ဆွဲဆောင်ခြင်း
Vol. 43 Ch. 425
ဂျီဟန်းယင်၏ စကားကြောင့် စုချန်းတယောက် ရေနွေးသီးမတတ်ပင် ဖြစ်သွား၏။ ပြီးမှသူက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကြည့်ရတာ ခင်ဗျားတို့ ကျုပ်ဆီလာတာ တကယ် မှန်သွားပြီပဲ"
ဂျီဟန်းယင် စိတ်ဝင်စားသွား၏။
"ရှင် ဘာကိုဆိုလိုတာလဲရှင့်"
ထိုအခါ စုချန်းက သူနှင့် ဝေလျန်ချန်း တွေ့ဆုံခဲပုံကို ရှင်းပြလိုက်၏။
စုချန်း၏ ရှင်းပြမှုကို နားထောင်ရင်း ဂျီဟန်းယင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
"ဒီအတိုင်းဆိုရင် သူ ဝိညာဉ်မျိုးစိတ်အုပ်စုကို တကယ်ပဲ ရှာတွေ့ခဲ့တာပေါ့"
"အင်း ဒါပေမဲ့ ကံဆိုးစွာနဲ့ သူဟာ အဲဒီအုပ်စုရဲ့ ရုပ်သေးရုပ်ဘဝကို ကျရောက်သွားပုံပဲ သူ့ရဲ့ စိတ်ဝိညာဉ်တခုလုံးဟာ ဝိညာဉ်မျိုးစိတ်တွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရပြီ ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ လူလဲဗျာ"
ဝိညာဉ်မျိုးစိတ်များသည် အလွန်နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြပြီး စိတ်ဝိညာဉ်စွမ်းအင် အလွန်ပြည့်ဝကြ၏။ ထို့ကြောင့် ၎င်းတို့သည် တစုံတယောက်ကို ကျွန်ပြုခိုင်းစေရာတွင် ဆရာကြီးများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအားသည် ချင်းလင်အာ၊ ကျူးကျွန်ကျာ့နှင့် ဇုချန်းညှို၊ တခြား မည်သူမဆိုထက် သာလွန်ကြောင်း မေးခွန်းထုတ်နေစရာ မလိုတော့ချေ။
၎င်းတို့သည် တစုံတယောက်ကို ထိန်းချုပ်ပြီး အသိညဏ်ကို ပြောင်းလဲပစ်လိုက်လေရာ နောက်ဆုံးတွင် ထိန်းချုပ်ခံရသူသည် သခင်များအတွက် သေဆိုသေ၊ ရှင်ဆိုရှင် ဖြစ်လာတော့သည်။
"စုချန်း ဒီအစုပ်ပလုတ် ဝိညာဉ်မျိုးစိတ်တွေကို ဖမ်းဆီးနိုင်ဖို့ ရှင် ကျွန်မကို ကူညီရလိမ့်မယ်"
ဂျီဟန်းယင်က ဒေါသတကြီးနှင့် စားပွဲကို လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချကာ ပြောလိုက်သည်။
ဂျီဟန်းယင် ထိုသို့ ဒေါသထွက်ခြင်းမှာ သိပ်မဆန်း။ ဝိညာဉ်မျိုးစိတ်များသည် တခြားလူများကို ကျွန်ပြုလေ့ရှိကြသဖြင့် လူတိုင်းက သူတို့အား မုန်းတီးကြသည် မဟုတ်ပါလား။
"ကောင်းပြီလေ ခင်ဗျား သဲလွန်စရပြီဆိုတာနဲ့ ကျုပ်ကိုသာ ချက်ချင်းအကြောင်းကြားပါ"
