← Chapters

သေဆုံးခြင်းကျွန်း

Vol. 020 Ch. 1901

သေဆုံးခြင်းကျွန်း

Vol. 020 Ch. 1901

"ဂုဏ်ပြုပါတယ် " အင်ပါယာဟယ်လျန်က ပေ့ကုန်းအော့ကို ဂုဏ်ပြုလိုက်သည်။ သူသည် ပေ့ကုန်းအော့အဆင့်တက်သွားခြင်းအတွက် ရှုပ်ထွေးနေသေးသည်။ သူတို့နှစ်​ယောက်လုံးက ရီဖူရှင်း၏နောက်ကို လိုက်နေသူများဖြစ်သော်လည်း သူတို့သည် နယ်မြေတစ်ခုထဲမှ တူညီသောအင်အားရှိသည့် အဖွဲ့များကဖြစ်ပြီး သူတို့တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသော်လည်း တိတ်တဆိတ်ယှဥ်ပြိုင်မှုများရှိနေဆဲ ဖြစ်သည်။ ယခုပေ့ကုန်းအော့သည် သူတို့ဒေသ၌ အားအကောင်းဆုံးလူတစ်ယောက် ဖြစ်လာတော့မည်ဖြစ်ရာ သူမည်သို့ ခံစားချက်များ မရှုပ်ထွေးဘဲရှိနေမည်နည်း။

"ဟားဟား မင်းယုံကြည်ထားတာနဲ့ နည်းနည်းတော့ ဆန့်ကျင်ဘက်ပဲမဟုတ်လား" ပေ့ကုန်းအော့က အင်ပါယာဟယ်လျန်ကို ရယ်၍ပြောလိုက်သည်။ အင်ပါယာဟယ်လျန်က ခေါင်းရမ်းကာ ခါးသက်စွာပြုံးလိုက်သည်။ သူ၏အမူအရာကိုကြည့်၍ ပေ့ကုန်းအော့ကပြောလိုက်သည်။ "စိတ်လျှော့စမ်းပါ။ ငါတို့က မိတ်ဆွေဟောင်းတွေပဲလေ။ ငါအဆင့်တက်သွားသည်ဖြစ်စေ အဆင့်မတက်သည်ဖြစ်စေ ငါကအနာဂတ်မှာလည်း အိမ်တော်သခင်နောက်ကိုပဲလိုက်မှာပါ"

ဒီမြေခွေးအိုကြီး...အင်ပါယာဟယ်လျန်က စိတ်ထဲမှတွေးလိုက်မိသည်။

သူအရင်က ခန့်မှန်းခဲ့သလိုပင် ပေ့ကုန်းအော့သည်လည်း ကိစ္စများစွာကိုခန့်မှန်းသိရှိခဲ့ပြီးဖြစ်၍ သူသည် ရီဖူရှင်းနောက်သို့သာ အေးအေးချမ်းချမ်းလိုက်မည်ဖြစ်သည်။ အဆင့်ချိုးဖျက်တက်လှမ်းသွားပြီး အဌမတန်းစားနတ်ဝင်ရိုးအဆင့်သို့ရောက်ရှိသွားသော်လည်း သူကမောက်မာဝံ့ကြွားခြင်းမရှိပေ။ သူသည် ယခင်ကအတိုင်းပင် ရိုကျိုးစွာကျန်နေပြီး ရီဖူရှင်းအား ဆက်၍မျက်နှာလုပ်နေသည်။ သူက အမှန်တကယ်ပင် အရေထူပေသည်။

သူသည် ရီဖူရှင်း၏ဂုဏ်သတင်းနောက်တွင် အလိုက်သင့်စီးမြောလိုက်ပါရန် ကြံစည်နေခြင်းဖြစ်သည်။

ရီဖူရှင်း၏ကျင့်ကြံဆင့်က သူ့ထက်များစွာနိမ့်နေသည့်တိုင် ထိုသို့ကပ်ဖား၍မျက်နှာလုပ်ရန်ကြံနေခြင်းပင်...

