← Chapters

ကျောက်စိမ်းနှလုံးသားကျွန်း

Vol. 41 Ch. 409

ကျောက်စိမ်းနှလုံးသားကျွန်း

Vol. 41 Ch. 409

ကျောက်စိမ်းနှလုံးသားကျွန်းသည် လင်းယွမ်စိမ့်တော ကျုပင်များ အလွန်ပေါများသော အရပ်ဒေသတွင် တည်ရှိပြီး ထိုကျွန်းသို့ သွားလာနိင်သည့် ရေလမ်းခရီးမှာလည်း အတော်ပင် ခက်ခဲကြမ်းတမ်းလှသည်။ ထို့ပြင် မြို့တော်နှင့်လည်း အလွန်ကွာဝေးနေလေရာ ဤကျွန်းတွင် ပင်လယ်ဓားပြများ ကျက်စားသည်မှာ အံ့သြစရာမဟုတ်တော့ချေ။

ကုန်သည်လှေများအား လုယက်တိုက်ခိုက်ပြီးပါက ဓားပြများသည် ဤကျွန်းသို့ လာရောက်ကာ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လေ့ရှိကြသည်။ မလိုသော ပစ္စည်းများကို ကျွန်းပေါ်ရှိ ဈေးကွက်တွင် ရောင်းချကြပြီး ၎င်းတို့လိုအပ်သော အသုံးအဆောင်များကို ပြန်လည် ဝယ်ယူလေ့ရှိကြသည်။ တခါတရံတွင်တော့ ၎င်းတို့သည် သတင်းအချက်အလက်များကို အရောင်းအဝယ် ပြုလုပ်လေ့ရှိကြသည်။

နှစ်ရက်ခန့် ခရီးဆက်ခဲ့ပြီးနောက် စုချန်း၏ တတိယမြစ်တပ်ဖွဲ့သည် ကျောက်စိမ်းနှလုံးသားကျွန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေသည်။

ကျွန်းပေါ်သို့ ရောက်သည်နှင့် စုချန်းက ပြောလိုက်သည်။

"လူတိုင်း တရက်စီ လွတ်လွတ်လပ်လပ် နေခွင့်ရမယ် တရက်ကုန်တာနဲ့ ချက်ချင်းပြန်လာရမယ် ကျူးစင်း ဟွားလီ ဝူရှောက် မင်းတို့သုံးယောက်က ဒီကောင်တွေကို ကြီးကြပ်ဖို့ တာဝန်ယူရမယ် ဒီကောင်တွေ မကောင်းတဲ့ နေရာတွေကို မသွားစေနဲ့ ပြသနာမရှာစေနဲ့ ထန်းမင် ကျွန်ကျာ့ သံမဏိ ကျောက်ယင်ကွမ်းတို့က ကျုပ်နဲ့ လိုက်ခဲ့ ဟိုနားဒီနား လျှောက်ကြည့်ပြီး သတင်းလေးဘာလေး စုကြမယ် ဝေယန်နဲ့မာချွမ်း မင်းတို့ကတော့ ဒီမှာပဲနေပြီး စောင့်ကြည့်ကြ"

"သေစမ်း ကံဆိုးလိုက်တာ"

ကျွန်းပေါ်မတက်ရပဲ အစောင့်တာဝန်ကျသဖြင့် ဝေယန်နှင့် မာချွမ်းတို့ခမျာ စိတ်ပျက်လက်ပျက်နှင့် ငြီးတွားလိုက်ကြ၏။

သို့သော် ပေးအပ်သည့်တာဝန်ကိုတော့ သူတို့အနေနှင့် ကျေပြွန်အောင် ထမ်းဆောင်ရမည်သာ။ မဟုတ်ပါကလည်း ဤတာဝန်ကို တယောက်ယောက်ကတော့ သေချာပေါက် ယူရမည်မဟုတ်ပါလား။

ထို့နောက် စုချန်းသည် ထန်းမင်၊ ကျူးကျွန်ကျာ့နှင့် သံမဏိတို့ကိုခေါ်ကာ ကျွန်းပေါ်သို့ တက်လာခဲ့လေသည်။ သူ့မျက်နှာတွင်ကား ထုံးစံအတိုင်း နတ်ဆိုးမျက်နှာဖုံးနှင့်ပင် ဖြစ်သည်။

