ရုတ်တရက် ပေါ်ပေါက်လာခြင်း
Vol. 42 Ch. 417
တနာရီခန့် အကြာတွင် ဖြစ်သည်။
ဝုန်းဒိုင်းကြဲနေသည့် ရေမျက်နှာပြင်သည် ပကတိအတိုင်း တိတ်ဆိတ်ငြိမ်သက်သွား၏။
၆မီတာခန့် ရှည်လျားသည့် မိကျောင်ကြီးသည် ထန်းမင်တို့၏ လှေနောက်မှ ငါးကလေးတကောင်ပမာ ကူးခတ်ရင်း လိုက်ပါလာ၏။ ၎င်းထံ၌ ကနဦးက ပေါ်ပေါက်ခဲ့ဖူးသည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
"ဟူး နောက်ဆုံးတော့ ကျွန်မတို့ အောင်မြင်သွားခဲ့ပြီ"
ကျူးကျွန်ကျာ့က နဖူးပေါ်မှ ယိုစီးကျနေသည့် ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
"ကျွန်မရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါတကောင်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်လှဘူး ဝိညာဉ်တည်ငြိမ်ခြင်းဆေး သုံးပုလင်းတောင် ကုန်သွားပါရောလား"
"အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါပါဆိုနေမှ လွယ်လွယ်နဲ့တော့ ဘယ် ထိန်းလို့ရပါ့မလဲ ဘာပဲဖြစ်ဖြစ် လောလောဆယ် ဒီကောင်ကြီးကို ရလိုက်ပြီဆိုတော့ အချိန်အတော်ကြာအောင် အသုံးပြုလို့ရပြီ ဘယ်လောက်ကောင်းသလဲ"
ကျန့်ဟန်ဖန်းက ရယ်မောရင်း ကျူးကျွန်ကျာ့၏ အောင်မြင်မှုကို ဂုဏ်ပြုလိုက်သည်။
နှိုင်းယှဉ်ရမည်ဆိုလျင် အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါများသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ချီစွမ်းအားပညာရှင်များနှင့် တူညီ၏။ သို့သော် ဤနှိုင်းယှဉ်ချက်မှ အဆင့်အလိုက်သာ ဖြစ်သည်။
ပကတိအင်အားအရ နှိုင်းယှဉ်မည်ဆိုလျင်တော့ ထိုသို့ မဟုတ်တော့ပေ။ အကြောင်းမှာ နတ်ဆိုးသတ္တဝါများတွင်လည်း တကောင်နှင့်တကောင် အင်အား မတူညီကြသောကြောင့်ပင်။ ၎င်းမှာ လူသားများတွင် စွမ်းအားနယ်ပယ် တူညီနေသည့်တိုင် အင်အား မတူညီသည်နှင့် သဘောတရားချင်း ခပ်ဆင်ဆင် တူနေ၏။ သို့သော် ၎င်းတို့အားလုံးသည် နတ်ဆိုးသတ္တဝါများ ဖြစ်ကြ၍ မျှော်မှန်းမရသည့် အင်အားများကို ကိုယ်စီပိုင်ဆိုင်ထားကြသည်ကတော့ အမှန်ပင်။
တချိန်က အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်လေးဦးနှင့် တခြား ချီစွမ်းအားပညာရှင် အများအပြား ပါဝင်နေသည့် တပ်ဖွဲ့သည် သခင်အဆင့် သွေးမှောင်းနှင်သူနတ်ဆိုးများနှင့် သုံးရက်တိုင်တိုင် တိုက်ခဲ့ရ၏။ ဤတချက်ကိုကြည့်လျင်ပင် နတ်ဆိုးသတ္တဝါများ၏ အင်အားကို မြင်သာပေသည်။
