ဓားပြတိုက်ခြင်း
Vol. 41 Ch. 410
"ကျုပ်ကို နတ်ဆိုးမျက်နှာလို့ ခေါ်နိုင်ပါတယ်ဗျာ"
စုချန်းက ဖြေလိုက်၏။
နတ်ဆိုးမျက်နှာဟူသော နာမည်ကို အနီရောင်တောင်ကြောတွင် အသုံးပြုခဲ့ဖူးသောကြောင့် တစုံတယောက်က စုချန်းအား သိရှိသွားနိုင်ပေသည်။ သို့သော် မည်သူ့ကို ဂရုစိုက်နေရမည်နည်း။
ဖိုးဖိုးတောက်က ရယ်မောလိုက်သည်။
"နတ်ဆိုးမျက်နှာ ဟုတ်လား ကောင်းပါပြီ ဒီတော့ နတ်ဆိုးမျက်နှာအနေနဲ့ ဒီအဖိုးကြီးဆီက ဘယ်လို ဝန်ဆောင်မှုတွေများ လိုအပ်နေပါသလဲ"
စုချန်းက စာရွက်အပိုင်းအစတခုအား ဖိုးဖိုးတောက်ဆီသို့ ကမ်းပေးလိုက်သည်။
စာရွက်ကို ဖတ်ကြည့်ပြီး ဖိုးဖိုးတောက် ကြက်သေသေသွား၏။
"ဒီသတင်းအချက်အလက်ကို ဘာအတွက်များ မင်း လိုအပ်နေတာလဲ"
"ဒါ ခင်ဗျားအလုပ် မဟုတ်ပါဘူးလေ"
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။
ဖိုးဖိုးတောက် ပုခုံးတွန့်လိုက်သည်။
"မှန်ပါတယ် ဒါ ကျုပ်အလုပ်မဟုတ်ဘူး ကြည့်ရတာ ကြည်လင်မြစ်မြို့တော် တော်ဝင်မျိုးနွယ်စုတွေ သိပ်မကြာခင် ကံဆိုးတော့မယ်နဲ့ တူတယ်"
စကားဆုံးသည်နှင့် ဖိုးဖိုးတောက်က ခေါင်းကိုငုံ့ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်။ သူ့အသံမှာ တိုးညှင်းလှပေရာ မည်သူမှ ကြားနိုင်မည်မထင်။ သို့သော် စုချန်းကတော့ ခေါင်းကို တဆတ်ဆတ် ညိတ်လျက်ရှိသည်။
အတန်ကြာသော် စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်ရင်း ရှုံ့အိတ်ငယ်တအိတ်ကို ဖိုးဖိုးတောက်လက်ထဲသို့ ထည့်ပေးလိုက်၏။
"ဒါ ခင်ဗျားအတွက်"
အိတ်ထဲသို့ လှမ်းကြည့်ပြီး ဖိုးဖိုးတောက် အားရပါးရ ရယ်မောလိုက်၏။
"သိပ်ကောင်းတာပေါ့ကွာ"
ထို့နောက် သူက အိတ်ကို မြန်မြန်ဆန်ဆန်ပင် သိမ်းဆည်းလိုက်၏။ ထိုအချိန်တွင် စုချန်းသည် တံခါးဝဆီသို့ ခြေဦးလှည့်လျက် ရှိလေပြီ။ ထိုအခါ သူက လှမ်းမေးလိုက်သည်။
"ဒီမှာ ခနနေပြီး နည်းနည်းပါးပါး ဆက်မသောက်တော့ဘူးလားကွ"
"မသောက်တော့ဘူး ပြသနာတွေ ရှင်းပြီးသွားရင် ခင်ဗျားကို ကျုပ် သေချာပေါက် လာရှာမှာပါ"
စကားဆုံးသည်နှင့် စုချန်းသည် ချာခနဲ လှည့်ထွက်လာခဲ့လေသည်။
ဝိုင်အရက်ဆိုင်၏ တံခါးဝဆီသို့ လျှောက်လာရင်းမှာပင် စုချန်းသည် ဆေးပုလင်းတလုံးကို ဆွဲထုတ်ပြီး ဂွတ်ခနဲ မော့သောက်လိုက်၏။ သူ့မျက်နှာတွင်ကား ချွေးစများ သီးလျက်ရှိသည်။
"သခင်"
သံမဏိက အထိတ်တလန့်နှင့် ခေါ်လိုက်၏။
"ရတယ်ကွ ငါ ဘာမှမဖြစ်ဘူး ဒီအဖိုးကြီးရဲ့ အဆိပ်က အတော်လေး ပြင်းထန်တယ် ငါ ကြာကြာ တောင့်ခံထားနိုင်ဖို့ မလွယ်လှဘူး"