စုချန်းကလည်း သဘောတူလိုက်သည်။
တကယ်တော့ သူတို့သည် သူငယ်ချင်းများ ဖြစ်ကြ၍ ဤမျှပင် တောင်းဆိုနေရန် မလို။ ထို့ပြင် စုချန်းကလည်း ဤပြသနာမျိုးက်ို ခေါင်းရှောင်နေမည့် လူစားမျိုးမဟုတ်။
ထို့နေ ညနေခင်းမှာပင် တိမ်တိုက်ကျားသစ် ရောက်လာပြန်၏။ ထို့နောက် သူတို့လေးယောက်သည် စကားစမြည်ပြောရင်း အရက်သောက်ကြလေသည်။
အတော်လေး မူးလာသည်နှင့် စုချန်းက ကျန်းစေချွေ့အား တိုးတိုးလေး ကပ်မေးလိုက်သည်။
"ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်ရဲ့ အခြေအနေက"
ကျန်းစီချွေ့ကလည်း စုချန်းတယောက် သူနှင့် ဂျီဟန်းယင်၏ အကြောင်းကို မေးလိုက်မှန်း ချက်ချင်းသိလိုက်၏။ ထိုအခါ သူက ခါးသီးသော လေသံနှင့် ရယ်မောရင်း ပြောလိုက်သည်။
"ကျုပ်ဘက်ကသာ အရူးအမူး ဖြစ်နေတာ သူ့ဘက်ကတော့....အင်း...တကယ်တော့ ကျုပ်ရဲ့ ချစ်ခြင်းမေတ္တာဟာ ပြင်းထန်တဲ့ ရေစီးကြောင်းကြောင့် တစစီ ဖြစ်သွားရတဲ့ ပွင့်ချပ်ပွင့်လွှာတွေနဲ့ တူနေတယ်"
သူ့လေသံမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသည်။
ကျန်းစီချွေ့သည် ကျောင်းသားဘဝတည်းက ဂျီဟန်းယင်အား အရူးအမူး ကြိုက်နေသူ ဖြစ်သည်။ သို့သော် ဂျီဟန်းယင်ကတော့ ကျန်းစီချွေ့ကို သဘောကျဟန်မတူ။ အမြဲတစေ သာမာန်သာ ဆက်ဆံခဲ့၏။
အခြေအနေမှာ ယခုလည်း ဤအတိုင်းသာ။ သူ့အနေနှင့် ဂျီဟန်းယင်ကို တွေ့လို၍ အဝေးကြီးမှ လာခဲ့ရသော်လည်း သူမကတော့ သူ့ကို ဧည့်သည်တယောက်လိုသာ ဆက်ဆံနေသည် မဟုတ်ပါလား။
လူတိုင်း ကျန်းစီချွေ့၏ မေတ္တာကို သဘောပေါက်ကြ၏။ သို့သော် သူ့နှလုံးသားအတွင်း မည်မျှ ခံရခက်နေမှန်းကိုတော့ မည်သူမှ မသိချေ။
စုချန်း၏ မေးခွန်းသည် ကျန်းစီချွေ့၏ ခံစားချက်များအား ပွင့်အန်ထွက်လာစေ၏။
၎င်းကိုကြည့်ရင်း စုချန်းက ခေါင်းခါလိုက်သည်။
"ဘယ်လိုမိန်းကလေးမျိုးက ဒီလောက်ထိ ရက်စက်နိုင်မှာလဲ ကြည့်ရတာ ခင်ဗျား နည်းလမ်းမှားနေတာနဲ့ တူတယ်"
"နည်းလမ်းမှားနေတယ် ဟုတ်လား"
ကျန်းစီချွေ့ အံ့သြသွားသည်။ သို့သော် စုချန်းက ဘာမှဆက်မပြောပဲ အိမ်တော်နောက်ဘက်သို့ သွားရန် ခြေလှမ်းပြင်လိုက်သည်။
ကျန်းစီချွေ့လည်း စုချန်းနောက်သို့ အမောတကောနှင့် လိုက်ပါသွား၏။
