← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 42 Ch. 411

ထိပ်တိုက်ရင်ဆိုင်ခြင်း

Vol. 42 Ch. 411

လုပ်စရာရှိသည်တို့ကို လုပ်ဆောင်ပြီးသည်နှင့် စုချန်းသည် အချိန်ဆိုင်းမနေတော့။ ထန်းမင်၊ ကျူးကျွန့်ကျာနှင့် ကျန်လူများအား မှာစရာရှိသည်တို့ မှာကြားပြီးသည်နှင့် တတိယမြစ်တပ်ဖွဲ့ကို ကျောခိုင်းကာ ကြည်လင်မြစ်မြို့တော်သို့ အမြန်ဆုံး ပြန်လာခဲ့လေသည်။

အမှောင်ထု ဖုံးလွှမ်းစအချိန်တွင် စုချန်းတယောက် ကြည်လင်မြစ်မြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။ ထိုအချိန်တွင် ကောင်းကင်မှာ တောက်ပနေဆဲဖြစ်ပြီး မြို့မှာလည်း ပကတိအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက် ရှိလေသည်။

သို့သော် ဤမြို့၏ တိတ်ဆိတ်ငြိမ်းချမ်းမှုမှာ သိပ်မကြာခင် ပျက်စီးသွားတော့မည်မှန်း စုချန်း ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်သည်။

မြို့သို့ ပြန်ရောက်သည်နှင့် စုချန်းသည် စုအိမ်တော်သို့ ချက်ချင်းပင် ပြန်လာခဲ့၏။

နောက်တနေ့မနက်တွင်တော့ ဆိပ်ကမ်းဆီမှ ကျယ်လောင်သော ခေါင်းလောင်းထိုးသံများကြောင့် စုချန်း အိပ်ယာမှ နိုးထလာခဲ့၏။ အနှီ ခေါင်းလာင်းသံများသည် ကြီးမားသော ဆုံးရှုံးမှုကို ကိုယ်စားပြုနေကြောင်း စုချန်း ချက်ချင်း သိလိုက်သည်။

ထိုအခါ သူ့မျက်နှာပေါ်တွင် အပြုံးရိပ်သဲ့သဲ့ ပေါ်ပေါက်လာ၏။

သူ၏ သတင်းပေးပို့မှုကား ကြည်လင်မြစ်မြို့တော်၏ ဆိပ်ကမ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့ချေပြီ။

ထို့နောက် စုချန်းသည် အိပ်ယာပေါ်သို့ ပြန်လှဲချကာ မျက်လုံးအစုံကို ပိတ်ရင်း ပြန်လည်အနားယူနေလိုက်၏။ သိပ်မကြာမီ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။

နှစ်နာရီခန့်အကြာတွင် မင်ချူးတယောက် တံခါးလာခေါက်၏။

"ဆရာယန် တွေ့ခွင့်တောင်းနေပါတယ် သခင်လေး"

"သူ့ကို ဧည့်တွေ့ဆောင်မှာ နေရာချထားပေးပြီး ခနစောင့်ခိုင်းထားလိုက်"

အတန်ကြာသော် စုချန်း ထွက်လာ၏။ ဧည့်ဆောင်တွင်ကား စာပေသမားပုံစံ လူငယ်တယောက် မတ်တပ်ရပ်နေ၏။ ထိုလူငယ်မှာ အန်းစီယွမ်၏ အစေခံဖြစ်သူ လုယိယန်ပင်တည်း။

စုချန်းကို မြင်သည်နှင့် လုယိယန်က ချက်ချင်းပင် အရိုအသေပြုရင်း ပြောလိုက်သည်။

"ယိယန် အသိပညာအတည်ပြုသူစုကို နှုတ်ခွမ်းဆက်သပါတယ် ခင်ဗျာ"

"ဆရာလု ယဉ်ကျေးလွန်းနေပြီ ဒီလောက်လဲ မလိုပါဘူးဗျာ ဒါနဲ့ လာရင်းကိစ္စလေး ပြောပါအုံး"

ပြောပြောဆိုဆို စုချန်းက လုယ်ိယန်အား ထိုင်ခုံတွင် ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်၏။ တချိန်တည်းမှာပင် သူက လဖက်ရည်ငှဲ့ပေးရန် မင်ချူးအား အမိန့်ပေးလိုက်သည်။