အဌမအဆင့်...ထိုသည်အား ကောင်းကင်ဒေသတွင် အထွတ်အထိပ်ဟု မယူဆပေ။ မည်သို့ပင်ဆိုစေ ထိုနေရာ၌ အားကောင်းသောကျင့်ကြံသူများစွာရှိနေသည်။ သို့သော် တိုးတက်မှုအရ အားနည်းသူ များစွာရှိနေပေသည်။ ထိုသည်က အမှန်တကယ်ပင် လူတယောက်၏ရှုထောင့်ပေါ်၌ မူတည်သည်။ ကောင်းကင်ဒေသမှ အမြင်အရ အဌမအဆင့်အား အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ပြီးဖြစ်သည်။ ဘုံတစ်ခုတွင်ဆိုပါက ထိုလူသည် အားအကောင်းဆုံးလူဖြစ်ပေမည်။

"စီနီယာ ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့။ အိမ်တော်သခင်နေရာက ကျွန်တော်အကြာကြီး ထိန်းသိမ်းထားနိုင်မယ့်နေရာမဟုတ်ပါဘူး" ရီဖူရှင်းက ပြောသည်။ တုံ့ယွမ်အိမ်တော်သခင်နေရာသည် သူအနှေးနှင့်အမြန် လက်လွှတ်ရမည့်နေရာဖြစ်သည်။ ယခု ပေ့ကုန်းအော့က အဆင့်တက်သွားပြီဖြစ်၍ သူသည် အိမ်တော်သခင်နေရာအားယူရန် သင့်တော်ပေသည်။

"တုံ့ယွမ်အိမ်တော်က အိမ်တော်သခင်ရီကို အကြာကြီးမထိန်းထားနိုင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ အိမ်တော်သခင်က ကောင်းကင်ဒေသကိုလှည့်လည်သွားလာနေမယ် ဆိုရင်တောင် တုံ့ယွမ်အိမ်တော်သခင်ရာထူးကို ဆက်သုံးနေလို့ရတာပဲလေ။ ဘာပြသနာမှမရှိပါဘူး။ ပြီးတော့ ကျုပ်တို့ကလည်း မင်းနဲ့အတူနေရာအနှံ့ကိုခြေဆန့်ဖို့ လိုက်နိုင်ပါတယ်" ပေ့ကုန်းအော့က ပြောလိုက်သည်။

အဆင့်တက်ခြင်း၌ အောင်မြင်ခဲ့မှုကြောင့် သူသည် ရီဖူရှင်းအားပို၍ပင် ယုံကြည်မိစေသည်။ ရီဖူရှင်း၏နောက်သို့လိုက်နေရုံမျှဖြင့် သူ့အားသန်မာစေမည့် အခွင့်ကောင်းများကိုကြုံတွေ့ရနိုင်သည်။ မဟုတ်လျှင် သူသာ သူ့အားသူကိုးခဲ့ပါက မိုးကြိုးအသိကို နားလည်သဘောပေါက်၍ မိုးကြိုးအချက်အချာသို့ဝင်ရောက်ကာ တိမ်မြူသစ်သားကိုသန့်စင်နိုင်ခဲ့ခြင်းနှင့် အဆင့်ချိုးဖျက်တက်လှမ်းခြင်းတို့အား ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်ပေ။

"ပေးကုန်းအော့ပြောတာမှန်တယ်။ တုံ့ယွမ်အိမ်တော်သခင်ဖြစ်နေတာက တခြားနေရာတွေမှာ အိမ်တော်သခင်ရီကျင့်ကြံမယ့်အစီအစဥ်ကို သက်ရောက်မှုရှိမှာမဟုတ်ပါဘူး" အင်ပါယာဟယ်လျန်က ပြောလိုက်သည်။ ပေ့ကုန်းအော့က အဆင့်တက်သွားပြီဖြစ်ရာ သူ၏မဟာလမ်းစဥ်အခွင့်အရေးကရော ဘယ်မှာရောက်နေသနည်း။

