လက်အိတ်
Vol. 42 Ch. 418
စုချန်းသည် အရည်ပျော်နေသော ကြည်တံခွန်သတ္တုအား အသင့်ပုံဖော်ထားသည့် မိုအတွင်း လောင်းချလိုက်၏။ တဖန် မိုအား အအေးခံသေတ္တာအတွင်း ပြောင်းထည့််ပြီး အအေးခံလိုက်ပြန်သည်။
ထို့နောက် ကြယ်တံခွန်သတ္တရည်များ ခဲမသွားခင် အရည်တမျိုးနှင့် စုချန်းက ပေါင်းစပ်လိုက်ပြန်သည်။ ထိုအခါ ထူးခြားသော ဂျယ်လီကဲ့သို့ အရာဝတ္တုတမျိုး ဖြစ်ပေါ်လာပြီး ၎င်းသည် တဖြည်းဖြည်း မာကျောစ ပြုလာ၏။
တဖန် စုချန်းက အနှီ ဂျယ်လီပုံစံ အရာဝတ္တုပေါ်တွင် သီးခြားပြုလုပ်ထားသည့် အပ်နှင့် ရှုပ်ထွေးသော ပုံစံတမျိုးကို ရေးဆွဲလိုက်ပြန်သည်။
"မူလစွမ်းအင်ပို့လွှတ်နှုန်းကို ထိန်းချုပ်နိုင်ဖို့ အာရုံစိုက်ထားပါ သခင် ဒီပုံစံကွက်တွေဟာ သူ့အတိုင်းဆိုရင် ဘာမှမဟုတ်ဘူး မူလစွမ်းအင်စီးဆင်းဖို့ လမ်းရာပးထားတဲ့သဘောသက်သက်ပဲ ဒါကြောင့် မူလစွမ်းအင်နဲ့ ပေါင်းစပ်ပေးဖို့လိုတယ် ဒါကိုပဲ အဓိက အာရုံစိုက်ထား"
"နဂါကျောင်းတော်မှာ သင်ကြားခဲ့တုန်းက ဆရာတွေ ပြောဖူးတာရှိတယ် အထူးချွန်ဆုံး မူလပုံစံပညာရှင်တွေဟာ အကောင်းဆုံး ပုံစံတွေကို ရေးဆွဲနိုင်တယ်တဲ့ ခင်ဗျား ပြောတဲ့အတိုင်း မူလစွမ်းအင်ပို့လွှတ်ဖို့ကို အဓိက အာရုံစိုက်ရမယ်ဆိုရင် သူတို့ ပြောတာနဲ့ တခြားစီ ဖြစ်နေပါလားဗျ"
စုချန်းအနေနှင့် မူလပုံစံများကို အထူးပြုလေ့လာထားခြင်း မရှိသော်လည်း အကြိမ်ရေ အတော်များများ လက်တွေ့အသုံးချဖူးလေရာ မူလပုံစံများနှင့် ပတ်သက်၍ အတော်လေး နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။
"အို ဒီကောင်တွေက အလကားကောင်တွေပါသခင်ရာ ဘာပညာရှင်မှ မဟုတ်ဘူး"
ပိတ်လော့က မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။
"အထက်တန်းလွှာကျောင်းတော်က ရေပေါ်ဆီနည်းပြတွေ တကယ့်ဆရာကောင်းဆိုတာ တပည့်တယောက်ကို ဘယ်လို စဉ်းစားတွေးခေါ်ရမလဲဆိုတာကိုပဲ အဓိကထား သင်ကြားပေးရတယ် ဥပမာ မူလအဆောင်လက်ဖွဲ့ပုံစံကွက်ကြီးကို ဦးစားပေး သင်ကြားပေခဲ့တဲ့ သခင့်ရဲ့ဆရာ ရှီကိုင်းဟွမ်လိုပေါ့"
"သူက ကျုပ်ကို ဆူမာရုလေဟာနယ်နဲ့ နာဗားနားလက် တို့ကိုလည်း သင်ပေးသေးတယ်ဗျ"
