မိတ်ဆွေများ
Vol. 42 Ch. 419
မူလစွမ်းအင်လျပ်ကူးကိရိယာ.
၎င်းမှာ အာကင်နာခေတ်၏ ထူးခြားသော တီထွင်ဖန်တီးမှုတခု ဖြစ်ပြီး စက်ပစ္စည်းဆိုင်ရာ အာကင်နာပညာရှင်များ၏ အနုလက်ရာတခုဟုလည်း ဆိုနိုင်၏။
မူလစွမ်းအင်လျပ်ကူးကိရိယာများသည် မူလကိရိယာများနှင့် မတူကြပေ။ အကြောင်းမှာ မူလကိရိယာများသည် မူလစွမ်းအင်ကို ရုပ်ပိုင်းဆိုင်ရာ ပုံစံများအဖြစ် ပြောင်းလဲပေးနိုင်သည့်အချိန်တွင် မူလစွမ်းအင်လျပ်ကူးကိရိယာများကမူ ထိုသို့ စွမ်းရည်မရှိကြပေ။ သို့ရာတွင် ၎င်းတု့ိ၌ ထူးခြားသော စွမ်းရည်တမျိုး ရှိနေ၏။ ၎င်းမှာ မူလပစ္စည်းများအား ထိန်းချုပ်နိုင်သော စွမ်းရည်ပင် ဖြစ်သည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းသန်းချီကတည်းကပင် အာကင်နာများသည် မူလပစ္စည်းများ၏ ဖြစ်တည်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို အသုံးချနိုင်ခဲ့ပြီး ဖြစ်သည်။
မူလစွမ်းအင်လျပ်ကူးကိရိယာများနှင့် မူလကိရိယာများ၏ အခြေခံအကျဆုံး ကွဲပြားခြားနားချက်မှာကား မူလစွမ်းအင်လျပ်ကူးကိရိယာများသည် မူလပစ္စည်းများကို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်းရှိ၍ ၎င်း၏ စွမ်းအင်မှာလည်း တိုးပွားလာခြင်းပင်။
ထို့ကြောင့် အာကင်နာခေတ်တုန်းက အာကင်နာများသည် ၎င်းတို့ပိုင်ဆိုင်သော မူလကိရိယာများကို တသမတ်တည်း အဆင့်မြှင့်တင်နိုင်ခဲ့ကြသည်ဟူသော ဒဏ္ဍာရီမျိုးပင် ရှိ၏။
၎င်းမှာ မူလစွမ်းအင်လျပ်ကူးကိရိယာများကို ရည်ရွယ်ခြင်းပင်တည်း။
အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲသွားပြီးနောက်ပိုင်းတွင် မည်သူမှ ၎င်းတို့ကဲ့သို့ ထူးခြားသည့် အမြင်အာရုံမျိုးကို မပိုင်ဆိုင်ကြတော့သဖြင့် နောက်ဆုံးတွင် မူလစွမ်းအင်လျပ်ကူးကိရိယာများမှာ လုံးဝ ပျောက်ကွယ်သွားတော့၏။ ကမ္ဘာကြီးပေါ်တွင်လည်း မူလကိရိယာများသာ ကျန်ရှိခဲ့တော့လေသည်။
လူအများ၏ ပါးစပ်ဖျားတွင်လည်း အဆင့်မြှင့်ထားသော မူလကိရိယာများဟူသည်မှာ ပုံပြင်တပုဒ်သဖွယ်သာ ကျန်ရစ်ခဲ့တော့သည်။ သူတို့အတွက် မူလစွမ်းအင်လျပ်ကူးကိရိယာတမျိုး ဖန်တီးရန်ဟူသည်မှာလည်း အိပ်မက် မက်နေသကဲ့သို့သာ ရှိတော့သည်။