ကျောက်ယင်ကွမ်းကား စုချန်းနောက်မှ လိုက်ပါလာရင်း အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ကျောက်စိမ်းနှလုံးသားကျွန်းပေါ်မှာ နာမည်ကြီး သတင်းရောင်းဝယ်ရေးသမား သုံးဦးရှိပါတယ် သခင် သူတို့ကတော့ ပဉ္စမဖိုးဖိုးတောက် လောင်ကွရှန်းနဲ့ နတ်ဆိုးလက်ကျန်းတို့ပဲ ဖြစ်တယ် အဲဒီထဲကမှ ပဉ္စမဖိုးဖိုးတောက်ဟာ အင်းတအင်းနဲ့ ဝိုင်အရက်ဆိုင်တဆိုင် ပိုင်ဆိုင်ထားပြီး သတင်းအရောင်းအဝယ်ကို သူ့ဆိုင်မှာပဲ ဆောင်ရွက်လေ့ရှိတယ် လောင်ကွရှန်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရှေးဟောင်းလက်ရေးမူရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ပြီး မှောင်ခို ရှေးဟောင်းပစ္စည်းတွေကိုလည်း လက်ခံရောင်းဝယ်ပေးလေ့ရှိတယ် နတ်ဆိုးလက်ကျန်းကတော့ လောင်းကစားရုံနဲ့ အပေါင်ဆိုင်ဖွင့်ထားတယ် သူတို့သုံးယောက်ထဲမှာ တော်ဝင်မျိုးနွယ်စုတွေနဲ့ အဆက်အသွယ်ရှိတာကတော့ နတ်ဆိုးလက်ကျန်းပဲ သခင်"

ကျောက်ယင်ကွမ်းကား စုချန်းအပေါ် သစ္စာခံလိုက်ပြီးကတည်းက အကောင်းဆုံး ဆောင်ရွက်ရန် တွေးတောထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက စုချန်း၏ အမေးကို စောင့်မနေတော့ပဲ အလိုက်တသိနှင့် သိထားသမျှ အကုန်ပြောပြလိုက်၏။

"နတ်ဆိုးလက်ကျန်းမှာ တော်ဝင်မျိုးနွယ်စုတွေရဲ့ ကျောထောက်နောက်ခံ ရှိတယ်ပေါ့ ဟုတ်လား ကျန်နှစ်ယောက်ရဲ့ အခြေအနေကကော ဘယ်လိုလဲ"

"ပဉ္စမဖိုးဖိုးတောက်မှာတော့ ဘာကျောထောက်နေက်ခံမှ ရှိတယ်လို့ မကြားမိပါဘူးခင်ဗျာ ဒါပေမဲ့ ဒီလူက အပေါင်းအသင်းဆံ့တယ် လူတိုင်းနဲ့သိတယ် ဒါကြောင့် ဒီမှာရှိနေတဲ့ လူတိုင်းက သူနဲ့တည့်အောင် ကြိုးစားကြတယ် လောင်ကွရှန်း သူ့ကိုတော့ အနောက်မြစ်တပ်ဖွဲ့က ကျောထောက်နောက်ခံ ပြုပေးထားပါတယ် သခင်"

လင်းယွမ်စိမ့်တောရှိ ပင်လယ်ဓားပြများတွင် အဓိက အုပ်စုကြီး သုံးစု ရှိနေ၏။ ၎င်းတို့မှာ ကျောက်စိမ်းတောင်တပ်ဖွဲ့၊ ချိန်းယွမ်တပ်ဖွဲ့နှင့် အနောက်မြစ်တပ်ဖွဲ့တို့ပင် ဖြစ်ကြသည်။ ထိုအထဲတွင် အနောက်မြစ်တပ်ဖွဲ့မှာ အင်အားအကောင်းဆုံးဟု ဆိုနိုင်ပြီး အများပြောစကားအရ ယန်ဖွင့်လှစ်ခြင်းပညာရှင် ၇ယောက် သို့မဟုတ် ၈ယောက်ထိ ရှိနေသည့်အပြင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှိတယောက်၏ ထောက်ခံမှုကိုပင် ရရှိထားသည်ဟု သိရ၏။ ထို့ကြောင့် ၎င်းတို့သည် ဤနယ်မြေတကြောတွင် အလွန် ရမ်းကားလှပြီး အစိုးရတပ်ဖွဲ့များကိုပင် ဂရုမစိုက်ပဲ လုယက်လေ့ရှိကြသည်။

