ညပိုင်းဝင်ရောက်တိုက်ခိုက်ခြင်း
Vol. 42 Ch. 412
တော်ဝင်မျိုးနွယ်စု မဟာမိတ်အဖွဲ့၏ ကုန်စည်လှေများ ဓားပြတိုက်ခံရသည့် သတင်းသည် အချိန်အနည်းငယ်အတွင်းမှာပင် မြို့တော်အတွင်းသို့ တောမီးပမာ ပျံ့နှံ့သွား၏။
ဤမျှ ရူးသွပ်မိုက်မဲသော လုပ်ရပ်ကို မည်သူများ လုပ်ဆောင်ဝံ့သနည်း။ လူတိုင်းလိုလိုသည် အဆိုပါသတင်းကြောင့် ရင်သပ်ရှုမော ဖြစ်ကုန်ကြလေသည်။
သို့သော် ထိတ်လန့်ဖွယ်ရာ သတင်းများဟူသည်ဘယ်သောအခါမှ တပုဒ်တည်းလာတတ်သည်မဟုတ်။
အကြောင်းမှာ မဟာမိတ်အဖွဲ့၏ ကုန်စည်လှေများ ဓားပြတိုက်ခံသည့်ကိစ္စကို ကြိုးကိုင်သူဟု နာမည်ကြီးနေသော စုချန်းသည် စင်းရှာဖေး အသတ်ခံလိုက်ရပြီဟူသော သတင်းကို ထုတ်ပြန်နိုင်ရန် စတင်ပြင်ဆင်နေသောကြောင့်ပေတည်း။
အလွန်ချမ်းအေးလှသော ညတညတွင် ဖြစ်သည်။
စုချန်းသည် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေ၏။ ထို့နောက် သူသည် စီမံကိန်းတခုလုံးကို အသေးစိတ် ထပ်မံ စစ်ဆေးပြန်သည်။
ထိုအချိန်မှာပင် သူ့နောက်ကျောဆီမှ လေတိုးလာသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
ဟင်...
စုချန်း အံ့သြသွား၏။ ထို့နောက် သူက မီးအိမ်ကို ထွန်းညှိပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ စုအိမ်တော် ပင်မခန်းမဆောင် အပေါ်ရှိ ကောင်းကင်ပြင်တွင် အလင်းရောင်နှင့် အနားသတ်ထားသော တိမ်မည်းညိုများ ဖုံးလွှမ်းနေကြောင်း သူ မြင်တွေ့လိုက်ရသည်။ စုအိမ်တော်အပြင်ဘက်တွင်ကား ပကတိအတိုင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး မည်သည့် လှုပ်ရှားမှုမှ မတွေ့ရချေ။ သို့သော် အိမ်တော်ဝင်းအတွင်း၌ကား မူလစွမ်းအင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး သိပ်မကြာမီ အနှီ မူလစွမ်းအင်လှိုင်းများသည် ကြောက်စရာပမာဏအထိ မြင့်တက်လာကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။
၎င်းကိုမြင်သည်နှင့် စုချန်း တွေခနဲ ဖြစ်သွားသည်။ ပြီးမှသူက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။
"အိုး ကျုပ်က ခင်ဗျားကို လာရှာဖို့လုပ်နေတုန်းရှိသေးတယ် ခင်ဗျားက ရောက်လာပြီကိုး စိတ်ဝင်စားစရာပဲ"
ပြောပြာဆိုဆို သူက တံခါးကို ဖွင့်လိုက်ရာ အိမ်တော်ဝင်းအတွင်းဝယ် အနက်ရောင်ဝတ်ဆင်ထားသော လူတစု မတ်တပ်ရပ်နေကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။ ထိုလူစုသည် အနက်ရောင်မျက်နာဖုံးများကို တပ်ဆင်ထားကြသော်လည်း ၎င်းတို့၏ ကိုယ်ဟန်အနေအထားအရ ရှေ့ဆုံးတွင် ရပ်နေသည့် သန်မာထွားကျိုင်းသော လူမှာ စင်းရှာဖေးဖြစ်ကြောင်း စုချန်း အတိအကျ ပြောနိုင်ပေသည်။
