ရှင်သန်ရမည့် နည်းလမ်း
Vol. 43 Ch. 421
ကြည်လင်မြစ်မြို့တော်၏ အပြင်ဘက် ဆယ်ကီလိုမီတာ နန်းဆောင်တွင် ဖြစ်သည်။
နှုတ်ဆက်ပွဲတခု ကျင်းပလျက်ရှိ၏။
ထန်းမင်၊ ကျူးကျွန်ကျာ့ ၊ မာချွန်း၊ ဝေယန်၊ ကျန့်ဟန်ဖန်းနှင့် လင်းယန်တို့သည် လမ်းတဖက်ခြမ်းတွင် မတ်တပ်ရပ်လျက် စုချန်း၊ တိမ်တိုက်ကျားသစ်၊ ဝူရှောက်၊ ကျောက်စင်း၊ ခန်ဟွားလီတို့နှင့် မျက်နှာချင်းဆိုင်လျက် ရှိနေကြသည်။ ဝူရှောက်နှင့် ကျန်လူများသည် ထန်းမင်တို့ထက် တနှစ် ငယ်သူများဖြစ်၍ ကြည်လင်မြစ်မြို့တော်တွင် နောက်ထပ် တနှစ် နေထိုင်ခွင့် ရကြမည် ဖြစ်သည်။
"ကျုပ် ဟိုကိုပြန်ရောက်ပြီး ဘွဲ့ရသွားခဲ့ရင် ခင်ဗျားကို ကူညီပြီး တော်ဝင်မျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ ကြည်လင်မြစ်မြို့တော်မှာ နေရာချထားပေးဖို့ တောင်းခံမယ်"
စုချန်းက ခေါင်းခါပြလိုက်သည်။
"မလိုပါဘူးကွ လူတိုင်းမှာ ကိုယ်လျှောက်ရမဲ့လမ်းဆိုတာ သတ်မှတ်ထားပြီးသားပါ ကျုပ်အနေနဲ့ မင်းကို ဒီမှာခေါ်ပြီး အချိန်ဖြုန်းခိုင်းဖို့ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး ဒီနှစ်ပိုင်းမှာ မင်းတို့လည်း ကျုပ်ကို အတော်လေး ကူညီခဲ့ပြီးပြီ ခုဆိုရင် တတိယမြစ်တပ်ဖွဲ့ဟာလည်း အတော် အခြေခိုင်နေပြီ မင်းတို့မရှိရင်လည်း ဒီကောင်တွေ ကျုပ်အတွက် တာဝန်ထမ်းဆောင်ပေးကြမှာပါ ဒါကြောင့် ကျုပ်အနေနဲ့ အလေးအနက် ပြောချင်တာက ဒီနေရာကို မင်းတို့ ပြန်လာစရာမလိုတော့ဘူး"
စုချန်းသည် အဆိုပါ ငြင်းပယ်စကားအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်မှန်း လူတိုင်း သဘောပေါက်လေရာ မည်သူမှ စိတ်မဆိုးကြချေ။
တဖန် စုချန်းက စကားဆက်ပြန်သည်။
"ပြီးတော့ ကျုပ်ဆီမှာ ဝူရှောက်တို့ကျန်နေအုံးမှာပဲ မလား ဒါတင်မကသေးဘူး ရက်ပိုင်းအတွင်းမှာ ဟန်လင်းရှနဲ့ လေးဆယ်ကလေးတို့ ရောက်လာအုံးမယ် သူတို့အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြီးပြီဆိုတော့ ဒီမှာလာပြီး ထောက်ပံ့ကြေးအမှတ်တွေ စုဆောင်းနိုင်တာပေါ့"
သို့သော် ထန်းမင်က ပြောလိုက်ပြန်၏။
"ကံဆိုးတာက သူတို့ထဲက ဘယ်သူမှ ကောင်းကောင်း မတိုက်ခိုက်နိုင်တာပဲ"
"ဟေ့ ထန်းမင် မင်းဟာလေ ကျုပ်တို့ကိုဆိုရင် အမြဲတမ်း အထင်သေးအမြင်သေးနဲ့"
ဝူရှောက်က ထန်းမင်၏ စကားကို မနှစ်မြို့ဟန်ဖြင့် ပြောလိုက်၏။
ရွှေရောင်အပျက်အစီးသိုက်အတွင်း ဝင်ရောက်ခွင့်ရခဲ့သူများသည် လက်ရွေးစင်များချည်းသာ ဖြစ်သော်လည်း ထန်းမင်၏ အမြင်တွင်တော့ ဟန်လင်းရှတို့ လူစုသည် အားနည်းသူများသာတည်း။
ဤနေရာတွင် အားနည်းသည်ဟူသော စကားလုံးမှာ နှိုင်းယှဉ်သော တိုင်းတာချက်တခု ဖြစ်နေတတ်၏။
