ပျက်စီးခြင်းသားရဲ
Vol. 43 Ch. 426
မှန်၏။ ဤစကားများကို စုချန်း အပင်ပန်းခံ ပြောဆိုနေရခြင်းမှာ ကျန်းစီချွေ့ တတိယမြစ်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာစေရန်ပင် ဖြစ်သည်။
လက်ရှိ လင်းယွမ်နယ်မြေ၏ အခြေအနေမှာ အတော်ပင် ရှုပ်ထွေးလှ၏။
လင်းယွမ်စိမ့်တောတွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော တိုက်ပွဲသည် ဓားပြအဖွဲ့ကြီးတိုင်းအပေါ်တွင် သက်ရောက်မှု ကြီးမားခဲ့၏။ တတိယမြစ်တပ်ဖွဲ့သည်သာချင် အဖွဲ့၏ အခြေအနေကို ထိမ်းသိမ်းထားနိုင်ခဲ့လေသည်။ ထို့ကြောင့် လက်ရှိအချိန်သည် လှုပ်ရှားရန် အကောင်းဆုံး အချိန်ပင်တည်း။
သို့သော် စုချန်းက တတိယမြစ်တပ်ဖွဲ့အား အတင်းကာရော လှုပ်ရှားစေလိမ့်မည် မဟုတ်သလို လူမြင်ကွင်းသို့လည်း ထွက်ခိုင်းအုံးမည် မဟုတ်။ အကြောင်းမှာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်များ ရောက်ချလာမည်ကို သူ ကြောက်ရွံ့နေသောကြောင့်ပင်။ တော်ဝင်မျိုးနွယ်စုများအနေနှင့် သာမာန် ဆုံးရှုံးမှုမျိုးလောက်ကို ဂရုစိုက်မည် မဟုတ်သော်လည်း ၎င်းတို့၏ အသက်သွေးကြောကို ထိခိုက်လာပါက ပြင်းပြင်းထန်ထန် တုံ့ပြန်လာနိုင်သည် မဟုတ်ပါလား။
လင်းယွမ်စိမ့်တောသည် ကုန်စည်များကို ရေလမ်းကြောင်းမှ ပို့ဆောင်နိုင်ရန် အထူးပင် အရေးပါသော နေရာဖြစ်သည်။ ဤအနေအထားတွင် ဤနယ်မြေအား အလုံးစုံ လက်လွှတ်လိုက်ရမည်ကို တော်ဝင်မျိုးနွယ်စုများဘက်မှ လုံးဝ လက်သင့်ခံလိမ့်မည် မဟုတ်။
ထို့ကြောင့် လက်ရှိအချိန်တွင် လင်းယွမ်စိမ့်တောသည် စုချန်းအဖို့ စားချင်သော်လည်း မစားနိုင်ပဲ လက်ပိုက်ကြည့်နေရသည့် အသားတုံးကြီးပမာ ဖြစ်နေတော့သည်။
တဖက်တွင်လည်း ထန်းမင်နှင့် တခြားလူများ ပြည်တော်ပြန်သွားပြီ ဖြစ်လေရာ တတိယမြစ်တပ်ဖွဲ့အနေနှင့် အတိုင်းအတာတခုထိ အားနည်းသွားသည် မဟုတ်ပါလား။ ဝူရှောက်တော့ ကျန်နေခဲ့သေးသော်လည်း သူ့အနေနှင့် တတိယမြစ်တပ်ဖွဲ့ကို တဦးတည်း ထိန်းချုပ်နိုင်ရန် မလွယ်လှချေ။
သို့သော် ၎င်း၏ နေရာတွင် ကျန်းစီချွေ့သာ ဆိုပါက အရာအားလုံးမှာ ကွဲပြားခြားနားသွားပေလိမ့်မည်။