စုချန်းက သူ့ကို သတ်ချင်သည်ထက် သူက စုချန်းကို ပို၍ သတ်ချင်နေသည် မဟုတ်ပါလား။
စင်းရှာဖေးမှအပ ထိုလူစုထဲတွင် မျက်နှာဖုံးများ တပ်ဆင်ထားသည့်တိုင် စုချန်း မှတ်မိနေသည့် လူသုံးဦးလည်း ပါဝင်နေ၏။ ထိုလူသုံးဦးမှာ ကေ့မင်ရှောက်၊ ကျိုးပိုင်နှင့် ဝူရှောက်လင်တို့ပင် ဖြစ်သည်။
သူတို့အားလုံးလိုလိုသည် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များသာ ဖြစ်ကြသော်လည်း တော်ဝင်မျိုးနွယ်စုဝင်များဖြစ်၍ အင်အားကြီးမားလှ၏။ ထို့ပြင် ၎င်းတို့၏ စွမ်းအင်အဆင့်အတန်းသည် သွေးဆူပွက်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာသို့ ရောက်ရှိနေပြီဖြစ်၍ သွေးနှော ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက်သည်ပင် ၎င်းတု့ိကို ယှဉ်နိုင်မည်မဟုတ်။ ထို့ကြောင့် ၎င်းတို့ကို ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်များကို သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် ၎င်းတို့လေးယောက်နှင့် ကျန်လူများ၏ အင်အားကိုထောက်ရှုလျင် စင်းရှာဖေးအနေနှင့် စုချန်းကို အထင်မသေးဝံ့ကြောင်း သိသာနေခဲ့လေပြီ။
တဖက်တွင်လည်း စုချန်းသည် သူ့လက်အောက်ငယ်သားများကို လင်းယွမ်စိမ့်တောသို့ ပို့ထားရလေရာ အိမ်တော်တွင် အစောင့်အရှောက် အတော်လေး ကင်းမဲ့နေ၏။ ထို့ကြောင့် စင်းရှာဖေးတို့လူစု စုအိမ်တော်ဝင်းအတွင်းသို့တိုင် တန်းတန်းမတ်မတ် ဝင်ရောက်လာနိုင်ခြင်းပင်။ ိအိမ်တော်အစောင့်များ မရှိသည့်တိုင်အောင် သွေးဝတ်ရုံအစောင့်များနှင့် မူလဗျူရိုမှ လူတချို့ကတော့ စုအိမ်တော်တွင် ရှိနေသင့်သည်။ သို့သော် ဘာကြောင့်မှန်းမသိ အိမ်တော်တခုလုံးတွင် ထူးထူးခြားခြား လူသူကင်းမဲ့နေ၏။
သို့သော် စင်းရှာဖေးသည် မူလဗျူရို၏ အကြီးအကဲ ဖြစ်နေ၍ စုအိမ်တော်တွင် မူလဗျူရိုမှ လူများရှိမနေသည်ကို နားလည်နိုင်ဖွယ်ရာ ရှိသေးသည်။ သို့သော် သွေးဝတ်ရုံအစောင့်များ ဘယ်ရောက်နေသနည်း။
စုချန်း၏ အကြည့်မှာကား ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေ၏။