အိမ်နောက်ဘက် ပန်းခြံသို့ ရောက်သည်နှင့် စုချန်းက စကားစလိုက်သည်။
"ဂျီဟန်းယင်ရဲ့ စိတ်နေသဘောထား ဘယ်လိုရှိသလဲဆိုတာ ခင်ဗျား သိတယ်မလား ခေါင်းမာတယ် မာနကြီးတယ် အရှုံးကို မကြိုက်ဘူး ဒီလို မိန်းကလေးမျိုးက ခပ်ပျော့ပျော့ ယောကျာ်းတွေကို မကြိုက်ဘူး ဒီလိုပြောလို့ ခင်ဗျားကို ပျော့ညံ့တယ်လို့ ပြောနေတယ် မထင်နဲ့ ဒါပေမဲ့ ခင်ဗျားဟာ သူ့ထက် သန်မာတယ်ဆိုတာတော့ ပြဖို့လိုတယ် အစွမ်းပြဖို့လိုတယ်"
"ဒါဆို ကျုပ် ဘာလုပ်ရမလဲ သူနဲ့ တိုက်ခိုက်ပြီး အနိုင်ယူရမှာလား"
ကျန်းစီချွေ့က ပြန်မေးလိုက်၏။
စုချန်း ရယ်မောလိုက်၏။
"ဒါကျ အစွမ်းပြတယ် မခေါ်တော့ဘူး ကိုယ့်သေတွင်း ကိုယ်တူးတာလို့ ခေါ်တယ် ယောကျာ်းလေးအတော်များများဟာ မိန်းကလေးတွေရှေ့မှာ သူတို့ရဲ့ အစွမ်းကို ပြချင်ကြတယ် ကျုပ်ကတော့ ဒါကို အမှားလို့ ထင်တယ် တကယ်တော့ ယောကျာ်းတွေရဲ့ စစ်မှန်တဲ့ အင်အားဟာ မိန်းမတယောက်ကို အနိုင်ယူဖို့မဟုတ်ဘူး အောင်မြင်မှုနဲ့ စစ်ဖက်ဆိုင်ရာ စွမ်းရည်တွေ အတွက်ပဲ ဖြစ်ရမယ်"
"အောင်မြင်မှုနဲ့ စစ်ဖက်ဆိုင်ရာ စွမ်းရည်တွေ ဟုတ်လား"
ကျန်းစီချွေ့ နားမလည်နိုင်ပဲ ဖြစ်နေ၏။
စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ခင်ဗျားဟာ ရွှေရောင်အပျက်အစီးသိုက်ခရီးစဉ်မှာ မပါဝင်ခဲ့ဘူး ဒါက ခင်ဗျားရဲ့ နောက်ကြောင်းရာဇဝင်ကြောင့်လဲ ဖြစ်ရင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ ဒါဟာ ခင်ဗျားအနေနဲ့ သူ့ရှေ့မှာ အစွမ်းပြနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ ဒီအခွင့်အရေးကို ခင်ဗျား လက်လွတ်ခံခဲ့တယ် ဒီတော့ စီချွေ့ ကျောင်းဆင်းလာပြီး နောက်ပိုင်းမှာ ခင်ဗျားရဲ့ အကြီးမားဆုံး အောင်မြင်မှုဟာ ဘာလဲလို့ ခင်ဗျားကိုယ် ခင်ဗျား တခါလောက် မေးဖူးရဲ့လား"
ကျန်းစီချွေ့ ပါးစပ်အဟောင်းသား ဖြစ်သွားလေပြီ။
စုချန်းက စကားဆက်ပြန်သည်။