ဂျီဟန်းယင်၏ ရှေ့မှောက်တွင် ဘာမှ မဟုတ်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကျန်းစီချွေ၏ အင်အားက ပေါ့သေးသေး မဟုတ်။ အချစ်၏ စွမ်းအင်သည် ကျန်းစီချွေ့၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုသာမက အရာအားလုံးကို ဖုံးလွှမ်းသွားပုံရ၏။ သို့သော် သူသာ ဂျီဟန်းယင်ကို စွန့်ခွာလိုက်ပါက တော်ဝင်မျိုးနွယ်စု၏ သားစဉ်မြေးဆက်တဦးပီပီ တတိယမြစ်တပ်ဖွဲ့ကို ကောင်းစွာ ဦးဆောင်နိုင်သော စွမ်းရည်မျိုး ကျန်းစီချွေ့တွင် ရှိနေ၏။ တဖက်တွင်လည်း ပင်လယ်ဓားပြခေါင်းဆောင် ဖြစ်လာခြင်းကြောင့် မျိုးနွယ်စုခေါင်းဆောင်ရာထူးကို ကျန်းစီချွေ့ လုယူလိုစိတ်မရှိဟု သူ့မျိုးနွယ်စုများအနေနှင့် ယူဆသွားမည် ဖြစ်သည်။
ထပ်ပြောရလျင် ကျန်းစီချွေ့၏ သွေးဗီဇစွမ်းရည်အရ ရေထဲမှာသာဆိုလျင် သူသည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တဦးကိုပင် ခုခံနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ကျန်းစီချွေ့သည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ကိုပင် အန်တုနိုင်စွမ်းရှိသည့် ရှားပါး ချီစွမ်းအားပညာရှင်တဦးပင်တည်း။
ထို့ကြောင့် စုချန်းသည် ကျန်းစီချွေ့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမှန်း သိသာနေခဲ့လေပြီ။ သူကား အရာအားလုံးကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်ချေသည်တကား။
စုချန်း၏ စကားကို ကြားသည်နှင့် ကျန်းစီချွေ့က တစုံတခုကို သတိရလာဟန်ဖြင့် ပြောလိုက်သည်။
"ကြည့်စမ်း ခင်ဗျားဟာ လင်းယွမ်အရှုပ်အထွေးမှာ သေချာပေါက်ပါဝင်နေပြီပဲ ထန်းမင်ရဲ့နေရာမှာ ကျုပ်ကို အစားထိုးဖို့ ခင်ဗျား ကြိုးစားနေတာ ဟုတ်တယ်မလား"
စုချန်းက ရယ်မောလိုက်သည်။
"တွေ့လား ဂျီဟန်းယင် အနားမှာ မရှိတာနဲ့ ခင်ဗျားရဲ့ ညဏ်ရည်ညဏ်သွေးတွေ ချက်ချင်း တိုးတက်လာပြီ ခင်ဗျားက ညဏ်ကောင်းပြီးသားပါ ကျုပ် ပြောတာ ခင်ဗျားအတွက် ကောင်းသလားဆိုးသလား ကျုပ် ထပ်ပြောနေစရာ မလိုတော့ဘူးထင်တယ်"
"မှန်တယ် ကောင်းသလားဆိုးသလားဆိုတာ ကျုပ် စဉ်းစားတတ်တယ် ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို တတိယမြစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်နေရာအတွက် အခကြေးငွေနဲ့ အရင်ဆုံး ကမ်းလှမ်းသင့်တာပေါ့ ခုလိုကြီးကျတော့ ကျုပ်က ခင်ဗျားအတွက် အလကား တာဝန်ထမ်းဆောင်ပေးရသလို ဖြစ်မနေဘူးလား"