ယခုတော့ ထိုအိပ်မက်သည် စုချန်း၏ လက်ထဲတွင် ဆိုက်ဆိုက်မြိုက်မြိုက်ပင် အကောင်အထည်ပေါ်လာခဲ့လေပြီ။
ထိုသို့ အောင်မြင်ခဲ့ရခြင်းမှာလည်း စုချန်း၏ ကြိုးစားအားထုတ်မှုကြောင့်သာ မဟုတ်ပဲ ပိတ်လော့၏ လမ်းညွှန်မှုကြောင့်လည်း ပါလေသည်။
"မူလစွမ်းအင်လျပ်ကူးကိရိယာဆိုတာ ဒါပဲကိုး"
စုချန်းက လက်အိပ်ကို မျက်လုံးအပြူးသားနှင့် စိုက်ြည့်ပြီး ရေရွတ်လိုက်၏။
ပိတ်လော့က ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ကျုပ်ဟာ စက်ပိုင်းဆိုင်ရာ အာကင်နာပညာရှင်မဟုတ်သလို မူလစွမ်းအင်လျပ်ကူးကိရိယာတမျိုး ဘယ်လိုဖန်တီးရမယ်မှန်း မသိရင်တော့ ဒါက လျပ်ကူးကိရိယာပဲလို့ အတိအကျ ပြောနိုင်တယ် ဒီလက်အိပ်ဟာ အရင်ပုံစံတွေနဲ့ ကွဲပြားကောင်း ကွဲပြားနေလိမ့်မယ် ဒါပေမဲ့ အခြေခံသဘောသဘာဝချင်းတော့ အတူတူပဲ ဂုဏ်ယူပါတယ်ခင်ဗျာ သခင်ဟာ အာကင်နာခေတ်ဦးပိုင်းရဲ့ အောင်မြင်မှုတွေကို ပြန်လည် အမှတ်ရစေခဲ့ပြီ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တခုကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ပြီ"
စုချန်းက လက်အိပ်ကို ကောက်ယူဝတ်ဆင်လိုက်ရာ အနက်ရောင်ကြိုးမျှင်သည် သူ့လက်ကောက်ဝတ်အတွင်း အလိုအလျောက် တိုးဝင်သွား၏။ ထိုအခါ သူ၏ သွေး၊ ချီနှင့် မူလစွမ်းအင်များသည် ထိုကြိုးမျှင်နှင့် အလွန်ခိုင်မြဲစွာ စည်းနှောင်သွားသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။ ၎င်းမှာ မူလကိရိယာများကို ဝတ်ဆင်ရသည့် ခံစားချက်နှင့် အလွန်ပင် ကွာခြားနေ၏။ တနည်းအားဖြင့် ထိုလက်အိပ်သည် စုချန်း ကိုယ်ခန္ဓာမှ အပိုပစ္စည်းတမျိုးနှင့် တူလှသည်။
မှန်၏။ မူလစွမ်းအင်လျပ်ကူးကိရိယာများသည် တကယ်တော့ လူ့ကိုယ်ခန္ဓာမှ အပိုပစ္စည်းတခုနှင့် အတူတူသာ။
စုချန်း၏ စိတ်ထဲတွင်ကား ထိုလက်အိပ်ကို သူ၏ ဘက်ဖက်လက်အစစ်တချောင်းသဖွယ် ခံစားနေရလေသည်။
ထိုသို့ အတွေးပေါက်မိသည်နှင့် စုချန်း၏ ဘက်ဖက်လက်အတွင်းမှ အနက်ရောက်စက်ဝိုင်းတခု ပေါ်ပေါက်လာ၏။ ထိုအနက်ရောင်စက်ဝိုင်းသည် တဖြည်းဖြည်း ပြန့်ကားလာပြီး သိပ်မကြာမီ စုချန်း၏တကိုယ်လုံးကို ဖုံးအုပ်သွားတော့သည်။ စုချန်း၏ ကိုယ်ခန္ဓာတခုလုံးကို အမှောင်ထုက မျက်စေ့တမှိတ်အတွင်း ဖုံးအုပ်သွားပြီဖြစ်သည်။