စုချန်းက အင်အားချိနဲ့သော လေသံနှင့် ပြန်ဖြေလိုက်သည်။
ထို့နောက် သူက စကားဆက်လိုက်ပြန်သည်။
"ဒီအဖိုးကြီးက သိပ်တော့ မရိုးရှင်းလှဘူး ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စမ်းသပ်မှုကို ငါတို့ အောင်မြင်သွားပြီ နောင်အခါ သတင်းရချင်ရင် ငါတို့ အချိန်မရွေး သူ့ဆီ လာလို့ရသွားပြီ လောလောဆယ်တော့ ငါတို့ လုပ်ရမဲ့ အလုပ်တခု ရှိနေတယ်"
"ကျုပ်တို့ ဘာလုပ်ကြမှာလဲ"
ထန်းမင်က မေးလိုက်၏။
"ဒီညမှာ ကြည်လင်မြစ်မြို့တော်က ကုန်စည်လှေတွေ ဒီနေရာကို ဖြတ်သန်းသွားလိမ့်မယ်"
ထန်းမင် မျက်လုံးပြူးသွား၏။
"ဘာလဲ ကျုပ်တို့က အဲဒီလှေတွေကို ဓားပြတိုက်ကြမလို့လား"
"သိပ်ဟုတ်တာပေါ့ကွာ အဲဒီအတိုင်းပဲ"
စုချန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
သူတို့အနေနှင့် ငါးကြင်းကို ငါးကြင်းဆီနှင့် ပြန်ကြောရန် အစီအစဉ် ရေးဆွဲထားပြီး ဖြစ်လေရာ ယခုတွင် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီ ဖြစ်သည်။
ယနေ့မှစ၍ တတိယမြစ်အဖွဲ့သည် ကြည်လင်မြစ်မြို့တော်မှလာသည့် ကုန်စည်လှေမှန်သမျှကို လုယက်တိုက်ခိုက်တော့မည် ဖြစ်သည်။
_____________×××_____________×××__________
လင်းယွမ်စိမ့်တော၏ အကာလ ညအချိန်တွင် ဖြစ်သည်။ ရေမျက်နှာပြင်ပေါ်တွင်တော့ ကုန်စည်လှေတချို့မှာ တရွေ့ရွေ့ ခရီးနှင်လျက်ရှိ၏။
ခပ်လှမ်းလှမ်းမှ ကြည့်လျင် အနှီကုန်စည်လှေ အစီး၂၀ခန့်သည် မျဉ်းတပြေးတည်းပေါ်တွင် ရွက်လွှင့်နေသကဲ့သို့ မြင်တွေ့နေရ၏။ နယ်ခြားဒေသများမှ ဆား၊ သကြား၊ သားမွှေး စသည် ကုန်စည်အများအပြားကို သယ်ဆောင်လာသော ကုန်စည်လှေများပင်တည်း။
၎င်းတို့အနေနှင့် မည်သည့်ဓားပြများ၏ တိုက်ခိုက်မှုကိုမှ မခံရသည်မှာ အချိန်အတော်ပင် ကြာမြင့်လှပြီ ဖြစ်လေရာ ကုန်စည်လှေများအကြားတွင် အစောင့်အနည်းငယ်သာ ပါလာကြ၏။
သိပ်မဝေးလှသော တနေရာမှ မူလစွမ်းအင်မျက်လုံးပုံစံ ကိရိယာတခုသည် သူတို့အား စောင့်ကြည့်နေကြောင်း မည်သူမှ သတိထားမိဟန် မတူချေ။ အတန်ကြာသော် အဆိုပါ ကိရိယာသည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းပြီး စုချန်း၏ လက်ထဲသို့ ဆင်းသက်သွား၏။
သူ့နောက်တွင်တော့ ပင်လယ်ဓားပြများအားလုံး စုဝေးလျက် ရှိနေကြသည်။ စုချန်းထံမှ အမိန့်သံ ထွက်ပေါ်လာမည့်အချိန်ကို စောင့်နေကြခြင်းပေတည်း။
စောင့်ကြည့်မျက်လုံးကိရိယာကို သိမ်းဆည်းပြီးသည်နှင့် စုချန်းက ပြောလိုက်သည်။