လုယိယန် ရယ်မောလိုက်သည်။

"တကယ်ဆိုရင် ကျုပ် ဘာကြောင့် ရောက်လာမှန်း ဆရာစု သိပါတယ်ဗျာ"

စုချန်းက လက်ဖက်ရွက်တချို့အား သူ့ခွက်အတွင်း ခတ်ရင်း ပြန်ပြောလိုက်သည်။

"ဆရာလု ဘာကိုဆိုလိုတာလဲ မသိဘူးဗျ ကျုပ်တောင် နည်းနည်း ခေါင်းရှုပ်သွားပြီ"

"အင်း ဆရာစုက မသိဘူးဆိုတော့ ကျုပ်ကပဲ ပြောပြပါမယ်ဗျာ ဒီလိုဗျ မနေ့က တော်ဝင်မျိုးနွယ်စု မဟာမိတ်တွေ ပိုင်ဆိုင်တဲ့ ကုန်စည်လှေတန်းကြီး ဓားပြအတိုက်ခံလိုက်ရတယ်လေ"

"အိုး အဲဒီလိုလား"

စုချန်း၏ မျက်နှာမှာကား ပကတိအတိုင်း တည်ငြိမ်နေ၏။

"ဒါပေမဲ့ ဒါ ထူးဆန်းလို့လားဗျ လင်းယွမ်စိမ့်တောတခုလုံး ဓားပြတွေ အပြည့်ပဲ လှေတွေလည်း မကြာခနဓားပြအတိုက်ခံနေရတာပဲ ဒါ ဘာများ ထူးဆန်းလို့လဲ"

"ဒါပေမဲ့ တော်ဝင်မဟာမိတ်လှေတွေ ဓားပြတိုက်ခံရတာတော့ ဒါ ပထမဆုံးအကြိမ်ပဲဗျ"

"ဒီတော့ ဘာဖြစ်သလဲ"

စုချန်းက လုယိယန်၏ မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

လုယိယန် ရယ်မောလိုက်ပြန်၏။

"ဘာမှတော့ မဖြစ်ပါဘူးဗျာ ဒါပေမဲ့ ဒီကိစ္စမှာ ခင်ဗျားပါနေတယ်လို့ လူအတော်များများက ယူဆထားကြတယ် ဒါကြောင့် ကျုပ်က မြို့တော်အရှင်သခင်ရဲ့ ကိုယ်စား အရင်ဆုံး ခင်ဗျားနဲ့ လာတွေ့ပြီး တီးခေါက်ကြည့်တဲ့ သဘောပဲ သိပ်မကြာခင် ခင်ဗျားဆီ လူအတော်များများ လာလည်ကြလိမ့်မယ်"

စုချန်းက ပြန်မေးလိုက်၏။

"ဒီတော့ မြို့တော်အရှင်သခင်က ဘာပြောသလဲ"

"အရင်တုန်းက ကိစ္စတွေလို အသိပညာအတည်ပြုသူစုအနေနဲ့ ဒီတခါတော့ ဝန်ခံလို့မရဘူးဗျ"

"ကျုပ် ဝန်မခံရင်တောင် သူတို့ကတော့ ဘယ်နည်းနဲ့မဆို ကျုပ်လက်ချက်ပဲလို့ ယူဆကြမှာကိုတော့ ကျုပ် စိတ်ပူမိတယ်"

"ဘာပဲဖြစ်ဖြစ် အသိပညာအတည်ပြုသူစုအနေနဲ့ ဒီပြသနာကို ကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျုပ်တို့ ယုံကြည်ထားပါတယ်ဗျာ"

လုယိယန်က ပြောလိုက်သည်။

"အင်း"

စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"လာမဲ့ရက်ပိုင်းအတွင်းမှာ ကျုပ်ကို လူကြားသူကြားထဲမှာ ခင်ဗျားတို့အားလုံး မကြာခန တွေ့နေရလိမ့်မယ် ပြီးရင် ဓားပြတိုက်မှု ထပ်ဖြစ်လိမ့်မယ် အဲဒီအခါကျရင် ဓားပြမှုဟာ ကျုပ်နဲ့ ဘာမှမဆိုင်မှန်း ခင်ဗျားတို့အားလုံး သဘောပေါက်သွားကြလိမ့်မယ်"

