် သင်ယူထားသည့် အမှန်အကန် နည်းစနစ်မျိုး ဖြစ်လေရာ ဓားပြခေါင်းဆောင်၏ အင်အားမျိုး မရှိပဲနှင့် သာမာန်ဓားပြတယောက်က လူတပိုင်း ငါးတပိုင်း သိုင်းသမားများအား သတ်ဖြတ်ရန် ခက်လှသည်။
သူ့အား ဓားနှင့် ထိုးလိုက်သည့် ပင်လယ်ဓားပြကို ကြည့်ရင်း လူတပိုင်း ငါးတပိုင်း သိုင်းသမားက ပြုံးရင်း ပြောလိုက်သည်။
"မင်းက ဒီလောက်တောင် သေချင်နေတာလား ဒါဆိုလည်း မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့"
စကားဆုံးသည်နှင့် သူက ပင်လယ်ဓာပြ၏ လည်မြိုအား ဇွပ်ခနဲ ကိုက်ချလိုက်လေသည်။
ထိုအချိန်တွင် တိုက်ပွဲမှာ လုံးဝ တဖက်သတ် ဖြစ်သွားလေပြီ။
သိပ်မကြာမီ နောက်ဆုံး လှေပေါ်ရှိ ပင်လယ်ဓားပြများပါ လက်နက်ချရမည့် အခြေအနေသို့ ဆိုက်ရောက်လာ၏။ သူတို့အနေနှင့် ထွက်ပြေးချင်သော်လည်း မထွက်ပြေးနိုင်ကြရှာ။ အကြောင်းမှာ သံမဏိတယောက် သူတို့၏ လှေဦးထိပ်တွင် မတ်တပ်ရပ်နေခြင်းကြောင့်ပင်။ စက္ကန့်အနည်းငယ်အကြာတွင်တော့ ဝူရှောက်နှင့် ကျန်လူများပါ ထိုလှေပေါ်သို့ ရောက်ရှိလာတော့သည်။
"မင်းတို့လက်နက်တွေ အောက်ကို ပစ်ချပြီး ခုချက်ချင်း အညံ့ခံလိုက်ရင် အသက်ချမ်းသာရမယ် မဟုတ်ရင်တော့ တယောက်မကျန် အသတ်ခံရမယ်"
သံမဏိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဓားပြများအားလုံး တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြသည်။ ထိုအထဲမှ တချို့သည် လုံးဝဥသုံ အညံ့ခံလိုက်စိတ်များ ပေါ်ပေါက်လာကြကုန်၏။
"သတ်ချင်လဲသတ် အရှုံးတော့ မပေးနိုင်ဘူးကွ"
ထိုအချိန်တွင် ဓားပြတယောက်သည် ရုတ်တရက် ထအော်လိုက်ပြီး ဓားကိုဝင့်ကာ သံမဏိထံသို့ ပြေးဝင်လာ၏။ သို့သော် ထိုဓားပြမှာ သံမဏိ၏ လက်သီးချက်ကြောင့် ဦးခေါင်းတခုလုံး ကြေမွသွားရှာသည်။
"နောက်ထပ် သတ္တိကောင်းတဲ့ကောင်တွေ ရှိသေးလား"
သံမဏိက အော်ဟစ်မေးမြန်းလိုက်သည်။
ဤတကြိမ်တွင်တော့ မည်သူမှ ထွက်မလာတော့။ ဓားပြများအားလုံး အကြွင်းမဲ့ လက်နက်ချလိုက်ကြလေပြီ။
ထိုအချိန်မှာပင် ထန်းမင်နှင့် တိုက်ခိုက်နေသည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်ဓားပြကလည်း ထန်းမင်ထံတွင် လက်နက်ချ အညံ့ခံလိုက်၏။
မြင်ကွင်းကို ကြည့်ရင်း ဓားပြခေါင်းဆောင်သည် စိတ်ဓာတ်ကျသွား၏။ သူ့အနေနှင့် ဘာမှ လုပ်နိုင်စွမ်းမရှိမှန်း သဘောပေါက်သွားလေပြီ။ ထိုအခါ သူက ကပျာကယာ ထအော်လိုက်သည်။
"ငါ အရှုံးပေးပါပြီ ငါ အရှုံးပေးပါပြီ"
"အော် မင်းလဲ လက်နက်ချချင်တယ်ပေါ့ ဟုတ်လား"
စုချန်း ရယ်မောလိုက်၏။
