← Chapters

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ခြိမ်းခြောက်မှု

Vol. 43 Ch. 422

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ ခြိမ်းခြောက်မှု

Vol. 43 Ch. 422

လင်းယွမ်စိမ့်တောရှိ ကြီးမားသော တိုက်ပွဲအပြီး ပင်လယ်ဓားပြအုပ်စုများ၏ အခြေအနေသည် ကမောက်ကမ ဖြစ်ကုန်ကြ၏။

ကျောက်စိမ်းတောင်တပ်ဖွဲ့နှင့် ချိန်းယွမ်တပ်ဖွဲ့တို့သည် ကြီးမားသော ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရပြီး တတိယမြစ်တပ်ဖွဲ့မှာကား ရုတ်ချည်းဆိုသလို ငုပ်လျှိုးပျောက်ကွယ်သွား၏။ အနက်ရောင်မြစ်တပ်ဖွဲ့မှာကား အပြီးတိုင် ပြိုကွဲပျက်စီးသွားလေသည်။ လင်းယွမ်စိမ့်တောကို လွှမ်းမိုးလျက်ရှိသော ပင်လယ်ဓားပြအဖွဲ့ကြီးလေးဖွဲ့မှ အခြေမလှကြတော့လေရာ အဖွဲ့ငယ်လေးများ များစွာ ပေါ်ပေါက်လာပြီး ဒေသကြီးတခုလုံး၏ အခြေအနေမှာလည်း များစွာ ရှုပ်ထွေးလာတော့သည်။

သို့သော် ထိုအခြေအနေအတွက် စုချန်းအနေနှင့် ဘာမှ အထူးအထွေ လုပ်စရာမရှိချေ။

ထန်းမင်နှင့် ကျန်လူများကား ပြည်တော်ပြန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် စုချန်းက တတိယမြစ်တပ်ဖွဲ့အား ခေတ္တအနားယူရန် အမိန့်ပေးထားလိုက်ပြီး ယခင်လုပ်နေကျအတိုင်း စမ်းသပ်မှုများနှင့် ပြန်လည်နစ်မြုပ်နေပြန်၏။ တခါတရံတွင်တော့ သူက မူလဗျူရိုသို့သွား၍ အသိပညာအတည်ပြုသူတယောက်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်လေ့ရှိသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလျက်ရှိ၏။

ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိလေသည်။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကို သူ ကြားလိုက်ရ၏။

ထိုအခါ သူက စမ်းသပ်ပစ္စည်းကိရိယာများကို ချထားပြီး အခန်းထဲမှ လျင်မြန်စွာ ပြေးထွက်လိုက်၏။

"ဘာဖြစ်တာတုန်းဟေ့"

"ဘာဖြစ်မှန်းတော့ သေချာမသ်ိဘူးသခင် အသံကြားရတာကတော့ အတော်ဝေးတဲ့နေရာကပဲ ကျုပ်တို့အနေနဲ့ ဘာမှ လုပ်နေစရာမလိုဘူး ထင်တယ်"

လီရှုက ပြန်ဖြေလိုက်သည်။

စုချန်းက စကားဆက်ပြောမနေတော့ပဲ တောင်တုလေးပေါ်သို့ တက်ပြီး အသံထွက်ပေါ်လာရာ နေရာဆီသို့ မျှော်ကြည့်လိုက်ရာ လူတယောက် လေထဲတွင် လွင့်မြောနေကြောင်း သူ မြင်တွေ့လိုက်ရသည်။ ထိုလူ၏ ပတ်ပတ်လည်တွင်လည်း အနက်ရောင် အခိုးအငွေ့များ ဝန်းရံလျက် ရှိ၏။

"ချန်းယွင့်ဟုန် ထွက်လာစမ်း"

သိပ်မကြာမီ ခပ်တိုးတိုး အသံတသံ ထွက်ပေါ်လာပြန်၏။

"ရှီကျုံးလင် မင်း ဘာတွေလုပ်နေတာတုန်း"