"ဒါလဲ သိပ်မဆိုးလှတဲ့ နည်းလမ်းတခုပေါ့ဗျာ ဒါပေမဲ့ ဒီလူတွေကတော့ ယုံမှာမဟုတ်ဘူးဗျ ခင်ဗျားအနေနဲ့ကော သူတို့ မယုံလဲ ဘာအရေးစိုက်နေစရာ လိုသလဲ ဒီဓားပြမှုမှာ ခင်ဗျားမပါမှန်း သက်သေပြနိုင်ရင်ကို အတော်ဟုတ်နေပြီ ဒါနဲ့ ဆရာစု ခင်ဗျား အဲဒီမှာ မရှိပဲ ဒီလူတွေ ကောင်းကောင်းလုပ်နိုင်မယ် ထင်သလား"

"ကျုပ်မှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတချို့ ရှိနေတယ်လို့ ခင်ဗျားက မြို့တော်သခင်ကို အသိပေးလိုက်ပါ"

"သိပ်ကောင်းတယ်ဗျို့ ဒါဆိုလဲ ကျုပ် သွားလိုက်ပါအုံးမယ်"

စကားဆုံးသည်နှင့် လုယိယန်တယောက် စုအိမ်တော်မှ ထွက်ခွာသွား၏။ လုယိယန်ထွက်သွား၍ သိပ်မကြာမီပင် အိမ်တော်ထိန်းလျှိုတယောက် ရောက်လာပြန်သည်။ ဤတကြိမ်တွင်ကား အိမ်တော်ထိန်းလျှိုသည် လျန်မျိုးနွယ်စု တစုတည်းကိုသာ ကိုယ်စားပြုနေသည်မဟုတ်။ တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးကို ကိုယ်စားပြုနေ၏။

လျန်မျိုးနွယ်စုသည် စုချန်းနှင့် ပထမဆုံး ဆက်ဆံဖူးသည့် တော်ဝင်မျိုးနွယ်စု ဖြစ်သည့်အပြင် လျန်မျိုးနွယ်စုဘက်မှလည်း စုချန်းအပေါ် ဒုက္ခ အထူးအထွေ ပေးဖူးသည်မဟုတ်။ ထို့ပြင် အိမ်တော်ထိန်းလျှိုသည် ကိုယ့်အခြေအနေကို ကိုယ်သိသူ ဖြစ်သောကြောင့် စုချန်းနှင့် လျန်မျိုးနွယ်အကြား ဆက်ဆံရေးမှာ သိပ်မဆိုးလှဟု ဆိုနိင်သည်။

ဓားပြမှု ပေါ်ပေါက်ပြီးနောက် တော်ဝင်မျိုးနွယ်စုများအနေနှင့် စုချန်းနှင့် အလောသုံးဆယ် တွေ့ရန် လိုအပ်လာ၏။ စုချန်းနှင့် တွေ့ဆုံစကားပြောရန် အသင့်တော်ဆုံးလူမှာလည်း အိမ်တော်ထိန်းလျှိုသာ ဖြစ်သည်ဟု သူတို့အားလုံးက သတ်မှတ်လိုက်ကြလေသည်။

အိမ်တော်ထိန်းလျှိုရောက်လာသည်နှင့် စုချန်းကလည်း ချက်ချင်းပင် လက်ခံတွေ့ဆုံလိုက်လေသည်။

ပထမဆုံး စကားစပြောသူမှာကား အိမ်တော်ထိန်းလျှိုပင် ဖြစ်သည်။ အိမ်တော်ထိန်းလျှိုသည် သူ့ကိုယ်သူ တော်ဝင်မျိုးနွယ်စုများကိုယ်စား စုချန်းအား လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း စတင်နှုတ်ခွန်းဆက်စကားပြောပြီး ဓားပြပြသနာအပေါ် သူ့အမြင်ကို ဖော်ထုတ်တင်ပြပြန်၏။ စုချန်းကလည်း လင်းယွမ်ပြသနာကြောင့် သူ စိတ်မကောင်းဖြစ်ရကြောင်း၊ ဤပြသနာကို အလေးအနက်ထား ဖြေရှင်းသင့်ကြောင်း တလိုက်တလျော ပြန်လည် ပြောဆို၏။ နောက်ဆုံးတွင်တော့ ဓားပြပြသနာကို နှစ်ဖက်စလုံးမှ အလေးအနက်ထား အားစိုက်ဖြေရှင်းကြရန် အချင်းချင်း သဘောတူညီမှု ယူလိုက်ကြ၏။ မည်သို့ဆိုစေ သူတို့၏ တွေ့ဆုံမှုမှာ အောင်မြင်သော တွေ့ဆုံမှုအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော် စုအိမ်တော်မှ ထွက်ခွာလာပြီးနောက် အိမ်တော်ထိန်းလျှို၏ မျက်နှာမှာ ကြည့်ရဆိုးလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။