"အို ဒါတွေက အိမ်ဖြည့်သဘောမျိုးပါ သခင် ဘယ်လိုစဉ်းစားတွေးခေါ်ရမလဲဆိုတာကို သင်ကြားပေးတာကသာ အရေးကြီးတာပါ"
ပိတ်လော့က ဒေါနှင့်မောနှင့် ပြောလိုက်သည်။
"ကျုပ်တို့ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်ကဆိုရင် အာကင်နာပညာရှင်တွေဟာ သူတို့ရဲ့ တပည့်တွေကို ဘယ်လို စဉ်းစားတွေးခေါ်ရမလဲ ပြသနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ကိုယ်ပိုင်ရည်မှန်းချက်တွေထားပြီး ဘယ်လို အလုပ်လုပ်ကြမလဲ ဒါတွေကိုပဲ အဓိကထားပြီး သင်ကြားပေးတယ် ဒါကြောင့်လည်း ကျုပ်တို့နိုင်ငံကြီးဟာ အင်မတန် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အံ့သြလောက်စရာကောင်းတဲ့ တီထွင်ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့ကြတယ်မလား"
"ကျုပ်ကတော့ ခင်ဗျားတို့မှာ ပရမတ်လောကကြီးကို မြင်နိုင်တဲ့ အမြင်အာရုံရှိနေလို့သာ ဒီလိုတွေ ဖန်တီးနိုင်ခဲ့တာလို့ ထင်နေတယ်"
"ဘယ်ကလာ"
"ခင်ဗျား ကျုပ်ပြောတာ မယုံဘူးနဲ့တူတယ် ဒါပေမဲ့ နည်းနည်းတွေးကြည့်ဗျာ ခင်ဗျားပြောသလို အာကင်နာပညာရှင်ကြီးတွေရဲ့ သင်ကြားမှုကသာ အသုံးဝင်မယ်ဆိုရင် ဘာကြောင့် ဒုတိယအာကင်နာနိုင်ငံတော်ကြီး အမြန်ဆုံး ပြိုကွဲသွားရတာလဲ"
ပထမ အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားပြီးနောက် ရှေးခေတ်မှ အောင်မြင်မှုများကို ပြန်လည် ဆောင်ကြဉ်းလိုသော ဒင်နီယယ်အင်ဗလေဆိုသူက ဒုတိယအာကင်နာနိုင်ငံတော်ကြီးအား ပြန်လည်တည်ထောင်ခဲ့လေသည်။ သို့သော် အနှီ ဒုတိယအာကင်နာနိုင်ငံတော်ကြီးကား ယခင်အောင်မြင်မှုများကို ပြန်လည်ရရှိဖို့ဝေးစွ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်ပျက်စီးသွားရရှာ၏။
ထိုသို့ ပျက်စီးသွားရသည့် အကြောင်းတရား များစွာရှိနေသလို လူတိုင်းတွင်လည်း ကိုယ့်အမြင်နှင့်ကိုယ် ရှိကြလေသည်။
စုချန်းကတော့ ဒုတိယအာကင်နာနိုင်ငံတော်ကြီး အောင်မြင်မှုမရခဲ့ခြင်းမှာ ဒင်နီယယ်အင်ဗလေသည် အဆင့်မြင့်အာကင်နာမျိုးစိတ် မဟုတ်သောကြောင့်ဟု ယူဆထား၏။
