← Chapters

လမ်းခွဲ

Vol. 43 Ch. 428

လမ်းခွဲ

Vol. 43 Ch. 428

ကျန်းစီချွေ့ထံမှ သွေးအနည်းငယ် ရရှိလိုကခပြီးနောက် စုချန်းသည် သူ၏ သုတေသနလုပ်ငန်းများအတွင်း နောက်တကြိမ် နစ်မြုပ်သွားပြန်သည်။

ဤတကြိမ်တွင်တော့ သူ၏ သုတေသနလုပ်ငန်းသည် ရက်ပေါင်း၃၀တိတိပင် ကြာမြင့်၏။

ထိုရက်ပေါင်း ၃၀လုံးလုံးတွင် စုချန်းသည် မအိပ်မစားပဲ မနားမနေပင် စမ်းသပ်နေခဲ့၏။ စမ်းသပ်မှုအတွက် မြောက်များလှစွာသော အရင်းအမြစ်များကိုလည်း စုချန်း အသုံးပြုခဲ့ရလေသည်။ ကျေးဇူးတင်စရာကောင်းသည်မှာကား ကြည်လင်မြစ်မြို့တော်သည် အရင်းအမြစ်ကြွယ်ဝလှသော မြို့တမြို့ ဖြစ်နေခြင်းပင်။ ထို့ပြင် သူ့ထံသို့ အရင်းအမြစ်များ တိုက်ရိုက်ပို့ပေးနိုင်သည့် ရွာတရွာကလည်း စုချန်း လက်အောက်တွင် ရှိနေလေရာ အတော်ပင် အဆင်ပြေသည့် အနေအထားဟု ဆိုနိုင်ပေသည်။ ပိုပြီး ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းတွင် ငွေအလုံအလောက် ရှိနေခြင်းပင်။ သို့မဟုတ်ပါက ထိုငွေကြေးလောက်ဆိုလျင် မျိုးနွယ်စုငယ်လေးများပင် ဒေဝါလီခံသွားလောက်ပေ၏။

"အင်း သွေးဆူပွက်ခြင်းပျော်ရည် သုံးစက် ထည့်မယ်"

စုချန်းက ရေရွတ်လိုက်သည်။ သူ့အသံမှာ ကြမ်းရှနေ၏။ သို့သော် ကြည်လင်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော လေသံမျိုး ပေါက်နေလေသည်။

ထို့နောက် သူက လက်အစုံကို လှုပ်ရှားလိုက်ရာ အနီရောင်အရည်တချို့ သူ့လက်များအတွင်းသို့ စီးကျလာ၏။ ထိုအရည်များသည် ချက်ချင်းလိုလိုပင် အနီရောင်ဘောလုံးငယ်များအဖြစ် ပုံစံပြောင်းသွားပြီး လေထဲတွင် ပေါလောပေါ်နေ၏။ စုချန်းက မူလစွမ်းအင်နှင့် ထိန်းချုပ်ထားခြင်းပင်။

သံမဏိက စမ်းသပ်ခန်းသုံး ရှည်လျားသေးသွယ်သည့် ဖန်ပြွန်ငယ်လေးနှင့် အပြာရောင်အရည်သုံးစက်ကို ဂရုတစိုက်နှင့် စုပ်ယူလိုက်ပြီး အနီရောင်ဘောလုံးအတွင်းသို့ ထည့်လိုက်၏။

သွေးဆူပွက်ခြင်းပျော်ရည်များ ပေါင်းစပ်မိသည်နှင့် အနီရောင်ဘောလုံးငယ်သည် ရေနွေးဆူသကဲ့သို့ အပြာရောင်အမြုပ်များ ထလာ၏။

"တည်ငြိမ်အောင် ထိန်းထားစမ်းဟေ့ သံမဏိ"

စုချန်းက စိုးရိမ်ပူပန်သော လေသံနှင့် ပြောလိုက်၏။

"ယမ်းစိမ်းနည်းနည်း ထပ်ထည့်လိုက် ဒါပေမဲ့ သိပ်ပြီး မများစေနဲ့"

ထိုအခါ သံမဏိက အနီးရှိ စားပွဲအတွင်းမှ ယမ်းစိမ်းအနည်းငယ်ကို ယူလိုက်သည်။ သူ၏ ကြီးမားသန်မာလှသော လက်ချောင်းများသည် အေးဆေးတည်ငြိမ်လှ၏။ သူ့အနေနှင့် ဤစမ်းသပ်မှုကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့။