အိမ်တော်ထိန်းလျှို ထွက်ခွာသွားပြီးနောက် မူလဗျူရိုမှ လူတယောက် စုအိမ်တော်သို့ ရောက်လာပြန်သည်။ စင်းရှာဖေးက စုချန်းနှင့် တွေ့လိုကြောင်း လာရောက်အကြောင်းကြားခြင်းပင်။

မူလဗျူရိုသို့ စုချန်း ရောက်ရှိသွားချိန်တွင်တော့ စင်းရှာဖေးသည် ခုံမြင့်ကြီးပေါ်တွင် ထိုင်နေ၏။ သူ့အမူအရာမှာကား ဝင့်ကြွားလှသည်။

စုချန်းကို မြင်သည်နှင့် စင်းရှာဖေးက ပေါ်တင်ပင် ခနဲ့တော့သည်။

"အသိပညာအတည်ပြုသူစု မင်းကိုကြည့်ရတာ ဒီရက်ပိုင်း အတော်ကို လွတ်လပ်နေတယ်နဲ့ တူတယ်"

စင်းရှာဖေး၏ စကားအရ ဤဖြစ်ရပ်၏ လက်သည်မှာ စုချန်း ဖြစ်ကြောင်း တထစ်ချ ယူဆထားပုံပင်။

စုချန်းကား စင်းရှာဖေးကို ဂရုပင်မစိုက်။

"ခင်ဗျား ကျုပ်ကို တွေ့ချင်တာ ကျုပ် ဘာလုပ်နေသလဲ မေးချင်လို့လား"

စုချန်း၏ စကားမှာ ရင့်သီးလှသည်။ ဒေါသထွက်လွန်း၍ စင်းရှာဖေးတယောက် သွေးပင်အန်သွား၏။

သူက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်သည်။

"စုချန်း မင်း........."

စင်းရှာဖေး၏ စကားမှာ မဆုံးလိုက်။ စုချန်းက စကားဖြတ်ပြောလိုက်သည်။

"အပိုတွေပြောမနေနဲ့ဗျာ ကျုပ်မှာ လုပ်စရာတွေ အများကြီး ခုတလော ကျုပ်ဆီကို လူတွေအများကြီး လာတွေ့ကြတယ် ဒီတော့ ခင်ဗျား ပြောချင်တာ ကျုပ်သိတယ် ကျုပ် တခါတည်း အဖြေပေးလိုက်မယ် ဓားပြမှုနဲ့ ကျုပ် ဘာမှ မပတ်သက်ဘူး ဒါ ကျုပ်အဖြေပဲ ယုံတာ မယုံတာကတော့ ခင်ဗျား ကိစ္စ"

စကားဆုံးသည်နှင့် စုချန်းက စင်းရှာဖေးကို မကြည့်တော့ပဲ ချာခနဲ လှည့်ထွက်လိုက်၏။

"စုချန်း"

စင်းရှာဖေး ဒေါသတကြီးနှင့် စားပွဲကို လက်သီးနှင့် ထိုးချလိုက်သည်။

"ဒီလိုမျိုး ဥပဒေကို ဖောက်ဖျက်ကျူးလွန်လို့ရမယ်လို့ မင်း ထင်သလားကွ"

စုချန်းက စင်းရှာဖေးကို ဖြတ်ခနဲ လှမ်းကြည့်ပြီး ပြန်လည်ခွန်းတုံ့ပြန်လိုက်၏။

"ဥပဒေကို ဖောက်ဖျက်ကျူးလွန်တယ် ဟုတ်လား သိပ်ကောင်းတဲ့ စကားပဲဗျ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာကတည်းက တော်ဝင်မျိုးနွယ်စုတွေဟာ ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းပြီး ရေလမ်းခရီးကို ထိန်းချုပ်ခဲ့တယ် အရင်းအမြစ်များစွာကို ဘာအခွန်မှ မဆောင်ပဲ ရောင်းချခဲ့တယ် မြို့ပေါ်မှာလည်း ဒီကောင်တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းထားတယ် ပြီးရင် တမြို့လုံးကို ထင်သလို ခြယ်လှယ်နေကြတယ် သူတို့ကျတော့ကော ဥပဒေကို ဖောက်ဖျက်ကျူးလွန်နေကြတယ်လို့ မခေါ်နိုင်ဘူးလား"

