ဆိုင်ဖွင့်ပြီ
Vol. 43 Ch. 429
နောက်သုံးရက်အကြာတွင်တော့ စုချန်းက သုတေသနခန်းအတွင်းမှ အပြင်သို့ ထွက်လာခဲ့၏။
စုချန်းကို မြင်သည်နှင့် လီရှုက အပြေးတပိုင်း လှမ်းလာပြီး ပြောလိုက်၏။
"သခင်တောင် အပြင်ကို ထွက်လာပြီ"
"ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာများဖြစ်သေးတုန်း"
စုချန်းက ပြန်မေးလိုက်၏။
"ဒုအုပ်ချုပ်ရေးမှုဂျီနဲ့ တိမ်တိုက်ကျားသစ်တို့တော့ သခင့်ကို လာရှာသေးတယ် ဒါပေမဲ့ အရေးကြီးပုံတော့ မရဘူး မူလဗျူရိုမှာလည်း အေးအေးချမ်းချမ်းပဲ သခင် ပြသနာတချို့ ရှိပေမဲ့ တိမ်တိုက်ကျားသစ် ဖြေရှင်းပေးလိုက်တယ် လျှို့ဝှက်အဖွဲ့က သခင့်နောက်မှာ ရှိနေကြောင်း ခုဆိုရင် လူတိုင်း သိကုန်ကြပြီ သူတို့ရဲ့ ဂုဏ်သိက္ခာက တော်ဝင်မျိုးနွယ်စုတွေအတွက်တော့ စိတ်ပူစရာပဲ"
"ကဲ အရေးကြီးတာကိုသာ ပြောစမ်းပါကွာ"
စုချန်းက အမိန့်ပေးလိုက်၏။
"ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချန်းယွင့်ဟုန် ပြန်ရောက်လာတယ် သခင်"
"ဟင် သူ မသေသေးဘူးလား"
စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်၏။
ချန်းယွင့်ဟုန် သေလိမ့်မည်ဟု တထစ်ချ မယူဆထားသော်လည်း ထိုသတင်းကြောင့် စုချန်း စိတ်ပျက်သွားသည်ကတော့ အမှန်ပင်။
"မသေဘူးသခင် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလာပုံတော့ ပေါ်တယ် ဘာကြောင့်လဲဆိုတော့ သူ ပြန်ရောက်လာတာနဲ့ တံခါးပိတ်လေ့ကျင့်မယ်လို့ သူတို့ ကြေငြာလိုက်လို့ပဲ"
"ဘာ တံခါးပိတ်လေ့ကျင့်မယ် ဟုတ်လား"
စုချန်း အံ့သြသွား၏။
"သူတို့ ပြည်သူလူထုသိအောင် ကြေငြာတာလား"
"ဟုတ်ပါတယ် သခင်"
"ဒါ လုပ်ရိုးလုပ်စဉ် မဟုတ်ဘူးကွ ဒီလူ ဒဏ်ရာ ပြင်းထန်တယ်ဆိုတာ မဖြစ်နိုင်ဘူး ထောက်ချောက်ဆင်နေတာပဲ ဖြစ်ရမယ် ဒီအချိန် သူတို့ကို ဝင်တိုက်တဲ့ ရန်သူတွေကတော့ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်တော့မှာပဲ"
လီရှု ကြက်သေသေသွား၏။ ပြီးမှ သူက ပြောလိုကသည်။
"သခင် တကယ် အမြင်စူးရှပါပေတယ် ဒါ ထောင်ချောက်အစစ်ပဲသခင် ရန်သူရှေ့မှာ အားနည်းချင်ယောင်ဆောင်တဲ့ နည်းဗျူဟာလို့ ဆိုရမှာပေါ့"