"ကောင်းပြီလေ မင်းကိုငါ အသက်ချမ်းသာပေးလိုက်မယ်"
ထိုအခါကျမှ ဓားပြခေါင်းဆောင်ခမျာ စိတ်သက်သာရသွားရှာ၏။
လက်ရှိတွင် သူ၏ မူလစွမ်းအင်မှာ အတော်ပင် ကုန်ခမ်းနေခဲ့လေပြီ။ သူကိုယ်တိုင်မှာလည်း အတော်ပင် မောပန်းနေခဲ့ပြီ ဖြစ်သည်။ လက်နက်မချလျင်ပင် သူ့အနေနှင့် ဤပုံစံအတိုင်း ဆက်လက်တိုက်ခိုက်နိုင်ရန် မလွယ်လှတော့။
လက်နက်ချလိုက်ပြီးသည်နှင့် ဓားပြခေါင်းဆောင်သည် ရေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်၏။ သူ့ပုံစံမှာ အမှန်တကယ်ပင် စုချန်းအား အရိုအသေပေးနေသည့် ပုံစံ ရှိ၏။ သို့သော် တကယ်တမ်းတွင်တော့ အခွင့်အရေးရသည်နှင့် စုချန်းအား အငိုက်ဖမ်းတိုက်ခိုက်ရန် ဓားပြခေါင်းဆောင်က တွေးတောထားလေသည်။ သူသည် ဓားပြအဖွဲ့၏ ခေါင်းဆောင်ဖြစ်လေရာ အလွယ်တကူတော့ အရှုံးမပေးနိုင်။ ထို့ပြင် စုချန်းကို ဖမ်းဆီးနိုင်ပါက အခြေအနေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ဓားပြခေါင်းဆောင် ယုံကြည်ထားသည် မဟုတ်ပါလား။
စုချန်းသည် ရေလှိုင်းများပေါ်မှ ဖြတ်သန်းရွေ့လျားလာပြီး ဓားပြခေါင်းဆောင်၏ အနီးသို့ ရောက်ရှိလာ၏။ ထို့နောက် သူက လက်တဖက်ကို ဆန့်ထုတ်ကာ ဓားပြခေါင်းဆောင်၏ ဦးခေါင်းပေါ်တွင် တင်ထားရင်း ပြောလိုက်သည်။
"ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲဆိုတာ...."
ဘာလဲဟ...ဘာကို သနားစရာကောင်းတာလဲ..ဒီကောင် ဘာတွေ ပြောနေတာလဲ...
ဓားပြခေါင်းဆောင် ကြက်သေသေသွား၏။
ထိုအချိန်မှာပင် စုချန်း၏ လက်ဖဝါးအတွင်းမှ စွမ်းအင်လှိုင်းတခုက ဓားပြခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
အုန်းခနဲ မြည်သံနှင့််အတူ ဓားပြခေါင်းဆောင်၏ ကိုယ်ခန္ဓာသည် ယိမ်းယိုင်သွား၏။ သူ့နှာခေါင်းနှင့် နားရွက်များအတွင်းမှ သွေးများ တလဟော စီးကျလာလေသည်။
"မင်း...မင်း...ဘယ်လိုလုပ် သိတာလဲ"
ထိုမျှလောက်သာ ပြောနိုင်တော့ပြီး သနားစရာ ဓားပြခေါင်းဆောင်ခမျာ ရေထဲသို့ ဝုန်းခနဲ ပြုတ်ကျသွားရှာသည်။
သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းရင်း စုချန်းက ပြောလိုက်၏။
"ခေါင်းဆောင်တယောက် လုပ်နေပြီး ဒီသဘောတရားလေးကိုမှ နားမလည်ဘူးလား ကျန်တဲ့ ဓားပြတွေ အကုန် လက်နက်ချအညံ့ခံလို့ရတယ် ဒါပေမဲ့ မင်းကတော့ မရဘူး ဘာကြောင့်လဲဆိုတော့ မင်းဟာ ဓားပြခေါင်းဆောင် ဖြစ်နေလို့ပဲ ပြီးတော့ မင်းမသေရင် မင်းလူတွေကို ငါ ဘယ်လိုလုပ်ပြီ ထိန်းချူပ်မလဲ ဒီတော့ ဘယ်လို ရည်ရွယ်ချက်မျိုးတွေပဲ ရှိရှိ မင်းကတော့ သေကို သေရမှာပဲ"