"ခင်ဗျားရဲ့ နောက်ကြောင်းဟာ သာမာန်မဟုတ်ဘူးဆိုတာ ကျုပ်သိတယ် ဒါပေမဲ့ ဂျီဟန်းယင်လို မိန်းကလေးမျိုးက ဒါကို ဂရုစိုက်နေမယ်များ ထင်နေသလား ကျုပ်ဟာ ဘာသွေးဗီဇမှ မရှိတဲ့ သာမာန်လူပဲ ဒါတောင်မှ ကုချိန်းလွှာဟာ ကျုပ်ဘက်မှာ ရှိနေခဲ့တယ် ဂျီဟန်းယင်ကို ကျုပ် ကြိုးစားရင်လဲ ခင်ဗျားထက်တော့သာမှာပဲ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ ခုချိန်ထိ ဘာအောင်မြင်မှုမှ မရှိသေးလို့ပဲ ပြီးတော့ ကျောင်းတုန်းကလည်း ခင်ဗျားရဲ့ အင်အားကို လူတွေ မရိပ်မိအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့တယ်မလား"
စုချန်းက ကျန်းစီချွေ့၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်ပြန်သည်။
"ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့ ဇစ်မြစ်ကို လူမသိအောင် ဖုံးကွယ်ထားတာ ကောင်းပါတယ် ဒါပေမဲ့ တဖက်မှာလည်း တခုခုတော့ အောင်မြင်အောင် လုပ်ပြဖို့ လိုနေသေးတယ် ဘာအောင်မြင်မှုမှ မရှိရင် ဖုံးကွယ်ထားတယ်လို့ ခေါ်လို့ ဘယ်ရတော့မလဲ သက်သက်မဲ့ ဟန်လုပ်နေတာနဲ့ပဲ တူနေတော့မှာပေါ့"
နဂါးကျောင်းတော်တွင် နေထိုင်ခဲ့သည့် ကာလအတွင်း ကျန်းစီချွေ့၏ ထူးထူးခြားခြားစွမ်းဆောင်ရည်ဟူ၍ ဘာမှ ရှိခဲ့သည်မဟုတ်။ သို့သော် ၎င်းသည် အကြိမ်တထောင်ပြန်လည်စစ်ဆေးခြင်းခန်းမတွင် နံပါတ်သုံးနေရာ ချိတ်ခဲ့၏။ ထိုခန်းမတွင် သူ့နာမည်ကို ဖုံးကွယ်ထားသည့်တိုင် စုချန်းသည် ငပိန်းမဟုတ်ချေ။
တကယ်တော့ စုချန်းကိုယ်တိုင်လည်း ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်တတ်သူ မဟုတ်ချေ။ သူ့တွင် ကိုယ်ပိုင်ရည်မှန်းချက်နှင် ရွေးချယ်ထားသည့် လမ်းကြောင်းကိုယ်စီ ရှိထားပြီးသားပင် မဟုတ်ပါလား။ သို့သော် ကြီးမြတ်သော ကိစ္စများကို ဆောင်ရွက်လိုသည့်စိတ်ထားကတော့ သူ့တွင်လည်း ရှိနေသည်အမှန်ပင်။
ကျန်းစီချွေ့တွင်လည်း ထိုသို့သော စိတ်ထားမျိုး သေချာပေါက် ရှိလိမ့်မည်ဟု စုချန်း ယူဆထားလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်တွင် နောက်ခံသမိုင်းကြောင်းချင်းသာ ကွဲပြားခြားနားကြသော်လည်း ုပ်ဆောင်ပုံလုပ်ဆောင်နည်းကတော့ သိပ်မကွဲပြားလှပေ။
တကယ်တော့ ကျန်းစီချွေ့၏ ထိုပုံစံကိုပင် ဂျီဟန်းယင် မုန်းတီးနေခြင်း ဖြစ်သည်။
ကျန်းစီချွေ့အနေနှင့် ထိုအချက်ကို ယခင်က သတိမထားမိချေ။ ယခု စုချန်း ထောက်ပြလိုက်မှ သူ့စိတ်ထဲတွင် ညဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။ ထိုအခါ သူ့အဖြစ်မှာ အိပ်ယာမှ လန့်နိုးလာသကဲ့သို့ ရှိလေသည်။
