ကျားကို သုတ်သင်ခြင်း ၁
Vol. 43 Ch. 430
လက်သီးချက်ထိခတ်သံများ၊ တိုက်ခိုက်သံများအဆက်မပြတ် ပေါ်ထွက်လာ၏။
အတန်ကြာသော် အသံများ လုံးဝ တိတ်ဆိတ်သွားလေသည်။ ထိုအခါ ကျူးဟုန်က ပြောလိုက်သည်။
"ကျုပ် သူတို့ကို မောင်းထုတ်လိုက်ပြီ ဒီကောင်တွေဟာ တစ္ဆေကျားအဖွဲ့က ကောင်တွေပဲ လုပ်ရိုးလုပ်စဉ်အတိုင်း လာပြီး မိုက်ကြေးခွဲနေတာ ဒီဆိုင်ကို ဘယ်သူပိုင်မှန်း ဒီကောင်တွေ မသိဘူးနဲ့တူတယ်"
လီရှုက ရယ်မောလိုက်၏။
"အကောင်ကြီးကြီးတွေတော့ ပေါ်မလာဘူး မလောက်လေးမလောက်စားကောင်တွေကျမှ ကျုပ်တို့ တံခါးဝကို ရောက်လာရတယ်လို့"
"ဒီကောင်တွေကို ဆုံးမလွှတ်လိုက်ပြီဆိုတော့ သိပ်မကြာခင် သူ့အဖွဲ့ဝင်တွေ ထပ်ရောက်လာအုံးမယ်နဲ့ တူတယ်"
"သခင့်ကို အသိပေးထားလိုက်ပါကွာ သူ့မှာ အစီအစဉ် ရှိပါလိမ့်မယ်"
သိပ်မကြာမီ စုချန်း၏ အစီအစဉ် ဘာမှန်း သူတို့ သိလိုက်ရ၏။
စုချန်း၏ အစီအစဉ်မှာ သံမဏိပင် ဖြစ်သည်။
တစ္ဆေကျားအဖွဲ့သည် မြို့တော်တွင် ဒုတိယတန်းစား အဖွဲ့သာဖြစ်သော်လည်း သူ့အထွာနှင့်သူ ကျွမ်းကျင်ပညာရှင်တချို့ ရှိနေသည်ကတော့ အမှန်ပင်။ ထို့ကြောင့် လူအများနှင့်သာ တိုက်ခိုက်ရပါက သံမဏိအတွက် ဒုက္ခများသွားနိုင်၏။
သို့သော် စုချန်းက အဘယ်ကြောင့် မူလဗျူရိုမှ လူများအား စစ်ကူမလွှတ်လိုက်သနည်း။ အရိပ်အစေခံများအား စစ်ကူ မလွှတ်သနည်း။
အကြောင်းမှာ ဤလူဆိုးများကို သံမဏိ ကိုင်တွယ်နိုင်လိမ့်မည်ဟု စုချန်း ယုံကြည်ထားသောကြောင့်သာတည်း။
ညသည် လျင်မြန်စွာပင် ဆိုက်ရောက်လာ၏။ မြို့တော်၏ လမ်းမများပေါ်တွင်တော့ နိမိတ်မကောင်းသော အငွေ့အသက်များ ပျံ့လွင့်လျက်ရှိသည်။
တမြို့လုံးရှိ ဆိုင်များကား ပိတ်သွားလေပြီ။ စုချန်း၏ ဆိုင်တဆိုင်သာလျင် ယခုအချိန်ထိ ဖွင့်ထားလျက်ရှိလေ၏။ ဆိုင်ရှေ့တွင် ချိတ်ထားသည့် မီးအိမ်များမှ အလင်းရောင်သည် လမ်းမပေါ်သို့ ထိုးကျလျက်ရှိသည်။ ဆိုင်အတွင်းတွင်တာ့ ဆိုင်အုပ်ချုပ်ရေးမှုးနှင့် အလုပ်သမားများမှာ ကြောက်လွန်း၍ ခိုက်ခိုက်တုန်လျက် ရှိ၏။ သံမဏိနှင့် ကျူးဟုန်တို့ကတော့ ဆိုင်ပြင်တွင် ငုတ်တုတ်ထိုင်နေကြလေသည်။ လက်ရှိတွင် ကျူးဟုန်သည်လည်း ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်လေရာ အတော်လေး အင်အားရှိပြီး တိုက်နိုင်စွမ်း ရှိနေခဲ့လေပြီ။