စုချန်း အံ့သြသွား၏။ ကျန်းစီချွေ့ ညဏ်ကောင်းမှန်း ချက်ချင်းပင် သူ သဘောပေါက်လိုက်လေသည်။ သို့သော် သူက တမင်ပင် ပြောလိုက်၏။
"ခင်ဗျား မလုပ်ချင်ဘူးဆိုရင်လဲ ကျုပ်ပြောတာ မေ့လိုက်ပြီး ခါတိုင်းလိုပဲ ဂျီဟန်းယင်နောက်ကို လိုက်သွားပေတော့ တတိယမြစ်အဖွဲ့ကို ထိန်းချုပ်ဖို့ဆိုတာ ခင်ဗျား ရှိနေမှ မဟုတ်ပါဘူးလေ"
"မလိုဘူး ဟုတ်လား"
ကျန်းစီချွေ့က ကပျာကယာ ပြန်ပြောလိုက်၏။
"ကောင်းပြီလေ ခင်ဗျားက ကျုပ်ကို တပြားတချပ်မှ မပေးချင်ဘူးဆိုမှာတော့ အလကားပဲ လုပ်ပေးရတော့မှာပေါ့ ဒါဆိုရင် ရပြီမလား"
ကျန်းစီချွေ့အဖို့ကား ဂျီဟန်းယင်သည် ကြီးမားလှသော အားနည်းချက်ကြီးပင် ဖြစ်လေတော့သတည်း။ ဂျီဟန်းယင်၏ အသံကို ကြားလိုက်သည်နှင့် ကျန်းစီချွေ့တယောက် ခေါင်းမမာနိုင်တော့။
စုချန်းက ဘာခံစားချက်မှ မရှိသော လေသံနှင့် ပြောလိုက်ပြန်သည်။
"တတိယမြစ်တပ်ဖွဲ့ကိုရောက်ရင် ခင်ဗျားအတွက် အများကြီး အကျိုးရှိလာမှာပါ ကျုပ်ဆီက တောင်းနေလို့ ဘာထူးမှာလဲ"
"မဟုတ်သေးဘူး မဖြစ်မနေ တောင်းရမှာ တချို့တော့ ရှိနေသေးတယ်"
"ဘာများပါလိမ့်"
"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဟန်းယင်ဟာ ပါချွန်းရဲ့ အကြီးအကဲနေရာအတွက် ဝင်ပြိုင်ခဲ့တယ် ဒါပေမဲ့ သူ ရှုံးနိမ့်သွားခဲ့တယ် ဒီအတွက် သူ အတော်လေး စိတ်ပျက်နေတယ် ဒီတော့ ကျုပ်က တွေးမိတယ် ခင်ဗျားဟာ မူလစွမ်းရည်တွေကို ကိုယ့်ဟာကိုယ် ဖန်တီးနိုင်စွမ်းရှိတယ် ဒီတော့ သူနဲ့ ကိုက်ညီမဲ့ မူလစွမ်းအင် တမျိုးတလေများ ဖန်တီးပေးနိုင်မလားလို့"
ထိုစကားကြောင့် စုချန်း ဒေါသထွက်လာ၏။
"လူမိုက် ခုချိန်ထိ ဂျီဟန်းယင်အတွက် စဉ်းစားနေတုန်းပဲလား ခင်ဗျားအနေနဲ့ သူ့အတွက် နည်းနည်းပဲ စဉ်းစားပြီး ကိုယ့်အတွက် များများ စဉ်းစားရင် ဂျီဟန်းယင်ဟာ သိပ်မကြာခင် ခင်ဗျားလက်ထဲ ရောက်လာလိမ့်မယ် ခင်ဗျား ခုထိ နားမလည်သေးဘူးလား တခါတလေမှာ ကိုယ်က များများ ပေးချင်ပေမဲ့ တဖက်က အယူမတတ်ရင် နည်းနည်းပဲ ရတတ်တယ်"
ထို့နောက် သူက တမင်တကာပင် ကျန်းစီချွေ့၏ ဇက်ပိုးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ အနှီ အချစ်ရူးကိုတော့ သတိဝင်လာအောင် ဆုံးမပေးမှ ရပေတော့မည်။