အမှောင်ထုဖုံးကွယ်ခြင်းနည်းစနစ်ပေတည်း။
စုချန်းကား ထိုနည်းစနစ်တွင် ဆရာကြီးတဆူသဖွယ် ဖြစ်သွားပြီဟု ဆိုနိုင်သည်။ အကြောင်းမှာ စဉ်းစားလိုက်ရုံနှင့်် သူ့လက်အိပ်က ထိုနည်းစနစ်ကို အလိုအလျောက် ဖော်ထုတ်ပေးသောကြောင့်ပင်။
သို့သော် စုချန်း၏ အမှောင်ထုဖုံးကွယ်ခြင်းနည်းစနစ်မှာ ကွေ့တာရှန်းတို့နှင့် မတူပဲ အနည်းငယ် ကွာခြားနေကြောင်း တွေ့ရသည်။ အကြောင်းမှာ အမှောင်စက်ဝိုင်းသည် သူ့ဘယ်ဖက်လက်မှ စတင်ပြီး တကိုယ်လုံးသို့ ဖုံးအုပ်ရန် အချိန်တခု စောင့်နေရသောကြောင့်ပင်။
ထို အချိန်အတိုင်းအတာမှာ ဘာမှ မကြာလှ။ သို့သော် ထိပ်တန်းချီစွမ်းအားပညာရှင်များအကြားဝယ် ထိုမျက်တောင်တခတ်မျှသော အချိန်လေးသည်ပင် ပြသနာတခု ဖြစ်လာနိုင်၏။ သို့သော် စုချန်း ဘာမှ မတတ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူ၏ အမှောင်ထုဖုံးကွယ်ခြင်းစွမ်းရည်သည် လက်အိပ်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကွေ့တာရှန်းတို့မှာကား သွေးနီဥပြိုကွဲဆေးမင်ကို ၎င်းတို့၏ ကိုယ်ခန္ဓာပေါ်တွင် ထိုးနှံထားသောကြောင့်သာ ထိုသို့ ကွဲပြားခြားနားချက် အနည်းငယ် ရှိနေရခြင်းပေတည်း။
သိပ်မကြာမီ စုချန်း၏ ကိုယ်ခန္ဓာသည် အမှောင်ထုထဲမှ ပြန်လည်ပေါ်ပေါက်လာ၏။ ထိုအခါ သူက ဘက်ဖက်လက်ကို မြှောက်လိုက်ပြန်ရာ အရိပ်မီးတောက်ဘီလူးကြီး ပေါ်ထွက်လာပြန်၏။ သို့သော် စက္ကန့်ပိုင်းအကြာမှာပင် စုချန်းက ထိုအရိပ်မီးတောက်ဘီလူးကြီးကို ပြန်လည်ဖယ်ရှားလိုက်ပြန်၏။
မျက်စေ့တမှိတ်အတွင်း အမှောင်ထုဖုံးကွယ်ခြင်း နည်းစနစ်နှင့် အရိပ်မီးတောက်ဘီလူးတို့ကို ဖော်ထုတ်လိုက်ရ၍ လက်အိပ်အတွင်းရှိ အရိပ်မူလပစ္စည်းများ အတော်ပင် ကုန်ခန်းသွား၏။ သို့သော် အထဲတွင် ထိုးနှံထားသည့် ပုံစံကွက်များက လေထဲရှိ အရိပ်မူလပစ္စည်းများကို ပြန်လည်စုပ်ယူပေးလျက်ရှိလေရာ ကုန်ခန်းသွားမည်ကို စိတ်ပူနေရန် မလိုတော့ပေ။
သို့သော် အရိပ်မူလပစ္စည်းဟူသည် အမှောင်ထုထဲတွင် ရှိနေတတ်လေရာ နေ့အချိန်တွင် စုပ်ယူအားမှာ မကောင်းလှပေ။ ညအချိန်တွင် စုပ်ယူလျင်ပင် အရိပ်မူလပစ္စည်း၏ နဂိုပမာဏကို ရရှိရန် သုံးညခန့် အချိန်ယူရမည်ဖြစ်ကြောင်း စုချန်း တွက်ချက်မိ၏။