"ချန်းယွင့်ဟုန် ငါ့မြေးလေးရဲ့ အသက်ကို ပြန်ပေးစမ်း"

အသံဆုံးသည်နှင့် လေပေါ်တွင် လွင့်မြောနေသည့် အဖိုးအို၏ လက်များသည် ရုတ်ချည်းဆိုသလို ကြီးထွားလာပြီး သူ့နောက်ရှိ အနက်ရောင်မီးခိုးငွေ့များကလည်း ဝိညာဉ်များသဖွယ် လူးလွန့်လှုပ်ရှားလာကာ ရှေ့သို့တဟုန်ထိုး တိုးထွက်သွားကြတော့သည်။

အဆိုပါ ဝိညာဉ်ပုံရိပ်များကား ကြောက်စရာကောင်းလှ၏။ ၎င်းတို့သည် အနက်ရောင်မီးခိုးငွေ့များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပေါ်လည်း တကယ့် ကိုယ်ခန္ဓာရှိနေသည့်ပမာ ထင်ရသည်။ ကောင်းကင်တခွင်လုံးကား မဲမဲမှောင်နေပြီ ဖြစ်သည်။ ဝိညာဉ်ပုံရိပ်များသည် ရောက်သည့်နေရာတိုင်းတွင် ကျယ်လောင်စူးရှသော အသံနှင့် အော်ဟစ်နေကြ၏။ မျက်စေ့တမှိတ်အတွင်း ချန်းမျိုးနွယ်စု လက်အောက်ငယ်သားများမှာ အသက်ပျောက်ကုန်ကြရှာသည်။ ၎င်းတို့၏ ကိုယ်ခန္ဓာများမှာကား နှစ်ပေါင်းထောင်ချီမှ အလောင်းကောင်များပမာ ညှိုးရော်ခြောက်သွေ့ကြကုန်၏။

ချန်းယွင့်ဟုန် အကြီးအကျယ် ဒေါသထွက်သွားလေသည်။

"ရှီကျုံးလင် မင်းက ဒါမျိုး လုပ်ရဲသလားကွ"

အော်သံဆုံးသည်နှင့်် ကြီးမားသော လက်ကြီးတဖက်က တောင်ကြီးတတောင်ပမာ ရှီကျုံးလင်အား ဖိချလာ၏။

ရှီကျုံးလင်ကလည်း ပါးစပ်က်ို ဖွင့်ပြီး အော်ဟစ်လိုက်ရာ သူ့နောက်ကျောရှိ အနက်ရောင်မီးခိုးငွေ့များသည် ရုတ်တရက်ဆိုသလို လူပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းမှာ စုချန်း၏ အရိပ်မီးတောက်ဘီလူးနှင့် ပုံစံတူနေ၏။ သို့သော် ၎င်းသည် အရိပ်မီးတောက်ဘီလူးထက် ပို၍ ရှည်ပြီး ပို၍ အင်အားကြီးမား၏။ ၎င်းသည် ချန်းယွင့်ဟုန်၏ လက်ဝါးရိုက်ချက်အား လက်သီးနှင့် ပြန်လည် တုံ့ပြန်လိုက်ရာ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများက အရပ်ရှစ်မျက်နှာသို့တိုင် ရိုက်ခတ်သွားလေသည်။

စွမ်းအင်လှိုင်းလုံးကြီးများသည် တလုံးပြီးတလုံး ဆင့်ကာဆင့်ကာ ရိုက်ခတ်လာ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ စစ်မှန်သော စွမ်းအားနှင့် ကြုံတွေ့ရသောအခါ အရာအားလုံးသည်ပက် သေးမွှားသွားသလို ထင်ရသည်။

ယုတ်စွအဆုံး စုချန်းကိုယ်တိုင်ပင် ဤမြင်ကွင်းမျိုးကို မမြင်ဖူးပေ။ ဦးလေးဆယ့်တစ်သည်ပင် ဤစွမ်းအားမျိုးကို မဖော်ထုတ်နိုင်ခဲ့။ စုချန်း ယခု တွေ့မြင်နေရသည့် မြင်ကွင်းမှာကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ အဖျက်စွမ်းအားကို အမှန်တကယ် သရုပ်ပြနိုင်သည့် မြင်ကွင်းပေတည်း။