မိစ္ဆာမိကျောင်းကြီးသည်လည်း အလားတူပင်။ ရေထဲမှာသာဆိုပါက အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါမျှသာ ဖြစ်နေသည့်တိုင် ကြောက်စရာကောင်းသော အင်အားကို ထုတ်ဖော်ပြသနိုင်၏။ ထိုအခြေအနေတွင် ယန်ဖွင့်လှစ်ခြင်းပညာရှင် ၈ယောက်ခန့် ဝိုင်းဝန်းတိုက်ခိုက်သည့်တိုင်အောင် နိုင်လောက်မည် မဟုတ်ပေ။ မဟုတ်လျင် ကျောက်စိမ်းတောင်တပ်ဖွဲ့အနေနှင့် မိကျောင်းနှင့် ရင်ဆိုင်တိုးတိုင်း အဘယ်ကြောင့် ထွက်ပြေးနေမည်နည်း။
"သိပ်ကောင်းတယ် ဒီကောင်ကြီးနဲ့သာဆိုရင် ကျုပ်တို့အနေနဲ့ ကျောက်စိမ်းတောင်တပ်ဖွဲ့နဲ့ ချိန်းယွမ်တပ်ဖွဲ့ကို ရင်ဆိုင်ဖို့ စပြင်လို့ရပြီ"
ထန်းမင်က ယုံကြည်မှုရှိသော လေသံနှင့် ပြောလိုက်သည်။
"ကျွန်မတို့ ဒီလောက် အလျင်မလိုသင့်ဘူး"
ကျူးကျွန်ကျာ့က ဝင်ပြောလိုက်၏။
"တတိယအစ်ကိုကြီးက မှာထားတယ်လေ ကျွန်မတို့ ကျောက်စိမ်းတောင်တပ်ဖွဲ့နဲ့ ချိန်းယွမ်တပ်ဖွဲ့ကို ရင်ဆိုင်ဖို့ အလျင်စလို မလုပ်ဖို့လေ ကျွန်မတို့ရဲ့ ပကတိရည်မှန်းချက်ကလည်း ဒီနယ်မြေမှာ ခိုင်မာတဲ့အုတ်မြစ်တည်ဆောက်နိုင်ဖို့ပဲ မလား"
"ဒါက စုချန်းရဲ့ စိတ်ကူးသက်သက်ပါပဲလေ သူက တည်ငြိမ်အေးဆေးလွန်းအားကြီးတယ် ပြင်းပြတဲ့ စိတ်ဆန္ဒမရှိဘူး"
ထန်းမင်က မနှစ်မြို့သော လေသံနှင့် ပြောလိုက်၏။
ကျူးကျွန်ကျာ့က အေးဆေးသော လေသံနှင့် နှစ်သိမ့်လိုက်သည်။
"ဒါ ရှင့်အနေနဲ့ သူ့ဆီက သင်ယူရမဲ့ အရာပဲ သူ့ရဲ့ စဉ်းစားတွေးခေါ်မှုဟာ အမြဲတမ်းလိုလို ကျိုးကြောင်းဆီလျော်မှုရှိတယ် ခြုံငုံသုံးသပ်ကြည့်ရင် ကျွန်မတို့အားလုံးရဲ့ စွမ်းအင်အဆင့်အတန်းက အတော်ကို နိမ့်နေသေးတယ် တဖက်က တော်ဝင်မျိုးနွယ်စုတွေကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားပြီး လူတော်တွေ အများကြီး ရှိနေတယ် လတ်တလော သူတို့မှာ ပြသနာအများကြီးရှိနေတဲ့အတွက် ကျွန်မတို့ကို အာရုံမစိုက်နိုင်သေးတာ အမှန်ပဲ ဒါနဲ့ပဲ သူတို့ ကျွန်မတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ တထစ်ချ ယူဆလို့မရဘူး ကျွန်မတို့ လုပ်လိုက်တဲ့ လုပ်ရပ်ဟာ သူတို့အကျိုးကို အကြီးအကျယ် ထိခိုက်စေခဲ့တာနဲ့ သူတို့ ဒီဖက်ကို ချက်ချင်း အာရုံစိုက်လာမှာပဲ ဒါဆိုရင် ကျွန်မတို့ သူတို့ဖက်က တန်ပြန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ် မတော်လို့များ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တွေ ရောက်လာခဲ့ရင် ကျွန်မတို့အားလုံး ဒုက္ခများပြီပဲ"
စုချန်းအနေနှင့် ကြည်လင်မြစ်မြို့တော်ရှိ ဒုစရိုက်အဖွဲ့များအားလုံးကို ထိန်းချုပ်ရန် မကြိုးစားခဲ့ခြင်းမှာလည်း အထက်ပါ အတွေးကြောင့်ပင် ဖြစ်သည်။ တော်ဝင်မျိုးနွယ်စုများ၏ အရင်အမြစ်များအားလုံးကိုသာ ဖြတ်တောက်မိပါက ၎င်းတို့ထံမှ ဝှက်ဖဲများအားလုံး ပေါ်ထွက်လာမည်ဖြစ်ကြောင်း စုချန်း ကောင်းကောင်း သဘောပေါက်ထားသည် မဟုတ်ပါလား။