အမှန်တော့ သူတို့ထဲမှ အားအနည်းဆုံးဟု ဆိုရမည့် ကျိယွာယုသည်ပင် ပြိုင်ဘက်ကို ဂရုတစိုက် ရွေးချယ်ပါက သူ့ထက် တဆင့်မြင့်သူကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူတဦး ဖြစ်သည်။ ရွှေရောင်အပျက်အစီးသိုက်အတွင်းသို့ ဝင်ရောက်ပြီးနောက်ပိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြသော အကျိုးဆက်ကြောင့် သူတို့၏ အင်အားမှာလည်း များစွာ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ဥပမာအားဖြင့် ယခင် သတ္တမနှစ်ကျောင်းသားဖြစ်ပြီး အဆင့် ၂၁သာ ရှိခဲ့သော ဝူရှောက်သည်ပင် ဤ၂နှစ်အတွင်း များစွာ အဆင့်မြင့်တက်လာခဲ့ပြီး ၎င်း၏ တိုက်စွမ်းအားမှာလည်း ထန်းမင်နှင့် သိပ်မကွာလှတော့။
"ကျုပ်က အမှန်အတိုင်း ပြောနေတာကွ"
ထန်းမင်က မောက်မောက်မာမာပင် ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် စုချန်းက ဝင်ရောက်ဖြန်ဖြေလိုက်၏။
"ကဲ ကဲ မင်းတို့အားလုံး ငြင်းမနေကြနဲ့တော့ မင်းတို့အနေနဲ့ ထိပ်တန်းပညာရှင်တွေအကြောင်း ပြောနေတာဆိုရင် သိပ်မကြာခင် ဒီကို ရောက်လာမဲ့ လူတယောက်ရှိတယ်ကွ....အော် မှားလို့ နှစ်ယောက်ပေါ့ကွာ "
"ဘယ်သူတုန်း"
လူတိုင်း၏ မေးမြန်းသံ ထွက်ပေါ်လာ၏။
"ဂျီဟန်းယင်လေ"
"ဂျီဟန်းယင် ဟုတ်လား"
လူတိုင်း ကြောင်အန်းအန်း ဖြစ်သွား၏။
"သူက ဒုအကြီးအကဲအနေနဲ့ ပါချွန်းကိုသွားတာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ သူ ဒီကို လာစရာအကြောင်းမှ မရှိတာပဲ"
ထိုအချိန်တွင် တိမ်တိုက်ကျားသစ်က ဝင်ပြောလိုက်သည်။
"ပါချွန်းက လိုက်ရှာနေတဲ့ တရားခံတယောက်ဟာ ကျီးကန်းနယ်မြေဘက်ကို ပြေးလာတယ် ဒီကောင့်ကို လိုက်ရှာဖို့ ဂျီဟန်းယင်ကလည်း အဖွဲ့တခုကို ဦးဆောင်ပြီး လိုက်လာနေတယ် ရက်အနည်းငယ်အတွင်း သူ ကြည်လင်မြစ်မြို့တော်ကို ရောက်လာလိမ့်မယ်"
"ဒါဆိုရင် ဘာကြောင့် နှစ်ယောက်လို့ ပြောတာလဲ"
ထန်းမင်က ဝင်မေးလိုက်၏။
သူ့အား ကျူးကျွန်ကျာ့က အသလွတ် နှိပ်ကွပ်လိုက်၏။
"လူမိုက် နောက်တယောက်ကို မေ့နေတာလား"
ထန်းမင် တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက မှတ်မိလာဟန်ဖြင့် ရေရွတ်လိုက်သည်။
"အော် ကျန်းစီချွေ့ကို ပြောတာလား"
ထိုအခါ လူတိုင်းက ဝါးခနဲ ရယ်မောလိုက်ကြလေသည်။
ကျန်းစီချွေ့ကား ဂျီဟန်းယင်ကို အသေအလဲ ကြိုက်နေသူ ဖြစ်သည်။ သို့သော် ဂျီဟန်းယင်ကား သူ့ကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်ချေ။ ကျန်းစီချွေ့ကလည်း ဘယ်သောအခါမှ လက်မလျှော့ချေ။ တဖက်တွင်လည်း ကျန်းစီချွေ့၏ နောက်ကြောင်းရာဇဝင်က အတော်လေး ဆန်းကြယ်နေ၏။ ရွှေရောင်အပျက်အစီးသိုက်အတွင်း ဝင်ရောက်ခဲ့သူများထဲတွင် မပါသည့်တိုင် လူတိုင်း အထင်ကြီးလောက်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် ကျောင်းဆင်းပြီးနောက်တွင်တော့ ကျန်းစီချွေ့အား မည်သူမှ သတိမရတော့ချေ။
