အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ အန္တရာယ်
Vol. 42 Ch. 413
"ဒီတော့ မင်းဆိုလိုတာက သူဟာ ဒီတံဆိပ်ကို သုံးပြီး မင်းတို့ကို အဝေး ခေါ်ထုတ်သွားတယ်ပေါ့ ဟုတ်လား"
စုချန်းက သူ့လက်ပေါ်ရှိ တံဆိပ်ပြားငယ်ကို မေးငေါ့ရင်း မေးလိုက်သည်။ သူ့အမူအရာမှာ သိပ်အလေးအနက်ထားဟန်မရှိပဲ အမှတ်တမဲ့မေးလိုက်သည့် ပုံစံတွင်သာ ရှိနေ၏။
သူ့ရှေ့ရှိ သွေးဝတ်ရုံအစောင့်က ပြန်ဖြေလိုက်သည်။
"ဒါဟာ မြို့တော်အရှင်သခင်ရဲ့ အမိန့်ပေးတံဆိပ်အစစ်ပဲ ခင်ဗျ ဒါကို စင်းရှာဖေး ဘယ်ကနေ ဘယ်လိုလုပ် ရလာသလဲတော့ မဆိုနိုင်ဘူး"
"ဒီတော့ မင်းတို့ကို အမိန့်ပေးတဲ့လူကော ဘာဖြစ်သွားသလဲ"
"ဒီလူက မြို့တော်အရှင်သခင်ရဲ့ အိမ်တော်ကပါပဲခင်ဗျာ ကျုပ်တို့ကို လှည့်ဖျားပြီးတာနဲ့ ဒီလူဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတော့တာပါပဲ"
"လက်စသတ်တော့ အဲဒီလို ဖြစ်ခဲ့တာကိုး"
စုချန်းက တီတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ဒါ မင်းတို့အပြစ်မဟုတ်ပါဘူးလေ မင်းတို့က အမိန့်နာခံတာပဲ ကဲ မင်းတို့ သွားနိုင်ပါပြီ"
စုချန်း၏ အမိန့်သံကြားသည်နှင့် သွေးဝတ်ရုံအစောင့်များသည် နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် တရွေ့ရွေ့ ထွက်ခွာကုန်ကြ၏။
ထိုစဉ် မင်ချူးက တီးတိုးပြောလိုက်၏။
"သခင်လေး ဒီ သွေးဝတ်ရုံအစောင့်တွေနဲ့ ပတ်သက်ပြီး တခုခုတော့ မှားနေပြီထင်တယ် တကယ်တမ်း သူတို့ ဒီက ထွက်ခွာသွားဖို့ အမိန့်ရရင်တောင် သူတို့အနေနဲ့ အနည်းဆုံး သခင်လေးကိုတော့ သတင်းပို့ခဲ့ရမယ်မလား ဒီအတိုင်း မပြောမဆိုနဲ့ ထွက်ခွာသွားတယ်ဆိုတာ ဘယ်လိုမှ လက်သင့်ခံစရာမရှိဘူး ဒါကိုကြည့်ရင် လူပြိန်းတွေတောင် တခုခု လွဲနေပြီမှန်း သိသာနိုင်တယ်"
"မှန်တယ် ဒါပေမဲ့ ငါက ဘာလုပ်ရမှာလဲ သူတို့အကုန်လုံးကို သတ်ပစ်ရမှာလား"
စုချန်းက ပြန်မေးလိုက်သည်။
မင်ချူး ဘာမှ ပြန်မပြောနိုင်တော့ပဲ ပါးစပ်ကြီး ပြဲသွား၏။
စုချန်းက စကားဆက်လိုက်သည်။