သူသည် ရီဖူရှင်းအား အဝေးသို့ မည်သို့ပြေးခွင့်ပေးနိုင်မည်နည်း။

"အဲဒါကိုအခု ခဏဘေးဖယ်ထားပြီး နောက်တခါမှဆွေးနွေးကြတာပေါ့" ရီဖူရှင်းက ပြောလိုက်သည်။ သူသည် ဘေးသို့လှည့်ကြည့်လိုက်စဥ်တွင် လူများစွာက သူတို့ထံ ဦးတည်လာနေသည်ကိုတွေ့လိုက်ရသည်။ အများစုက သူတို့၏မဟာလမ်းစဥ်အရှိန်အဝါများကို ထုတ်ဖော်ထားပြီး ပေ့ကုန်းအော့အား စူးစိုက်ကြည့်နေကြသည်။

ပေ့ကုန်းအော့ အဆင့်တက်သွားခြင်းကြောင့်သာမဟုတ်လျှင် သူတို့က လှုပ်ရှားပြီးနေလောက်ပြီဖြစ်သည်။ သို့သော် ထိုအခိုက်တွင်မူ လူအများစုက အလျင်စလိုလှုပ်ရှားဝံ့ခြင်းမရှိတော့ပေ။ မည်သို့ပင်ဆိုစေ သတ္တမအဆင့်အထက် အဆင့်မြင့်ရန်ဟောင်များမှာ အလွန်ရှားပါးလှပြီး အရှေ့နတ်ဘုရားကျွန်းစုသို့ ဝင်ရောက်လာသူများထဲတွင် အနည်းစုသာပါလေသည်။

"မိတ်ဆွေ...တိမ်မြူသစ်သားက နတ်မိုးကြိုးရတနာတစ်ခုပဲ။ ငါတို့အားလုံးက မဟာလမ်းစဥ်မိုးကြိုးစွမ်းအားကိုကျင့်ကြံကြတာ။ မင်းငါတို့ကိုလည်း နည်းနည်းလောက် မြည်းစမ်းခွင့်ပြုပါ" အကြီးအကဲတစ်ဦးက ရှေ့သို့ထွက်၍ ပြောလိုက်သည်။ လူအိုကြီးသည် အလွန်လွှမ်းမိုးနိုင်ပြီး လေးနက်ပုံရသည်။ သူ၏ဆံပင်ရှည်များက လေတွင်လွင့်နေပြီး အလွန်တက်ကြွဟန်ပေါ်သည်။ သူ၏အရှိန်အဝါက အလွန်အားကောင်း၏။ သူစကားပြောလိုက်ချိန်တွင် သူ၏အသံက ခေါင်းလောင်းတလုံးသဖွယ်ကျယ်လောင်ကာ သူ့ပတ်ဝန်းကျင်မှ လေထုအား တုန်ခါနေစေသည်။

သူ၏စကားကိုကြားချိန်တွင် လူများစွာက ပေ့ကုန်းအော့ကိုစိုက်ကြည့်နေကြသည်။ ယခုတစုံတယောက်က ထွက်ပြောပြီဖြစ်ရာ ကျန်လူများက ပျော်ပျော်ကြီးထောက်ခံပေမည်။ ဒဏ္ဍာရီလာ တိမ်မြူသစ်သား...မိုးကြိုးနိယာမကိုကျင့်ကြံသူများထဲတွင် မည်သူကများ ထိုသည်ကိုမလိုချင်ဘဲရှိပါမည်နည်း။

"တိမ်မြူသစ်သားကို ကျုပ်ကသန့်စင်ပြီး ပေါင်းစပ်ပြီးသွားပါပြီ။ ဒါကြောင့် မင်းတို့အကြံပြုတဲ့အတိုင်း မလုပ်ပေးနိုင်တော့လို့ တောင်းပန်ပါရစေ" ပေ့ကုန်းအော့ ဆို၏။

"သန့်စင်ပြီးပြီဆိုရင်တောင် အပြင်ကိုထုတ်ပေးလို့ရသေးတာပဲမဟုတ်လား" လူကြီးက ဆက်ပြောသည်။ သူ၏အသံက တုန်ခါနေပြီး လူများ၏နားများအား တုန်ရင်စေကာ သွေးများဆူပွက်သွားစေသည်။