"ထားလိုက်ပါကွ သူတို့အချင်းချင်း ရန်ဖြစ်နေတာ ကျုပ်တို့အတွက် ကံကောင်းတာပဲ မင်းအနေနဲ့ ဒီအေပေါ် အခွင့်အရေးမယူနိုင်ဘူးဆိုရင် ကျုပ်တို့ လုပ်စရာ ဘာမှမရှိတော့ဘူး ဒါနဲ့ ရေလမ်းကြောင်း အခြေအနေ ဘယ်လိုလဲ"
"သခင်လေးကျန်းကတော့ ဟိုကိုရောက်သွားပြီသခင် တတိယမြစ်တပ်ဖွဲ့လည်း ပြန်ပြီး အင်အားတောင့်စ ပြုလာပြီး ရက်ပိုင်းလောက်ကပဲ ကျွန်တော် သတင်းတခု ကြားလိုက်သေးတယ် သူတို့ ဓားပြအဖွဲ့ငယ်သုံးဖွဲ့ကို ရှင်းပစ်လိုက်သတဲ့ ဒီအတိုင်းဆိုရင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ကို ထွက်လာအောင် ဆွဲဆောင်သလို ဖြစ်နေပြီ"
"မှန်တယ် ဒါပေမဲ့ ကျန်းစီချွေ့ဟာ သမိုင်းဦးမတိုင်မီ သတ္တဝါသွေးဗီဇပိုင်ရှင်ပဲ ရန်သူဟာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင် ဖြစ်နေရင်တောင် အရှင်သခင်အဆင့် သွေးဗီဇပိုင်ရှင်မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ အဆင်ပြေနိုင်ပါလိမ့်မယ် ထပ်ပြောရရင် သူ့ရဲ့ ကျောထောက်နောက်ခံကြောင့် သူရှုံးသွားရင်တောင် အသတ်ခံရမှာမဟုတ်ဘူး"
စုချန်းက အနည်းငယ်မှ စိုးရိမ်ပူပန်မှု မရှိသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သခင် ကိစ္စတခု ရှိသေးတယ်"
ဤနေရာအရောက်တွင် လီရှုက ချက်ချင်း မပြောဝံ့ပဲ တွန့်ဆုတ်ဆုတ် ဖြစ်နေ၏။
စုချန်းက လီရှုအား ဖြတ်ခနဲ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ရှိရင်လဲ ပြောလေကွာ"
"ကျွန်တော်တို့ ငွေပြတ်တော့မယ် သခင်"
"ငွေပြတ်တော့မယ် ဟုတ်လား လက်ကျန်ငွေ ဘယ်လောက်ကျန်သေးတုန်း"
စုချန်းက ပြန်မေးလိုက်၏။
"သုံးသန်းမပြည့်တော့ဘူး သခင်"
"သုံးသန်းတောင် မပြည့်တော့ဘူး ဟုတ်လား"
စုချန်းသည် ကိုင်းဟွမ်ကောင်းကင်ဘုံကို ရောင်းချခြင်းမှနေ၍ မူလကျောက်တုံး သန်း၄၀ထိ ရရှိခဲ့၏။ သပိတ်ဝင်အိတ်ဝင် ပေတည်း။ သို့သော် ထိုနောက်ပိုင်းတွင်ကား ငွေဝင်သည်ဟူ၍ မရှိတော့ပဲ အသုံးစရိတ်သာ တိုးလာခဲ့လေသည်။ စမ်းသပ်မှုများကလည်း ငွေကုန်ကြေးကျ အလွန်များသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့မူလကျောက်တုံးများ တဖြည်းဖြည်းနှင့် လျော့နည်းလာခဲ့ခြင်းပင်။
တဖက်တွင်လည်း သူ့စွမ်းအင်အဆင့်အတန်း ဆထက်တံပိုး မြင့်မားလာခဲ့ခြင်းမှာ ငွေကိုရေလိုသုံးခဲ့ခြင်းကြောင့််ဟု ဆိုနိုင်ပေသည်။ နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်များနှင့် တော်ဝင်မျိုးနွယ်စုများပင် ကျင့်ကြံခြင်းအတွက် ဤမျှများပြားသော ငွေကြေးကို သုံးစွဲမည် မဟုတ်ပေ။