ဤသည်မှာပင် မူလစွမ်းအင်လျပ်ကူးကိရိယာ၏ အားနည်းချက် ဖြစ်လေသည်။
သို့သော် ကြီးမားလှသော အားနည်းချက်မျိုး မဟုတ်သည့်အပြင် ပြန်လည်ဖြည့်ဆည်းနိုင်သည့် အရာမျိုးဖြစ်၍ သိပ်တော့ ပြသနာမရှိလှဟု ဆိုနိုင်သည်။
စမ်းသပ်မှုကား ပြီးဆုံးခဲ့လေပြီ။ စုချန်းသည် အောင်မြင်မှုကို မစဉ်းစားမီ ပြသနာများကို အရင်တွေးတောလျက်ရှိ၏။ ဤသည်မှာပင် သူ၏ ပုံစံပေတည်း။
"မဆိုးဘူး ခြုံငုံပြီးပြောရရင်တော့ အတော်လေးကောင်းတယ်လို့ ဆိုနိုင်တယ်"
စုချန်းက ကျေနပ်အားရသော လေသံနှင့် ပြောလိုက်သည်။
"ဒါနဲ့ ခင်ဗျား အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကို ခွဲခြမ်းစိတ်ဖြာတာရော ဘယ်အဆင့်ထိ ရောက်ပြီလဲ"
စုချန်းသည် ပိတ်လော့အား ဘရုခ်ပုံသေနည်းကို သင်ကြားပေးထားပြီး ဖြစ်သည်။ ထိုပုံသေနည်းကို တွေ့သည်နှင့် ပိတ်လော့မှာ အတော်ပင် အံ့သြသွား၏။ မိန်းဘရုခ်ကိုလည်း အာကင်နာနည်းစနစ်များနှင့် ပတ်သက်၍ ပညာရှင်တပါးဟု အသိအမှတ် ပြုလိုက်လေသည်။
"အတိုင်းအတာတခုအထိတော့ ပြီးစီးနေပါပြီ သခင်"
ပြောပြောဆိုဆို ပိတ်လော့က သူ၏ လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ စုချန်း၏ ရှေ့တွင် မူလစွမ်းအင်ပုံစံကွက်တခု ပေါ်ပေါက်လာ၏။ ထို့နောက် ပိတ်လော့က သူ တည်ဆောက်ထားသည့် ပုံစံကွက်အကြောင်းကို ကျကျနနပင် ရှင်းပြလိုက်လေသည်။
စုချန်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း နားထောင်နေလသည်။ ပိတ်လော့အနေနှင့် အတော်လေး အားထုတ်ထားသည်မှာ ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့။
"ခင်ဗျား လုပ်ထားတာ အတော်လေး ကောင်းပါတယ်"
စုချန်းက ချီးကျူးလိုက်သည်။
"ဒါပေမဲ့ အတော်လေး သတိထားရာ ကျမနေဘူးလားဗျ"
"သတိထားရာ ကျတယ် ဟုတ်လား သခင်"
"ဟုတ်တယ်လေဗျာ ဥပမာ ဒါကိုပဲကြည့်"
စုချန်းက မူလပုံစံအတွင်းမှ အစိတ်အပိုင်းတခုကို လက်ညိုးထိုးရင်း ပြောလိုက်၏။
"ဒါကို ထည့်သွင်းထားတာဟာ ခင်ဗျားအနေနဲ့ အသုံးပြုသူကို ကာကွယ်နိုင်အောင်လို့မလား ကျုပ်တို့အနေနဲ့ ဒါကို ဖယ်ထုတ်ပစ်လို့ ရသားပဲ"