အဆင့်မြင့်အာကင်နာမျိုးစိတ်မှသာလျင် ပရမတ်လောကကြီးအား မြင်နိုင်သော စွမ်းရည်ရှိကြသည် မဟုတ်ပါလား။ ထိုစွမ်းရည်မျိုး အာကင်နာတိုင်းတွင် မရှိချေ။ ထိုစွမ်းရည်မျိုးသာ မရှိပါက ရှေးယခင် အာကင်နာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အာကင်နာတို့၏ အခြေခံစွမ်းရည်ကို ဆုံးရှုံးလိုက်ရပြီဖြစ်၍ မည်သည့် ပစ္စည်းမျိုးကိုမှ တီထွင်နိုင်တော့မည် မဟုတ်ပေ။
ဒင်နီယယ်သည်လည်း သာမာန်အာကင်နာမျှသာ ဖြစ်၍ ထိုစွမ်းရည်မျိုး ရှိခဲ့ပုံမပေါ်။ ထိုစွမ်းရည်သာ မရှိပါက အာကင်နာများသည် ဘာမှမဟုတ်ချေ။ ထိုအတွက်ကြောင့်ပင် ဒုတိယအာကင်နာနိုင်ငံတော်ကြီး လျင်မြန်စွာ ပြိုလဲသွားရခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ စုချန်း၏ အမြင် ဖြစ်သည်။ ုဒုတိယအာကင်နာနိုင်ငံတော်ကြီး ပြိုလဲပျက်စီးသွားရာဝယ် အခြေခံအကြောင်းတရား များစွာ ရှိနေနိုင်သည့်တိုင် ဤအကြောင်းအရာက အဓိကဟု စုချန်းက ယူဆထား၏။
စုချန်းက သူ့အမြင်အား ပြောပြလိုက်သည့်အခါ ပိတ်လော့မှာ ဒေါသမထွက်နိုင်တော့။
သို့တိုင်အောင် သူက သူ့အမြင်ကို ဆက်လက်စွဲကိုင်ထား၏။ သူက ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေကို လွတ်လွတ်လပ်လပ် တွေးခေါ်စေပြီး အကျိုးသင့်အကြောင်းသင့် ဝေဖန်ဆန်းစစ်တတ်လာအောင် သင်ကြားပေးတဲ့ ကျောင်းမျိုးကသာလျင် တကယ့် ကျောင်းကောင်းလို့ ကျုပ်ကတော့ ယူဆထားတုံးပဲ သခင်"
"ဒါကိုတော့ ကျုပ် သဘောမတူနိင်ဘူးဗျ ခင်ဗျား ပြောနေတာက အိပ်မက်ဆန်လွန်းတယ် တကယ်တော့ ရိုးရိုးလေးပါဗျာ ဆရာတွေအနေနဲ့ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးခေါ်စေမယ် အမှီအခိုကင်းမဲ့စွာ လေ့လာစေမယ်ဆိုရင် သူတို့ရဲ့ အင်အားနဲ့ပါရမီကို ခင်ဗျား ဘယ်လို အကဲဖြတ်မလဲ ပါရမီရှိတဲ့ ကျောင်းသားတွေကိုတောင် ရွေးထုတ်ဖို့ နည်းလမ်းမရှိမှတော့ ဒါက စိတ်ကူးယဉ်ဆန်လွန်းသလို ဖြစ်မနေဘူးလား ကျောင်းတကျောင်းကို အုပ်ချုပ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းတခုကို စီမံခန့်ခွဲတာနဲ့ အတူတူပဲဗျ သူ့မှာ တူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိနေဖို့ လိုအပ်တယ် ကျုပ်ဆရာရှီကိုင်းဟွမ်ဟာ ကျုပ်အပေါ် ကွဲပြားခြားနားတဲ့ နည်းလမ်းမျိုးနဲ့ သင်ကြားပေးခဲ့တယ်ဆိုပေမဲ့ ဒါက လူတိုင်းအပေါ်မှာ အလုပ်ဖြစ်လိမ့်မယ်လို့ မဆိုလိုဘူး တကယ်တော့ ကိုယ့်လမ်းကိုယ်ဖောက်နိုင်တဲ့ ပါရမီရှင်တွေဆိုတာ လူနည်းစုပါဗျာ အများစုကတော့ အုတ်ရောရော ကျောက်ရောရော သာမာန်လူတန်းစားတွေပဲဗျ သူတို့အတွက်ကတော့ သမားရိုးကျနည်းလမ်းတွေ မဖြစ်မနေ လိုအပ်တယ်"