တကယ်တော့ ယန်ဖွင့််လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်နှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ အင်အားသည်ပင် မနှိုင်းယှဉ်နိုင်လောက်အောင် ကွာခြားနေချေသည်တကား။

ထို့ကြောင့် စုချန်းအနေနှင့် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်ကို အနိင်ယူရန် ဘယ်တုန်းခါမှ မျှော်လင့်ထားခဲ့သည် မဟုတ်ချေ။ သို့သော် ယခု တိုက်ပွဲကို မြင်တွေ့လိုက်ရတော့မှ သူ့အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိင်ခဲ့သည့်တိုင်အောင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်လက်မှ ထွက်ပြေးရန်ပင် အလွန်ခဲယဉ်းလှကြောင်း စုချန်း နားလည်သဘောပေါက်လာတော့သည်။

အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်၏ ခိုက်ရန်ဖြစ်ပွားမှုသည် တမြို့လုံးကို တုန်လှုပ်သွားစေ၏။ မြို့သူ မြို့သားအပေါင်းတို့မှာကား အငြိမ်မနေနိုင်ကြတော့ပဲ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြလေသည်။

"ကျုပ်ရဲ့ မြို့တော်ထဲမှာ ဒီလို တိုက်ခိုက်ရဲရလောက်အောင် ဘယ်သူတွေတုန်းကွ မြို့ထဲမှာ မူလတိုက်ပွဲကန့်သတ်ချက်တွေ ရှိနေတာ မသိကြဘူးလား"

ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံတသံက ဗုံးပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာ၏။ အသံရှင်မှာ အန်းစီယွမ်ပေတည်း။ ယ

အန်းစီယွမ်သည် လေထဲတွင် မတ်တပ်ရပ်လျက် ရှိ၏။ ၎င်း၏ ဦးခေါင်းပြောင်ပြောင်မှာကား နေရောင်အောက်တွင် တဝင်းဝင်းနှင့် ဖြစ်နေလေသည်။ ၎င်းသည် ရန်ဖြစ်နေသူနှစ်ယောက်အား ဒေါသတကြီးနှင့်် စိုက်ကြည့်လျက်ရှိ၏။

မူလတိုက်ပွဲကန့်သတ်ချက်ဟူသည်ကား ညဏ်ရည်မြင့်မျိုးစိတ်တိုင်းလိုလိုပင် ရေးဆွဲလေ့ရှိကြသည့် အရာတမျိုးပင်။ အလင်းတုန်ခါခြင်းနယ်ပယ်နှင့် ထိုနယ်ပယ်ထက် မြင့်မားသည့်နယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တိုင်းလိုလိုသည် မြို့တော်ထဲတွင် လုံးဝ တိုက်ခိုက်ခွင့်မရှိပေ။ အကယ်၍ တိုက်ခိုက်ပါကလည်း ၎င်းတို့၏ စွမ်းအားများကို ထိန်းချုပ်ထားရပေလိမ့်မည်။ ဦးလေးဆယ့်တစ်နှင့် သူ့ရန်သူများ တိုက်ခိုက်ရာတွင်ပင် အင်အားကို အစွမ်းကိုသုံးကြသော်လည်း စွမ်းအင်ရိုက်ခတ်မှုနှုန်းကိုကား ထိန်းချုပ်ထားကြသေး၏။ ယခု လူနှစ်ယောက်ကတော့ ဘာကိုမှ ထိန်းချုပ်ထားခြင်းမရှိပဲ အကန့်အသတ်မဲ့ တိုက်ခိုက်နေကြခြင်း ဖြစ်လေရာ အန်းစီယွမ် စိတ်ဆိုးသည်မှာ မထူးဆန်းချေ။