"ဒီကောင်တွေက ငါတို့လူတွေ မဟုတ်ဘူးကွ ဒီတော့ ငါတို့အနေနဲ့ သူတို့ကို အားမကိုးတာဟာ ဘာမှမဆန်းဘူး ပုံမှန်ပဲ ငါ စိတ်ပူနေတာက ဒီကိစ္စရဲ့နောက်ကွယ်မှာ မြို့တော်အရှင်သခင် ပါနေမှာကိုပဲ"
"အန်းစီယွမ်ကလွဲပြီး သွေးဝတ်ရုံအစောင့်တွေကို ဘယ်သူကများ အမိန့်ပေးနိုင်လို့လဲ သခင်လေး"
မင်ချူးက ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ဒီအတိုင်း တထစ်ချတော့ ပြောလို့မရသေးဘူးကွ ငါ ထင်ထားတဲ့ လူတချို့တော့ ရှိနေတယ်"
စုချန်းက စားပွဲခုံကို လက်ချောင်းများဖြင့်် တဒေါက်ဒေါက်ခေါက်ရင်း စဉ်းစားဟန်ပြုကာ ပြောလိုက်သည်။
"လူတွေမှာ ဆိုရိုးစကားတခွန်းရှိတယ်ကွ လိုသုံး ဆိုတဲ့စကား ဒီကနေ့မှာ တော်ဝင်မျိုးနွယ်စုတွေဟာ အလွန် အင်အားကောင်းနေတယ် ဒီလိုအချိန်မှာ မြို့တော်အရှင်သခင်အနေနဲ့ သူ့ရဲ့ လက်တဖက်ကို ဒီလောက် မြန်မြန်ဖြတ်ပစ်ဖို့ကတော့ ခဲယဉ်းသားပဲ တဖက်မှာလဲ ငါသာ မြို့တော်အရှင်သခင်နဲ့ ဆက်ဆံရေး အဆင်မပြေတော့ဘူးဆိုရင် အခြေအနေမကောင်းဘူး ရန်သူတွေရဲ့ ထောင်ချောက်ထဲ အမြန်ဆုံး ကျရောက်သွားဖို့ ရှိနေတယ်"
"ဒါပေမဲ့ သခင်လေး ဒီ သွေးဝတ်ရုံအစောင့်တွေက..."
စုချန်းက လက်ကာပြလိုက်၏။
"ငါထင်တာကတော့ ဒီသွေးဝတ်ရုံအစောင့်တွေဟာ ကိုယ်ကျိုးအတွက် အမှားကျူးလွန်မိတာမျိုးပဲ ဖြစ်ဖို့များတယ်ကွ ငါထင်တာ မှန်ချင်လည်းမှန်မယ် မှားချင်လည်းမှားမယ် အရေးကြီးတာက ဒီပြသနာ မကြီးထွားလာဖို့ပဲ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြောင့် အပြင်လူကို သိပ်ပြီးအားမကိုးနဲ့ဆိုတဲ့ သင်ခန်းစာတော့ ငါ ရလိုက်တယ် ဒီအချိန်ဟာ လှုပ်ရှားမှုတွေကို ရပ်တန့်ပြီး အင်အားပြန်စုရမဲ့ အချိန်ပဲကွ"
"သခင်လေးမှာ တတိယမြစ်တပ်ဖွဲ့ ရှိနေတယ်မလား"
"တတိယမြစ်တပ်ဖွဲ့ဆိုတာ လျှို့ဝှက်ထားရမဲ့ ကိစ္စကွ သူတို့ကို လူကြားထဲ ပေါ်တင်ထုတ်ပြလို့မရဘူး ငါလိုနေတာ ဒီကောင်တွေနဲ့ ပေါ်တင်တိုက်ခိုက်လို့ရမဲ့ အင်အားစုတွေပဲ"
"သခင်လေး ဆိုလိုတာ..."