ကျောက်စိမ်းတောင်တပ်ဖွဲ့နှင့် ချိန်းယွမ်တပ်ဖွဲ့မှာလည်း အတော်ပင် အင်အားကြီးမားသော အဖွဲ့များ ဖြစ်ကြသည်။ သို့သော် ၎င်းအဖွဲ့များတွင် ယန်ဖွင့်လှစ်ခြင်းပညာရှင် အနည်းငယ်သာ ရှိနေပြီး မည်သူတဦးတယောက်ကမှ အလင်းတုန်ခါခြင်းပညာရှင်တယောက် ထိုအဖွဲ့များကို ထောက်ခံသည်ဟု ပြောလေ့မရှိကြပေ။

သို့သော် အရေးမကြီးလှ။ သူတို့တွင်လည်း ကျောထောက်နောက်ခံပြုထားသူများ ရှိနေကြ၏။ ထိုအဖွဲ့နှစ်ဖွဲ့အား ကျောထောက်နောက်ခံပြုထားသူများမှာ တခြားသူမဟုတ်။ တော်ဝင်မျိုးနွယ်စုများပင်တည်း။

ရေလမ်းကြောင်းကို တော်ဝင်မျိုးနွယ်စုများ ထိန်းချုပ်နိုင်ရခြင်းမှာ အထက်တွင် ဆိုခဲ့သည့် ဓားပြအဖွဲ့နှစ်ဖွဲ့နှင့် ၎င်းတို့အကြား ဆက်ဆံရေးကောင်းကို တည်ဆောက်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

ဤတချက်ကိုကြည့်လျင် လင်းယွမ်စိမ့်တောရှိ ဓားပြအဖွဲ့တိုင်းက တော်ဝင်မျိုးနွယ်စုများ၏ စကားကို နားထောင်သည်မဟုတ်ကြောင်း သိသာနေခဲ့လေပြီ။ ဥပမာအနေနှင့် ပြရလျင် အနောက်မြစ်တပ်ဖွဲ့သည် တော်ဝင်မျိုးနွယ်စုများကို သြဇာခံထားခြင်း မရှိသည့်အပြင် ရံဖန်ရံခါတွင် ၎င်းတို့နှင့် ဆန့်ကျင်ဘက်ပင် ဆောင်ရွက်တတ်သေး၏။ ထိုအခါ တော်ဝင်မျိုးနွယ်စုများဘက်မှလည်း ၎င်းတို့၏ ကုန်စည်လှေများကို အပြည့်အဝ ကာကွယ်ထားကြလေရာ တိုက်ပွဲတိုင်းသည် နိုင်တခါ ရှုံးတလှည့်နှင့် ဖြစ်နေတတ်၏။

ကျောက်ယင်ကွမ်း၏ ရှင်းပြမှုကို နားထောင်ရင် စုချန်းက ခေတ္တ စဉ်းစားလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ကဲ ကျုပ်တို့ ပဉ္စမဖိုးဖိုးတောက်ဆီ အလည်သွားကြတာပေါ့"

ကျောက်ယင်ကွမ်း၏ စကားအရ ပဉ္စမဖိုးဖိုးတောက်သည် ကျောက်စိမ်းနှလုံးသားကျွန်းပေါ်တွင် အလယ်အလတ်အကျဆုံးလူဟု ယူဆရ၏။ ထိုလူစားမျိုးနှင့် အရင်ဆုံးတွေ့ဆုံခြင်းမှာ အဓိပ္ပါယ်ရှိသည် မဟုတ်ပါလား။

တောက်ဝိုင်အရက်ဆိုင်သို့ ရောက်ရှိသည်နှင့် တဆိုင်လုံးတွင် ပင်လယ်ဓားပြများနှင့် ပြည့်နှက်နေကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။ လူတိုင်းလိုလိုသည် ဝိုင်အရက်များကို လောဘတကြီးနှင့် မော့သောက်နေ၏။

ဆိုင်ထဲတွင် ရုပ်ရည် ကြည့်ပျော်ရှုပျော်ရှိသည့် အဖိုးအိုတယောက်သည် လူတချို့အတွက် ဝိုင်အရက်များကို ငှဲ့ပေးနေ၏။

ဝိုင်အရက်ငှဲ့ပေးနေသော အဖိုးအိုကို လက်ညိုးထိုးပြရင်း ကျောက်ယင်ကွမ်းက ပြောလိုက်သည်။

"အဲဒါ ပဉ္စမဖိုးဖိုးတောက်ပဲ သခင်"

"ဒီပုဂ္ဂိုလ်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာထဲ ရောက်နေပြီပဲ သူ့နေရာကို သူ ကာကွယ်ထားနိုင်တာ ဘာမှအံ့သြစရာမရှိဘူးလို့ ဆိုရမယ်"