သိပ်မကြာမီ လမ်း၏ တဖက်စွန်းဆီမှ ခြေသံအများအပြားကို သူတို့ ကြားလိုက်ရ၏။ တချိန်တည်းမှာပင် အမှောင်ရိပ်အတွင်းမှ ဓားကိုင်ထားသော လူအများအပြား တိုးထွက်လာ၏။ ၎င်းတို့၏ မျက်နှာတွင်ကား သွေးဆာသော အရိပ်အယောင်များ ယှက်သန်းလျက်ရှိသည်။
အချိန်တိုင်းလိုလိုတွင် ကြည်လင်မြစ်မြို့တော်မှ ဒုစရိုက်အဖွဲ့များသည် ဤနည်းအတိုင်းသာ ရဲရဲတင်းတင်း ဆောင်ရွက်လေ့ရှိကြသည်။ သူတို့အား တော်ဝင်မျိုးနွယ်စုများမှ ကျောထောက်နောက်ခံ ပြုပေးထားသည် မဟုတ်ပါလား။
အကြိမ်အများစုတွင်လည်း သူတို့၏ ဤနည်းဗျူဟာမှာ အလုပ်ဖြစ်လေ့ရှိလေသည်။
သို့သော် ကံမကောင်းသည့်အချိန်တွင်တော့ သူတို့သည်လည်း မရှုမလှ ခံစားရလေ့ရှိ၏။
သံမဏိသည် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး တရွေ့ရွေ့ ချည်းကပ်လာသော လူအုပ်အား စိုက်ကြည့်နေ၏။
သေချာကြည့်လိုက်တော့မှ ထိုလူအုပ်မှာ လူတရာခန့်ပင် ရှိနေ၏။ ထိုအထဲတွင် ချီစွမ်းအားပညာရှင်တချို့လဲ ပါဝင်ပေသည်။ အရေအတွက်အားဖြင့်တော့ မသေးလှချေတကား။
သံမဏိက လူအုပ်ကို ကြည့်ရင်း မနှစ်မြို့ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ သို့သော် သူသည် ယုံကြည်မှု လွန်ကဲနေသူ မဟုတ်ချေ။ ထိုအခါ သူက သတ္တုစားပိုးကောင်ကြီးကို တံခါးရှေ့တွင် ချထားပြီး ရန်သူ အလာလမ်းကို ပိတ်ဆို့ထားလိုက်၏။
"တယောက်မှ မလွတ်စေနဲ့"
တဖန် သူက လူအုပ်လာရာလမ်းအား ဦးတည်ကာ သတ္တုမှုန်တချို့ကို ဖြူးပေးထားလိုက်၏။
"ဒီကောင့်ကို အရေဆုတ်ပစ်ကြစမ်းဟေ့"
လူအုပ်ထဲမှ အသံသေးအသံကြောင်နှင့် အော်သံတချို့ ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် လူဆိုးဂိုဏ်းသားများသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြ၏။
သံမဏိကား လည်ချောင်းသံနှင့် တချက်အော်ဟစခကာ လက်တဖက်ကို မြောက်လိုက်၏။ အတော်ပင် ဝေးကွာလှသော အကွာအဝေး ဖြစ်သော်လည်း ထိပ်ဆုံးမှ ပြေးဝင်လာသော လူဆိုးသည် သံမဏိ၏ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ပေ။ ၎င်းသည် ဒလိန့်ကောက်ကွေးနှင့် လေထဲသို့ လွင့်စင်သွားရှာ၏။
လူဆိုးများကား အရှိန်မလျော့သည့်အပြင် ပို၍ပင် အားကျိုးမာန်တက် ပြေးလာကြသေး၏။
သံမဏိကား မရှောင်။ မရှောင်သည့်အပြင် အော်ပင်ဆဲလိုက်သေး၏။
"ခွေးမသားတွေ"