စင်းရှာဖေးက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်သည်။ စုချန်းကလည်း မခန့်မလေးစားသော အမူအရာနှင့် ပြန်လည် စိုက်ကြည့်နေ၏ သူတို့၏ မျက်လုံးထဲတွင်ကား အမုန်းတရားများနှင့် ပြည့်နှက်နေလေသည်။

အတန်ကြာမှ စင်းရှာဖေး အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား သိပ်ကောင်းတယ် မင်း ဘယ်လောက်ကြာကြာ မာနထောင်လွှားနိုင်မလဲ ငါ စောင့်ကြည့်လိုက်အုံးမယ်"

"ခင်ဗျား ထင်ထားတာထက် ပိုကြာလိမ့်မယ်"

စကားဆုံးသည်နှင့် စုချန်းသည် မူလဗျူရို၏ အပြင်ကို လှမ်းထွက်လိုက်၏။

သို့တိုင်အောင် စင်းရှာဖေးကား ဒေါသမပြယ်သေး။ ကျယ်လောင်သော အသံနှင့် လှမ်းအော်လိုက်၏။

"စုချန်း သွေးဝတ်ရုံအစောင့်တွေနဲ့ သူရဲကောင်းတံဆိပ်က မင်းကို တသက်လုံး မကာကွယ်နိုင်ဘူးကွ လူတယောက်ကို သိပ်ပြီး ဖိအားပေးမိရင် ဒီလူက ဘာမှ သိပ်စဉ်းစားနေတော့မှာမဟုတ်ဘူး မင်းလိုကောင်ကတော့ကွာ လူတောင်အများကြီး မလိုဘူး ထိပ်တန်းပညာရှင်တယောက်တည်းနဲ့ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားအောင် ရှင်းပစ်နိုင်တယ်ကွ"

စုချန်းက ခြေလှမ်းကိုရပ်တန့်ကာ တစုံတခု ပြန်ပြောရန် ဟန်ပြင်လိုက်သေးသည်။ သို့သော် နောက်ဆုံးတွင် သူသည် ဘာမှပြန်မပြောတော့ပဲ နေရာမှ ထွက်ခွာလာခဲ့၏။

သို့သော် သူ့နှလုံးသားအတွင်းဝယ် သတ်ဖြတ်လိုသော စိတ်ရိုင်းများမှာကား ဟုန်းဟုန်းထနေခဲ့လေပြီ။

ကနဦးက စုချန်းအနေနှင့် စင်းရှာဖေးအပေါ် ဘာခံစားချက်မှ ရှိလှသည်မဟုတ်။ ယခုတော့ အနှီပုဂ္ဂိုလ်သည် သူ့စိတ်ရိုင်းများကို ပို၍ ပို၍ နှိုးဆွပေးနေခဲ့လေပြီ။

သူ့အနေနှင့် စင်းရှာဖေးကို ရှင်းပစ်မှ ရတော့မည်။ မဟုတ်လျင် အနှီပုဂ္ဂိုလ်သည် သူ့အပေါ် ရာသက်ပန် စိတ်ဒုက္ခပေးသွားမည့် သဘောတွင် ရှိနေ၏။

တဖက်တွင်လည်း စင်းရှာဖေး၏ စကားက စုချန်းကို သတိပေးလိုက်သလို ရှိသည်။

သူ့အနေနှင့် တော်ဝင်မျိုးနွယ်စုများကို အရမ်းကာရော ဖိအားပေးမိပါက ၎င်းတို့ဘက်မှလည်း ရေရှည်တွင် အကျိုးသင့်အကြောင်းသင့် စဉ်းစားနေတော့မည် မဟုတ်။

အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်သည် အရာအားလုံးကို ဆောင်ရွက်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

အင်း...ဒီအတိုင်းဆိုရင် ငါ့အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှ ရတော့မယ်...

အတွေးနှင့်အတူ စုချန်း သက်ပြင်းတချက် ချလိုက်၏။

All Chapters