"ထိပ်ဆုံးက လှေနှစ်စင်းပေါ်မှာ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် သုံးယောက်နဲ့ ချီစုဆောင်းခြင်းပညာရှင် ခြောက်ယောက် ရှိနေတယ် ကဲ အဖွဲ့အားလုံး တိုက်ခိုက်ဖို့ ပြင်ဆင်ကြစို့ဟေ့"
စုချန်း၏ စကားသံဆုံးသည်နှင့် ခရာတွတ်သံများ ပေါ်ပေါက်လာပြီး စိမ့်တောအတွင်းမှ ပင်လယ်ဓားပြလှေများ တိုးထွက်လာ၏။ ၎င်းတို့၏ ဦးတည်ရာမှာကား ခပ်လှမ်းလှမ်းရှိ ကုန်စည်လှေများဆီသို့ပင်တည်း။
လှေများပေါ်မှ ချီစွမ်းအားပညာရှင်တချို့က မြူခိုးများ ဖန်တီးလိုက်ရာ ပတ်ဝန်းကျင်တခုလုံး မြူများ အုပ်ဆိုင်းလာ၏။ ပင်လယ်ဓားပြလှေများကား မြူခိုးများကို အကာအကွယ်ယူကာ ၎င်းတို့၏ ပစ်မှတ်များဆီသို့ တရွေ့ရွေ့ ချည်းကပ်နေကြလေသည်။
ထိုအချိန်မှာပင် ကုန်စည်လှေများဘက်မှ အော်ဟစ်မေးမြန်းသံ ထွက်ပေါ်လာ၏။
"ဟေ့ ဘယ်သူလဲ"
ဓားပြတယောက်က လှောင်ပြောင်သော အသံနှင့်ပြန်ဖြေလိုက်သည်။
"ဘယ်သူရှိရမှာလဲ တော်ဝင်မျိုးနွယ်စုတွေကိုမှ ဓားပြတိုက်ချင်တဲ့ ကောင်တွေပေါ့ကွာ ကဲ ညီအစ်ကိုတို့ လုပ်လိုက်ကြစို့ဟေ့"
တချိန်တည်းမှာပင် မြူခိုးများထဲမှ တိုးထွက်လာသော ပင်လယ်ဓားပြလှေတစင်းက ထိပ်ဆုံးရှိ ကုန်သည်လှေကို ဝင်ဆောင့်လိုက်၏။ တဆက်တည်းမှာပင် ပင်လယ်ဓားပြလှေပေါ်မှ မရေမတွက်နိုင်သော ချိတ်များ ပျံလွင့်လာပြီး ကုန်စည်လှေကို တွယ်ချိတ်ထားလိုက်လေသည်။ လှေနှစ်စင်း ပူးကပ်သွားသည်နှင့် ပင်လယ်ဓားပြလှေပေါ်မှ လူရိပ်များ တဖက်လှေပေါ်သို့ ခုန်တက်သွားကြ၏။ လူအုပ်ကို ဦးဆောင်လာသူမှာကား ကျောက်ယင်ကွမ်းပေတည်း။
ဓားတချက်တည်းနှင့် ကျောက်ယင်ကွမ်းက လှေ၏ ရွက်တိုင်ကို ခုတ်ဖြတ်လိုက်၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
"ထွက်ပြေးတဲ့လူ ဒါမှမဟုတ် ခုခံဖို့ ကြိုးစားတဲ့လူ တယောက်မကျန် အသတ်ခံရမယ်"
ထိုအချိန်မှာပင် အချက်ပေးခေါင်းလောင်းသံများ ဆူညံစွာ ပေါ်ထွက်လာပြီး အစောင့််တချို့ ပြေးဝင်လာကြသည်။
"တော်ဝင်မျိုးနွယ်စုတွေရဲ့ လှေကို ဘယ်သူ ဓားပြတိုက်ရဲသလဲကွ အတင့်ရဲလှချည်လား"
"ငါပဲကွ"
စကားဆုံးသည်နှင့် ကျောက်ယင်ကွမ်း၏ ဓားက နောက်တကြိမ် လှုပ်ရှားသွားပြန်သည်။ အစောင့်သည် နေရာမှပင် ပုံလျက်သား လဲကျသွားရှာ၏။
ထိုအချိန်တွင် ကုန်စည်လှေများအားလုံးမှာ ဓားပြလှေများ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခံလိုက်ရပြီ ဖြစ်သည်။