မရေမတွက်နိုင်သော ဓားချက်များ သံမဏိ ကိုယ်ပေါ်သို့ ကျရောက်လာရာ ကျောက်ဆောင်ကို ရိုက်ခတ်မိသကဲ့သို့ တချွံချွံ အသံများ ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် သံမဏိက သူ၏ ကြီးမားလှသော လက်ကြီးတဖက်ကို ဝေ့ယမ်းလိုက်လေရာ သူ့အား ဓားနှင့် ခုတ်လိုက်သည့် ငမိုက်သားများမှာ ကျိုးကြေလွင့်ထွက်ကုန်ကြလေသည်။
တချိန်တည်းမှာပင် သံမဏိက သူ၏ လက်သီးကို သံတူကြီးသဖွယ် အသုံးပြုကာ မြေကြီးကို ထုချလိုက်ရာ မြေငလျင်လှုပ်သကဲ့သို့ တုန်ခါမှုများ ပေါ်ပေါက်လာပြီး မြေပြင်တွင် အက်ကွဲကြောင်းကြီး ထင်သွားလေသည်။ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် လူဆိုး အတော်များများမှာ နောက်ဘက်သို့ လွင့်စင်သွားကြကုန်၏။
"ငါ့ရှေ့က ဖယ်ကြစမ်း"
ကြောက်စရာကောင်းလှသော အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး သံမဏိက လူအုပ်ထဲသို့ လက်သီးနှင့် လှမ်းထိုးလိုက်ပြန်သည်။ ပြင်းထန်သော အားလှိုင်းများကြောင့် နောက်ထပ် လူဆိုးတချို့ အသက်ပျောက်သွားကြပြန်၏။
လူဆိုးများကား အကျင့်မကောင်းသူများသာ ဖြစ်ကြလေရာ သာမာန်သိုင်းသမားများအား ရှေ့မှတင်ပြီး အလစ်ချောင်းတိုက်ခိုက်ရန် ကြံစည်နေကြခြင်းပင်။
သို့သော် သံမဏိ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများက လူဆိုးအုပ်ကြီးကို တချက်တည်းနှင့် ရှင်းမပစ်နိုင်သည့်တိုင်အောင် သူ၏ ပြိုင်ဘက်အစစ်အမှန်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန်တော့ လုံလောက်နေခဲ့လေသည်။
ထိုအချိန်တွင် သံမဏိ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော ဓားပြများအနက်မှ တယောက်က အော်ဟစ်လိုက်သည်။
"ဒီကောင့်မှာ ထူးချွန်တဲ့ စွမ်းရည်တချို့တော့ ရှိပုံရတယ် ဒါပေမဲ့ လုံလောက်တဲ့ ကျွမ်းကျင်မှုတော့ မရှိသေးဘူးကွ"
စကားဆုံးသည်နှင့် ထိုလူဆိုး၏ ကိုယ်ပေါ်မှာ သွေးကဲ့သို့ နီရဲသော အလင်းရောင်များ ထွက်ပေါ်လာ၏။ လူဆိုးကား သွေးဆူပွက်ခြင်းပညာရှင်ပေတည်း။ တချိန်တည်းမှာပင် နောက်ထပ် လူဆိုးတချို့ကလည်း ၎င်းတို့၏ အင်အားအစစ်အမှန်ကို ဖော်ထုတ်လိုက်ကြသည်။ ချီစွမ်းအားပညာရှင်တချို့ပေတည်း။
သံမဏိက စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။