စင်းရှာဖေးသည် နေ့ခင်းတုန်းက စုချန်းအား ရှင်းပစ်ရန် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်ကို အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့၏။ ညရောက်တော့ သူကိုယ်တိုင်ပင် ပေါက်ချလာခဲ့သည်။ ဤအတိုင်းဆိုလျင် စင်းရှာဖေးသည် ပရိယာယ်ကြွယ်ဝသူ ဖြစ်ကြောင်း ယုံမှားသံသယရှိနေစရာ မလိုတော့။ သို့တိုင်အောင် ၎င်းအနေနှင့် အလျင်လိုလွန်းနေသည်။ ထို့ကြောင့် ၎င်း၏ နောက်ကွယ်တွင် တော်ဝင်မျိုးနွယ်စုများ ပါဝင်နေကြောင်း သိသာနေခဲ့လေပြီ။ တဖက်တွင်လည်း တော်ဝင်မျိုးနွယ်စုများအနေနှင့် စုချန်းကို ရှင်းပစ်ရန် အလောသုံးဆယ်နိုင်နေခဲ့ပြီဖြစ်ကြောင်း အတိုင်းသား မြင်သာနေခဲ့လေပြီ။
သို့သော် ၎င်းတို့အနေနှင့် စုချန်းကို အထင်အမြင်သေးနေဆဲပေတကား။
စုချန်း ကြည်လင်မြစ်မြို့တော်သို့ ရောက်ခါစကသာ ဤအစီအစဉ်မျိုူးကို ၎င်းတို့ဘက်မှ ဆောင်ရွက်ခဲ့ပါက စုချန်းအနေနှင့် ဘာမှ တတ်နိုင်လိမ့်မည်မဟုတ်။
ယခုတော့...များစွာ နောက်ကျသွားခဲ့လေပြီ။
ထိုအခါ စုချန်းက ပြောလိုက်၏။
"မင်းတို့စိတ်ထဲမှာတော့ ဒါကို အခွင့်အရေးတခုလို့ ယူဆနေဟန် တူတယ် ငါသာ ဓားပြမှုရဲ့ လက်သည် ဖြစ်နေခဲ့ရင် စုအိမ်တော်တခုလုံးဟာ ဟာလာဟင်းလင်း ဖြစ်နေလိမ့်မယ် ဒီအချိန်ဟာ ဝင်တိုက်ဖို့အချိန်ကောင်းပဲ မင်းတို့ ယူဆနေဟန် တူတယ် ဒါပေမဲ့ ငါဟာ ငါ့အစောင့်တွေကိုတောင် လင်းယွန်စိမ့်တောကို ပို့ထားနိုင်ရန် ဘာမှ ကြိုတင်ပြင်ဆင်ထားတာမရှိပဲ ဒီအတိုင်း နေမှာတဲ့လား စင်းရှာဖေး မင်းတော့ ကိုယ့်သေတွင်း ကိုယ်တူးလိုက်ပြီ ဒီတော့ မင်းကိုငါ ညှမနေတော့ဘူး"
စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို မြှောက်လိုက်ရာ ကျူးကျော်ဝင်ရောက်လာသူများ၏ ပတ်ပတ်လည်တွင် အနက်ရောင်မြူခိုးများ ပေါ်ပေါက်လာ၏။ တချိန်တည်းမှာပင် အနှီ မြူခိုးများသည် သားရဲသတ္တဝါဆိုးများအဖြစ် ပုံစံပြောင်းလဲသွားပြီး ရန်သူများဆီသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။
ထိုအခါ အနက်ရောင်ဝတ်ဆင်ထားသူတယောက်က ထအော်လိုက်သည်။
"မကောင်းတော့ဘူး ကျုပ်တို့ ခြုံခိုအတိုက်ခံနေရပြီ"
တချိန်တည်းမှာပင် ဆူဆူညံညံ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"ဒီသတ္တဝါတွေ ဘယ်ကနေ ပေါ်လာတာလဲကွ"
"မဟုတ်ဘူးကွ ဒါ မူလပုံစံ မူလပုံစံကြောင့် ပေါ်လာတဲ့ သတ္တဝါတွေ သေစမ်း စုချန်းဆိုတဲ့ကောင် မူလပုံစံတွေ နားလည်တတ်ကျွမ်းထားမှန်း ငါတို့ ဘာကြောင့် မသိရတာလဲ"
"ကယ်ကြပါအုံး ဒီကောင်တွေကို သတ်လို့မရဘူးဗျ"