ပဉ္စမဖိုးဖိုးတောက်သည် ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက် ဖြစ်နေသည့်တိုင် မာန်မတက်ပဲ သာမာန်သိုင်းသမားများအား ဝိုင်အရက်ငှဲ့ပေးနေကြောင်း တွေ့ရလေသည်။

ပဉ္စမဖိုးဖိုးတောက်ကား အတော်ပင် နားပါးဟန်ရှိသည်။ ချက်ချင်းပင် စုချန်းအား လှမ်းကြည့်လိုက်၏။

စုချန်း၏ လေသံမှာ တိုးညှင်းလှသည်။ သို့သော် ပဉ္စမဖိုးဖိုးတောက်၏ အကြားအာရုံက ပို၍ ထက်မြက်နေဟန်ရှိ၏။ အဖိုးအို၏ မျက်နှာပေါ်တွင် အပြုံးရိပ်ထင်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကောင်လေး မင်းရဲ့ အမြင်အာရုံကတော့ စူးရှလှပါပေတယ် ဒါပေမဲ့ အပြောမစောဘူးလား"

အဖိုးအို၏ လေသံမှာ သိပ်မကျယ်လှ။ ထို့ပြင် တဆိုင်လုံးမှာလည်း အထူးပင် ဆူညံနေ၏။ အမှန်ဆိုလျင် စုချန်းအနေနှင့် ၎င်း၏ စကားသံကို ကြားရဖို့ မလွယ်ချေ။ ယခုတော့ ထိုသို့ မဟုတ်ပဲ ကျယ်လောင်ပီသစွာ ကြားလိုက်ရ၏။ အဖိုးအို၏ အသံကို ထိန်းချုပ်နိုင်စွမ်းမှာကား အံမခန်းဟု ဆိုရပေလိမ့်မည်။

နှစ်ယောက်လုံး ပြိုင်တူ ထိတ်လန့်သွားသော အခြေအနေပေတည်း။

အဖိုးအိုကား စုချန်း၏ အာရုံခံနိုင်စွမ်းကို ထိတ်လန့်သွားခြင်းဖြစ်ပြီး စုချန်းကတော့ အဖိုးအို၏ အသံကို ကျင်လည်စွာ ထိန်းချုပ်နိုင်စွမ်းကို အံ့သြသွားခြင်း ဖြစ်သည်။

တကယ်တော့ ဖိုးဖိုးတောက်တယောက် ကျောက်စိမ်းနှလုံးသားကျွန်းတွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဖိုးဖိုးတောက်အင်အားမှာ အလွန်နက်ရှိုင်းကြောင်း ကျွန်းပေါ်ရှိ လူတိုင်းလိုလို သဘောပေါက်ထားပြီးသားပင်။ သို့သော် သူ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကိုတော့ ယခုအချိန်ထိ မည်သူမှ တိတိကျကျ မခန့်မှန်းနိုင်သေးချေ။

ယခုတော့ ယနေ့မှ ကျွန်းပေါ်သို့ ရောက်လာသည့် လူငယ်တယောက်က တချက်ကလေးကြည့်ရုံနှင့် ဖိုးဖိုးတောက်၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကို တိတိကျကျ ခန့်မှန်းနိင်ခဲ့ချေပြီတကား။

တကယ်တော့ စုချန်းတွင် မူလစွမ်းအင်ကို မြင်တွေ့နိုင်သည့် အမြင်အာရုံ ရှိနေကြောင်း ဖိုးဖိုးတောက် မသိ၍သာ ထိုသို့ အံ့သြနေခြင်းပင်။

အဖိုးအိုက စကားဆက်လိုက်သည်။

"ကောင်လေး ဒီကိုရောက်လာမှတော့ ခုံလေးဘာလေး ယူပြီး ထိုင်ပါလား"

ပြောပြောဆိုဆို သူက ဝိုင်ခွက်တချို့ကိုယူပြီး ဝိုင်အရက်များ ဖြည့်တင်းလိုက်၏။

စုချန်းက ခပ်တည်တည်ပင် ဝိုင်ခွက်ရှိရာသို့ လမ်းလျှောက်လာပြီး ခွက်ကိုမော့ကာ တငုံခန့် ငုံကြည့်၏။ ထို့နောက် ဝိုင်ခွက်ကို နေရာမှာပင် ပြန်ချထားလိုက်လေသည်။

"ဘာလဲ ဝိုင်ခွက်ထဲမှာ အဆိပ်ပါမှာစိုးလို့ မင်းက မသောက်ရဲဘူးလား"