"မင်းတို့ ဒီထက် လူများများ လွှတ်လိုက်သင့်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းတို့ကို ငါ အနိုင်ယူလိုက်ရင် တခြားလူတွေ ထပ်ရောက်လာအုံးမှာပါလေ"
"မင်း သေချင်နေပြီနဲ့ တူတယ်"
စကားဆုံးသည်နှင့် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်၏ ကိုယ်ခန္ဓာသည် လှစ်ခနဲ လှုပ်ရှားလိုက်၏။ သူသည် သံမဏိအနီးသို့ အလွန် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ခုန်ဝင်လာပြီး ဓားတိုလေးနှင့် သံမဏိ၏ ဝမ်းဗိုက်ကို လှမ်းထ်ိုးလိုက်လေသည်။ ထိုအချိန်မှာပင် ကျန် ချီစွမ်းအား ပညာရှင်များကလည်း ပြိုင်တူ ၎င်းတို့လက်ထဲရှိ ဓားလှံများဖြင့် သံမဏိ၏ ဝမ်းဗိုက်ကို လှမ်းထိုးလိုက်ကြလေသည်။
၎င်းမှာ တစ္ဆေကျားအဖွဲ့၏ ပူးပေါင်းတိုက်ခိုက်နည်းတရပ်ဖြစ်သည့် ကျားလည်ပင်းညှစ်ခြင်းအမည်ရ တိုက်ကွက် ဖြစ်သည်။ သင့်အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မဟုတ်လျင် ဤတိုက်ကွက်ကို ရင်ဆိုင်ရန် မလွယ်လှပေ။ နောက်ဆုတ်ရှောင်တိမ်းရန်သာ ရှိ၏။
သို့သော် နောက်ဆုတ်လိုက်သည်နှင့် အနှီ ပူးပေါင်းတိုက်ကွက်သည် ပို၍ အင်အားပြင်းထန်လာပြီး ရန်သူအား တစစီ ဆုတ်ဖြဲလိုက်ပေလိမ့်မည်။ အကယ်၍ ရန်သူသည် တချက်တည်းနှင့် မသေလျင်ပင် များစွာ အားကုန်သွားမည် ဖြစ်သည်။
ထို့ကြောင့် ကျားလည်ပင်းညှစ်ခြင်းတိုက်ကွက်သည် တစ္ဆေကျားအဖွဲ့၏ နာမည်ကျော်တိုက်ကွက်ဟု ခေါ်နိုင်၏။
သို့သော် ဤတိုက်ကွက်သည် သံမဏိနှင့်ကျခါမှ အဟောသိကံ ဖြစ်သွားရတော့သည်။
အကြောင်းမှာ သံမဏိသည် အနှီတိုက်ကွက်ကို မရှောင်တိမ်းပဲ တည့်တည့်ဝင်တိုးလိုက်ခြင်းကြောင့်ပင်။ ထိုအချိန်တွင် သံမဏိ၏ တကိုယ်လုံးသည် ရွှေရောင်များ တောက်ပနေလေရာ ရွှေရောင်ရုပ်တုတခုနှင့်ပင် တူနေသေး၏။
သံမဏိ၏ ကိုယ်ပေါ်သို့ ကျရောက်လာသော ဓားလှံများသည် အက်ဒမန်တင်းကိုယ်ခန္ဓာနှင့် တွေ့သောအခါ လုံးဝ အသုံးမဝင်တော့ပဲ ဖြစ်သွားလေသည်။ သံမဏိသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ထိပ်ဆုံးရှိ သွေးဆူပွက်ခြင်းပညာရှင်ထံသို့ ဝါလုံးခေါင်း ဝင်တိုးလိုက်၏။ အနှီ ငမိုက်သားကား ကမ္ဘဦးမတိုင်မီ သတ္တဝါကြီးတကောင်နှင့် ရင်ဆိုင်လိုက်ရသလို ကံဆိုးသွားပြီး နေရာအနှံ့တွင် သွေးများ ပြန့်ကျဲကုန်၏။