အထက်ပါနည်းအတိုင်းပင် ကျောက်စိမ်းတောင်တပ်ဖွဲ့နှင့် ချိန်းယွမ်တပ်ဖွဲ့သာ ပြိုကွဲသွားပါက တော်ဝင်မျိုးနွယ်စုများ၏ ရေကြောင်းအရေးသာမှု ဆုံးရှုံးသွားမည်ဖြစ်၍ အပြင်းထန်ဆုံး ပြန်လည်တုံ့ပြန်လာတော့မည်သာ။
၎င်းမှာ သစ်ပင်ကို အမြစ်မှ လှန်သော လုပ်ရပ်မျိုးနှင့် ခပ်ဆင်ဆင် တူနေ၏။ သစ်ပင်တပင်ကို ကိုင်းဖျာကိုင်းနားမှ စမချိုင်ပဲ စစချင်း အမြစ်မှလှန်တူးလိုပါက သင့်အနေနှင့် လုံလောက်သော အင်အားမျိုး ရှိထားရန် လိုအပ်သည် မဟုတ်ပါလား။ ထိုသို့ အင်အားမျိုး မရှိခဲ့လျင် ၎င်းသစ်ပင်ကို ကိုင်းဖျားကိုင်းနားမှ စချိုင်ခြင်းသည်သာလျင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်လေသည်။
စုချန်းသည် အနောက်မြစ်တောအုပ်တွင် ပျော်ရွှင်ခြင်းခံတပ်ရွာကို စည်းရုံးသိမ်းသွင်းလိုက်ပြီး လင်းယွမ်စိမ့်တောတွင် တတိယမြစ်တပ်ဖွဲ့ကို တည်ထောင်လိုက်၏။ ဤနည်းအားဖြင့် ဧရိယာနှစ်ခုတွင် တော်ဝင်မျိုးနွယ်စုများအား စုချန်းက အလုပ်ပေးလိုက်ခြင်းပင်။
သို့သော် တော်ဝင်မျိုးနွယ်စုများ၏ အခြေခံအုတ်မြစ်ကိုတော့ ဘယ်တော့မှ တူးမထုတ်မိစေရန် စုချန်းက သတိထား၏။ တနည်းအားဖြင့် စုချန်းက သူ့အတွက် ထွက်ပေါက်ရှာထားသည့် သဘောပင်။
လာလတ္တံ့သော ကာလတွင် စုချန်းအနေနှင့် တော်ဝင်မျိုးနွယ်စုများ၏ အုတ်မြစ်ကို တူးထုတ်နိုင်ဖွယ်ရာရှိသည်။ ထိုအတွက် စုချန်း လိုအပ်နေသည်မှာ အချိန်ပင် ဖြစ်သည်။ အချိန်သာ လုံလောက်ပါက တော်ဝင်မျိုးနွယ်စုများအား ပြန်လည်တိုက်ခိုက်ရန် လုံလောက်သည့် အင်အားမျိုးကို စုချန်း စုဆောင်းနိုင်လာလိမ့်မည်။
ထန်းမင်၏ ကနဦး စိတ်ကူးစိတ်သန်းမျိုးသည် သူတို့အား အခိုက်အတန့် အောင်မြင်မှုမျိုးကိုသာ ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်သည်။ တဖက်မှ ပြန်လည်တုံ့ပြန်လာပါက သူတို့အားလုံး အစုလိုက်အပြုံလိုက် အသတ်ခံရမည်သာ။
ကောင်းပြီလေ ဒီစိတ်ကူး ကောင်းပါတယ် ကျုပ်တို့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
နောက်ဆုံးတွင် ထန်းမင်က အလျော့ပေးလိုက်၏။
အကယ်၍ အခြားတယောက်ကသာ ပြောလာပါက ထန်းမင် ကန့်ကွက်မည်သာ။ ယခုတော့ ဖြောင်းဖျစကား ပြောနေသူက ကျူးကျွန်ကျာ့ ဖြစ်နေ၏။ ထို့ကြောင့် ထန်းမင်က လိုက်ခံလိုက်ခြင်းပင်။ ကျူးကျွန်ကျာ့သည် ထန်းမင်၏ မိန်းကလေး ဖြစ်နေသည် မဟုတ်ပါလား။