ယခင်က သူသည် ဂျီဟန်းယင်၏ နောက်ကို တချိန်လုံး လျှောက်လိုက်နေပါက သူမ၏ အချစ်ကို ရရှိနိုင်မည်ဟု ထင်ခဲ့ဖူး၏။ ယခု စုချန်း ထောက်ပြလိုက်မှ သူ၏ ထိုအကျင့်ကိုပင် ဂျီဟန်းယင် မုန်းတီးနေမှန်း သိလိုက်ရခြင်း ဖြစ်သည်။
"ကျုပ်တို့ ယောကျာ်းတွေမှ ကိုယ်ပိုင်ပုံစံတွေ ခံယူချက်တွေ အိပ်မက်တွေ ရှိသင့်တယ် ခင်ဗျားအနေနဲ့ ခွင့်ပြုချက်မရလို့ ကြွားဝါချင်စိတ် မရှိဘူးဆိုရင်တောင် ကိုယ်ပိုင် ရွေးချယ်မှုတော့ ရှိထားသင့်တယ်မလား ခင်ဗျားအနေနဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို ရွေးချယ်မိရင်တောင် ဂျီဟန်းယင်လို မိန်းကလေးက ဒါကို ဂရုစိုက်နေမှာမဟုတ်ဘူး တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ ယောကျာ်းတွေကိုမှ သူက တကယ်မုန်းတာ"
စုချန်းက သိမ်မွေ့သောလေသံနှင့် ထပ်မံ ရှင်းပြလိုက်ပြန်သည်။
ထိုအခါ ကျန်းစီချွေ့က စုချန်းအား တလေးတစားပင် ဦးညွတ်ရင်း ပြောလိုက်၏။
"ဒီတော့ အစ်ကိုစုက ကျုပ် ဘယ်သူဘယ်ဝါဆိုတာ သိနေပြီထင်တယ် ဘာပြောပြော အစ်ကိုစုရဲ့ ထောက်ပြမှုကို ကျုပ်ကျေးဇူးတင်ပါတယ် စီချွေ့ နားလည်ပါပြီ"
ထိုအခါ စုချန်းက ကျန်းစီချွေ့၏ ပုခုံးကို တရင်းတနှီးပင် လှမ်းပုတ်ရင်း ပြောလိုက်ပြန်သည်။
"နောက်ဆုံးတော့ ခင်ဗျား နားလည်သွားပြီပေါ့"
"ဒါဆိုရင် အစ်ကိုစု ကျုပ် ဘာဆက်လုပ်သင့်သလဲ"
"အရင်ဆုံး ဂျီဟန်းယင်ကို ထားပစ်ခဲ့ သူ့နောက်က အိမ်မွေးတိရစ္ဆာန်တကောင်လို လိုက်မနေနဲ့ ခုချိန်မှာ သူက ခင်ဗျားကို မကြိုက်သေးတော့ ခင်ဗျား ဘာလုပ်လုပ် ထူးမယ်မထင်ဘူး ဒီတော့ လောလောဆယ် နောက်ဆုတ်လိုက်တာ သိပ်အဆိုးကြီးမဟုတ်ဘူးလို့ ကျုပ် ထင်တာပဲ"
"ဒါပေမဲ့ ကျုပ် သူ့ကို ထားခဲ့ရင် သူ ကျုပ်ကို မေ့သွားမှာ ကျုပ်ကြောက်တယ်ဗျ ပြီးတော့ ကျုပ်မရှိတုန်း သူ့အနား တယောက်ယောက် ကပ်လာရင်ကော"
ကျန်းစီချွေ့ တွန့်ဆုတ်ဆုတ် ဖြစ်နေ၏။
စုချန်းက မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။
