← Chapters

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှငိတယောက်အားရင်ဆိုင်ရန်နည်းလမ်းများစွာရှိသည်

Vol. 42 Ch. 415

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှငိတယောက်အားရင်ဆိုင်ရန်နည်းလမ်းများစွာရှိသည်

Vol. 42 Ch. 415

စုချန်းသည် အမှန်တကယ်လည်း အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အား အရေးကြီးသည်ဟု တခါမှ သဘောမထားဖူးချေ။

ထိုသို့ သဘောထားရခြင်းမှာလည်း ထိုနည်းစနစ်က မကောင်း၍ မဟုတ်။ ရှုပ်ထွေးလွန်း၍သာ ဖြစ်သည်။

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် ရှုပ်ထွေးလွန်းအားကြီး၍ စုချန်းသည် အတော်လေး ကြိုးစားလေ့ကျင့်ခဲ့သည့်တိုင် တကယ့်တိုက်ပွဲများတွင် စိတ်တိုင်းကျ အသုံးမပြုနိုင်ခဲ့ပေ။

ထိုသို့ဖြစ်ရခြင်းမှာ ထိုနည်းစနစ်တွင် မူလစွမ်းအင်ပုံစံများ ပေါင်းစပ်ပါဝင်နေကြောင့်ပင်။ စုချန်းအနေနှင့် တိုက်ပွဲမစမီကတည်းက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အတွက် မူလစွမ်းပင်ပုံစံကို ကြိုတင်ကြင်ဆင်ထားပါက တိုက်ပွဲအတွင်း မည်သည့်အချိန်တွင် မဆို ထုတ်သုံးနိုင်၏။ သို့သော် တကြိမ်သာ ဖြစ်သည်။ ထပ်မံ အသုံးပြုနိုင်စွမ်း မရှိတော့ပေ။

ရန်သူနှင့် အကြိတ်အနယ် တိုက်ခိုက်နေရသည့် အချိန်တွင် အနှီ နည်းစနစ်အတွက် မူလပုံစံကို ထပ်မံ ဖွဲ့စည်းရန် ကြိုးစားနေခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် အတူတူသာ မဟုတ်ပါလား။ ထို့ကြောင့် စုချန်းက အနှီနည်းစနစ်ကို မရှိမဖြစ် လိုအပ်သော နည်းစနစ်ဟု ဘယ်တုန်းကမှ သဘောမထားခဲ့ချေ။

ယခုတော့ ပိတ်လော့က ဤနည်းစနစ်အား အသုံးပြုသင့်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့လေပြီ။

စုချန်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ခေါင်းတချက်ခါယမ်းကာ ပြောလိုက်သည်။

"မဖြစ်ဘူး ဒီနည်းစနစ်က ရှုပ်ထွေးလွန်းတယ် ပြီးတော့ ကျုပ်ရဲ့ ပို့ဆောင်နိုင်တဲ့ အကွာအဝေးက တိုလွန်းတယ် ဒါ ဘယ်လိုမှ အသုံးမတည့်နိုင်ဘူး"

"ဒါက သခင့်အနေနဲ့ ဒီနည်းစနစ်ရဲ့ အရည်အသွေးအစစ်အမှန်ကို မသိမြင်နိင်သေးလို့ပါ"

ပိတ်လော့က ပြန်ပြောလိုက်သည်။

"ကျုပ်သာ မမှားဘူးဆိုရင် ဒီနည်းစနစ်ဟာ လေဟာနယ်ခုန်ထွက်ခြင်းရဲ့ အဆင့်နိမ့်ပုံစံကွဲတမျိုးပဲ သခင်ရဲ့"

"လေဟာနယ်ခုန်ထွက်ခြင်း ဟုတ်လား"