စုချန်းက ဘာမှပြန်မပြောပဲ မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်နောက်ပစ်မှာ အတန်ကြာအောင် လမ်းလျှောက်နေ၏။ ပြီးမှ သူက ပြောလိုက်သည်။
"စင်းရှာဖေးတော့ သွားရှာပြီ ဒီတော့ မူလဗျူရိုက ငါ့လက်ထဲ ပြန်ရောက်လာပြီ ဒါကြောင့် ငါ့ရဲ့အင်အားကို မူလဗျူရိုအပေါ် အထိုင်ချပြီး တည်ဆောက်ရမယ် ဟေ့ လီရှု"
"ကျွန်တော် ဒီမှာရှိပါတယ် သခင်လေး"
"မြို့တော်အရှင်သခင်ရဲ့ အိမ်တော်ကို ကျုပ်နာမည်နဲ့ စာတစောင်ပို့လိုက် ကြည်လင်မြစ်မြို့တော်တဝှမ်းမှာ ပြသနာတွေ များလာတဲ့အတွက် ကျုပ်တို့ မူလဗျူရိုအနေနဲ့ အင်အားတိုးမြှင့်ဖို့ လိုတယ်လို့ ကျုပ်တို့ အင်အားစုရမယ်"
မူလဗျူရိုနှင့် အစိုးရ၏ ထောက်ပံ့မှုကို အသုံးပြုပြီး လူအင်အားစုဆောင်းလိုက်သည့် သဘောပင်တည်း။
စုချန်း၏ စိတ်ကူးမှာ အတော်ပင် ကောင်းမွန်လှသည်ဟု ဆိုနိုင်၏။
"လူဘယ်လောက်လိုပါသလဲ သခင်"
လီရှုက ပြန်မေးလိုက်သည်။
"သာမာန် သိုင်းသမား အယောက်၈၀၀နဲ့ ချီစွမ်းအားပညာရှင် အယောက်၁၀၀ "
စုချန်း၏ ပုံစံမှာ ပါးစပ်ကို ပြဲကားနေအောင် ဖွင့်ထားသော ခြင်္သေ့ကြီးတကောင်နှင့်ပင် တူနေ၏။ သူသည် မူလဗျူရို၏ အင်အားကို သုံးဆခန့် တိုးမြှင့်လိုက်ခြင်းပင်တည်း။
မူလဗျူရို၏ အင်အားကို သုံးဆခန့် တိုးမြှင့်လိုက်ခြင်းကြောင့် များပြားလှသော အရင်းအမြစ်များ လိုအပ်လာတော့မည် ဖြစ်သည်။ အန်းစီယွမ်ကိုယ်တိုင်ပင် လက်သင့်ခံရန် ခဲယဉ်းမည့် အနေအထားပင်။
လက်ရှိအချိန်သည် သွေးဝတ်ရုံအစောင့်များနှင့် ပတ်သက်၍ စုချန်းအနေနှင့် အန်းစီယွမ်အပေါ် ဖွင့်ဟပြောဆိုရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ အကယ်၍ အန်းစီယွမ်သာ စုချန်း၏ တောင်းဆိုမှုကိုသာ ငြင်းပယ်လိုက်ပါက နောင်အနာဂတ်တွင် ၎င်းအနေနှင့် စုချန်းအပေါ် အကြွေးတင်နေတော့မည် ဖြစ်သည်။
လင်းယွမ်ပြသနာနှင့် ပတ်သက်၍ မြို့တော်တခွင်လုံးကား မငြိမ်မသက် ဖြစ်နေဆဲပင်။ သို့သော် ထိုအချိန်တွင် စုချန်းကား သူ့အင်အားကို တိတ်တဆိတ် စုစည်းလျက်ရှိ၏။
သုံးရက်ခန့်အကြာတွင်တော့ အန်းစီယွမ်က မူလဗျူရို၏ အစီအစဉ်ကို ခွင့်ပြုပေးလိုက်လေသည်။ သိပ်မကြာမီပင် မူလဗျူရိုမှ ချီစွမ်းအားပညာရှင်များ စုဆောင်းကြောင်း သတင်းထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် မူလဗျူရို၏ ခေါင်းဆောင်သစ်အဖြစ် အန်းစီယွမ်က စုချန်းအား အသိအမှတ်ပြုပေးလိုက်လေသည်။