"အဆုံးစွန်ထိသန့်စင်ပြီးသွားလို့ ကျုပ်ရဲ့ အရိုးနဲ့သွေးကြောတွေထဲမှာ ပေါင်းစည်းပျော်ဝင်သွားပြီ" ပေ့ကုန်းအော့က ဆက်ပြောသည်။ "အကြီးအကဲက ကြည့်ချင်တယ်ဆိုရင် ရပါတယ်။ ကျေးဇူးပြုပြီး တစ်ချက်စစ်ဆေးကြည့်ပါ"

ထို့နောက် ပေ့ကုန်းအော့သည် ရှေ့သို့တလှမ်းတက်လိုက်ပြီး ခဏချင်းပင် လျှပ်စီးများထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်တဝိုက်အား ဝန်းရံသွားသည်။

"ဂျိမ်း ဂျိမ်း... သူ၏ခန္ဓာကိုယ်က မဟာလမ်းစဥ်မိုးကြိုးခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ တောက်ပစူးရှသော မိုးကြိုးလျှပ်စီးများက သူ့ထံမှထွက်ပေါ်လာသည်။ ကောင်းကင်သည် တဖန်ရွေ့လျားလာပြီး အရာအားလုံးသည် မိုးကြိုးမဟာလမ်းစဥ်စွမ်းအားဖြစ်လာကာ အကန့်အသတ်မဲ့ ဟင်းလင်းပြင်သည် ထိုခဏတွင် မိုးကြိုးသီးသန့်နယ်​မြေအဖြစ် ပြောင်းလဲသွားသည်။

ဂျိမ်း...

အထက်ကောင်းကင်မှ လျှပ်စီးလက်၍ ကောင်းကင်တခုလုံးကို လွှမ်းခြုံသွားသည်။ များစွာသော မိုးကြိုးများနှင့်လျှပ်စီး​ကြောင်းများက ပေ့ကုန်းအော့ကိုယ်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လာသည်။ သို့သော် ထိုမိုးကြိုးလျှပ်စီးများက သူ့အားထိခိုက်စေခြင်းမရှိဘဲ ထိုအစား သူ၏ခန္ဓာကိုယ်တွင်းသို့စုပ်ယူသွားသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်က မိုးကြိုးမဟာလမ်းစဥ်ခန္ဓာဖြစ်လာသည်။ တိမ်မြူနတ်သစ်သားသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေပြီး သူ၏ခန္ဓာကိုယ် ကိုယ်၌ကပင် ရတနာတပါးသဖွယ်ဖြစ်လာသည်။

"အားကောင်းလိုက်တဲ့ အရှိန်အဝါ" လူများ၏မျက်နှာအမူအရာများက ပြောင်းလဲသွားကြသည်။ အကြီးအကဲသည်ပင် မျက်မှောင်ကြုတ်သွားသည်။ သူသည် ပေ့ကုန်းအော့ကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိသည်။ မိုးကြိုးမဟာလမ်းစဥ်မှ ထွက်ပေါ်လာသောအရှိန်အဝါသည် ပြိုင်ဘက်ကင်းသည်။ ပေ့ကုန်းအော့သည် အဆင့်တက်သွားရုံသာမက တိမ်မြူသစ်သားကိုသန့်စင်၍ သူ့ခန္ဓာကိုယ်တွင်းသို့စုပ်ယူခဲ့ပြီး ရလဒ်အနေဖြင့် အလွန်သန်မာအားကောင်းလာခဲ့သည်။ ယခုသူသည် မိုးကြိုးမဟာလမ်းစဥ်စွမ်းအားကို ကောင်းစွာနားလည်သဘောပေါက်ထားသူဖြစ်၍ အဌမအဆင့်သို့တက်လှမ်းပြီးခါစ ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဥ်၍မရတော့ပေ။

ဂျိမ်း ဂျလိန်း....

စူးရှကျယ်လောင်သော အသံတခုထွက်ပေါ်လာသည်။ မိုးကြိုးပြစ်ဒဏ်စွမ်းအားသည် အထက်မှကျဆင်းလာ၏။ ပေ့ကုန်းအော့က လက်ကိုဆန့်တန်းလိုက်ပြီး သူ၏လက်က မိုးကြိုးနတ်ဘုရား၏လက်အသွင် ပြောင်းလဲသွားကာ မိုးကြိုးသီးသန့်နယ်မြေကို ထိန်းချုပ်လိုက်သည်။ အဆုံးမဲ့မိုးကြိုးများက စီးဆင်းလာပြီး သူ၏လက်အားဝန်းရံသွားသည်။ သူသည် အကြီးအကဲကိုကြည့်၍ ပြောလိုက်သည်။ "တိမ်မြူသစ်သားကိုသန့်စင်ပြီး မဟာလမ်းစဥ်ထဲမှာ ပေါင်းစပ်ပြီးသွားပြီ။ အကြီးအကဲက မြည်းစမ်းကြည့်ချင်သေးလား"

အကြီးအကဲသည် မျက်လုံးများကိုမှေးစင်းလိုက်သည်။ သူသည် ရယ်မောကာပြောလိုက်သည်။ "အဲ့ဒီရတနာကို မိုးကြိုးနတ်သစ်သားအဖြစ်သတ်မှတ်ကြတာ မဆန်းပါဘူး။ ကျုပ်မျက်လုံးတွေကို ဖွင့်ပေးလိုက်သလိုပဲ"

ထို့နောက် သူသည် တိုက်ရိုက်လက်လျှော့လိုက်ပြီး နောက်သို့လှည့်၍ မိုးကြိုးမဟာလမ်းစဥ်အသိကို နားလည်သဘောပေါက်ရန်ဆင်ခြင်နေသည်။ သူသည် တိမ်မြူသစ်သားကိုရယူမယ့်အတွေးများ မရှိတော့ပေ။

ပေ့ကုန်းအော့၏အင်အားက တိမ်မြူသစ်သားကိုသန့်စင်ပေါင်းစပ်ပြီးနောက် သိသာစွာတိုးလာခဲ့သည်။ သူထုတ်ဖော်ခဲ့သော မိုးကြိုးအသိစွမ်းအားအရ သူတို့ အကျိုးအမြတ်ရရန်မှာ ခက်ခဲပေသည်။ သူတို့၏ဆုံးရှုံးမှုက ရနိုင်သော အကျိုးအမြက်ထက်များစွာပိုပေလိမ့်မည်။ မည်သို့ပင်ဆိုစေ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် တခြားမဟာလမ်းစဥ်အခွင့်အရေးများစွာ ကျန်ရှိနေသေးသည်မဟုတ်ပါလော။

ကျန်လူများသည်လည်း တယောက်ပြီးတယောက်ထွက်ခွာသွားသည်။ ပေ့ကုန်းအော့ထံမှ လုယူရန်၊ ခိုးယူရန်ရည်ရွယ်ချက်များ မည်သူ့ထံတွင်မျှမကျန်ရှိတော့ပေ။ ရီဖူရှင်းက ပတ်လည်ကိုကြည့်ကာ ပြောလိုက်သည်။ "တခြားနေရာကို သွားကြရအောင်"

ကျန်လူများက ခေါင်းငြိမ့်ကာ နေရာမှစတင်ထွက်ခွာသွားကြသည်။

"အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျွန်းတွေအများကြီးပဲ။ နေရာကောင်းတခုခုများ သိကြလား" ရီဖူရှင်းက မေးလိုက်သည်။ သူသည် အသုံးဝင်သောနေရာသို့သာ တိုက်ရိုက်သွားချင်သည်။

"အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ကျွန်းစုတစ်ခုရှိတယ်။ နေရာအများစုမှာ မဟာလမ်းစဥ် အခွင့်အလမ်းတွေရှိတယ်။ နေရာကောင်းတွေအကြောင်းပြောမယ်ဆိုရင်တော့... ဆေးလုံးတွေလာဖို့လာကြတဲ့ သမားတော်တွေနဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကိုယ်တိုင် ချန်ထားခဲ့တဲ့ မဟာလမ်းစဥ်အခွင့်အရေးတွေကလွဲရင် အဲ့ဒီတုန်းက တုံ့လိုင်နတ်ဘုရား ဆေးလုံးသန့်စင်ခဲ့တဲ့အချိန်တုန်းက ကျွန်းအမြောက်အများပေါ်မှာ ထူးခြားတဲ့အပင်များစွာ စိုက်ပျိုးခဲ့တယ်။ အဲ့ဒါတွေက နတ်ဘုရားအပင်တွေနဲ့ အဆိပ်ပင်တွေပဲ"