စုချန်းက ဆက်တိုက်လိုလိုပင် အမိန့်ပေးနေသည်။ သံမဏိကလည်း စုချန်း၏ အမိန့်အတိုင်း အနီရောက်ဘောလုံးငယ်အတွင်း ပါဝင်ပစ္စည်းအမျိုးမျိုးကို ထည့်သွင်းပေါင်းစပ်လျက်ရှိသည်။ အနီရောင်ဘောလုံးငယ်သည်လည်း ပုံစံမျိုးစုံနှင့် ဆူပွက်လှုပ်ရှားလျက် ရှိလေ၏။

အချိန်အတော်လေးအကြာတွင်တော့ ဆေးမျိုးစုံပေါင်းစပ်ထားသည့် အနီရောင်ဘောလုံးငယ်သည် ပကတိအတိုင်း ငြိမ်သက်သွားလေသည်။

ဤတကြိမ်တွင်တော့ ၎င်း၏ အရောင်မှာ အနီရောင်မဟုတ်တော့။ ငွေရောင်အဖြူလဲ့လဲ့ သန်းနေ၏။ စုချန်း၏ ထိန်းချုပ်မှုအောက်ဝယ် ၎င်းသည် လေထဲတွင် သတ္တုစက်လုံးငယ်ပမာ ပေါလောပေါ်လျက်ရှိလေသည်။

"ငါတို့ အောင်မြင်သွားပြီကွ"

သို့တိုင်အောင် စုချန်း၏ လေသံတွင် စိုးရိမ်မှုအနည်းငယ် ကဲလျက်ရှိနေသေး၏။

"သတ္တုမပါတဲ့ ကြွေဖန်ခွက် ဒီကို ယူလာစမ်းဟေ့"

စုချန်း၏ အမိန့်အတိုင်း သံမဏိက သတ္တုမပါသည့် ကြွေဖန်ခွက်အား ယူလာ၏။ ခွက်၏ အောက်ခြေတွင် ရွှေရောင်နှင့် ခရမ်းရောင်အနားသားများ ရှိနေလေသည်။

ထိုခွက်မှာ သာမာန်ခွက်မဟုတ်။ မူလကိရိယာတမျိုးပင် ဖြစ်သည်။ ထိုခွက်သည် တိုက်ပွဲများတွင် အသုံးမဝင်သော်လည်း ခွက်အတွင်းရှိ ပုံစံကွက်များက မည်သည့် ပစ္စည်းကိုမဆို သန့်စင်အောင် ပြုလုပ်ပေးနိုင်သော အစွမ်းရှိပေသည်။

ငွေရောင်ဘောလုံးငယ်အား ခွက်အတွင်း အံဝင်ခွင်ကျ ထည့်ပြီးမှ စုချန်းက သက်ပြင်းချလိုက်သည်။ သူ့တကိုယ်လုံးမှာလည်း အိခနဲ ပျော့ခွေသွားမယောင် ထင်ရသည်။

"ငါတို့ အောင်မြင်သွားပြီ"

စုချန်က သက်ပြင်းချရင်း ပြောလိုက်၏။

"ကျွန်တော်တို့ အောင်မြင်သွားပြီပေါ့ သခင် တော်တော်ကို မလွယ်တဲ့ ကိစ္စပဲ"

သံမဏိကလည်း ထောက်ခံလိုက်သည်။

ဤရက်ပေါင်းသုံးဆယ်အတွင်း စုချန်း ဘယ်လောက်ထိ ကြိုးပမ်းအားထုတ်ခဲ့ရသည်ကို သံမဏိ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။

"ဟုတ်တယ်ကွ ဒါ အတော်လေး ခက်တယ် ဒါပေမဲ့ ငါတို့ သွေးဗီဇဆိုင်ရာ စမ်းသပ်မှုတွေမှာ လမ်းခွဲတခုကို ရောက်သွားပြီဆိုတာ ဘယ်သူ သိနိုင်မလဲ"

စုချန်းက ပြုံးရင်း ပြောလိုက်၏။

လျှို့ဝှက်ဆန်းကြယ်မှုများသည် တခါတလေတွင် သူ့အလိုအလျောက် ဖြစ်ပေါ်လာတတ်၏။

ကောင်းကင်ဘုံက စုချန်း၏ ကျရှုံးမှုများအား သနားဂရုဏာသက်လာဟန်ဖြင့် အခွင့်အရေးတခု ပေးလိုက်ခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဇွဲရှိသူအတွက် ရရှိထိုက်သည့် ဆုလဘ်ပေတည်း။

တကယ်လည်း စုချန်း ရရှိလိုက်သည့် အခွင့်အရေးသည် ကံအားလျော်စွာ ဖြစ်ပေါ်လာခြင်းသာ။

အဖြစ်အပျက်မှာကား..