စကားဆုံးသည်နှင့် အန်းစီယွမ်က လက်သီးချက်တချက်ကို ဖော်ထုတ်လိုက်သည်။ သူ့လက်သီးတွင် ပါဝင်လာသည့် အင်အားမှာ ရန်ဖြစ်နေသူနှစ်ယောက်ထက် ဘယ်နည်းနှင့်မျှ နိမ့်စရာအကြောင်းမရှိချေ။

အန်းစီယွမ်၏ လက်သီးသည် ရှီကျုံးလင်ထံသို့ ဦးတည်သွား၏။ ရှီကျုံးလင်ကလည်း အခြေအနေ မကောင်းတော့မှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူ့နောက်ကျောရှိ အနက်ရောင်မီးခိုးငွေ့များကလည်း လိပ်ခွံအဖြစ် ပုံစံပြောင်းလဲသွားပြီး အန်းစီယွမ်၏ လက်သီးကို ခုခံပေးလိုက်၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။

"ကျုပ်က ကျုပ်မြေးအတွက် လက်စားလာချေတာကွ"

"မင်းဟာမင်း လက်စားချေရုံမကလို့ ဘာကြီးပဲလုပ်လုပ် ကျုပ် ဂရုမစိုက်ဘူး ဒါပေမဲ့ ဒီမြို့မှာ ကျုပ်ရှိနေသမျှ ဥပဒေတွေကိုတော့ လိုက်နာရမယ် မင်းအနေနဲ့ ကျုပ်ကို မထီမဲ့မြင် လုပ်နိုင်မယ်ဆိုရင်တောင် လောင်စန်းတနိုင်ငံလုံးကိုတော့ ဒီလိုလုပ်လို့ရမလား စဉ်းစားပေါ့ကွ"

အန်းစီယွမ်က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံနှင့် အော်ဟစ်လိုက်၏။

ဤသည်မှာပင် မြို့တော်အရှင်သခင်တဦးဖြစ်သူ အန်းစီယွမ်၏ လိမ္မာပါးနပ်မှု ဖြစ်သည်။ မြို့သူမြို့သားများအနေနှင့် မည်မျှပင် ထိတ်လန့်နေစေကာမူ ဤကမ္ဘာလောကကြီးဝယ် ဥပဒေဆိုသည့်အရာ ရှိနေသေးပြီး တစုံတဦးက သူတို့ဘက်မှ ရပ်တည်ပေးနေသေးကြောင်း အန်းစီယွမ်၏ စကားအရ သဘောပေါက်နားလည်သွားကြမည် မဟုတ်ပါလား။

လောင်စန်းနိုင်ငံဟူသော စကားကို ကြားသည်နှင့် ရှီကျုံးလင်သည် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။

"ထွီ ဟေ့ ချန်းမျိုးနွယ် ကျုပ်တို့ မပြီးသေးဘူးနော်"

စကားဆုံးသည်နှင့် သူသည် ထိုနေရာမှ အဝေးဆီသို့ လှစ်ခနဲ ပျံသန်းသွားလေသည်။

"အောင်မာ မင်းက ပြန်တောင်းပန်ရင်တောင် ငါက ခွင့်မလွှတ်သေးဘူးကွ"

ချန်းယွင့်ဟုန်က ဒေါသနှင့် ပြန်အော်လိုက်သည်။

ဤသို့ ပြောလိုက်ရခြင်းမှာ ရှီကျုံးဝေက သူ့မြေးအတွက် လက်စားလာချေခြင်းဖြစ်ကြောင်း ချန်းယွင့်ဟန် မကြား၍ မဟုတ်ချေ။ သို့သော် ရှီကျုံးဝေကို အလွယ်တကူ သွားခွင့်ပြုလိုက်ခြင်းကြောင့် သူ တခုခု မှားယွင်သွားပြီမှန်း ချန်းယွင့်ဟုန် သဘောပေါက်လိုက်ခြင်းကြောင့်ပင်။ အကြောင်းမှာ ဤနေရာတွင် လူပေါင်းစုံ ရှိနေ၏။ ဤအနေအထားက ရှီကျုံးဝေက သူ့လက်အောက်ငယ်သားများကို သတ်ဖြတ်ပြီး အလွယ်တကူ ထွက်ခွာသွားခြင်းသည် သူ့သိက္ခာကို စော်ကားလိုက်သလိုပင်။ ထို့ကြောင့် ဤသွေးကြွေးကို သူ့အနေနှင့် မဖြစ်မနေ ပြန်ဆပ်ရပေလိမ့်မည်။