"ပြီးတော့ အဲ့အပင်တွေက ကျွန်းတခုတည်းပေါ်မှာရှိနေတာမဟုတ်ဘူး။ ကျွန်းတွေအများကြီးပေါ်မှာ တုံ့လိုင်နတ်ဘုရားရဲ့ ဆေးဥယျာဥ်တွေရှိတယ်" အင်ပါယာဟယ်လျန်က ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းငြိမ့်၏။ တုံ့လိုင်နတ်ဘုရားကဲ့သို့ ဆေးလုံးဆရာမျိုးမှာ ကောင်းကင်ဒေသ၌ပင် အလွန်ရှားပါးလှသည်။ ပုံမှန်အားဖြင့် သာမန်ကျိုးကြောင်းဆင်ခြင်ခြင်းစွမ်းရည်ကို အသုံးပြု၍ သူ၏လုပ်ရပ်များကို အလွယ်တကူ ကောက်ချက်ချနိုင်မည်မဟုတ်ပေ။ ထိုစဥ်က သူတော်စင်ကျန့်သည် အောက်ဘုံ၌ ဆေးဖက်ဝင်အပင်များစွာကို စိုက်ပျိုးခဲ့သည်။ ထို့ကြောင့် တုံ့လိုင်နတ်ဘုရား၏ ဆေးပင်စိုက်ရန် ကျွန်းများအားအသုံးချမှုမှာ ပုံမှန်ဖြစ်သည်ဟုဆိုနိုင်သည်။

"အိမ်တော်သခင်ရီက နောက်ဆုံးအကြိမ်တုန်းက ငရဲကြာပန်းကိုလိုချင်နေတာ မှတ်မိသေးတယ်။ ကျုပ်သိသလောက်ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ငရဲကြာပန်းပေါက်ရောက်တဲ့နေရာတစ်ခုရှိတယ်။ အဲ့ဒီမှာ ဒဏ္ဍာရီလာ ငရဲမင်းရဲ့ပန်းတောင်ရှိသေးတယ်။ အဲ့ဒီပန်းဘုရင်ထဲမှာ မဟာလမ်းစဥ်ယင်ဓာတ်ပါဝင်တဲ့ အပင်တွေအများကြီးပဲ" ပေ့ကုန်းအော့က ပြောလိုက်သည်။ သူပြောနေချိန်တွင် သူသည် ရှားရှင်းယွန်ကိုလည်း လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်။

ရီဖူရှင်းသည် ယခင်ကိစ္စတစ်ခု၌ အဆင်မပြေခဲ့ပေ။ သူသည် ကျွင်းချိုးယွင်၏ လှောင်ပြောင်ခြင်းကိုခံခဲ့ရသည်ဟု ဆိုနိုင်သည်။ သူတို့ကြားမှ ပြသနာသည်လည်း ထိုနေရာမှစတင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ငရဲကြာပန်းပိုင်ရှင်သည် ရီဖူရှင်းနဲ့အရောင်းအဝယ်လုပ်ရန် ငြင်းဆန်ခဲ့ခြင်းမှာ သူသည် ကျွင်းချိုးယွင်ကိုဆန့်ကျင်မိမည်အား ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ထိုအဖြစ်အပျက်က ရီဖူရှင်းနှင့် ရှားချင်းယွမ်တို့်အား အမှန်တကယ်ပင် မလေးမစားပြုလုပ်ခြင်းဖြစ်ခဲ့သည်။