တဖန် ကုန်စည်လှေများသည် ကုန်ပစ္စည်းများ သယ်ဆောင်နိုင်ရန်သာ ဦးစားပေးတည်ဆောက်ထားခြင်း ဖြစ်လေရာ လေးလံသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းအားမှာလည်း နည်းပါးလှ၏။ ကုန်စည်လှေများကို စောင့်ရှောက်ရန် လိုက်ပါလသည့် အစောင့်အင်အားကလည်း နည်းပါးလှသည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် အစွမ်းကုန် ပြန်လည်ခုခံကြသည့်တိုင် နောက်ဆုံးတွင် ဓားပြများ လက်ချက်နှင့် ပြုတ်ပြုတ်ပြုန်းကုန်ကြ၏။
စုချန်းမှာ တိုက်ပွဲထဲတွင် ကိုယ်တိုင် ဝင်ပါခြင်းပင် မရှိ။ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်လျက် ရှိသည်။
တိုက်ပွဲမှာ မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွား၏။ နာရီဝက်ခန့်အကြာတွင်တော့ စုချန်းတို့ဘက်မှ ကုန်စည်လှေများအားလုံးကို ထိန်းချုပ်နိုင်ခဲ့လေသည်။
"သခင် ကျုပ်တို့ဘက်က လှေ၂၃စင်း၊ လူ ၁၂၀နဲ့မရေမတွက်နိုင်တဲ့ ကုန်စည်တွေ ရရှိလိုက်ပါတယ် ဘာဆက်လုပ်ရမလဲခင်ဗျ"
ဓားပြတယောက်က စုချန်းအား သတင်းပို့လာ၏။
"လူတွေကိုတော့ လှေတစင်းပေးပြီး ပြန်လွှတ်လိုက် ကျန်တာတွေကိုတော့ ကျောက်စိမ်းနှလုံးသားကျွန်းပေါ်ယူသွားပြီး ဖိုးဖိုးတောက်ဆီ ရောင်းချလိုက်မယ်"
စုချန်းက အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ သခင်"
"ကြီးမားတဲ့ အောင်ပွဲလို့ ဆိုရမယ်"
ဝေယန်က အားရပါးရ ရယ်မောရင်း မှတ်ချက်ချလိုက်သည်။
"ဒါ အစပဲ ရှိသေးတယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
သိပ်မကြာမီ စုချန်းတို့လူစုသည် ကုန်စည်အများအပြားကို သယ်ဆောင်က ကျောက်စိမ်းနှလုံးသားကျွန်းသို့ ပြန်လည်ရောက်ရှိလာကြ၏။
နေ့တနေ့ကား အစပြုခဲ့လေပြီ။ နေရောင်အောက်တွင် ကျောက်စိမ်းနှလုံးသားကျွန်းသည် အလွန်လှပနေ၏။
ကုန်စည်အများအပြား တင်ဆောင်ထားသော လှေများ ဆိပ်ကမ်းတွင် ရပ်နားထားသည်ကို မြင်တွေ့ရသောအခါ ကျွန်းပေါ်ရှိ အခြားပင်လယ်ဓားပြများသည် ရပ်သပ်ရှမော ဖြစ်ကုန်ကြ၏။ ဤမျှ ကြီးမားသော အောင်မြင်မှုကို မည်သူများ စွမ်းဆောင်ခဲ့လေသနည်း။
သို့သော် အနှီကုန်စည်လှေများသည် ကြည်လင်မြစ်မြို့တော်မှ လှေများဖြစ်ကြောင်း သိရသည့်အခါ ဓားပြများ၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားကြ၏။
"သေစမ်း ဒါ ကြည်လင်မြစ်မြို့တော်က ကုန်စည်လှေတွေတဲ့ ဒီကောင်တွေ သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို ဘာမှန်း မသိကြဘူးနဲ့တူတယ်"
"ကျောက်စိမ်းတောင်စစ်တပ်နဲ့ ချိန်းယွမ်စစ်တပ်က ဒီကောင်တွေကို လွှတ်ပေးမယ် မထင်ဘူး"