"ဒါဆိုရင် သခင်ကရော ဘာလဲ ဘယ်အထဲမှာ ပါသလဲ"
ပိတ်လော့က မေးခွန်းထုတ်လိုက်၏
"ကျုပ်လား"
စုချန်းက ခေတ္တစဉ်းစားပြီးမှ ဖြေလိုက်သည်။
"ကျုပ်ကိုတော့ စွန့်ဦးတည်ထွင်သူ လမ်းသစ်ရှာသူလို့ ပြောလို့ရတယ်"
"လမ်းသစ်ရှာသူ ဟုတ်လား သခင်"
"ဟုတ်တယ် ဒီကမ္ဘာကြီးမှာ လမ်းသစ်ရှာဖွေတဲ့လူတွေ စွန့်ဦးတည်ထွင်သူတွေကိုတော့ လိုအပ်နေသေးတာပဲ"
"ဒါကြောင့်မို့ိလို့ သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းကို သခင် ရှာဖွေခဲ့တာပေါ့ သခင်ဟာ စွန့်ဦးတည်ထွင်သူတယောက် ဖြစ်နေလို့လေ"
"သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းကို လူတွေဆီ ဖြန့်ဝေပြီးတဲ့အချိန်ကစလို့ ကျုပ်ဟာ လမ်းသစ်ရှာဖွေသူတယောက် ဖြစ်လာခဲ့တယ်လို့ဆိုရင် ပိုပြီး မှန်လိမ့်မယ်"
စုချန်းက ပြုံးရင်း ပြောလိုက်၏။
"ကျုပ်ဟာ လူသားမျိုးနွယ်တွေအတွက် ပထမဆုံး ခြေလှမ်းလေး တလှမ်းကို ဦးဆောင်လှမ်းပြနိုင်ခဲ့ပြီလို့ ထင်တယ် လူသားမျိုးနွယ်တွေ ရှေ့ကို ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်နေတော့တယ်"
"နောက်ခြေတလှမ်းစာအတွက်လည်း သိပ်အကြာကြီး မစောင့်ရတော့ဘူးလို့ ကျုပ်ထင်တယ် ဟုတ်ရဲ့လား"
သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ဖန်တီးနိုင်ရန်မှာ လက်တကမ်းသာလိုတော့သည်ဟု ရှီကိုင်းဟွမ်က စုချန်းအား အကြောင်းကြားထားပြီး ဖြစ်သည်။
"ဒီခြေလှမ်းကို ကျုပ် အရင်ဆုံး လှမ်းနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ"
ထိုအချိန်တွင် စုချန်းသည် ဂျယ်လီပုံအရာဝတ္တု၏ မျက်နှာစာတဖက်တွင် လိုအပ်သော ပုံစံများ ရေးဆွဲပြီးပြီ ဖြစ်၍ နောက်တဖက်သို့ လှန်လိုက်၏။
တကယ်တော့ စုချန်း ဖန်တီးနေသည်မှာ လက်အိပ်တအိပ်ပင် ဖြစ်သည်။
ထိုလက်အိပ်မှာလည်း ဘယ်ဘက်လက်အတွက် ဖြစ်သည်။
မျက်နာစာ နှစ်ဖက်လုံးတွင် ပုံစံများ ရေးဆွဲပြီးသည်နှင့် စုချန်းက အမဲရောင်အမှုန်တချို့အား ၎င်း အပေါ်သို့ ဖြူးလိုက်ပြန်သည်။ ထိုအမှုန်များမှာကား အရိပ်မူလပစ္စည်းပေတည်း။