ကျန်းစီချွေ့ကလည်း မြန်သည်။ လှစ်ခနဲနေအောင်ပင် ရှောင်တိမ်းပေးလိုက်သည်။ သို့သော် စုချန်းက မလျှော့။ ကျန်းစီချွေ့၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါပြီး တိုက်ခိုက်လိုက်ပြန်၏။ ထို့နောက် သူတို့နှစ်ယောက်သည် အိမ်နောက်ဘက်ဝင်းထဲတွင် အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။
လက်ဝါးချင်းရိုက်သံ၊ လက်သီးချင်း ထိခတ်သံများ ဆူညံနေ၏။ သိပ်မကြာမီ တိမ်တိုက်ကျားသစ်နှင့် ဂျီဟန်းယင်တို့ အပြေးတပိုင်း ရောက်ချလာလေသည်။ မြင်ကွင်းကြောင့် ဂျီဟန်းယင်က ထိတ်လန့်သွားပြီး ကပျာကယာ အော်ဟစ်တားမြစ်လိုက်သည်။
"ဟေ့ ရှင်တို့နှစ်ယောက် ဘာလို့တိုက်ခိုက်နေကြတာလဲ ခုချက်ချင်း ရပ်လိုက်စမ်း"
စုချန်းက ရယ်မောလိုက်သည်။
"မတွေ့တာ ကြာပြီမ်ု့ိလို့ နည်းနည်းပါးပါး စမ်းကြည့်တာပါကွာ"
သူ့လက်ထဲမှလည်း အရောင်မျိုးစုံ ထွက်ပေါ်လာပြီး ရုတ်ချည်းပင် ကျန်းစီချွေ့၏ တကိုယ်လုံးအား လွှမ်းခြုံသွားတော့သည်။
ကျန်းစီချွေ့က သူ့ယပ်တောင်ကို လှုပ်ရှားလိုက်ရာ မမြင်ရသော အားလှိုင်းတခုက စုချန်း၏ လက်အား ဘေးသို့ တွန်းထုတ်လိုက်၏။ ထိုအချိန်တွင် ကျန်းစီချွေ့က တစုံတခု ပြောဆိုရန် ပါးစပ်ဟလိုက်ရာ စုချန်းက အသံတိုးတိုးနှင့် ဖြတ်ပြောလိုက်သည်။
"ပျော့တိပျော့ညံ့ပုံစံမျိုး မပြမိစေနဲ့"
ကျန်းစီချွေ့၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သူက အော်ပြောလိုက်သည်။
"ဟန်းယင် ဝင်မရှုပ်နဲ့ ဒီနေ့တော့ ဒီငတိကို နည်းနည်းပါးပါး ပညာပေးမှ ရတော့မယ်"
ဂျီဟန်းယင် အံ့သြသွား၏။ ကျန်းစီချွေ့ထံမှ ထိုစကားမျိုး သူမ တခါမှ မကြားဖူး၍ အံ့သြသွားခြင်း ဖြစ်သည်။ တဖက်တွင်လည်း ကျန်းစီချွေ့တယောက် ဝိုင်အရက်များ အလွန်အကျွံ သောက်ထား၍ ဤမျှ သတ္တိကောင်းနေသလားဟု ထင်လိုက်မိသေးသည်။
ထိုအခါ ဂျီဟန်းယင် စိတ်မပျော် ဖြစ်သွား၏။ သို့သော် သူမ၏ စိတ်ထဲတွင်တော့ ကျန်းစီချွေ့တယောက် ယောကျာ်းဆန်လာပြီဟု ခံစားမိလိုက်လေသည်။
ဂျီဟန်းယင်ကား ပျော့ညံ့သော ယောကျာ်းများကို အနည်းငယ်မျှ သဘောကျသူမဟုတ်။ ထို့ကြောင့် ကျန်းစီချွေ့အား သူမ လစ်လျူရှုထားခြင်းပင်။ သို့တိုင်အောင် သူမက ပြောလိုက်၏။
"ရှင် သဘောကျကျ မကျကျ ကျွန်မကတော့ ဝင်ရှုပ်မှာပဲရှင့်"
စကားဆုံးသည်နှင့် သူမက လှုပ်ရှားလိုက်ရာ သူမလက်ဖဝါးအတွင်းမှ ထူထဲသိပ်သည်းသော ရေခဲထုများ တိုးထွက်လာတော့သည်။