ထိုကိစ္စမှာ ပေ့ကုန်းအော့၏စိတ်ထဲ၌ နက်ရှိုင်းစွာကျန်ရစ်ခဲ့သည်။ ထို့အပြင် ရီဖူရှင်းနှင့် ရှားချင်းယွမ်၏ပတ်သတ်မှုအရ ပေ့ကုန်းအော့က ထိုကိစ္စကိုပြောကြားခြင်းမှာ ရီဖူရှင်းအား မိန်းမလှလေး၏အသဲနှလုံးကို ရစေလိုသောကြောင့်ဖြစ်ပေသည်။

ဉာဏ်များတဲ့ခွေးမသား လူအိုကြီး...အင်ပါယာဟယ်လျန်သည် စိတ်ထဲမှကျိန်ဆဲလိုက်သည်။ သူဘာလို့ အဲဒါကိုမစဉ်းစားခဲ့မိရတာလဲ။

မျှော်မှန်းထားသလိုပင် ရီဖူရှင်းက သူ့စကားကိုကြားပြီးနောက် ချက်ချင်းခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူကပြောသည်။ "သွားစစ်ဆေးကြည့်ရအောင်"

ထိုသည်က ရှားချင်းယွမ်၏ကျင့်ကြံခြင်းကို အကူညီပေးနိုင်မည့်အရာဖြစ်သည်။ သူတို့သွားကြည့်ရပေမည်။ ထို့အပြင် ထိုသည်က တုံ့လိုင်နတ်ဘုရားစိုက်ပျိုးခဲ့သော ဆေးပင်ဖြစ်၍ မှတ်သားဖွယ်အရာတစ်ခု ဖြစ်နိုင်သည်။

"ကောင်းပါပြီ" ပေ့ကုန်းအော့သည် ခေါင်းညိမ့်၍ လမ်းပြလိုက်သည်။ သူတို့က ရယ်စရာကောင်းသော အရှိန်နှင့် ကောင်းကင်ကို ဖြတ်သွားသည်။ သူတို့ပတ်ဝန်းကျင်တွင်လည်း ကိုယ်ပိုင်အခွင့်အရေးများ ရှာဖွေနေကြသည့် ကျင့်ကြံသူများစွာ ဖြတ်သန်းသွားလာနေကြသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်းတွင် အလွန်အားကောင်းလှသော သေဆုံးခြင်းအရှိန်အဝါများပြည့်နှက်နေသည့် ကျွန်းတစ်ခုရှိသည်။ ထိုကျွန်းစုတစ်ခုလုံးအား မဟာလမ်းစဥ်ယင်ဓာတ်စွမ်းအားအရှိန်အဝါများဖြင့် ဖုံးလွှမ်းထား​သည်ဟု ဆိုနိုင်သည်။ မှောင်မိုက်၊ အုံ့မှိုင်းနေပြီး အလွန်ကြောက်စရာကောင်းသည်။ ထိုနေရာသို့ လူသိပ်မသွားကြပေ။

ကျွန်းသည် အေးခဲပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။

ထို့အပြင် ကျွန်းကို အလွန်အစွမ်းထက်သော မိစ္ဆာသားရဲများက ကာကွယ်ထားသည်။

ထိုအချိန်တွင် ကျင့်ကြံသူများစွာသည် အရှေ့နတ်ဘုရားကျွန်းစုတွင် ရောက်ရှိနေပြီးဖြစ်သည်။ နယ်မြေအသီးသီးမှလူများရောက်ရှိနေကြပြီး မဟာလမ်းစဥ်ယင်ဓာတ်ကို ကျင့်ကြံသူများစွာသည်လည်း ဤနယ်မြေ၌ ရောက်ရှိနေကြသည်။ ထိုလူများအတွက် ဤကျွန်းသည် လာကိုလာရောက်သင့်သောနေရာပင်ဖြစ်သည်။