"မှန်ပါတယ်သခင် တကယ်တော့ လေဟာနယ်ခုန်ထွက်ခြင်းဆိုတာ လေဟာနယ်အမျိုးအစား ရှေးဟောင်းအာကင်နာနည်းစနစ်တွေထဲက ထိပ်တန်းနည်းစနစ်တမျိုးပဲ လေဟာနယ်ခုန်ထွက်ခြင်းဟာ သခင့်ကို အဝေးဆုံးထိ ပို့ဆောင်နိုင်ရုံတင်မကဘူး အသုံးပြုရမှာလည်း အလွယ်ဆုံးလို့ ဆိုနိုင်တယ် ဒီနည်းစနစ်ကို တီထွင်ခဲ့တဲ့ လာမီယာအမည်ရ အာကင်နာပညာရှင်ဟာ ဒါကို အသုံးပြုပြီး သတ်ဖြတ်သူအသိုက်ကို လက်တဖက်တည်းနဲ့ ရှင်းပစ်နိုင်ခဲ့တယ် ဒါကြောင့် ဒီနည်းစနစ်ဟာ တိုက်ပွဲဧရိယာအတွင်းက ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အကောင်းဆုံး နည်းစနစ်လို့ ဆိုနိုင်တယ် သခင့်အနေနဲ့ ပြီးပြည့်စုံတဲ့ လေဟာနယ်ခုန်ထွက်ခြင်းနည်းစနစ်ကိုသာ သုံးနိုင်ခဲ့ရင် ကြည်လင်မြစ်မြို့တော်ရဲ့ အနောက်ဘက်ဂိတ်ကနေ အရှေ့ဘက်ဂိတ်ထိအောင် သွားနိုင်စွမ်းရှိလာမယ်"

"ဒါပေမဲ့ ကျုပ် ဒါကို သုံးလိုက်တိုင်း စာကြည့်ခန်းကနေ ဧည့်ခန်းထိ ရောက်အောင်တောင် မခုန်နိုင်ဘူး"

"ဒါကတော့ သခင် တတ်ကျွမ်းထားတဲ့ နည်းစနစ်က အဆင့်နိမ့်ပုံစံကွဲပဲ ဖြစ်နေသေးလို့ပါ သခင် ကျုပ်အနေနဲ့ ဒီနည်းစနစ်ကို ဘာကြောင့် လေဟာနယ်ခုန်ထွက်ခြင်းရဲ့ အဆင့်နိမ့်ပုံစံကွဲလို့ ထင်နေရသလဲဆိုတော့ အဖြူရောင်မျှော်စင်အမည်ခံ နည်းစနစ်တွေအကုန်လုံးကို လာမီယာ တီထွင်ခဲ့တာကြောင့်ပဲ သခင် လာမီယာဟာ ဘုရားပေးတဲ့ လက်ဆောင်လို့တော့ ကျုပ် ဝန်ခံရမှာပဲသခင် သူဟာ အာကင်နာနည်းစနစ်တွေကိုပဲ တစိုက်မတ်မတ် သုတေသနလုပ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ သာမာန်အာကင်နာမျိုးစိတ်တွေတောင် ထိပ်တန်းအကျဆုံး အာကင်နာနည်းစနစ်တွေကို ပုံစံတမျိုးနဲ့ အသုံးပြုလာနိင်ခဲ့ကြတာပေါ့"

စုချန်းက ပုခုံးတွန့်လိုက်၏။

"ကမ္ဘာလောကကြီးရဲ့ ဘယ်နေရာတိုင်းမှာမဆို ကျုပ်တို့လို လူစားမျိုးတွေကတော့ ရှိနေကြတာပဲဆိုတဲ့ သဘောပေါ့လေ"

အောရစ်ချ်၊ မိန်းဘရုခ်၊ ပိတ်လော့၊ နောက် လာမီယာ စသည့် အာကင်နာမျိုးစိတ်များအားလုံးသည် သူ့ကဲ့သို့ပင် ကိုယ်ပိုင်အိမ်မက်များ၊ ကိုယ်ပိုင်ရည်မှန်းချက်များကို နည်းလမ်းပေါင်းစုံနှင့် အကောင်အထည် ဖော်နေကြသူများမှန်း စုချန်း သဘောပေါက်လာခြင်းပင်။

တစုံတခုကို အပြင်းအထန် ဆာလောင်မွတ်သိပ်နေပြီး ထိုတစုံတခုနောက်သို့ လိုက်လံရှာဖွေနေသူများသည် ထိုအတွက် သွေးမြေကျရစေကာမူ နောက်တွန့်ကြလိမ့်မည် မဟုတ်ပေ။