ကုန်လွန်ခဲ့သည့် နှစ်များတွင်လည်း ကျန်းစီချွေ့တယောက် ဂျီဟန်းယင်အား လိုက်ရှာနေသည်ဟု မည်သူမှ သတင်းမကြားမိချေ။ ထို့ကြောင့် ဂျီဟန်းယင်နောက်သို့ ကျန်းစီချွေ့ လိုက်ပါလာမည်ဟူသည်မှာ သူတို့အဖို့ ရယ်စရာကဲ့သို့ ဖြစ်နေ၏။
စုချန်းတယောက်သာလျင် ဤကိစ္စရယ်စရာမဟုတ်မှန်း ကောင်းကောင်း သိထားလေသည်။
အကြောင်းမှာ ကျန်းစီချွေ့တယောက် ကျီကန်းနယ်မြေသို့ ရောက်ရှိနေခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်တည်း။
____________×××______________×××__________
တရွေ့ရွေ့ မောင်းနှင်နေသော လှေဦးတွင် ထိုင်နေရင်း ကျန်းစီချွေ့သည် ရှုမျှော်ခင်းများအား ငေးကြည့်လျက် ရှိ၏။ မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေသည်ကား သူ့မျက်နှာကို ကျီစယ်လျက် ရှိလေသည်။
"ဧည့်သည်တော်ကြီး လေတအားတိုက်တယ်ဗျ အထဲမှာ ဝင်ထိုင်ရင် ပိုကောင်းလိမ့်မယ်"
လှေထိုးသား အဖိုးအိုက ကျန်းစီချွေ့အား အော်ဟစ်ပြောဆိုလိုက်၏။
"နေပါစေဗျာ ဒီနေရာလည်း အတော်လေး ကောင်းပါတယ်"
ကျန်းစီချွေ့က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"သခင်လေးကျန်းက တကယ့်ကို လူထူးလူဆန်းတယောက်ဗျ အဖိုးကြီးအနေနဲ့ အထူးအထွေ ဧည့်ဝတ်ပြုနေစရာ မလိုပါဘူးဗျာ"
လှေပေါ်ရှိ အခန်းငယ်အတွင်းမှ ထွက်လာသော မျက်နှာမဲမဲနှင့် လူက လှေထိုးသားအဖိုးကြီးအား လှမ်းပြောလိုက်၏။
အဖိုးကြီးလည်း တခါတည်း ပါးစပ်ပိတ်သွားလေ၏။
ထိုအခါ ကျန်းစီချွေ့က နောက်သို့ပင် လှည့်မကြည့်ပဲ ပြောလိုက်သည်။
"ကျုပ်က ဘယ်လိုလုပ် လူထူးလူဆန်း ဖြစ်ရမှာတုန်းဗျ"
"သခင်လေးကျန်းအနေနဲ့ ကျုပ်ကို ဖုံးကွယ်နေစရာ မလိုပါဘူးဗျာ သခင်လေးရဲ့ ပုံစံကို ကြည့်တာနဲ့ ချီစွမ်းအားပညာရှင်ဆိုတာ သိသာတယ် ဒီတော့ ဒီလိုလေတိုက်တာလောက်တော့ သခင်လေး ဘယ်ဂရုစိုက်ပါ့မလဲ ယုတ်စွအဆုံး လင်းယွမ်စိမ့်တောက ဓားကြတွေတောင် သခင်လေးကို တိုက်ခိုက်ရဲမယ် မထင်ဘူး"
ကျန်းစီချွေ့က ပြုံးလိုက်၏။
"ကြည့်ရတာ ခင်ဗျားလဲ သိပ်ပြီး ပေါ့သေးသေးမဟုတ်ဘူးနဲ့တူတယ်"
မျက်နှာမဲမဲနှင့် လူက အံ့သြသင့်သွားဟန်ဖြင့် ပြောလိုက်၏။
"ကျုပ် ဟုတ်လား ထားလိုက်ပါဗျာ ကျုပ်က ဘာကောင်မှ မဟုတ်ပါဘူး ကျုပ်ဟာ နှစ်ပေါင်းအတော်ကြာအောင် တစိုက်မတ်မတ် လေ့ကျင့်ခဲ့တယ် ဒါပေမဲ့ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အဆင့်ကိုတောင် မတက်လှမ်းနိုင်ခဲ့ဘူး ဒီတော့ သခင်လေးတို့ကို မှီဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူးဗျာ"