"သိပ်သေချာတာပေါ့ နောက်ဆုံးတခေါက်တုန်းက တော်ဝင်မျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုကို ထိပါးတဲ့ကောင်တွေကို ကျောက်စိမ်းတောင်စစ်တပ်က တယောက်မကျန် ရှင်းပစ်တယ်မလား"
"အဲဒီတုန်းက ကုန်စည်တွေဟာ တော်ဝင်မျိုးနွယ်စုနှစ်စုရဲ့ ပိုင်ဆိုင်မှုသက်သက်ပဲ ဒါတောင် တယောက်မကျန် အသတ်ခံလိုက်ရတယ် ဒီတခေါက် ကုန်စည်တွေကတော့ တော်ဝင်မျိုးနွယ်စု မဟာမိတ်တဖွဲ့လုံးရဲ့ ပိုင်ဆိုင်မှုနဲ့ တူတယ် ဒီကောင်တွေကတော့ တော်ဝင်မျိုးနွယ်စုအကုန်လုံးကို သွားပြီး ရန်စလိုက်တာပဲ"
"ဒီကောင်တွေကတော့ ကျောက်စိမ်းတောင်စစ်တပ်ရဲ့ လက်ချက်နဲ့ သေဖို့ သေချာနေပြီ"
"ဟုတ်တာပေါ့ ဟုတ်တာပေါ့"
ထို့နောက်တွင်တော့ လူတိုင်းလိုလိုသည် စုချန်းတို့လူစုအား သနားဂရုဏာသက်သော ပုံစံဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။
မဆိုင်သူများ မည်သို့ပင် တွေးတောနေကြစေကာမူ တတိယမြစ်တဖွဲ့လုံးကတော့ ကြီးမားသော အောင်မြင်မှုကြောင့် အထူးပင် ဝမ်းမြောက်နေကြ၏။
အတန်ကြာဆွေးနွေးပြီးနောက် ဖိုးဖိုးတောက်သည် တန်ဖိုးတခု သတ်မှတ်ကာ ကုန်စည်များအား ဝယ်ယူရန် သဘောတူလိုက်၏။
"ရော့ ဒီမှာ မူလကျောက်တုံး တသန်း အားလုံး အဲဒီထဲမှာ ရှိတယ်"
ဖိုးဖိုးတောက်က စုချန်း လက်ထဲသို့ မူလလက်စွပ်တကွင်း ထည့်ပေးရင်း ပြောလိုက်သည်။
"ဖိုးဖိုးတောက်က သိပ်ပြီး ရက်ရောပါပေတယ်ဗျာ"
စုချန်းက ရယ်ရယ်မောမောနှင့်ပင် လက်စွပ်အား လက်ခံယူလိုက်သည်။
"နောက်မှ ကျုပ်ကို သတိမပေးဘူးရယ်လို့ အပြစ်မတင်စေချင်ဘူး ဒီမူလကျောက်တုံးတွေ ယူပြီးရင် မင်းတို့ အမြန်ဆုံး ဒီက လစ်ကြပေတော့ အချိန်အတော်လေး ကြာတဲ့အထိ ဒီကို ပြန်မလာကြနဲ့"
ဖိုးဖိုးတောက်က စုချန်းအား သတိပေးလိုက်သည်။
"သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ဘာလုပ်ရမယ်ဆိုတာ ကျုပ် ကောင်းကောင်းသိပါတယ်"
စကားဆုံးသည်နှင့် စုချန်းသည် ကျန်လူများအား တပါတည်း ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့၏။
လှေပေါ်သို့ ရောက်သည်နှင့် စုချန်းတို့လူစုသည် အချိန်မဖြုန်းတော့ပဲ ဆိပ်ကမ်းမှ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြ၏။
စုချန်းတို့ ထွက်ခွာသွား၍ သိပ်မကြာမီပင် ဆိပ်ကမ်းသို့ လှေကြီးတစင်း ဆိုက်ကပ်လာပြီး ရက်စက်ကြမ်းကြုတ်ဟန်ရှိသော ဓားကိုင်ဓားပြတယောက် ခုန်ထွက်လာ၏။ သူက ကျယ်လောင်သော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"ကြည်လင်မြစ်မြို့တော်က ကုန်စည်လှေတွေကို ဓားပြတိုက်သွားတဲ့ ခွေးမသား ဘယ်မှာလဲကွ"