"ဘယ်ရမှာတုန်းကွ သားရဲသတ္တဝါတွေက အစစ်မဟုတ်ဘူး မူလစွမ်းအင်နဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေ ဒီကောင်တွေကို ဒီအတိုင်း သတ်လို့မရဘူး"
"တော်တော်ကြောက်စရာကောင်းတဲ့ မူလပုံစံပဲဟေ့"
"ဒါဆို ကျုပ်တို့ ဘာလုပ်ရမလဲ"
"မူလပုံစံကို ဖျက်ဆီးပစ်ရမယ်ကွ ဖျက်ဆီးပစ်ရမယ်"
နေရာအနှံ့တွင် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်နေ၏။
ရန်သူများ၏ မျက်လုံးထဲတွင် သူတို့သည် သားရဲသတ္တဝါများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးအတွင်းသို့ ဝင်ရောက်မိသည့်နှယ် မြင်နေရလေသည်။ သားရဲသတ္တဝါများသည် ပုံရိပ်ယောင်များပင် ဖြစ်သော်လည်း တိုက်ခိုက်မှုကတော့ အစစ်အမှန်သဖွယ် ကြောက်စရာကောင်းလှသည်။ တကယ့် သားရဲသတ္တဝါအစစ်များလောက် အင်အားမကောင်းသော်လည်း အရေအတွက်မှာ များပြားလှပေရာ စုချန်း၏ ရန်သူများ မရှုနိုင် မကယ်နိုင် ဖြစ်နေကြရှာသည်။
ရန်သူများသည် ဘာမှ ဂရုမစိုက်နိုင်တော့ပဲ အသည်းအသန် တိုက်ခိုက်ကြ၏။ သို့သော် တခုတည်းသော ရလဒ်မှာ တဖက်မှ သားရဲသတ္တဝါပုံရိပ်များကလည်း ပို၍ ပြင်းထန်စွာ တိုက်ခိုက်လာကြခြင်းပင်။
ထို့ပြင် စုချန်း၏ မူလပုံစံတွင် သားရဲသတ္တဝါဆိုးများသာမက အလင်းနှင့် မိုးကြိုးပုံစံများကိုပါ ထည့်သွင်းဖွဲစည်းထားလေရာ ပတ်ဝန်းကျင်တခုလုံး မုန်တိုင်းကျနေသကဲ့သို့ လေပြင်းများ တိုက်ခတ်လာ၏။ သန်းနှင့်ချီသော နတ်ဆိုးများ တပြိုင်နက် အော်ဟစ်လိုက်သကဲ့သို့ အသံများ ပေါ်ထွက်လာရာ ကြားရသူအပေါင်း ကြက်သီးထကုန်ကြလေသည်။
သို့သော် စုချန်း၏ မျက်လုံးထဲတွင်တော့ အနက်ရောင်ဝတ်ဆင်ထားသူများသည် ၎င်းတို့၏ လက်နက်များကို ပုံစံမျိုစုံနှင့် ဝေ့ယမ်းနေသည်ကိုသာ မြင်တွေ့နေရ၏။
အကယ်၍ တစုံတယောက်သာ ထိုမြင်ကွင်းကို ပရမတ်မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်ပါက ထူးဆန်းသော မူလစွမ်းအင်စီးကြောင်းများက ရန်သူများအား ရိုက်ခတ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူများကား ပုံရိပ်ယောင်နယ်ပယ်ထဲတွင် ပိတ်မိနေကာ အရူးများပမာ ခုတ်ထစ်နေကြ၏။ ထိုအထဲမှ တချို့မှာ အချင်းချင်း ပြန်လည် တိုက်ခိုက်မိကြတော့သည်။ သို့သော် သူတို့၏ စိတ်ထဲတွင်တော့ သားရဲသတ္တဝါပုံရိပ်ယောင်များကို တိုက်ခိုက်နေသည်ဟုသာ မြင်တွေ့နေရ၏။
ဤသည်မှာပင် မိတ်ဆွေဆယ်ယောက် ပုံစံတထောင် မူလပုံစံကွက်ကြီးပေတည်း။