"ကျုပ် ဘယ်အဆင့်ကို ရောက်ပြီလဲဆိုတာ ခင်ဗျား အကဲခတ်နိုင်သလား"
"ကျုပ်လို သခင်လေးထက် နိမ့်ပါးတဲ့လူက သခင်လေးရဲ့ အဆင့်ကို ဘယ်လိုလုပ်ပြီး အကဲခတ်နိုင်ပါ့မလဲဗျာ"
"ဒါဆိုရင် ဒီဒေသက ဓားပြတွေ ကျုပ်ကို မတိုက်ရဲလောက်ဘူးဆိုတာ ခင်ဗျား ဘယ်လိုလုပ် သိနိုင်သလဲ"
ကျန်းစီချွေ့က ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။
ထိုလူက တွေခနဲ ဖြစ်သွား၏။ ပြီးမှ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။
"ဒါက ကျုပ် လျှာအရိုးမရှိတိုင်း ပြောလိုက်မိတဲ့ စကားပါဗျာ သခင်လေးအနေနဲ့ ဒါကို အတည်မယူစေချင်ဘူး"
ကျန်းစီချွေ့က မည်သည့် ခံစားချက်မှ မရှိသည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
"ခင်ဗျားကို ကြည့်ရတာ လျှာအရိုးမရှိတိုင်း လျှောက်ပြောတဲ့ ပုံမျိုး မဟုတ်ဘူး အတိအကျ သိလို့ ပြောနေတဲ့ ပုံပဲ"
မျက်နှာမဲမဲနှင့် လူ၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
"သခင်လေး ဘာသဘောနဲ့ ဒီလို ပြောတာလဲဗျ"
ကျန်းစီချွေ့က ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်၏။
"ဒီလောကကြီးမှာ တစုံတယောက်ထက် သာလွန်နေတဲ့ အခြားတယောက်ဆိုတာ အမြဲတမ်း ရှိနေတတ်တယ် ကောင်းကင်ဘုံရဲ့ အပြင်ဘက်မှာ နောက်ထပ် ကောင်းကင်ဘုံ ရှိနေသလိုပေါ့ ဒီလို သွေးစွန်းနေတဲ့ လောကကြီးမှာ ခင်ဗျား ကိုယ့်အသက်ကို စောင့်ရှောက်နိုင်ဖို့ဆိုတာ ခင်ဗျားမှာ ဘယ်လောက် အင်အားရှိသလဲ ခင်ဗျားဘယ်လောက် သြဇာရှိသလဲဆိုတာတွေက အရေးမပါဘူးဗျ တကယ်အရေးကြီးတာက ခင်ဗျား ရန်မစသင့်တဲ့လူကို ရန်မစမိဖို့ပဲ အထူးသဖြင့် ဒါက ဓားပြတွေ အဓိက လုပ်ဆောင်သင့်တဲ့ နည်းလမ်းပဲ ဒါကြောင့်မို့လို့ နည်းနည်းပါးပါး အသိညဏ်ရှိတဲ့ ဓားပြတွေဟာ သူတို့ရဲ့ပစ်မှတ်တွေကို မတိုက်ခိုက်ခင်မှာ အရင်ကြိုပြီး စူးစမ်းလေ့လာတတ်ကြတယ်"
မျက်နှာမဲမဲနှင့် လူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။
"သခင်လေးက ကျုပ်ကို ဓားပြတွေရဲ့ သတင်းပေးလို့ ပြောနေတာလား ဘာကြောင့် ကျုပ်ကို ဒီလို အသရေဖျက်ရတာလဲဗျာ"
"ကျုပ်က ခင်ဗျားကို အသရေဖျက်တာ မဖျက်တာ အရေးမကြီးပါဘူးဗျာ ဟော ဟိုနောက်က လှေတစင်း ကျုပ်တု့ိနောက် လိုက်လာတာ အတော်လေး ကြာသွားပြီ ဒီကောင်တွေ ခင်ဗျား အချက်ပြတာကို စောင့်နေတာမလား"
မျက်နှာမဲမဲနှင့််လူမှာ ကြည့်ရဆိုးလောက်အောင် ရှုံ့မဲ့သွား၏။
ကျန်းစီချွေ့က စကားဆက်ပြန်သည်။