တစ္ဆေကျားအဖွဲ့၏ နာမည်ကျော် ကျားလည်ပင်းညှစ်ခြင်းတိုက်ကွက်ကို တချီတည်းနှင့် သံမဏိက ရင်ဆိုင်လိုက်နိုင်သည် ဖြစ်လေရာ တိုက်ပွဲ၏ နောက်ပိုင်းရလဒ်များကို အလွယ်တကူပင် မျှော်တွေးကြည့်နိုင်၏။
တလမ်းလုံး တစ္ဆေကျားအဖွဲ့ဝင်များ၏ အော်သံ၊ နာကျင်စွာ ငိုကြွေးသံများနှင့် သောသောညံနေခဲ့ပြီ ဖြစ်သည်။ အနီးပတ်ဝန်းကျင်မှ လူများသည် အော်သံများကြောင့် ၎င်းတို့၏ နေအိမ်များအတွင်းမှာ မကြာခနဆိုသလို ခေါင်းပြူကာ ကြည့်ရှုနေကြလေသည်။
"ငါလည်း ကြည့်မယ် ငါလည်းကြည့်မယ်"
လာဘ်လာဘဆိုင်အတွင်းမှ အစေခံများကား အထူးပင် စိတ်လှုပ်ရှားလျက် ရှိကြသည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲမျိုးကို ဤတကြိမ်သာလျင် သူတို့ မြင်တွေ့ဖူးသည် မဟုတ်ပါလား။
တိုက်ပွဲကို ကြည့်ရင်း ဆိုင်အုပ်ချုပ်ရေးမှုးက သက်ပြင်းချကာ ပြောလိုက်သည်။
"ငယ်သားတွေရော သူ့ထက်ကြီးတဲ့လူတွေရော အကုန်လုံးနဲ့ ချနေကြတာကိုး ဒီလူတွေက အင်အားလည်းများတယ် သြဇာလည်းကြီးတယ် ဒီအတိုင်းဆိုရင် ကျုပ်တို့အကြား ပြသနာက ပိုပြီး ကြီးလာတော့မယ် ဇာတ်သိမ်းမကောင်းနိုင်တော့ဘူး"
ကျူးဟုန်က ရယ်မောရင်း ပြန်ပြောလိုက်၏။
"အုပ်ချုပ်ရေးမှုးကျန်း စောင့်သာကြည့်နေစမ်းပါဗျာ ခင်ဗျား ဘာမှ မဖြစ်စေရဘူး"
သူတို့ သိပ်အကြာကြီး မစောင့်လိုက်ရချေ။ ထောင့်ချိုးတနေရာမှ လူတချို့ပေါ်လာ၏။ ဤတကြိမ်တွင်တော့ လူမများလှချေ။ ငါးယောက်၊ ခြောက်ယောက်ခန့်သာ ရှိလေသည်။
ရှေ့ဆုံးမှ လူမှာ ဓားကိုင်ထားပြီး လူကြမ်းပုံစံ ပေါက်နေ၏။
၎င်းက သံမဏိကို အရိုအသေပေးရင်း ပြောလိုက်သည်။
"ဒီက ပုဂ္ဂိုလ်ဟာ ဘယ်သူများပါလိမ့် ကျုပ်တပည့်တွေဟာ သိပ်ပြီး အသိညဏ်မဲ့...."
သို့သော် သံမဏိက လက်ကာပြရင်း စကားဖြတ်ပြောလိုက်၏။
"မင်းတို့ပြောမှာကို ငါ သိတယ် မင်းတပည့််တွေဟာ မိုက်မဲတယ် ဒါဟာ သူတို့အပြစ်ပဲ ဒါပေမဲ့ မင်းတပည့်တွေကို ဒဏ်ရာရအောင် လုပ်ထားတဲ့အတွက်တော့ ငါက မင်းကို တောင်းပန်ရမယ် ဒီလို ပြောမလို့မဟုတ်လား"
ဓားကိုင်ထားသောလူ ကြောင်အန်းအန်း ဖြစ်သွား၏။ သံမဏိက ရယ်မောရင်း ထပ်ပြောလိုက်ပြန်သည်။
"ကြည့်ရတာ မင်းတို့လဲ ဒီပွဲမှာ ဝင်ကစားချင်ပုံရတယ် ကဲ ရောက်လာမှတော့ အချိန်ဖြုန်းမနေနဲ့ မြန်မြန်သာ ကြွခဲ့ပါတော့ကွာ"
စကားဆုံးသည်နှင့် သူ့နောက်ကျောဆီမှ ကြီးမားသော အရိပ်တခု တိုးထွက်လာ၏။