သို့သော် ထိုပုံစံကွက်မှာ စုချန်းလက်ရာတော့ မဟုတ်။ ကျန့်ဟန်ဖန်း၊ ဝေယန်၊ မာချွန်းနှင့် လင်းယန်တို့၏ စုပေါင်းဖန်တီးမှုသာ ဖြစ်သည်။
ကျန့်ဟန်ဖန်းတို့လူစု ကြည်လင်မြစ်မြို့တော်ကို ရောက်ရောက်ချင်း စုချန်း ပထမဆုံး ပေးအပ်သည့် တာဝန်မှာ စွမ်းဆောင်ရည် မြင့်မားသော မူလပုံစံကွက်ကြီးတခု ဖန်တီးရန်ပင် ဖြစ်သည်။ ထိုပုံစံကွက်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် ၇ယောက်မှ ၈ယောက်အထိကို နိုင်နင်းစွာ ဖိအားပေးထားနိုင်ရမည်ဖြစ်ပြီး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့်် ရင်ဆိုင်ရလျင်ပင် အနည်းဆုံး နှောင့်နှေးအောင် စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။
သူတို့ထဲမှ မည်သူတဦးတယောက်မှ ထိုပုံစံကွက်မျိုးကို ဖန်တီးတတ်သည်မဟုတ်။ သို့သော် သူတို့၏ စုပေါင်းစွမ်းအားနှင့် စုချန်း၏ အကြံညဏ်ပေါင်းစပ်လိုက်သောအခါ နောက်ဆုံးတွင် မိတ်ဆွေဆယ်ယောက် ပုံစံတထောင် မူလပုံစံကြီးအား ဖော်ထုတ်နိုင်ခဲ့ကြ၏။
ထိုပုံစံကွက်အား ပြီးပြည့်စုံအောင် တည်ဆောက်နိုင်ခဲ့သည်တိုင် အသုံးပြုခွင့်မကြုံရန် စုချန်းက ဆုတောင်းနေခဲ့သေးသည်။ သို့သော် မမျှော်လင့်ပဲ ရက်ပိုင်းအတွင်းမှာပင် ပုံစံကွက်အား စုချန်း ထုတ်သုံးလိုက်ရချေပြီတကား။
ထိုအချိန်မှာပင် မိုးခြိမ်းသံသည် ပို၍ကျယ်လောင်လာ၏။ လေတိုက်နှုန်းမှာလည်း ပို၍ ပြင်းထန်လာ၏။ ပုံစံကွက်အတွင်း ပိတ်မိနေသော အနက်ရောင်ဝတ်ဆင်ထားသူများမှာ စိတ်ခြောက်ခြားကာ အော်ဟစ်ငိုယိုကြတော့သည်။ တကယ်တော့ ပုံရိပ်ယောင်နယ်ပယ်အတွင်း ပိတ်မိနေသူများသာ ထိုသို့ ခံစားနေရခြင်းဖြစ်သည်။ အပြင်ဘက်ပတ်ဝန်းကျင်မှာကား ပကတိအတိုင်း တိတ်ဆိတ်ငြိမ်သက်နေ၏။
"သေစမ်း အကုန်လုံး အပြင်ကို ထွက်ကြစမ်းဟေ့"
စင်းရှာဖေး၏ အသံနက်ကြီး ထွက်ပေါ်လာ၏။ တခြားလူများအား အော်ဟစ်အမိန်ပေးပြီးသည်နှင့် စင်းရှာဖေးသည် သူကိုယ်တိုင်လည်း ရှေ့သို့ တဟုန်ထိုး ခုန်ထွက်လိုက်သည်။ ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်ပီပီ သူ့အင်အားမှာ ကြောက်စရာကောင်းလှ၏။ မူလပုံစံကွက်သာ ရှိမနေပါက စုအိမ်တော်တခုလုံး ပြိုကျသွားလောက်သည်။
သို့သော် မိတ်ဆွေဆယ်ယောက်ပုံစံကွက်သည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်၏ အမြင်အာရုံကို ပိတ်ဆို့ထားနိုင်သည်ဖြစ်ရာ ယန်ဖွင့်လှစ်ခြင်းပညာရှင်မျှသာဖြစ်သော စင်းရှာဖေးအဖို့ ပုံစံကွက်အတွင်းမှ မည်သို့အလွယ်တကူ လွတ်မြောက်နိုင်အံ့နည်း။