"ခင်ဗျား ကျုပ်နဲ့ ဘာကြောင့် အလောင်းအစား မလုပ်တာလဲ ကျုပ် အခုသွားပြီး ဒီကောင်တွေကို သတ်ပစ်လိုက်မယ် ဒီတော့ ခင်ဗျားအနေနဲ့ ဒီကောင်တွေကို ထွက်ပြေးဖို့ ပြောရင်ပြော ဒါမှမဟုတ် တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းဖို့ သင့်ပြီ ပြီးရင်တော့ ခင်ဗျားရှေ့မှာ ရပ်နေတာ ဘယ်သူလဲဆိုတာ ခင်ဗျား တွေ့ရလိမ့်မယ် အဲဒီကျမှ ကျုပ်ကို အသရေဖျက်တယ်လို့ ခင်ဗျား ပြောနိုင်အုံးမှာလားဆိုတာ ကျုပ် သိချင်သေးတယ်"
စကားဆုံးသည်နှင့် ကျန်းစီချွေ့က ချာခနဲလှည့်ကာ လှေ၏ နောက်ဘက်ဆီသို့ လျှောက်သွားလိုက်၏။ သိပ်မကြာမီ သူသည် ရေပြင်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေပြီ ဖြစ်သည်။
၎င်းကို ကြည့်ရင်း လှေသမားအဖိုးအိုက တစုံတခု ပြောဆိုရင် ဟန်ပြင်လိုက်၏။ သို့သော် ကျန်းစီချွေ့က စကားဖြတ်ပြောလိုက်သည်။
"ကျုပ်ကို ဒီနေရာမှာပဲ ခနစောင့်ပေးစမ်းပါ ခနနေရင် ကျုပ် ပြန်လာခဲ့မယ်"
စကားဆုံးသည်နှင့် ကျန်းစီချွေ့က ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
သူ့ခြေဖဝါးအောက်တွင်တော့ အလွန်ငြင်သာသော အားလှိုင်းတရပ် ဖြစ်ပေါ်နေ၏။ သူ့လမ်းလျှောက်ပုံမှာ သိပ်မမြန်လှ။ သို့သော် ခနချင်းမှာပင် ကျန်းစီချွေ့၏ ပုံရိပ်သည် အဝေးသို့ ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် မျက်နှာမဲမဲနှင့်လူက အသံကုန်အော်ဟစ်လိုက်သည်။
"ဒီနေရာက အမြန်ဆုံး ထွက်သွားကြစမ်းဟေ့"
၎င်းကိုကြည့်ရင်း လှေသမားအဖိုးကြီးက ပြောလိုက်သည်။
"အဖိုးကြီးဟုန် ခင်ဗျားလဲ ဒီလမ်းကြောင်းမှာ လုပ်စားလာခဲ့တာ ကြာလှပြီ ဒါ့အပြင် ခင်ဗျားဟာ လူကဲခတ်အင်မတန်ကောင်းမွန်တဲ့လူပဲ ဒီလို သခင်လေးလက်ထဲက မင်းကောင်တွေ လွတ်လိမ့်မယ်များ ထင်နေတာလား အေးအေးဆေးဆေးသာ နေစမ်းပါကွာ မင်း သူပြောတဲ့အတိုင်း ဒီမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေတာကမှ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိအုံးမယ်"
လှေသမားအဖိုးအို၏ စကားကြောင့် ဟုန် တကိုယ်လုံး တုန်ခါသွား၏။ ထို့နောက် သူက အိပ်ကပ်ထဲမှ ကျောက်စိမ်းအသံဖမ်းကိရိယာလေးကို ဆွဲထုတ်ကာ ထိုကိရိယာကို နှိုးဆွလိုက်၏။
ထိုအချိန်မှာပင် အသံဖမ်းကိရိယာလေးအတွင်းမှ ဆူညံပွက်လောရိုက်နေသော အသံဗလံပေါင်းစုံ ထွက်ပေါ်လာကြောင်း ဟုန် ကြားလိုက်ရသည်။
အတန်ကြာသော် ထိုအသံများအားလုံး တိတ်ဆိတ်သွား၏။ ကျန်းစီချွေ့၏ ပုံရိပ်သည်လည်း အဝေးဆီမှပြန်လည် ပေါ်ထွက်လာလေသည်။
လှေပေါ်သို့ ပြန်ရောက်သည်နှင့် ကျန်းစီချွေ့က ဟုန်အားကြည့်ရင်း ပြောလိုက်သည်။
"ကောင်းတယ် ခင်ဗျား မပြေးသေးဘူးပေါ့ ဒါဆိုရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာခွင့်ပေးလိုက်မယ်"