ကျန်းစီချွေ့က ရှောင်တိမ်းရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက လေသံနှင့် ပြောလိုက်ပြန်၏။
"ရှောင်မနေနဲ့ ပြန်တိုက် ခင်ဗျား ဒီကနေ့ သူ့ကို မတိုက်နိုင်ဘူးဆိုရင် နောင်အခါ သူ့အနား ကပ်လို့ရဖို့ မစဉ်းစားနဲ့တော့"
"ဘာ"
"ကျုပ်တို့ အဖွဲ့လိုက် တိုက်မယ်ကွ"
စုချန်းက မီးလျံသိမ်းငှက်ကို စုစည်းရင်း တဆက်တည်းမှာပင် ဆူဆူညံညံအသံများကို ထိန်းချုပ်နိုင်ရန် မိတ်ဆွေဆယ်ယောက် ပုံစံတထောင် ပုံစံကွက်ကြီးကို နှိုးဆွလိုက်၏။
"ကျန်းစီချွေ့ ခင်ဗျား အင်အားအမှန်ကို ဖော်ထုတ်ပါ ကျုပ်တို့နှစ်ယောက်ကို ခင်ဗျား မတိုက်နိင်ဘူးဆိုရင် ဒီကနေ့မှာ ခင်ဗျားရဲ့ မျိုးနွယ်စုကို အရှက်ရစေလိမ့်မယ်"
ထိုစကားကြောင့် တိမ်တိုက်ကျားသစ် ကြောင်အန်းအန်း ဖြစ်သွား၏။ စုချန်းနှင့် ဂျီဟန်းယင် နှစ်ယောက်ပေါင်း၍ တိုက်ရလောက်အောင် ကျန်းစီချွေ့သည် ဘယ်မျိုးရိုးက ဆင်းသက်လာသနည်း။
ကျန်းစီချွေ့ ရယ်မောလိုက်၏။
"အစ်ကိုစုက အတင်းတောင်းဆိုနေမှတော့ ကျုပ် ကြိုးစားရတော့မှာပေါ့ဗျာ လျူယု ရေနတ်ဘုရားဝိညာဉ် ထွက်လာစမ်း"
၎င်း၏ စကားဆုံးသည်နှင့် ခြံနောက်ဘက်ရှိ ရေကန်ငယ်မှ ရေများ ဖွာခနဲ ပန်းထွက်လာ၏။ ထိုရေပန်းသည် လေထဲမှာပင် မြားများအဖြစ် ပြောင်းလဲသွားပြီး စုချန်းနှင့် ဂျီဟန်းယင်တို့ထံ ပြေးဝင်သွားတော့သည်။
ဂျီဟန်းယင်က ဟင့်ခနဲ အသံပြုပြီး မြားများအား ရေခဲလက်ဝါးဖြင့် ဖယ်ထုတ်လိုက်လေသည်။
ထိုအချိန်တွင် စုချန်း၏ မီးလျံသိမ်းငှက်ကလည်း ကျန်းစီချွေ့ထံသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ရေပန်းက ပုံစံပြောင်းလဲသွားပြီ ကျန်းစီချွေ့၏ ရှေ့တွင် တံတိုင်းအဖြစ် ကာရံလိုက်သည်။ စုချန်း၏ မီးလျံသိမ်းငှက်က ကျန်းစီချွေ့၏ ရေတံတိုင်းကို မမှုပဲ ထိုးဖောက်ဝင်ရောက်သွားလေသည်။ သို့သော် ပထမရေတံတိုင်း၏ နောက်ဝယ် နောက်ထပ် ရေတံတိုင်းတခု ထပ်မံ ပေါ်ပေါက်လာကာ စုချန်း၏ မီးလျံသိမ်းငှက်အား တားဆီးလိုက်ပြန်သည်။ မီလျံသိမ်းငှက်သည် ရေတံတိုင်း ရှစ်လွှာခန့်အထိ ထိုးဖောက်ဝင်ရောက်သွားသေးသည်။ သို့သော် ကျန်းစီချွေ့၏ ရေတံတိုင်းကား ဘယ်တော့မှ မဆုံးနိုင်တော့ဟုပင် ထင်ရ၏။ နောက်ဆုံးတွင် စုချန်း၏ မီးလျံသိမ်းငှက်သာ ပျောက်ကွယ်သွားရရှာသည်။