လာမီယာ၏ အိပ်မက်မှာကား အဆင့်နိမ့်အာကင်နာမျိုးစိတ်တိုင်း အရည်အသွေးမြင့်အာကင်နာနည်းစနစ်များအား အသုံးပြူလာနိင်စေရန်ပင် ဖြစ်သည်။ ထို့အတွက်ကြောင့် သူသည် သူဖန်တီးလိုက်သည့် နည်းစနစ်များအတွက် လိုအပ်ချက်ကို အတတ်နိုင်ဆုံး လျော့ချနိုင်ရန် ကြိုးစားခဲ့ပုံရ၏။

သို့သော် လေဟာနယ်အမျိုးအစား မူလစွမ်းရည်များဟူသည်ကား တမျိုးတဘာသာပင်။ အနှီ နည်းစနစ်များသည် လက်ရှိခေတ်သုံး မူလစွမ်းရည်များ၊ ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် နှိုင်းယှဉ်လျင် သူကပင် များစွာ တန်ဖိုးကြီးမားနေအုံးမည့် နည်းစနစ်မျိုး ဖြစ်သည်။

ဥပမာ..ကျိယွာယုသည် လေဟာနယ်အမျိုးအစား နတ်ဆိုးဧကရာဇ် သွေးဗီဇပိုင်ရှင် ဖြစ်သော်လည်း သူ့ကိုယ်သူ တနေရာမှ တနေရာသို့ ပို့ဆောင်နိုင်ခြင်းတော့ မရှိချေ။ အကြောင်းမှာ အဆိုပါနည်းစနစ်များသည် အလွန်ဆန်းကြယ်လှပြီး ရရှိရန်အလွန်ခဲယဉ်းသောကြောင့်ပင်။

ထို့ကြောင့် ရှေးအတီတေ ကာလတည်းက သာမာန်လူသားများအဖို့ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်တိုင် ထိုနည်းစနစ်မျိုးကို အသုံးပြုနိုင်ရန် အိပ်မက်ပင်မမက်ဝံ့ကြချေ။ ယုတ်စွအဆုံး မွေးရာပါသွေးဗီဇပိုင်ရှင်များသည်ပင် သူတို့ကိုယ်သူတို့ တနေရာမှတနေရာ ပို့ဆောင်နိုင်ရန် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ထားရန် လိုအပ်၏။

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကား အဆိုပါ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ခဲ့သည့် နည်းစနစ်ဟု ဆိုနိုင်သည်။ အကြောင်းမှာ စုချန်းသည် ထိုနည်းစနစ်ကို ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်မှာကတည်းက အသုံးချနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ပြင် မည်သည့်သွေးဗီဇမှလည်း မလိုအပ်လေရာ အတော်ပင် အကျိုးရှိသည့် နည်းစနစ်တမျိုးပင် ဖြစ်သည်။

ပိတ်လော့က စကားဆက်လိုက်ပြန်သည်။

"လာမီယာဟာ လေဟင်နယ်ခုန်ထွက်ခြင်းကို အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းအဆင့်ထိ လျှော့ချနိုင်ခဲ့တယ် ဒါကြောင့် တဖက်မှာ ပို့ဆောင်နိုင်တဲ့ အကွာအဝေးတိုသွားတယ် ဒါပေမဲ့ တဖက်မှာလည်း ဒီနည်းစနစ်ကို လူတိုင်း အလွယ်တကူ အသုံးချလာနိုင်ခဲ့တယ် သခင့်အနေနဲ့ ရန်သူတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ဒီနည်းစနစ်ကို အသုံးချဖူးခဲ့ပေမဲ့ သူတို့ သတိမထားမိခဲ့တာ သိပ်ကံကောင်းတယ် တကယ်လို့ ဒါကို ကျွမ်းကျင်သူတွေရှေ့မှာသာ အသုံးပြုမိလိုက်ရင် မလွယ်လှဘူးသခင် သူတို့အနေနဲ့ ဒီနည်းစနစ်ကို သခင့်ဆီက လုယူဖို့ သေချာပေါက် ကြိုးစားကြလိမ့်မယ်"