ကျန်းစီချွေ့၏ သွေးပါဝင်သည့် ဆေးတမျိုးကို စုချန်း စမ်းသပ်နေသည့်အချိန်တွင် သံမဏိသည် အမှတ်တမဲ့နှင့် ထန်းမင်၏ နတ်ဆိုးဧကရာဇ်သွေးဗီဇပါဝင်သော သွေးများကို လောင်းထည့်လိုက်မိ၏။ ထိုအခါ အမျိုးအစား မတူညီသော သွေးနှစ်မျိုးမှာ မထင်မှတ်ပဲ ရောနှောမိသွားလေသည်။

စုချန်း ဖော်စပ်နေသော ဆေးမှာလည်း ပျက်စီးသွားခဲ့၏။ သို့သော် စုချန်းက ထိုဆေးကိုပင် သူ၏ ထူးခြားသော အမြင်အာရုံနှင့် ဖြတ်ခနဲ ကြည့်မိလိုက်ပြန်သည်။

အကြည့်တချက်တည်းက ထူးဆန်းသည့်ကမ္ဘာကြီးအား စုချန်း မြင်တွေ့ခွင့်ရလိုက်လေပြီတည်း။

အကြောင်းမှာ ကျန်းစီချွေ့၏ သွေးနှင့် ထန်မင်၏ သွေးသည တူညီသော ပုံစံတမျိုးနှင့် ပေါင်းစပ်သွားသောကြောင့်ပင်တည်း။ ထိုအခါ မူလပစ္စည်းနှစ်မျိုး ပေါင်းစပ်ခြင်းကြောင့် မမျှော်လင့်နိုင်သော စွမ်းအားများ ပါဝင်သည့် နောက်ထပ် အလယ်အလတ် မူလပစ္စည်းတမျိုး ထပ်မံ ဖြစ်ပေါ်လာကြောင်း စုချန်း တွေ့ရှိလိုက်ရလေသည်။

စုချန်း အတော်ပင် အံ့သြသင့်သွား၏။ သူက သွေးဗီဇနှစ်မျိုး ပေါင်းစပ်ခြင်းကို ထပ်မံလေ့လာပြန်ရန် မရေမတွက်နိုင်သော လမ်းကြောင်းများစွာ ပေါ်ပေါက်လာကြောင်း ထပ်မံ သိရှိလိုက်ရပြန်သည်။

၎င်းမှာ ကျန်းစီချွေ့နှင့် ထန်းမင်တို့၏ သွေးဗီဇနှစ်မျိုးလုံးသည်ပင် ရေကိုအခြေခံသည့် သွေးဗီဇများ ဖြစ်နေ၍ ပေါင်းစပ်ရန် ပိုမိုလွယ်ကူခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထူးခြားသည်မှာကား အသစ်ပေါ်ထွက်လာသည့် မူလပစ္စည်းသည် အရွယ်အားဖြင့် ပိုမိုကြီးမားပြီး လေ့လာရန်၊ဖန်တီးရန် လွယ်ကူနေခြင်းပင်။

ဤနည်းအားဖြင့် ရက်ပေါင်း၃၀အတွင်းတွင် စုချန်သည် ဆေးဝါးအသစ်တမျိုးကို ဖန်တီးနိုင်ခဲ့လေသည်။

ထိုဆေးအား စုချန်းက ပမာဏမူလသွေးဗီဇဆေးရည်ဟု နာမည်ပေးလိုက်၏။

"ဒီဆေးက သွေးဝိညာဉ်ဆေးတွေနဲ့ အလားတူတယ်လို့တော့ ဆိုနိုင်တယ် ဒီဆေးကိုသောက်လိုက်ရင် မင်းမှာ သွေးဗီဇစွမ်းအင်တွေ ရရှိလာလိမ့်မယ် သွေးဝိညာဉ်ဆေးတွေနဲ့ မတူတာကတော့ သူက မင်းကို အဆင့််မြင့််စွမ်းအင်စုဆောင်းခြင်းနယ်ပယ်တွေကို တက်လှမ်းရာမှာ ဘာအကူအညီမှ မပေးနိုင်ဘူး ဒါပေမဲ့ သူ့မှာလည်း သီးခြားစွမ်းရည်တွေတော့ ရှိတာပေါ့ မင်းအနေနဲ့ ဒီဆေးကို တခြား ဘယ်ဆေးဝါးတွေနဲ့မဆို ပေါင်းစပ်သောက်သုံးနိုင်တယ် သူ့မှာ ဘာကန့်သတ်ချက်မှ မရှိတဲ့အပြင် မင်းကို အကန့်အသတ်မရှိတဲ့ အင်အားမျိုးကိုပါ ပေးလိမ့်အုံးမယ်"