တချိန်တည်းမှာပင် ဂျီဟန်းယင်ကလည်း သူမ၏ ရေခဲလက်ဝါးကို ဖော်ထုတ်လိုက်၏။ ထူးထဲစွာ ကျဆင်းလာသော ရေခဲမှုန်များအကြားဝယ် စုချန်း၏ ပန်းခြံလေးသည်ပင် နစ်မြုပ်သွားတော့မယောင် ထင်ရသည်။
သို့သော် ကျန်းစီချွေ့ကား လှုပ်ပင်မလှုပ်။ ၎င်း၏ ရေပန်းကသာ ပန်းပွင့်ကြီးသဖွယ် ပြန့်ကားလာပြီး ဂျီဟန်းယင်၏ လက်ဝါးရိုက်ချက်အား ရပ်တန့်သွားစေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း တိမ်တိုက်ကျားသစ်မှာ အတော်ပင် ထိတ်လန့်သွားလေသည်။ ူသူသည် ကျန်းစီချွေ့၏ တိုက်ခိုက်ပုံအား ယခင်က မြင်ဖူးခဲ့၏။ သို့သော် လက်ရှိ တိုက်ကွက်မျိုးကိုကား တခါမှ မမြင်ခဲ့ဖူးချေ။ ယခုတွင် ကျန်းစီချွေ့သည် ယပ်တောင်ကို ပေါ့ပါးသွက်လက်စွာ ဝေ့ယမ်းကား အနီးကပ်တိုက်ခိုက်နည်းတမျိုးအား အသုံးပြုနေပြန်၏။ တခါတရံတွင်တော့ သူသည် မူလစွမ်းအင်များအား ပေါင်းစပ်အသုံးပြုလိုက်ပြန်သည်။
သို့သော် ၎င်းမှာ အပြည့်အစုံ မဟုတ်သေးချေ။
ကြည့်နေရင်းမှာပင် ကျန်းစီချွေ့၏ တိုက်ခိုက်ပုံက ပြောင်းလဲသွားပြန်၏။ သူ့ရေပန်းသည် မျက်စိတမှိတ်အတွင်းမှာပင် ပန်းသဏ္ဍာန်၊ ဓားသဏ္ဍာန်၊ လှံသဏ္ဍာန်၊ ဝိညာဉ်သဏ္ဍာန် စသဖြင့် ပုံစံမျိုးစုံ ပြောင်းလဲသွားပြီး စုချန်းနှင့် ဂျီဟန်းယင်တို့အား အဆက်မပြတ် တိုက်ခိုက်နေ၏။
တိမ်တိုက်ကျားသစ်၏ ဘဝတွင် မူလစွမ်းရည်များနှင့် ပတ်သက်လျင် စုချန်းသည်သာ အကျွမ်းကျင်ဆုံး ဖြစ်သည်။ ယခုတော့ ကျန်းစီချွေ့သည် မျက်စေ့တမှိတ်အတွင်းတွင် မူလစွမ်းရည်ဆယ်မျိုးခန့်အား ပြောင်းလဲတိုက်ခိုက်ပြီး ဖြစ်သည်။ ထိုမျှသာမက ၎င်းသည် ထိုစွမ်းရည်များကို အလွန် လျင်မြန်သော နှုန်းထားဖြင့် ပြောင်းလဲတိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ကျန်းစီချွေ့အနေနှင့် ထိုတိုက်ခိုက်နည်းများတွင် အလွန် ကျွမ်းကျင်မည်မှာ ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့။
ထိုအခါ စုချန်းနှင့် ဂျီဟန်းယင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုများသည် အချိန်တိုင်းလိုလိုတွင် အဟောသိကံသာ ဖြစ်သွားကုန်ကြောင်း တိမ်တိုက်ကျားသစ် မြင်တွေ့နေရ၏။ ကျန်းစီချွေ့ကား ချွေးပင်မထွက်သေး။
ဘာတွေ ဖြစ်ကုန်ပြီနည်း။
တိမ်တိုက်ကျားသစ်ကား မြင်ကွင်းကိုကြည့်ရင်း နားမလည်နိုင်ပဲ ဖြစ်နေရှာသည်။ ထိုအချိန်မှာပင် တစုံတခုကို သူ သတိရလာ၏။
လျူယု...ရေနတ်ဘုရားဝိညာဉ်...