ထို့နောက် စုချန်းက နောက်ထပ်ဆေးရည်တမျိုးအား မိုအတွင်းသို့ လောင်းထည့်လိုက်ပြန်သည်။ ဤတကြိမ် သူ အသုံးပြုလိုက်သည့် ဆေးရည်ကတော့ လက်အိပ်ပေါ်တွင် ရေးထိုးထားသည့် ပုံစံကွက်များအား လုံခြုံအောင် ကာကွယ်ပေးထားမည့် အပေါ်ယံ အလွှာတခု ဖြစ်ပေါ်လာစေသည့် ဆေးရည်ပင် ဖြစ်သည်။
စုချန်းသည် အထက်ပါနည်းလမ်းအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်လျက်ရှိရာ လက်အိပ်၏ အပြင်ဘက်တွင် အပေါ်ယံအလွှာ ခုနှစ်လွှာတိတိ ဖြစ်ပေါ်လာပြီး အတွင်းဘက်တွင်ကား ကွဲပြားခြားနားသော ပုံစံကွင် ခြောက်မျိုးအထိ ရေးထိုးထားခဲ့ပြီးလေပြီ။ အရိပ်မူလပစ္စည်းများမှာလည်း ကုန်ခန်းသွားလေပြီ။
နောက်ဆုံးတွင်တော့ စုချန်းက လက်အိပ်ကို မိုအတွင်းမှ ဆွဲထုတ်လိုက်၏။ လက်အိပ်သည် ပျော့ပြောင်းနူးညံ့လျက်ရှိပြီး အတွင်းသို့တိုင် ဖောက်ထွင်းလျက် မြင်နေရသည်။ အနီးကပ်သာ မကြည့်လျင် မည်သူမှ ထိုလက်အိပ်ကို မြင်နိုင်လိမ့်မည် မဟုတ်။
စုချန်းက လက်အိပ်ကို ဝတ်ဆင်လိုက်ပြီး ဟိုဖက်သည်ဖက် လှုပ်ရှားကြည့်ရင်း ပြောလိုက်သည်။
"မဆိုးဘူး အတော်လေး သက်တောင့်သက်သာရှိတာပဲ"
"ဒါပေမဲ့ နောက်တဆင့်ကျန်နေသေးတယ်သခင်"
ပိတ်လော့က သတိပေးလိုက်၏။
"အင်း ဟုတ်တယ်"
စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
လက်အိပ်၏ လက်ကောက်ဝတ်နေရာတွင် သေးမျှင်သော အနက်ရောင်ကြိုးလေးတချောင်း တွဲလောင်းကျလျက် ရှိနေ၏။ စုချန်းက ထိုကြိုးလေးကို ကောက်ကိုင်ရင်း ပြောလိုက်သည်။
"ကိုင်း အဖိုးကြီး ဒါ ခင်ဗျားရဲ့ နည်းလမ်းပဲ ဒါ အလုပ်မဖြစ်လို့ ခင်ဗျားရဲ့ ကျောက်ပြားကို ကျုပ် ရိုက်ခွဲမိရင် ပြသနာမရှိဘူးမလား"
ပိတ်လော့က အားရပါးရ ရယ်မောလိုက်သည်။
"ဘာမှ စိတ်မပူပါနဲ့သခင်ရယ် ဒီလို ဇီဝရုပ်ပေါင်းစပ်မှုမျိုးကို ကျုပ် အကြိမ်ရေ ထောင်နဲ့ချီပြီး လုပ်ဖူးပါတယ်"
"ဒါဆိုလဲ စလိုက်ကြစို့ဗျာ"
စကားဆုံးသည်နှင့် စုချန်းက အဆိုပါ အနက်ရောင်ကြိုးမျှင်အတွင်းသို့ မူလစွမ်းအင်များကို ဖြည့်သွင်းပေးလိုက်၏။