စင်းရှာဖေးအနေနှင့်ကား ပျောက်ဆုံးသွားသည်ဟု သတင်းထွက်ပေါ်လာ၏။ သိပ်မကြာမီ သူ့အား လူတိုင်း မေ့လျော့သွားပေလိမ့်မည်။ သို့သော် စင်းရှာဖေးအား စုချန်း သတ်ပစ်မှန်း လူတိုင်း သိလေသည်။
သို့သော် မည်သူမှ ထိုအကြောင်းအား မပြောဝံ့ရဲကြတော့ချေ။
______________×××______________××_________
အလွန်တောက်ပသော သုတေသနအခန်းတခန်းအတွင်းတွင် ဖြစ်သည်။ စုချန်းသည် ကျကျနန ထိုင်ရင်း တစုံတခုကို လေးလေးနက်နက် စဉ်စားနေ၏။
ထိုစဉ် အနီးရှိ ကျောက်ပြားတချပ်အတွင်းမှ ပိတ်လော့သည် ဝိညာဉ်တကောင်ပမာ ရုတ်တရက် ထွက်ပေါ်လာ၏။
တကယ်လည်း ပိတ်လော့သည် ဝိညာဉ်တကောင်သာ ဖြစ်လေရာ အချိန်တိုင်းလိုလိုတွင် ဤနည်းအတိုင်းသာ ထွက်ပေါ်လာတတ်လေသည်။
လေထဲတွင် မီးခိုးငွေ့ပမာ လွင့်မြောနေရင်း ပိတ်လော့က စုချန်းကို မေးလိုက်သည်။
"ကျုပ်ရဲ့သခင် ဒီကနေ့ ဘာစမ်းသပ်မှုမှ မလုပ်ပါလား ဘာတွေများ စဉ်းစားနေပါလိမ့်"
စုချန်းက သူ့မေးစေ့ကို သူ ပွတ်သပ်ရင်း ပြောလိုက်သည်။
"လူတယောက် အင်အားကြီးမားလာစေဖို့ နည်းလမ်းအသွယ်သွယ်ရှိနေမှန်း ကျုပ် သိတယ် ကျုပ်အနေနဲ့ ဘယ်လမ်းကြောင်းကို လိုက်သင့််သလဲလို့ စဉ်းစားနေတာ"
"ဒါက သခင် ဘာကို လိုချင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"
"အင်အား အလွန်တရာ စွမ်းအားကြီးမားတဲ့ ရန်သူတယောက်ကို ကောင်းကောင်းရင်ဆိုင်နိုင်လောက်တဲ့အထိ လုံလောက်တဲ့ အင်အားမျိုး ကျုပ်လိုချင်တယ်"
"ရန်သူက ဘယ်လောက်ထိ အင်အားကြီးမားတဲ့ ရန်သူမျိုးလဲ သခင်"
"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဆိုရင် ခင်ဗျား ဘယ်လိုသဘောရသလဲ"
စုချန်း၏ စကားကြောင့် ပိတ်လော့၏ ပုံရိပ်မှာ တဖြတ်ဖြတ် တုန်ခါသွား၏။
"သခင် နောက်များနောက်နေတာလား သခင့်ရဲ့အင်အားက ခုချိန်မှာ သွေးဆူပွက်ခြင်းနယ်ပယ် ထိပ်ဆုံးအဆင့်ကိုတောင် မရောက်သေးဘူး ဒါကို အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ရန်သူကို ယှဉ်နိုင်ဖို့ စဉ်းစားနေရသလား"
"ခင်ဗျား ဆိုလိုတာ ကျုပ် သဘောပေါက်ပါတယ်လေ ကျုပ်ရဲ့ လက်ရှိအင်အားဟာ ကျုပ်နဲ့ အဆင့်တူ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်တွေကို ကောင်းကောင်းယှဉ်နိုင်တယ် သူ့ထက်နိမ့်တဲ့လူတွေကိုတော့ အနိုင်ရအောင် တိုက်ခိုက်နိုင်တယ် ယန်ဖွင့်လှစ်ခြင်းပညာရှင်တွေ့နဲ့ ရင်ဆိုင်ရရင်တော့ အဆင့်နိမ့်သွေးနှောတွေလောက်ကိုပဲ ယှဉ်နိုင်မယ် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် ယန်ဖွင့်လှစ်ခြင်းပညာရှင်တွေနဲ့တွေ့ရင် ကျုပ် သေချာပေါက် ရှုံးမှာပဲ ဒါပေမဲ့ ကျုပ်လေ့ကျင့်ထားတဲ့ သေစေနိုင်သောစုန်းမနည်းစနစ်က တိုက်ပွဲကို အလှည့်အပြောင်းဖြစ်သွားအောင် ကူညီပေးနိုင်တယ် ဒါပေမဲ့ ဒါကလည်း အမြဲတမ်း အနိင်ရနိုင်မဲ့ နည်းလမ်းမဟုတ်သေးဘူး အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်နဲ့သာ ရင်ဆိုင်ရလို့ကတော့ ကျုပ်အဖို့ အဆုံးသတ်ပဲ ဒီလို လူစားမျိုးက ကျုပ်ကို လက်ချောင်းလေး တချောင်းတည်းနဲ့ အစဖျောက်ပစ်နိုင်တယ်"
"ဒီလိုကျတော့ သခင်က ကိုယ့်အခြေအနေ ကိုယ်သိထားသားပဲ"
"ဒါပေမဲ့ ကျုပ် မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားရမယ်ဗျ"
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"တလောက စင်းရှာဖေးနဲ့ နဂါးကျောင်းတော်က ကျုပ်ရဲ့ အကြီးတန်းအစ်ကိုတွေ လူစုပြီး ကျုပ်ကို လာသတ်ကြတယ် ဒါပေမဲ့ သူတို့အားလုံး အရေးနိမ့်ကုန်ကြတယ် ဒီတော့ နောက်တကြိမ် သူတို့ ထပ်လာလိမ့်မယ် အင်အားအများကြီးနဲ့ လာလိမ့်မယ် ကျုပ်ထင်တာမမှားဘူးဆိုရင် ဒီတခါ ယန်ဖွင့်လှစ်ခြင်းပညာရှင်ဆယ်ယောက် ဒါမှမဟုတ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ကျုပ်ကို တိုက်ခိုက်ဖို့ လာကြလိမ့်မယ် ဒီနေရာမှာ ယန်ဖွင့်လှစ်ခြင်ပညာရှင်ဆယ်ယောက်အစား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို စေလွှတ်လိုက်တာ ပိုပြီး လွယ်ကူတယ် ပိုပြီး ထိရောက်တယ်လေဗျာ မဟုတ်ဘူးလား ကျုပ်ပြောတာ"
တကယ်တော့ ယန်ဖွင့်လှစ်ခြင်းပညာရှင်ဆယ်ယောက် လာခဲ့လျင်ပင် စုချန်းအနေနှင့်် လွတ်မြောက်အောင် ထွက်ပြေးနိုင်သေးသည်။ သို့သော် အလင်းတုန်ခါခြင်းနယ်ပညာရှင်ဆိုလျင်ကား စုချန်းနှင့် အဆင့်နှစ်ဆင့်တိတိ ကွာခြားနေ၏။ ထွက်ပင်ပြေးနိုင်လိမ့်မည်မဟုတ်။ မုချအသက်ပျောက်ရမည်သာ။
"အဲဒီလိုလား"
ပိတ်လော့က သဘောပေါက်သွားဟန်ဖြင့် လေးလေးနက်နက် စဉ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါနဲ့ ကျုပ်မှာ သခင့်ကို မေးစရာတခု ရှိနေသေးတယ် ဒီ တော်ဝင်မျိုးနွယ်စုတွေဘက်မှာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင် ရှိနေတယ်ဆိုရင် သူတို့ အစကတည်းက ဘာကြောင့် ဒီလူတွေကို မလွှတ်တာလဲ"
စုချန်းက ချက်ချင်းလိုလိုပင် ပြန်ဖြေလိုက်သည်။