"အင်မတန် ကြီးကျယ်မြင့််မြတ်တဲ့ တီထွင်မှုပါပဲ သခင်"

သံမဏိက စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ စမ်းကြည့်ဖို့လိုသေးတယ်"

စုချန်းက ခွက်အား ကောက်ယူရင်း ပြောလိုက်သည်။

"ဘယ့်နှယ်လဲ မင်းအနေနဲ့ ပထမဆုံး စမ်းမကြည့်ချင်ဘူးလား"

သံမဏိ အားရပါးရ ပြုံးလိုက်သည်။

"သံမဏိအဖို့ ဂုဏ်ယူစရာပါ သခင်"

ထို့နောက် သူက ခွက်အား လှမ်းယူပြီး အထဲရှိ ငွေရောင်ဆေးလုံးကို သောက်ချလိုက်၏။

ဆေးစွမ်းသည် သံမဏိ၏ ကိုယ်ခန္ဓာအား ချက်ချင်းပင် ပျံ့နှံ့သွား၏။ တချိန်တည်းမှာပင် ပြင်းထန်သော နာကျင်မှုကို သံမဏိ ခံစားလိုက်ရသည်။ အကန့်အသတ်မရှိသည့် အင်အားများကို ပေါ်ပေါက်စေမည့် ဤဆေးသည် ပြင်းပြသော နာကျင်မှုများကိုပါ ဖြစ်ပေါ်စေသည်တကား။

သို့သော် သံမဏ်ိကား အင်မတန် ခံနိုင်ရည်ရှိသူ ဖြစ်သည်။ မည်မျှပြင်းထန်သော နာကျင်မှုပင် ဖြစ်စေကာမူ သံမဏိသည် အသံပင် မထွက်ပဲ အံကြိတ်ခံနေ၏။

ချက်ချင်းလိုလိုပင် သံမဏိတယောက် မြေကြီးပေါ်သို့ ဘုန်းခနဲ ပစ်လဲသွား၏။ သူ့တကိုယ်လုံးတွင် ချွေးများ ရွှဲစိုလျက်ရှိသည်။ သူ့ရင်ဘတ်မှာကား ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေ၏။

စုချန်းကလည်း ၎င်းကိုအခွင့်ကောင်းယူပြီး သူ၏ ထူးခြားသော အမြင်အာရုံကို အမြင့်ဆုံးထိ နှိုးဆွကာ သံမဏိ၏ ကိုယ်တွင်းပြောင်းလဲမှုများကို လေ့လာစူးစမ်းလျက်ရှိသည်။ တချိန်တည်းမှာပင် သူက လက်ချောင်းများကို အသုံးပြုကာ သံမဏိ၏ တကိုယ်လုံးအား ပုတ်ခတ်ပေးလျက်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆေးသည် ပို၍ မြန်ဆန်စွာ ပျံ့နှံ့စေသကဲ့သို့ သံမဏိကိုလည်း ယခင်ထက် အဆပေါင်းများစွာ နာကျင်စေလေသည်။ သို့သော် ဤသို့ နာကျင်ရခြင်းမှာ ထိုက်တန်သည်ဟု ဆရာတပည့်နှစ်ယောက်လုံးက ခံယူထားကြလေသည်။

အချိန်အတော်လေး ကြာသွား၏။ သံမဏ်ိ၏ ကိုယ်ခန္ဓာမှာလည်း တဖြည်းဖြည်း ငြိမ်ကျသွားလေသည်။

ဆေးသည် သံမဏိ၏ တကိုယ်လုံးသို့ ကောင်းစွာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ရုတ်တရက်ကြည့်လိုက်လျင် သံမဏိ၏ ပုံစံမှာ ယခင်အတိုင်းဟု ထင်ရသော်လည်း ဂရုတစိုက်သာ ကြည့်မိလျင်တော့ ၎င်းထံမှ ထူးခြားသော အရှိန်အဝါတမျိုး ပေါ်ထွက်နေကြောင်း ခံစားရပေလိမ့်မည်။

အကန့်အသတ်မရှိသည့် စွမ်းအင်တခုက သံမဏိ၏ ကိုယ်တွင်း၌ တည်ရှိနေသော သမိုင်းမတိုင်မီ သားရဲကြီးတကောင်အား ဖုံးကွယ်ပေးထားသယောင် ထင်ရပေသည်။

လက်ရှိတွင်တော့ ထိုသားရဲကြီးမှာ အိပ်ပျော်လျက်ရှိ၏။ ၎င်းသာ နိုးထလာပါက ကြောက်စရာကောင်းသည့်် စွမ်းအားများက ဝုန်းဒိုင်းကြဲကာ တိုးထွက်လာတော့မည် ဖြစ်သည်။

All Chapters