ထိုစကားကြောင့် စုချန်း အံ့သြသွား၏။

"အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ဟာ တကယ့်တိုက်ပွဲကြီးတွေမှာ သိပ်ပြီး အသုံးမတည့်လှဘူး ဒါတောင်မှ သူတို့က လုဖို့ ကြိုးစားကြမယ်ပေါ့...ဒါဆိုရင် ဒီနည်းစနစ်ကို လေဟာနယ်ခုန်ထွက်ခြင်းအဆင့်ထိ ပြန်တိုးမြှင့်လို့ ရနိင်တယ်ဆိုတဲ့ သဘောလား"

"ဟား ဟား ဟား"

ပိတ်လော့ အားရပါးရ ရယ်မောလိုက်သည်။

"နောက်ဆုံးတော့ သခင် နားလည်သွားပြီပဲ သိပ်ဟုတ်တာပါ့ဗျာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ဟာ လေဟုန်နယ်ခုန်ထွက်ခြင်းကို အဆင့်လျော့ထားတဲ့ နည်းစနစ်ပဲ ဒီတော့ သူ့မှာ ပြီးပြည့်စုံတဲ့ အဆင့်လျော့နည်းနိသယတွေ ပါဝင်နေမှာ မလွဲဘူး အခြားတဖက်မှာလည်း သခင့်အနေနဲ့ ကိုယ်ခန္ဓာစွမ်းအင် အဆင့်နယ်ပယ်တခုစီ မြင့်တက်သွားတိုင်း ရှေးဟောင်းအာကင်နာနည်းစနစ်တွေရဲ့ မရှိမဖြစ် လိုအပ်တဲ့ မူလစွမ်းအင်ပုံစံတွေကို ဖယ်ထုတ်ပစ်နိုင်လာလိမ့်မယ် အဲဒီအချိန်မှာ သခင့်ရဲ့နည်းစနစ်တွေဟာ ပိုပြီး ရိုးရှင်းလာမယ် ပိုပြီ လွယ်ကူလာမယ်"

"လက်စသတ်တော့ အဲဒီလိုကိုး"

စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ဟာ ဖုံးကွယ်ထားတဲ့ နည်းစနစ်တမျိုးနဲ့ တူနေတာပေါ့ ကျုပ်ရဲ့ ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မားလာတာနဲ့အမျှ အတွင်းထဲက အနှစ်သာရကို မြင်နိုင်လာပြီး သူ့ရဲ့ စွမ်းအင်ကို အပြည့်အဝ ဖော်ထုတ်လာနိုင်မဲ့ သဘောပေါ့"

"ဒီအတိုင်း အတိအကျပါပဲ သခင်"

"ဒါဆိုရင် ဒီနည်းစနစ်ကို ဘယ်လို အဆင့်မြှင့်ရမလဲဆိုတာကော ခင်ဗျား သိထားသလား"

ပိတ်လော့က ပုခုံးတွန့်ပြလိုက်သည်။

"ကျုပ် မသိပါဘူး သခင်"

အောရစ်ချ်သည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အား ထားရစ်ခဲ့သော်လည်း ၎င်းကို အဆင့်မြှင့်တင်မည့်နည်းလမ်းကိုတော့ ထားရစ်ခဲ့သည် မဟုတ်ပေ။ တကယ်တော့ ၎င်း၏ လက်ထဲတွင် ထိုနည်းလမ်းမျိုး ရှိနေရန်ပင် မသေချာလှ။

ထိုအခါ စုချန်း စိတ်ပျက်သွား၏။ သို့သော် သူက ထပ်မံရယ်မောရင်း ပြောလိုက်သည်။

"ခင်ဗျား မသိဘူးဆိုတော့ မသိဘူးပဲပေါ့ ဒါပေမဲ့ ကျုပ်အနေနဲ့ အဖြေကို သိပ်မကြာခင် ရှာတွေ့မှာပါ ဒါဟာ မူလစွမ်းအင်ပုံစံတွေကို အဆင့်မြှင့်တင်ခိုင်းတဲ့ ကစားပွဲမျိုး ကစားရသလိုပဲ နေလိမ့်မယ် ကျုပ်အနေနဲ့ မလိုတာတွေ ဖယ်ထုတ်မယ် လိုတာတွေ ပေါင်းစပ်မယ် နောက်ဆုံးမှာတော့ လိုချင်တဲ့ ရလဒ်မျိုး ထွက်လာမယ်လို့ ကျုပ် ယုံကြည်ထားတယ်"