ကျန်ရှိသည့် မူလကျောက်တုံး သုံးသန်းသည်ပင်လျင် လီရှုတယောက် အတော်လေး ခြစ်ကုတ်စုဆောင်ထားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
စုချန်း၏ အမူအရာ သိပ်မရွှင်ပြသည်ကို မြင်လိုက်ရ၍ လီရှုက ပြောလိုက်၏။
"ကျွန်တော် ကျိန်ရဲပါတယ် သခင် တပြားတချပ်မှ ကျွန်တော့ အိပ်ကပ်ထဲ မထည့်ရပါဘူး"
၎င်းကိုကြည့်ရင်း စုချန်း ရယ်မောလိုက်သည်။
"ကျုပ် သိပါတယ်ကွာ ကျုပ်က မင်းကို သံသယဖြစ်နေတာ မဟုတ်ပါဘူး ငွေဘယ်လို ရှာရမလဲ စဉ်းစားနေတာ"
ထို့နောက် စုချန်းက ခေတ္တ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။
"မင်း ဒီလိုလုပ် ကျန်းစီချွေ့ကို ပြောလိုက် တော်ဝင်မျိုးနွယ်စုတွေဆီက ကုန်စည်တွေကို ဒီတခေါက် အရယူပြီး ကျုပ်ဆီပို့ပေးပါလို့ ဒီကုန်စည်တွေကို ကျောက်စိမ်းနှလုံးသားကျွန်းကိုသွားပြီး ဈေးပေါပေါနဲ့ ရောင်းနေစရာ မလိုတော့ဘူး ဒီကုန်စည်တွေကိစ္စကို ဒီတခေါက် ကျုပ် ကိုင်တွယ်မယ်"
"ဘယ်လိုလုပ်မှာလဲ သခင်"
လီရှုက မေးလိုက်၏။
"ဒီလိုကွာ ကျုပ်တို့ ဆိုင်တဆိုင် ဖွင့်မယ် မင်းက ဈေးသွားပြီး ဆိုင်ဖွင့်ဖို့ နေရာကောင်းသွားရှာ ဟုတ်တယ် ကျုပ်တို့ ဆေးပစ္စည်းအရောင်းဆိုင်တဆိုင် ဖွင့််ဖို့ အချိန်တန်နေပြီ"
လက်ရှိတွင် စုချန်းသည် ခွဲခြမ်းစိတ်ဖြာနိုင်သည့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေခဲ့ပေပြီ။ ဤအဆင့်ထိ ရောက်နိုင်သော အဂ္ဂိရတ်ပညာရှင်ဟူသည်မှာ ပြင်ပကမ္ဘာတွင် အလွန်ရှား၏။ ထို့ကြောင့် ၎င်းတို့သည် လက်ဖျားတွင် အမြဲလိုလို ငွေသီးနေတတ်လေသည်။
စုချန်း၏ စကားကြောင့် လီရှု တွေခနဲ ဖြစ်သွား၏။
"ဒီအတိုင်းဆိုရင် တော်ဝင်မျိုးနွယ်စုတွေနဲ့ ပြန်တွေ့အုံးမှာပေါ့ သခင်"
စုချန်းက ပြုံးလိုက်သည်။
"ဒါပေါ့ကွာ ဒါပေမဲ့ ကျုပ်တို့မှာ တခြားရွေးစရာ ရှိသေးလို့လား တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ အကုန်လုံးကို လက်ဝါးကြီးအုပ်ပိုင်ခွင့်ရှိတယ်လို့ ဘယ်သူက ပြောထားသလဲ ဒီကောင်တွေဟာ အနောက်မြစ်တောအုပ် လင်းယွမ်စိမ့်တော ရေလမ်းကြောင်း ကြည်လင်မြစ်မြို့တော် ရှိသမျှ လုပ်ကွက်တွေကို လက်ဝါးကြီးအုပ်ထားချင်ကြတယ် ဒီလိုလုပ်လို့ ဘယ်ရပါ့မလဲ ခုချိန်ဟာ ဒီမြို့မှာ ဒီကောင်တွေနဲ့ မျက်နှာချင်းဆိုင်ရမဲ့ အချိန်ပဲ"