"ခုန်ထွက်ရမဲ့ အကွာအဝေးက အလွန်တိုနေရင် အသုံးပြုသူရဲ့ ကိုယ်ခန္ဓာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အန္တရာယ် ဖြစ်လာနိုင်တယ် ဒါကြောင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ရဲ့ မူလပုံစံတဝက်လောက်က အသုံးပြုသူကို ကာကွယ်နိုင်ဖို့အတွက်ပဲ ဒီအဆင့်မှာ အသုံးပြုတွေဟာ အဆင့်နိမ့်ချီစွမ်းအားပညာရှင်တွေ ဖြစ်နေတတ်တယ်မလား ဒါနဲ့ သခင် ဒါကို တကယ်ပဲ ဖယ်ထုတ်ချင်တာလား"
"ဒါကတော့ဗျာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ဆိုတာ အစကတည်းကိုက လူသားတွေအတွက် ဖန်တီးထားတာမှ မဟုတ်ပဲကိုးဗျ ပြီးတော့ လူသားတွေရဲ့ ကိုယ်ခန္ဓာဟာ အာကင်နာတွေထက် ပိုပြီး ကြံ့ခိုင်တယ် ထပ်ပြောရရင် ကျုပ် ဒီနည်းစနစ်ကို အသုံးပြုခဲ့တုန်းက မူးတာမော်တာ အော့တာအန်တာ မရှိဘူး အကောင်းတိုင်းပဲ နောက်ဆုံးအနေနဲ့ ပြောရရင် ကျုပ်အတွက် ခုချိန်မှာ အဓိက လိုအပ်နေတာ ခပ်ဝေးဝေးကို အမြန်ဆုံး ခုန်နိုင်ဖို့ပဲ ကိုယ်ခန္ဓာကို ငဲ့ညှာနေဖို့ မဟုတ်ဘူး"
"အိုး"
ပိတ်လော့က မေးစေ့ကို ပွတ်ရင်း ပြောလိုက်၏။
"ဒီလိုဆိုတော့လည်း အဓိပ္ပါယ်ရှိသားပဲ ကျုပ် သခင့်ကို သတ်ပစ်မှာ သခင် စိတ်မပူဘူးဆိုရင်တော့ ကျုပ် ထပ်ပြီး ကြိုးစားကြည့်မယ်လေ"
"စိတ်မပူပါနဲ့ ပိတ်လော့ ကျုပ်ရဲ့ အကောင်းဆုံးအရည်အချင်းက ကျုပ်ရန်သူ ဘယ်သူဆိုတာ ကောင်းကောင်းသိနေတဲ့အချက်ပဲ ခင်ဗျားသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ခင်ဗျားအတွက် သင့်တော်မဲ့ ကိုယ်ခန္ဓာတခု ရှာပေးဖို့ ကျုပ် ကူညီမယ်"
"ဒီတော့ မြည်းတကောင်ရဲ့ရှေ့မှာ မုန်လာဥနီကို ပြပြီး ဘယ်လိုအလုပ်ခိုင်းရမလဲ သခင် ကောင်းကောင်းသိသွားပြီပေါ့ ဟုတ်လား"
ပိတ်လော့က ရယ်မောရင်း ပြောလိုက်၏။
"ခင်ဗျားကို မက်လုံးပေးတာ မဟုတ်ပါဘူးဗျာ ဒါကတိ မိတ်ဆွေတွေကြားထဲက ကတိပါ"
"မိတ်ဆွေတွေ ဟုတ်လား သခင်"
ပိတ်လော့က ရေရွတ်လိုက်၏။
"ကျုပ်တို့က မိတ်ဆွေတွေ ဖြစ်ကုန်ကြပြီလား"
"ဟုတ်တာပေါ့ဗျ ဘာလဲ ခင်ဗျားက မဖြစ်ချင်ဘူးလား"
"သိပ်ဖြစ်ချင်တာပေါ့ သခင် ဒီလောကကြီးမှာ ဝိညာဉ်ဘဝနဲ့ ကျုပ် နေထိုင်လာတာ နှစ်ပေါင်း သုံးသိန်းတောင် ကြာခဲ့ပြီ ခု ကျုပ်မှာ မိတ်ဆွေတယောက် ရသွားပြီပေါ့ ဒီလီုဆိုရင် သခင် ဆက်ပြီး အသက်ရှင်နိုင်အောင် ကြိုးစားရလိမ့်မယ် သခင် ပေးထားတဲ့ကတိ တည်လာမဲ့အချိန်ကို ကျုပ် စောင့်နေပါ့မယ်"
"သိပ်ကောင်းတာပေါ့ဗျာ"