"သူတို့မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေ သေချာပေါက်ရှိနေတာပေါ့ဗျာ ပြီးတော့ သူတို့ဟာ တော်ဝင်မျိုးနွယ်စုတွေရဲ့ ပင်မကျောရိုးတွေပဲလေ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တိုင်းဟာ သူတို့ မျိုးနွယ်စုတွေရဲ့ အကြီးအကဲ အရှင်သခင် တည်ထောင်သူ စသဖြင့် ဖြစ်နေတတ်တယ် ဒါကြောင့် သူတို့ မျိုးနွယ်စုဝင် တယောက်ချင်းစီတိုင်းဟာ ဒီပုဂ္ဂိုလ်တဦးတည်းအတွက် အမှုထမ်းနေကြတယ်လို့တောင် ခင်ဗျားအနေနဲ့ ပြောလို့ရတယ် ဒီတော့ အောက်ခြေမှာ ပြသနာတခုဖြစ်တိုင်း ဒီလိုလူတွေ ရှေ့ထွက်ဖြေရှင်းနေရင် အခြေအနေက ဘယ်လိုဖြစ်သွားမလဲ ခင်ဗျားပဲ တွေးကြည့်လေ သူတို့ရဲ့ ဂုဏ်သိက္ခာကကော ဘာဖြစ်သွားမလဲ ပေါချာချာ ဖြစ်မသွားပေဘူးလား ဒါကြောင့် ဒီလိုအဆင့်က ပုဂ္ဂိုလ်တွေဟာ သေရေးရှင်ရေး မကြုံသမျှ ရှေ့ထွက်လာမှ မဟုတ်ဘူးဗျ"
"ဒါဆိုရင်လည်း အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက် သခင့်ဆီရောက်လာမှာ သခင် ဘာကြောင့် ကြောက်နေတာတုန်း"
"အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ လူတွေအတွက် အိမ်တံခါးဝမှာ ပြသနာတွေ ရောက်လာတတ်တယ် သဘောတရားအရ ဒီလိုအဆင့်က ပုဂ္ဂိုလ်တွေဟာ တော်ရုံနဲ့ ရှေ့ထွက်လာမှာ မဟုတ်တာတော့ သေချာတယ် ဒါပေမဲ့ တစုံတယောက်က သူတို့မျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယူနေရင်ကော ဖျက်ဆီးနေရင်ကော ဒါကို ဒီအတိုင်းလွှတ်ထားလိုက်ရင် သူတို့အတွက် အရှက်ရစရာ ဖြစ်မနေဘူးလား ဒါ သေချာပေါက် ဖြစ်လာမယ်လို့တော့ ကျုပ် မပြောနိုင်ဘူး ဒါပေမဲ့ ဖြစ်လာနိုင်ချေရှိတယ်လို့တော့ ကျုပ် ပြောနိုင်တယ် ထပ်ပြောရရင်...."
အနည်းငယ် ဆုတ်ဆိုင်းဆိုင်းလုပ်နေပြီးမှ စုချန်းက စကားဆက်လိုက်သည်။
"ပျော်ရွှင်ခြင်းခံတပ်ရွာသားတွေကို ကျုပ်ဘက်ပါလာအောင် စည်းရုံသိမ်းသွင်းလိုက်နိုင်တာရယ် ဓားပြအဖွဲ့တချို့ကို ထိန်းချုပ်ပြီး ရေလမ်းကြောင်းကို ကန့်သတ်လိုက်တာရယ်ကြောင့် တော်ဝင်မျိုးနွယ်စုမဟာမိတ်တွေရဲ့ အုတ်မြစ်ဟာ အတိုင်းအတာတခုအထိ ယိုင်နဲ့သွားပြီဆိုတာ သိပ်သေချာတယ် ဒါကြောင့် အနှေးနဲ့အမြန်ဆိုသလို ဒီပုဂ္ဂိုလ်တွေ ရှေ့ထွက်လာဖို့များတယ်ဗျ"
"ဒါဆိုရင်လည်း သခင့်အနေနဲ့ သခင့်ရဲ့ဆရာကို အကူအညီတောင်းလိုက်လို့ ရသားပဲ ဘာကြောင့်အကူအညီမတောင်းသလဲ"
"ကျုပ်အနေနဲ့ သူ့ကို အကူအညီ တောင်းနိုင်သားပဲ ဒါပေမဲ့ ပြသနာက တဖက်လူတွေ ဘယ်အချိန် လှုပ်ရှားလာမလဲဆိုတာ ကျုပ်မသိတာပဲ ပြီးတော့ ကျုပ်အနေနဲ့ နည်းနည်းလေးမှ ကြိုးစားမကြည့်ဘူးဆိုရင် ဒီပြသနာကို ဖြေရှင်းနိုင်မနိုင်ဆိုတာ ဘယ်လိုလုပ်သိနိုင်တော့မလဲ"