"ဒါအမှန်ပဲသခင် တနေ့တလံ ပုဂံ ဘယ်ရွေ့မလဲဆိုတဲ့ စကားအတိုင်းပဲ ဖြည်းဖြည်းနဲ့မှန်မှန်သွားရင် ရည်မှန်းချက်ကို တနေ့တော့ ရောက်ရမှာပေါ့ ကျုပ်ကတော့ လာမီယာအနေနဲ့ ဒီနည်းစနစ်ရဲ့ အန္တိမတ်စွမ်းရည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့တာလား လို့တော့ ထင်မိတယ် ဒီနည်းစနစ်ကို ဆက်ခံခွင့်ရသူတွေအနေနဲ့ ကိုယ့််အားကိုယ်ကိုးပြီး ရှာဖွေစေချင်တဲ့ သဘောပေါ့ ဘယ်လိုအခြေအနေမျိုးလောက်မှာ ဒီနည်းစနစ်ရဲ့ အဆုံးမဲ့စွမ်းရည် ပေါ်ထွက်လာမလဲ ကျုပ် တွေးနေမိတယ် အဲဒီနေ့ကျရင်ကော လေဟာနယ်ခုန်ထွက်ခြင်းပုံစံအတိုင်းပဲ ဖြစ်နေမလား ဒါမှမဟုတ် တခြား ပုံစံကွဲ ရှေးဟောင်းအာကင်နာနည်းစနစ်တမျိုးများ ဖြစ်နေမလားဆိုတာ ကျုပ်တို့ အတိအကျပြောဖို့ ခက်တယ်"

စုချန်း ပြုံးလိုက်၏။

"စိတ်ဝင်စားစရာပဲ အာကင်နာပညာရှင်တယောက် ချန်ထားရစ်ခဲ့တဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တခုမှာ အကန့်အသတ်မရှိတဲ့ ဖြစ်လာနိုင်ချေတွေ အများကြီးရှိနေတဲ့ သဘောပေါ့ မဆိုးပါဘူး"

"ဒါဆိုရင် သခင့်အနေနဲ့ ဒီနည်းစနစ်ကို ခုချက်ချင်း စူးစမ်းလေ့လာဖို့ သင့်နေပြီ ခုချိန်မှာ သခင့််ရဲ့ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းက သွေးဆူပွက်ခြင်းနယ်ပယ်မှာ ရှိနေတာဆိုတော့ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းရဲ့ ခုန်ထွက်နိုင်တဲ့ အကွာအဝေးက နှစ်ဆ ဖြစ်လာလိမ့်မယ် အသုံးပြရတာလဲ ပိုပြီး လွယ်ကူလာလိမ့်မယ် ဒီအခြေအနေမှာ အရိပ်မူလပစ္စည်းကိုပါ ပေါင်းထည့်လိုက်ရင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်လောက်ပြီလို့ ကျုပ် ထင်တယ်"

"ဖြစ်ကောင်းဖြစ်နိုင်ရုံလောက်ပဲပေါ့"

စုချန်း မျက်မှောက်ကုတ်လိုက်၏။

ပိတ်လော့က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်သခင် ဖြစ်နိုင်ရုံလောက်ပဲ အလင်းတုန်ခါခြင်းနယ်ပယ်ဆိုတာ အလင်းတုန်ခါခြင်းနယ်ပယ်ပဲလေ သူတို့ကို ဘယ်တော့မှ လျော့မတွက်သင့်ဘူး"

"စိတ်ပျက်စရာပဲဗျ"

"ဒါဆိုရင်လည်း အစွမ်းကုန် ကြိုးစားပြီး ကိုယ့်အတွက် ဝှက်ဖဲလေးတွေ များများ စုဆောင်းထားနိုင်ဖို့ အာရုံစိုက်ရတော့မှာပေါ့ သခင်"

All Chapters