အော်သံအဆုံးတွင် ချန်းယွင့်ဟုန်သည်လည်း ရှီကျုံးဝေနောက်သို့ လိုက်ပါသွား၏။ သိပ်မကြာမီ အဖိုးကြီးနှစ်ယောက်သည် လေထဲတွင် လွင့်မြောပျောက်ကွယ်သွားလေသည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲကား နောက်တနေရာတွင် ဆက်လက်ဖြစ်ပွားနေမည်မှာ သေချာသလောက်ပင်။

သူတို့နှစ်ယောက် ပျောက်ကွယ်သွားမှ စုချန်းက တောင်အတုလေးပေါ်မှ ဆင်းသက်လာ၏။ သူ့ခေါင်းထဲတွင်တော့ အတွေးများ ရှုပ်ထွေးလျက်ရှိသည်။

"သခင်"

သံမဏိက အပြေးတပိုင်းနှင့် လှမ်းလာပြီး ဂရုတစိုက်နှင့် မေးလိုက်သည်။

သံမဏိ၏ အမူအရာကို ကြည့်ရင်း စုချန်း ရယ်မောလိုက်သည်။

"ကျုပ် သူတို့ကို ကြောက်နေတယ်လို့ မင်းက ထင်လို့လား"

သံမဏိ ကြက်သေသေသွား၏။

အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်၏ တိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်၏။ စုချန်း ကြောက်မကြောက်တော့ သူ မသိ။ သူ တုန်လှုပ်သွားသည်ကတော့ အမှန်ပင်။

သို့သော် စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်၏။

"ကျုပ်ဆရာဟာလည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပဲ သူတို့အင်အား ဘယ်လိုရှိမှန်း ကျုပ်ကောင်းကောင်းသိတာပေါ့ အင်အားကြီးတာနဲ့ပဲ ကျုပ်က ကြောက်နေရမှာလား ဝေးပါသေးတယ်ကွာ ကျုပ်စဉ်းစားနေတာက အခုဆိုရင် ချန်းသခင်ကြီး ရန်သူ့နောက်လိုက်သွားတယ် အိမ်တော်မှာ သူ မရှိဘူး ကျုပ်တို့ ဒီအခွင့်အရေးကို အမိအရ ယူလိုက်ရင် ကောင်းမလားလို့ သူမရှိတုန်း ချန်းမျိုးနွယ်စုကို ကျုပ်တို့ ရှင်းပစ်လို့ရတယ်"

စုချန်း၏ စကားကြောင့် သံမဏိ တုန်လှုပ်သွား၏။

သို့သော် စုချန်း ထပ်ပြောလိုက်သော စကားကြောင့် သံမဏိ စိတ်သက်သာရသွားပြန်သည်။

"ထားလိုက်ပါကွာ ချန်းယွင့်ဟုန်လဲ သေမှမဟုတ်ဘူး ခုချိန်ဟာ တော်ဝင်မျိုးနွယ်စုတွေကို အတိအလင်း တိုက်ခိုက်ဖို့ အချိန်မတန်သေးဘူး သူတို့ကို ဒီအတို်င်း လွှတ်ထားလိုက်တာ ပိုကောင်းမှာပါ"

ထိုအချိန်တွင် သံမဏိ တကိုယ်လုံး ချွေးပြန်လျက်ရှိနေပြီ ဖြစ်သည်။

စုချန်းကား အေးအေးဆေးဆေးပင် စမ်းသပ်ခန်းအတွင်းသို့ ပြန်ဝင်သွားလေ၏။

All Chapters