ဥပမာအားဖြင့် ရီဖူရှင်းနှင့် အလဲအလှယ်လုပ်ရန်​ငြင်းဆိုခဲ့သော သမားတော်သည် ကျွင်းချိုးယွင်ထိုနေရာ၌ရှိနေသောကြောင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် သူသည်ကျွန်းပေါ်သို့ရောက်ရှိနေပြီးဖြစ်သည်။ သူ၏အကြည့်မှာ ကျွန်းပေါ်၌ပေါက်နေသော အပင်တစ်ပင်ပေါ်သို့ ကျရောက်နေသည်။ သူကဲ့သို့ ကျင့်ကြံသူများစွာသည်လည်း သူ၏ပတ်ဝန်းကျင်တွင် ရှိနေကြသည်။ သို့သော် မည်သူကမျှ အလျင်စလိုမလှုပ်ရှားကြပေ။ ထိုအပင်ရှေ့၌ ထိုနေရာအားစောင့်ရှောက်နေဟန်ပေါ်သော ကြောက်မက်ဖွယ် သားရဲကြီးတကောင်ရှိနေသည်။ အေးစက်သောမျက်လုံးအစုံက ကောင်းကင်အားကြည့်ရှုနေသည်။ ထိုသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သားရဲကြီးမှာ ကြီးမားလှသော မြွေကြီးတစ်ကောင်ဖြစ်ပြီး မီတာတစ်ရာကျော်ရှည်သော ဧရာမမြွေကြီးတစ်ကောင်ဖြစ်သည်။ အရောင်မှာ ပိန်းပိတ်အောင်မှောင်သော အနက်ရောင်ဖြစ်သည်။ သူ၏လျှာတစ်ခုတည်းကသာ နီရဲနေသည်။ သူ့ပါးစပ်မှ အနက်ရောင် အခိုးအငွေ့ များထွက်နေပြီး ထိုအနက်ရောင်အခိုးအငွေ့များက ကြောက်မက်ဖွယ် သေဆုံးခြင်းအရှိန်အဝါများဝန်းရံနေကာ ထိုအငွေ့များနှင့်ထိမိသည်နှင့် ချက်ချင်းသေဆုံးသွားနိုင်သည့် ခံစားချက်များရနေသည်။ မြွေကြီး၏ပတ်ဝန်းကျင်မှအပင်များသည် မဟာလမ်းစဥ်ယင်ဓာတ်များပါဝင်နေသည့် အပင်များဖြစ်သည်။ အခြားအပင်များသည် ဤနေရာ၌ မပေါက်ရောက်နိုင်ပေ။

မိစ္ဆာအင်ပါယာအဆင့်ဖြစ်သောကြောင့် မြွေကြီး၏အသိညာဏ်မှာ လူသားကျင့်ကြံသူတစ်ယောက်နှင့် ကွာခြားမှုမရှိပေ။ ထိုမြွေကြီးသည် ဤနယ်မြေအားနှစ်ပေါင်းများစွာ စောင့်ရှောက်နေခြင်းဖြစ်သည်။ ၎င်းသည် ရှင်သန်ရန် ကျွန်းပေါ်တွင် မှီခိုအားထားကာ အားကောင်းသထက် အားကောင်းလာသည်။ ကျွန်းပေါ်ရှိအရာအားလုံးသည် သူနှင့်သက်ဆိုင်သည်။ ထိုလူသားများက သူ၏ပစ္စည်းများအားလိုချင်နေလျှင် သူသည် ထိုသူများအား ဝါးမြို၍သတ်ပစ်မည်ဖြစ်သည်။

"ငါတို့ ဒီမြွေကြီးကို ပေါင်းပြီးသတ်ရင် မကောင်းဘူးလား။ မင်းတို့ဘာပြောချင်လဲ" တစ်ယောက်က မေးလိုက်သည်။ တခြားသူများက ချက်ချင်း သဘောတူကြ။ သူတို့အားလုံးတွင် တူညီသော ရည်ရွယ်ချက်ရှိကြသည်။

ထိုမြွေကြီးသည် မိစ္ဆာအင်ပါယာအဆင့်ဖြစ်သည်။ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီးပြီဖြစ်သည်။

ရီဖူရှင်း ကျွန်းအနီးသို့ရောက်လာချိန်တွင် သူသည် ကြော​က်မက်ဖွယ်မြွေကြီးအား အဝေးမှပင်လှမ်းမြင်ခဲ့ပြီးဖြစ်ကာ ထိုမြွေကြီး စောင့်ရှောက်နေသည့် အပင်တစ်ပင်ကိုလည်း မြင်တွေ့ခဲ့ရသည်။

***

All Chapters