တကယ်တော့ တတိယမြစ်တပ်ဖွဲ့တွင် ထန်းမင်က နာမည်ခံ ခေါင်းဆောင်သာ ဖြစ်သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်နေသူက ကျူးကျွန်ကျာ့သာ ဖြစ်နေ၏။
တချိန်က ရွှေရောင်အပျက်အစီးသိုက်အတွင်းသို့ ဝင်ရောက်ခဲ့သူတိုင်းလိုလိုသည် ကျွမ်းကျင်မှုကိုယ်စီ ရှိကြသူတိုင်းသာ ဖြစ်သည်။ ထန်းမင်သည် နတ်ဆိုးဧကရာဇ်သွေးဗီဇ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်၏။ သူ့မိန်းကလေးဖြစ်သော ကျူးကျွန်ကျာ့ကတော့ နတ်ဆိုးသတ္တဝါများကို ထိန်းချုပ်နိုင်သည့်အပြင် ညဏ်ရည်ထက်မြက်သူ ဖြစ်သည်။ စုချန်းရှိနေစဉ်က သူမ၏ ထက်မြက်သော ညဏ်ရည်မှာ မပေါ်လွင်လှသော်လည်း စုချန်း မရှိသည့်အခါတွင်တော့ သူမ၏ အရည်အချင်းမှာ ချက်ချင်းလိုလို သိသာထင်ရှားလာတော့သည်။
"ဒါဆို ကျုပ်တို့က ဘာဆက်လုပ်ကြမှာလဲ"
ကျန့်ဟန်ဖန်းက မေးခွန်းထုတ်လိုက်သည်။
"ကျောက်စိမ်းတောင်တပ်ဖွဲ့နဲ့ ချိန်းယွမ်တပ်ဖွဲ့ကို အမြစ်ပြုတ်သွားအောင် ရှင်းပစ်လို့ မရနိင်ဘူး ဒါပေမဲ့ ကျွန်မတို့အနေနဲ့ သူတို့ကို အင်အားနည်းသွားအောင်တော့ လုပ်လို့ရတယ် တော်ဝင်မျိုးနွယ်စုတွေဟာ ရေလမ်းကတဆင့် ကုန်စည်တွေ တင်ပို့နေတုန်းပဲ ဒါကြောင့် ကျွန်မတို့က ဆက်ပြီး တိုက်ခိုက်နေကြရမယ် နောက်ဆုံးမှာတော့ ကျွန်မတို့ကြောင့် သူတို့လူတွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ် ဒီကနေ့မှာ ကျွန်မတို့ဟာ မိကျောင်းကြီးကို ထိန်းချုပ်နိုင်ဖို့ အင်အားအများကြီး စိုက်ထုတ်ခဲ့ရတယ် ဒါကို အချည်းနှီး ဆုံးရှုံးခံလိုက်လို့တော့ မရဘူး တနေရာရာမှာတော့ ပြန်အသုံးချရမှာပဲ ဒါပေမဲ့ ကျွန်မတို့ တိုက်ပွဲကြီးတွေ မဆင်နွဲဘူး တိုက်ပွဲငယ်လေးတွေ အများကြီးနဲ့ တိုက်ကွက်ဖော်မယ် အားအနည်းဆုံးအဖွဲ့တွေကို ဝင်တိုက်မယ် ဒီနည်းအားဖြင့်် ကျွန်မတို့က သူတို့ရဲ့ ရေကြောင်းအပေါ် လွှမ်းမိုးထားနိုင်မှုကို အားနည်းစေပြီး ကျွန်မတို့ သြဇာအာဏာကို တည်ဆောက်ကြမယ် နောက်ပြီး စုချန်းအနေနဲ့ အစမ်းသပ်ခံတွေ များများ လိုအပ်သလို ကျွန်မတို့မှာလည်း ထူးချွန်တဲ့ လှေသမားတွေ လိုအပ်နေတယ် ဘယ်သူတော်သလဲ ဘယ်သူညံ့သလဲဆိုတာကို ကျွန်မတို့က တိုက်ပွဲတွေနဲ့ပဲ ဆုံးဖြတ်မယ် လူတော်တွေက သွေးနီဥပြိုကွဲဆေးမင်ကို ထိုးခွင့်ရမယ် လူညံတွေကတော့ အစမ်းသပ်ခံတွေ ဖြစ်သွားလိမ့်မယ်"
ကျူးကျွန်ကျာ့က အေးဆေးတည်ငြိမ်သော လေသံနှင့် ရှင်းပြလိုက်သည်။
လေသည် တဖြတ်ဖြတ် တိုက်ခတ်နေ၏။ ကျူးကျွန်ကျာ့၏ ဆံပင်များမှာ လေနှင့်အတူ လှုပ်ရှားနေလေသည်။ သူမ၏ အသံမှာလည်း အေးဆေးတည်ငြိမ်လှသည်။ သို့သော် သူမ၏ စကားလုံးများကတော့ လင်းယွမ်စိမ့်တောတခုလုံးတွင် ဖြစ်တည်လာမည့် အခြေအနေအရပ်ရပ်ကို ထင်ဟပ်နေစေ၏