"အချိန်ဆိုတာ အမှတ်တရတွေကို မှုန်ဝါးသွားစေနိုင်သလို အတိတ်က မနှစ်မြို့မှုတွေကိုလဲ လျော့ပါးသွားစေနိုင်တယ် ခုချိန်မှာ ဂျီဟန်းယင်က ခင်ဗျားကို အတော်လေး အထင်အမြင်သေးနေတယ် ကျုပ်သာဆိုရင် သူ မေ့သွားလောက်တဲ့အထိ ပစ်ထားလိုက်မယ် တနေ့ကျမှ ပြန်လာပြီး ထပ်ကြိုးစားမယ် ခင်ဗျားမရှိတုန်း တစုံတယောက် သူ့ဘေးနား ရောက်လာမှာကြောက်သလား ကျုပ်ပြောတာကို ယုံစမ်းပါ ဂျီဟန်းယင်ဟာ လူတယောက်ကို ခနလေးနဲ့ သဘောကျသွားတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး ပြီးတော့ ဒီလိုဖြစ်လာခဲ့ရင် ခင်ဗျား ရှိနေလဲ ဘာမှမထူးဘူး တဖက်လူဆီ တွန်းပို့လိုက်သလိုတောင် ဖြစ်နေအုံးမယ်"
"ဒါ တော်တော်ဆိုးနေပြီပဲ မဟုတ်ဘူးလား"
စုချန်း သက်ပြင်းချလိုက်ပြန်၏။
"လူတယောက်ရဲ့ဘဝမှ ကြောက်စရာအကောင်းဆုံးက သေခြင်းတရား မဟုတ်ဘူး အန္တရာယ်ကျရောက်လာနိုင်တယ်ဆိုတာကို သတိမမူမိခြင်းပဲ အစ်ကိုကျန်း ခင်ဗျား ခုချိန်ထိ ခင်ဗျားရဲ့အနေအထားကို သဘောမပေါက်သေးဘူးလား"
ကျန်းစီချွေ့ ခေါင်းကို အနိုင်နိုင် ညိတ်ပြရှာသည်။
"ဒီတော့ ဒုတိယအဆင့်အနေနဲ့ ကျုပ် ဘာဆက်လုပ်ရမှာလဲ"
"ကြီးကြီးမားမား တခုခု သွားလုပ်ပြီး ခင်ဗျားအပေါ် သူ့ရဲ့အမြင်ကို ပြောင်းသွားအောင် ကြိုးစားရမှာပေါ့ အစ်ကိုကျန်း ခင်ဗျားဟာ လူတော်ပါ ဂျီဟန်းယင်ကို ချန်ထားခဲ့ပြီး ခင်ဗျားရဲ့ အရည်အချင်းကို ပြသပါ ခင်ဗျား သာမာန်လူမဟုတ်ဘူးဆိုတာ သူ သဘောပေါက်သွားပါစေ"
"ဒါပေမဲ့ ခင်ဗျားလဲ ကျုပ် ဘာဆိုတာ သိနေသားပဲ ကျုပ် အလွန်အကျူး လုပ်မိလို့ရှိရင်....ကျုပ် ကြောက်တယ်..."
ကျန်းစီချွေ့က တွန့်ဆုတ်ဆုတ်နှင့် ပြောလိုက်သည်။
"ဒါကတော့ ခင်ဗျား ဘယ်လို လွန်လွန်ကျူးကျူး လုပ်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ် ခင်ဗျားရဲ့ လုပ်ရပ်မှာ သူတို့ရဲ့ထိုင်ခုံကို လုယူမဲ့ ရည်ရွယ်ချက်မျိုး ပါနေလို့ သူတို ကြောက်ကြတာမလား ဒီလိုမှမဟုတ်ပဲ ဒီရည်ရွယ်ချက်ရဲ့ ဆန့်ကျင်ဘက်လုပ်ရပ်မျိုးကိုသာ ခင်ဗျား လုပ်ခဲ့လို့ရှိရင် ခင်ဗျား ဘာလုပ်လုပ် သူတို့ ကြောက်တော့မှာ မဟုတ်ဘူး အဲဒီအစား ပျော်တောင်ပျော်နေကြအုံးမယ်"
"ခင်ဗျား ဆိုလိုတာ...."
"လွယ်ပါတယ် ဓားပြသွားလုပ်ပါ"
မြတ်စွာဘုရား...
ဖွတ်ထွက်လာမှ တောင်ပို့မှန်း ပြလိုက်သည့် စုချန်းပါတကား...