မူလစွမ်းအင်များ ဝင်ရောက်သွားသည်နှင့် ကြိုးမျှင်သည် အပ်တချောင်းကဲ့သို့ မာကျောလာပြီး မရေမတွက်နိုင်သော လက်တံများ ဖြစ်ပေါ်လာကာ စုချန်း၏ ကိုယ်အတွင်းသို့ ဖောက်ဝင်သွားလေသည်။ ၎င်းမှာ မြေကြီးထဲတွင် အမြစ်ပေါင်းများစွာဖြင့် ကုပ်တွယ်ထားသည်နှင့်ပင် တူနေ၏။ တချိန်တည်းမှာပင် ၎င်းသည် စုချန်း၏ သွေးနှင့် မူလစွမ်းအင်များအား အလွန်လျင်မြန်သော နှုန်းထားနှင့်် စုပ်ယူတော့သည်။
"အား"
စုချန်း လွှတ်ခနဲ အော်ဟစ်လိုက်သည်။
မူလစွမ်းအင်အများအပြား ဆုံးရှုံးသွားခြင်းကြောင့် စုချန်း၏ အမြင်အာရုံတခုလုံး မဲမဲမှောင်သွား၏။ ရုတ်ချည်းဆိုသလို သတိလစ်တော့မည်ကဲ့သို့ သူ ခံစားလာရလေသည်။
ကံကောင်းသည်မှာ ထိုအတွက် စုချန်းက ကြိုတင်ကြင်ဆင်ထားခြင်းပင်။ သူက ချက်ချင်းပင် ဆေးရည်တမျိုးကို မော့သောက်ချလိုက်၏။
သိပ်မကြာမီ စုချန်း၏ ပါးစပ်တွင်းသို့ ဆေးရည်တပုလင်းပြီး တပုလင်း ဝင်ရောက်သွားလေသည်။ သို့သော် လက်အိပ်မှာကား သွေးစုပ်ဖုတ်ကောင်ကဲ့သို့ စုချန်း၏ သွေးနှင့်မူလစွမ်းအင်များကို အငမ်းမရ စုပ်ယူနေလေရာ အားဖြည့်ဆေးများ အဆက်မပြတ် သောက်သုံးနေသည့်တိုင် မလုံလောက်နိုင်ပဲ ဖြစ်နေ၏။
ပိတ်လော့က ဘေးမှနေ၍ အော်ဟစ်သတ်ိပေးလိုက်သည်။
"တောင့်ထားသခင် တောင့်ထား ပြီးတော့မယ်"
သိပ်မကြာမီ လက်အိပ်မှ မျက်စေ့ ကျိန်းစပ်မတတ် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
"အောင်ပြီကွ အောင်ပြီ"
ပိတ်လော့က ထအော်လိုက်သည်။
စုချန်းသည် အနက်ရောင်ကြိုးမျှင်အား ခပ်ကြမ်းကြမ်းပင် ဆွဲဖြုတ်လိုက်ရာ ၎င်းမှ ထွက်ပေါ်နေသော လက်တံများသည် သူ့ကိုယ်တွင်းမှ ထွက်ခွာသွားပြီး လေထဲတွင် အတန်ကြာအောင် လူးလွန့်လှုပ်ရှားနေပြီးမှ နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။
တဖန် စုချန်းက လက်အိပ်ကို ဆွဲချွတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်ပြန်သည်။ ထိုအခါ လက်အိပ်သည် မြေကြီးပေါ်တွင် ပုံစံအမျိုးမျိုးနှင့် ကခုန်နေကြောင်း စုချန်း အံ့သြသင့်စဖွယ် မြင်တွေ့လိုက်ရသည်။
"သေစမ်း ကျုပ် ဘာလုပ်လိုက်မိတာလဲ"
စုချန်း ကျိန်ဆဲလိုက်သည်။
"ဒါ ခင်ဗျားပြောသလို မူလကိရိယာဆိုတာ သေချာရဲ့လား"
"မဟုတ်ဘူးသခင် တကယ်တော့ ဒါက မူလစွမ်းအင်လျပ်ကူးကိရိယာပါ"