ယနေ့မှစ၍ တတိယမြစ်အဖွဲ့သည် ပုံစံအမျိုးမျိုးနှင့် ထိုးစစ်ဆင်တော့မည် ဖြစ်သည်။ ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်တော့မည် ဖြစ်သည်။ ရေလမ်းကြောင်းတခုလုံး၏ အခြေအနေကို မတည်မငြိမ် ဖြစ်စေတော့မည် ဖြစ်သည်။
သူတို့အနေနှင့် ကျောက်စိမ်းတောင်တပ်ဖွဲ့နှင့် ချိန်းယွမ်တပ်ဖွဲ့ကိုတော့ ထိပါးလိမ့်မည် မဟုတ်။ သို့သော် ကျန်အဖွဲ့ငယ်များအဖို့မှာကား သိပ်အလားအလာ မကောင်းလှတော့။ တတိယမြစ်တပ်ဖွဲ့သည် အဖွဲ့ငယ်လေးများအား တဖွဲ့ပြီး တဖွဲ့ ဝါးမြိုကာ ဒေသကြီးတခုလုံးအား ခေါင်းကိုက်စေတော့မည် ဖြစ်သည်။
ဓားပြတချို့အနေနှင့် ထိုအနေအထားကို မကြိုက်ကြသော်လည်း သူတို့အနေနှင့် ဘာမှ မတတ်နိုင်ချေ။ ပို၍ အရေးကြီးမှာကား တော်ဝင်မျိုးနွယ်စုများ၏ အကျိုးအမြတ်သည် ဓားပြတိုင်းနှင့် ထပ်တူကျမနေခြင်းပင်။ ထိုအခါ တတိယမြစ်တပ်ဖွဲ့နှင့် တော်ဝင်မျိုးနွယ်စုများအကြားရှိ တိုက်ပွဲများကြောင့် ဘာသိဘာသာ နေထိုင်ကြသော ဓားပြအုပ်စုများကိုပါ တဖက်လမ်းမှ အကျိုးရှိလာစေခြင်းပင်။
ဥပမာအနေနှင့် ပြရလျင် အနက်ရောင်မြစ်တပ်ဖွဲ့သည် တော်ဝင်မျိုးနွယ်စုများနှင့် ဘယ်သောအခါမှ သဘောထားချင်း တိုက်ဆိုင်ခဲ့သည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အနေနှင့် တတိယမြစ်တပ်ဖွဲ့၏ လုပ်ဆောင်မှုကို သဘောကျနေကြလိမ့်မည်သာ။
တတိယမြောက်လတွင်တော့ ကျူးကျွန်ကျာ့၏ ထိန်းချုပ်မှုဖြင့် တတိယမြစ်တပ်ဖွဲ့သည် တော်ဝင်မျိုးနွယ်စုလက်အောက်ခံ အဖွဲ့များအနက် တဖွဲ့ဖြစ်သော လင်းယွမ်တပ်ဖွဲ့ထံသို့ ကြီးမားသော ထိုးစစ်တရပ် ဆင်နွဲခဲ့၏။ ထိုတိုက်ပွဲတွင် အနက်ရောင်မြစ်တပ်ဖွဲ့၏ အန္တရာယ်ကို ကြောက်လန့်နေရ၍ ကျောက်စိမ်းတောင်တပ်ဖွဲ့မှ စစ်ကူမပေးနိုင်ခဲ့ချေ။
ရလဒ်မှာကား မျှော်မှန်း၍ပင် မရနိုင်တော့။
စာရွက်ပေါ်တွင် အင်အားကြီးမားလှသော လင်းယွမ်တပ်ဖွဲ့သည် အကြီးအကျယ် ရှုံးနိမ့်သွား၏။ တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ပင် မိကျောင်း၏ ဝါးမြိုစားသောက်ခြင်းကို ခံလိုက်ရရှာသည်။
ထို့နောက်တွင်တော့ တတိယမြစ်တပ်ဖွဲ့သည် လင်းယွမ်စိမ့်တော၏ သမိုင်းတွင် အင်အားအကြီးမားဆုံး အဖွဲ့တဖွဲ့ ဖြစ်လာခဲ့လေသည်။
ချိန်းယွမ်တပ်ဖွဲ့မှာကား ပကတိအတိုင်း တည်ရှိနေသေးသော်လည်း သြဇာအာဏာ ကျဆင်းသွား၏။
ကျဆုံးခြင်းကား အစပြုခဲ့လေပြီ။
တော်ဝင်မျိုးနွယ်စုများ၏ အကိုင်းအခက်၊ အရွက်များမှာလည်း တဖြည်းဖြည်း ပုပ်သိုးဆွေးမြေ့စ ပြုလာခဲ့ချေပြီတည်း။