တစုံတရာကို တိမ်တိုက်ကျားသစ် ချက်ချင်း သတိရသွား၏။
ထိုအချိန်မှာပင် စုချန်းသည် ၎င်း၏ ဘယ်ဖက်လက်မှ အရိပ်မီးတောက်ဘီလူးကို ဖော်ထုတ်လိုက်ပြီး ညာဖက်လက်မှ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကို အသုံးပြုလိုက်၏။ ဂျီဟန်းယင်ကလည်း သူမ၏ ရေခဲအမျိုးအစား မူလစွမ်းရည်တမျိုးကို ဖော်ထုတ်လိုက်ရာ အားကောင်းလှသော စွမ်းအင်လှိုင်းတခုက ငှက်တကောင်ပုံစံ ပြောင်းလဲကား ကျန်းစီချွေ့ထံသို့ တိုးဝင်သွား၏။
သူတို့နှစ်ယောက်ကား သူတို့၏ အားအကောင်းဆုံး နည်းစနစ်အသီးသီးကို ကိုယ်စီ ဖော်ထုတ်လိုက်ကြပြီ ဖြစ်သည်။ ကျန်းစီချွေ့ မည်သို့ ခုခံမည်နည်း။
ထိုအချိန်တွင် ကျန်းစီချွေ့၏ မျက်လုံးအစုံက ဖြတ်ခနဲ ဝင်းလက်သွား၏။ သူ့ကိုယ်တွင်းဆီမှလည်း စွမ်းအင်လှိုင်းများ ဟုတ်ခနဲ တိုးထွက်လာ၏။ သူ့ပတ်ပတ်လည်တွင်လည်း လေများ တဟူးဟူး တိုက်ခတ်လာလေသည်။ သူ့နောက်ကျောဆီမှလည်းဟအလွန် စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။
ရုတ်ချည်းလိုလိုပင် ကျန်းစီချွေ့၏ တကိုယ်လုံး ပျောက်ကွယ်သွားပြီး အလွန်နက်ရှိုင်းသော အမှောင်ထုက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။ ကြီးမားလှသော မျက်လုံးကြီးတစုံသာ ကောင်းကင်ပေါ်တွင် ပျံသန်းလျက်ရှိကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။
ထိုမျက်လုံးကြီး ပေါ်ပေါက်လာသည်နှင့် စုချန်းနှင့် ဂျီဟန်းယင်တို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်နေသည့် အသံများ လုံးဝ တိတ်ဆိတ်သွား၏။ ၎င်းမှာ အားကောင်းလှသော မုန်တိုင်းကြီးတခုက ဝန်းကျင်တခုလုံးအား တိုက်ချသွားသည်နှင့် တူလှသည်။ စုချန်းနှင့် ဂျီဟန်းယင်တို့သည်လည်း နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
"ပျက်စီးခြင်းသားရဲ"
တိမ်တိုက်ကျားသစ် ကြောက်လန့်တကြားနှင့် ထအော်လိုက်သည်။
"ပျက်စီးခြင်းသားရဲသွေးဗီဇပါကလား"