လီရှုက အထွန့်တက်လိုက်သည်။
"အနောက်မြစ်တောအုပ်နဲ့ လင်းယွမ်စိမ့်တောဟာ အလှမ်းဝေးတယ် သူတို့ရဲ့လွှမ်းမိုးမှုကလည်း ဒီမှာလောက်မရှိဘူး ဒါပေမဲ့ ဒီမြို့မှာ သူတို့နဲ့ စီးပွားရေးပြိုင်လုပ်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် သခင်"
စုချန်း အားရပါးရ ပြုံးလိုက်သည်။
"အန္တရာယ်ရှိသလို အကျိုးလဲရှိမှာပါကွာ ကျုပ်ပြောသလိုသာ လုပ်စမ်းပါ တခုခုဖြစ်လာရင် ကျုပ် ရှင်းမယ်"
လီရှုကား အလွန်တော်သည့် အိမ်တော်ထိန်းကြီး တဦးပင်။ သူသည် အန္တရာယ်တစုံတခု မြင်မိပါက စုချန်းအား အမြဲတစေပင် သတိပေးတတ်၏။ သို့သော် စုချန်း အမိန့်ချလိုက်ပြီးနောက်တွင်တော့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တသွေမတိမ်း ဆောင်ရွက်တော့သည်သာ။
သိပ်မကြာမီ ရက်ပိုင်းအတွင်းမှာပင် ကြည်လင်မြစ်မြို့တော်၏ လမ်းများပေါ်တွင် ဆိုင်တချို့ ပေါ်ပေါက်လာ၏။ ဆေးဝါးအရောင်းဆိုင်နှင့် ရှေးဟောင်းပစ္စည်း၊ ရတနာပစ္စည်း အရောင်းဆိုင်များပင် ဖြစ်သည်။ ထိုဆိုင်များတွင် စုချန်း ဖော်စပ်လိုက်သည့် ဆေးဝါးများနှင့် သူ ဖန်တီးလိုက်သည့် မူလကိရိယာများ၊ ရတနာပစ္စည်းများကို အဓိကထား ရောင်းချလေသည်။
မလိုလားအပ်သော ပြသနာများကို ရှောင်ရှားနိုင်ရန်နှင့် ရက်အနည်းငယ်ခန့် အေးအေးဆေးဆေး ရောင်းဝယ်ဖောက်ကားနိုင်ရန် လီရှုက ထိုဆိုင်များတွင် စုချန်း၏ နာမည်ကို လုံးဝ သုံးမထားချေ။
ဆိုင်တိုင်းလိုလိုတွင် သီးခြားအမည်နာမကိုယ်စီ ရှိနေ၏။ ဆိုင်၏ အုပ်ချုပ်ရေးမှုးများသည်ပင် သူတို့၏ သူဌေးသည် မူလဗျူရိုအကြီးအကဲဖြစ်သူ စုချန်းမှန်း မသိကြပေ။
ဆိုင်များစတင်ဖွင့်လှစ်ပြီး သိပ်မကြာမီပင် ငွေကြေးအလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။ ကြည်လင်မြစ်မြို့တော်ရှိ စုချန်း၏ စီးပွားရေးလုပ်ငန်းသည် ဤနည်းအားဖြင့်ပင် အစပြုခဲ့လေသည်။