စုချန်းက ခေါင်းခါပြလိုက်သည်။

"အဆိပ်ပါတယ်ဆိုရင်တောင် ကျုပ်က သောက်ပြီးလောက်ပြီ ခုတော့ ဒီလို မဟုတ်ဘူးဗျ ဒီဝိုင်က အတော်နိမ့်တယ် အဆိပ်သောက်လိုက်တာကမှ ကျုပ်အဖို့ ရေငတ်ပြေစေအုံးမယ်"

စုချန်း၏ စကားကြောင့် ဖိုးဖိုးတောက် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြုံးရင်း ပြောလိုက်သည်။

"မင်းလို စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်မျိုး မတွေ့ရတာ နှစ်ပေါင်းအတော်တောင် ကြာသွားပြီ မင်းက ဒီလို ပြောလာတာတောင် ဝိုင်းအကောင်းစား ထုတ်မတိုက်နိုင်င် ကျုပ် ညံ့ရာကျသွားမှာပေါ့ ကဲ ဒါလေး စမ်းကြည့်စမ်း"

စကားဆုံးသည်နှင့် ဖိုးဖိုးတောက်က ဝိုင်ကရားကို လှမ်းယူပြီး စုချန်းအတွက် ဝိုင်တခွက် ငှဲ့ပေးလိုက်ပြန်၏။

စုချန်းက ဝိုင်ခွက်ကို တငုံခန့်မော့သောက်ပြီး ပြန်ချထားလိုက်သည်။

"ဒါကမှ တကယ်ကောင်းတဲ့ ဝိုင်ပဲဗျ"

"ဟင် ကောင်းတယ်လဲ ပြောသေးတယ် ဘာကြောင့် ထပ်မသောက်တာလဲကွ"

စုချန်းက ပြန်ဖြေလိုက်သည်။

"ဝိုင်ကတော့ တကယ်ကောင်းပါပေတယ် ဒါပေမဲ့ မြန်မြန်သောက်ရင် ကျုပ် မူးသွားလိမ့်မယ် ဖြည်းဖြည်းချင်းသောက်မှ အဆင်ပြေမယ်ဗျ"

စုချန်း၏ စကားကြောင့် ဖိုးဖိုးတောက် မျက်လုံးများ ပိတ်သွားသည်အထိ ရယ်လိုက်သည်။

"တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပါလား လျူကျိ ဒုက္ခရောက်သွားတာ အံ့သြစရာ မရှိတော့ဘူးပဲ"

စုချန်း ခေါင်းရှုပ်သွား၏။

"ဘယ်သူလဲဗျ လျူကျိဆိုတာ"

ကျောက်ယင်ကွမ်းက စုချန်းအနီးသို့ ကပ်ရင်း ပြောလိုက်သည်။

"တတိယမြစ်အဖွဲ့ရဲ့ အရင်ခေါင်းဆောင်လေ သခင်"

ထိုအခါကျမှ စုချန်း သဘောပေါက်သွားသည်။

ပဉ္စမဖိုးဖိုးတောက်ကား ကျောက်စိမ်းနှလုံးသားကျွန်းပေါ်တွင် ဝိုင်အရက်ဆိုင် ဖွင့်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ပင်လယ်ဓားပြအားလုံးကို သိနေသည်မှာ ဘာမှမဆန်းချေ။

တဖန် ကျောက်ယင်ကွမ်းသည် တတိယမြစ်အဖွဲ့၏ လက်ထောက်ခေါင်းဆောင်တဦး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တဦးက စုချန်းအနားတွင် တရိုတသေ ခစားလျက်ရှိလေရာ တတိယမြစ်အဖွဲ့၏ အပြောင်းအလဲမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ သိသာနေခဲ့ပြီ မဟုတ်ပါလား။

စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"လျူကျိ သေသွားပြီ ဒါပေမဲ့ တတိယမြစ်အဖွဲ့ကတော့ ဆက်လက်တည်ရှိနေတုန်းပဲ ဒီအတွက် ဖိုဖိုးတောက်အနေနဲ့ ကျုပ်တို့ကို စိတ်မကွက်ဖို့ မျှော်လင့်တယ်"

"ဟာ မကွက်ပါဘူး မကွက်ပါဘူး"

ဖိုးဖိုးတောက်က ကပျာကယာ လက်ကာပြရင်း ပြောလိုက်၏။

"မင်းတို့ ဒီကို အလုပ်လုပ်ဖို့ လာတာနဲ့ တူတယ် ခေါင်းဆောင်သစ်အနေနဲ့ မင်းကို ကျုပ် ဘယ်လိုခေါ်ရင် ကောင်းမလဲ"

All Chapters