သူ့အပြုအမူမှာ ပုရွက်ဆိတ်တကောင်က တောင်ကြီးကို ခေါင်းနှင့် ဝင်ဆောင့်သကဲ့သို့ ရယ်ဖွယ်ရာပင် ကောင်းနေသေးသည်။ စင်းရှာဖေး၏ အဖြစ်ကိုကြည့်ရင်း စုချန်းတယောက် သဘောကျနေ၏။
သိပ်မကြာမီ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ အလင်းရောင်များ ထွက်ပေါ်လာပြီး စင်းရှာဖေးခမျာ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
ကျူးကျော်ဝင်ရောက်လာသူများ၏ ခေါင်းဆောင်ကား အရေးနိမ့်သွားချေပြီ။ စုချန်းအဖို့ ယခုအချိန်ထိ သွေးပင်မပူသေး။
စင်းရှာဖေး လဲကျသွားသည်နှင့် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ မူလပုံစံသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထို့နောက် သူက လီရှု၏ အခန်းတွင်းသို့ လှမ်းဝင်လိုက်လေသည်။
လီရှုကား ယခုအချိန်ထိ မအိပ်သေး။ မီးရောင်အောက်ဝယ် စာအုပ်ကို ဖွင့်ကာ တစုံတခုကို ရေးသားနေ၏။
စုချန်းက မေးလိုက်သည်။
"မင်း ခုထိ မအိပ်သေးဘူးလား"
စုချန်းကို မြင်သည်နှင့် လီရှု ကပျာကယာ မတ်တပ်ရပ်လိုက်သည်။
"မအိပ်သေးပါဘူးခင်ဗျာ ကျွန်တော် နောက်ခြေလှမ်းအတွက် အစီအစဉ်ကို စဉ်းစားနေတာပါ"
"အိုး ကျုပ်ကို ပြစမ်းပါအုံး"
ပြောပြောဆိုဆို စုချန်းက လီရှု ရေးသားထားသည်များကို ဖတ်ရှုလိုက်၏။ စုချန်း အံ့သြသွားလေသည်။
"စင်းရှာဖေး ဟုတ်လား"
လီရှုက ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ တခုခု မလုပ်ဘူးဆိုရင် စင်းရှာဖေးက သခင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီ ဒါကြောင့် ဒီလူကို ဘယ်လို ရှင်းပစ်ရင်ကောင်းမလဲလို့ ကျွန်တော် စဉ်းစားနေတာပါ"
"အင်း ကျုပ် အခု ဒီကိုလာတာလဲ ဒီကိစ္စကြောင့်ပဲကွ"
"ဟာ ဒါဆို သခင်နဲ့ ကျွန်တော်နဲ့ အတွေးချင်းတူနေပြီပေါ့ ဟုတ်လား"
လီရှု စိတ်လှုပ်ရှားသွား၏။
"မဟုတ်ဘူးကွ အပြင်မှာ ရှုပ်ထွေးညစ်ပတ်နေတယ် ဒါကြောင့် မင်းကို ရှင်းခိုင်းမလို့"
"ရှင်းခိုင်းမလို့ ဟုတ်လား ဘာကို ရှင်းရမှာလဲ သခင်"
စုချန်းက ပြောလိုက်သည်။
"အပြင်ကို ထွက်ကြည့်လိုက်ကွ မင်း သိလာလိမ့်မယ်"
သိပ်မကြာမီ အပြင်ဘက်ဆီမှ လီရှု၏ ထိတ်လန့်တကြား အော်ဟစ်သံကို စုချန်း ကြားလိုက်ရသည်။
စုချန်းက စာရွက်ကို နောက်တကြိမ်ကြည့်ပြီး ပြုံးလိုက်သည်။
ချက်ချင်းလိုလို သူ့လက်ထဲမှ ထွက်လာသော မီးတောက်မီးလျံများကြောင့် စာရွက်သည် ပြာမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။