ထိုအချိန်မှာပင် ကျန်းစီချွေ့ ဦးဆောင်သော တတိယမြစ်တပ်ဖွဲ့သည် တော်ဝင်မျိုးနွယ်စုများ၏ ကုန်စည်လှေအုပ်စုကို ဝင်တိုက်လိုက်၏။ သာမာန်အားဖြင့် တတိယမြစ်တပ်ဖွဲ့သည် တော်ဝင်မျိုးနွယ်စုများ၏ ပိုင်ဆိုင်မှုကို လုယက်ရာတွင် အထူးသတိထားလေ့ရှိပြီး တလလျင် တကြိမ်ခန့်သာ လုယက်လေ့ရှိသည်။ ဤတကြိမ်တွင်တော့ ထိုသို့မဟုတ်တော့ပဲ သုံးရက်အတွင်း သုံးကြိမ်တိုင်တိုင် တိုက်ခိုက်လိုက်၏။ ထိုအခါ တော်ဝင်မျိုးနွယ်စုများမှာ ကုန်စည် အများအပြားကို လက်လွတ်ဆုံးရှုံးလိုက်ကာ အထိနာသွားကြလေသည်။
ထိုအခါ တန်နှင့်ချီသော အရင်းအမြစ်များမှာ လီရှု၏ စီးပွားရေးလုပ်ငန်းအတွင်းသို့ တလဟော ဝင်ရောက်လာကြ၏။
ကြည်လင်မြစ်မြို့တော်သို့ ဦးတည်လာသည့် ကုန်စည်လှေတန်းကြီး သုံးရက်တိုင်တိုင် ဆက်တိုက် လုယက်ခံလိုက်ရသော အကျိုးဆက်ကြောင့် မြို့တော်တွင် ကုန်စည်များ ပြတ်လပ်ကုန်၏။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ မြို့ပေါ်ရှိ ဆိုင်များသည် ၎င်းတို့ ကုန်စည်များကို ဈေးတင်ကာ ရောင်းချကြလေသည်။ သို့သော် ဆိုင်တချို့မှာကား ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချနေလေရာ ဝယ်ယူသူအတော်များများသည် ထိုဆိုင်များအပေါ် အာရုံကျကုန်ကြ၏။
နောက်ဆုံးရလဒ်မှာကား အဆိုပါ ထူခြားသည့် ဆိုင်တချို့အား လူတိုင်းက မြန်မြန်ဆန်ဆန်ပင် သတိထားမိသွားခြင်းပင်။
တနေ့တွင် လီရှုသည် ကြီးမားသော လာဘ်လာဘ ဆိုင်အတွင်းဝယ် ထိုဆိုင်၏ လုပ်ငန်းအခြေအနေကို မေးမြန်းလျက်ရှိသည်။ ဆိုင်မှာ အသေးစားကုန်ပစ္စည်းများ ရောင်းချသော ဆိုင်ဖြစ်လေရာ တန်ဖိုးမကြီးလှသော်လည်း လူဝင်လူထွက်မှာ ရှုပ်လှ၏။
သူတို့ စကားပြောနေစဉ်မှာပင် လူမိုက်ဆန်ဆန် လူငယ်တချို့ ဆိုင်အတွင်းသို့ ဝင်ရောက်လာ၏။
လူငယ်တယောက်က အော်ဟစ်မေးမြန်းလိုက်သည်။
"ဒီဆိုင်ရဲ့ အုပ်ချုပ်ရေးမှုးက ဘယ်သူလဲဟေ့"
လီရှု ခန့်ထားသည့် အုပ်ချုပ်ရေးမှုးက ဖြေလိုက်သည်။
"ကျုပ်နာမည် ကျန်းလျူလို့ ခေါ်ပါတယ် ဘာများ အလိုရှိပါသလဲခင်ဗျာ"ူလူငယ်က သူ့ကျောပေါ်ရှိ ဓားကြီးကို ဆွဲထုတ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဘာမှမလိုဘူး ပြောစရာရှိလို့ ခုချိန်ကစပြီး ဒီဆိုင်ဟာ တစ္ဆေကျားအဖွဲ့ရဲ့ ကာကွယ်မှုအောက်ကို ကျရောက်သွားပြီ မင်းတို့ိုဆိုင်က ဒီလကစပြီး ကျုပ်တို့ကို ရွှေစင်တထောင်စီ ပေးရမယ် မင်းတို့ ဘာမှမဖြစ်အောင် ကျုပ်တို့အဖွဲ့က ကာကွယ်ပေးမယ်"