← Chapters

ကျားကိုသုတ်သင်ခြင်း ၂

Vol. 44 Ch. 431

ကျားကိုသုတ်သင်ခြင်း ၂

Vol. 44 Ch. 431

တစ္ဆေကျားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကျင်ဟွန်းယီသည် သူ့လက်အောက်ငယ်သားများနှင့် မတူပဲ ညဏ်ထက်သလောက် စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။

တတောင်ထက်မြင့်သော နောက်ထပ် တောင်တစ်တောင်ဟူသည် အမြဲတစေ ရှိနေတတ်မှန်း ကျင်ဟွန်းယီ ကောင်းကောင်းနားလည်သဘောပေါက်ထား၏။ သူကိုယ်တိုင်ကမူ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်ဖြစ်သော်လည်း ကြည်လင်မြစ်မြို့တော်ရှိ လူများက သူ့အား ရှင်းပစ်နိုင်ကြောင်း သူ သိရှိထားသည် မဟုတ်ပါလား။

ထို့ကြောင့် ကျင်ဟွန်းယီသည် ပင်ကိုယ်သဘာဝအားဖြင့် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သော်လည်း အကင်းပါးသူတဦးဟု သတ်မှတ်နိုင်သည်။ သူသည် ဘယ်သောအခါမှ စကားကို လက်လွတ်စပယ် မပြောတတ်ပေ။

သို့သော် ရန်သူက စကားတခွန်းမှ ပြန်မပြောပဲ ချက်ချင်း တိုက်ခိုက်လာသောအခါ ကျင်ဟွန်းယီ အံ့သြသွား၏။ တချိန်တည်းမှာ ပြင်းထန်စွာ ဒေါသထွက်လာတော့သည်။ ရန်သူသည် မည်သူမည်ဝါများ ဖြစ်နေသနည်း။ သူတို့ထက်ပင် လူမိုက်ဆန်နေသေးချေသည်တကား။

သို့သော်ငြားလည်း သူသည် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။

သူ့နောက်ကျောဆီမှ အနက်ရောင်ကျားကြီးတကောင်၏ ပုံရိပ် ထွက်ပေါ်လာ၏။ အနက်ရောင်မီးလျံကျားပေတည်း။

တစ္ဆေကျားအဖွဲ့၏ တခြားခေါင်းဆောင်များနှင့် မတူသည်မှာကား ကျင်ဟွန်းယီ၏ သွေးဗီဇမှာ သန့်စင်သော သွေးဗီဇ ဖြစ်၏။ ထို့ပြင် သူသည် အနက်ရောင်မီးလျံကျားမျိုးနွယ်စု၏ မျိုးနွယ်စုဝင်တယောက်လည်း ဖြစ်လေသည်။ သူ့အကိုတယောက်၏ ဇနီးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်မိသည့် အပြစ်ကြောင့်သာ ကြည်လင်မြစ်မြို့တော်သို့ ထွက်ပြေးလာပြီး တစ္ဆေကျားအဖွဲ့ကို တည်ထောင်ခဲ့ခြင်းပင်။ သူ့ပြစ်မှုအတွက် သူ့မျိုးနွယ်စုသည် ယခုတိုင် ကျင်ဟွန်းယီအား လိုက်ရှာလျက်ရှိနေဆဲ။

ထို့ကြောင့် ကျင်ဟွန်းယီ၏ အင်အားမှ မသေးလှ။ သို့သော် သူ၏ ကျဉ်းမြောင်းသောစိတ်ဓာတ်၊ လောဘကြီးမှုနှင့် အဖွဲ့ဝင်များ၏ အရည်အချင်းနိမ့်ပါးမှုကြောင့် တစ္ဆေကျားအဖွဲ့သည် ဘယ်သောအခါမှ အင်အားကြီးမလာခဲ့ပေ။ သို့သော် ကျင်ဟွန်းယီ၏ တဦးတည်းအင်အားကမူ ကြည်လင်ခြင်းအဖွဲ့မှ လီယွဲ့ထက် သာပေ၏။

"အနက်ရောင်မီးလျံကောင်းကင်လက်သီးကွ"

ကျင်ဟွန်းယီက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ရာ အနက်ရောင်အခိုးအငွေ့များက သံမဏိဆီသို့ တဟုန်ထိုး ပျံ့လွင့်လာ၏။

၎င်းကိုကြည့်ရင်း သံမဏိ ပြုံးလိုက်သည်။

"ကြည့်ရတာတော့ မဆိုးဘူး ထင်တယ်"

စကားဆုံးသည်နှင့် သူက လက်တဖက်ကို အေးတိအေးစက် အမူအရာနှင့် မြှောက်လိုက်သည်။

ယခုအချိန် မတိုင်ခင်ထိ သံမဏိကား သာမာန်သိုင်းသမားတယောက်ပမာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကိုသာ အသုံးပြုလျက် ရှိနေသေး၏။

သို့သော် ဤတကြိမ်တွင်တော့ သံမဏိ၏ တုံ့ပြန်မှုက များစွာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။ လက်တဖက်မြှောက်လိုက်သည်နှင့် ၎င်း၏ နောက်ကျောရှိ အရိပ်သည် ပို၍ ကြီးထွားသန်မာလာ၏။ သူ့ကိုယ်တွင်းမှလည်း သွေးကဲ့သို့ နီရဲသော အခိုးအငွေ့များ စိမ့်ထွက်လာလေသည်။

အဆိုပါ အနီရောင်အခိုးအငွေ့များသည် သံမဏိ၏ အရေပြားအက်ကွဲရာများအတွင်းမှ တိုးထွက်လာဟန်တူပြီး ရုပ်တရက်ကြည့်လျင် သံမဏိတကိုယ်လုံး မီးတောက်လောင်နေသကဲ့သို့ ထင်ရ၏။ အတန်ကြာသော် ၎င်းမီးခိုးများသည် သံမဏိ၏ လက်အတွင်း စုစည်းလာပြီး အနီရောင် ပါးစပ်ပေါက်ကြီးသဖွယ် ဖြစ်ပေါ်လာ၏။

"ဒါ...ဒါ..."

ကျင်ဟွန်းယီ အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် အနီရောင်ပါးစပ်ကြီးသည် ကျင်ဟွန်းယီ၏ အနက်ရောင်အခိုးအငွေ့များအား တချက်တည်းနှင့် ဝါးမြိုလိုက်၏။ မျက်စေ့တမှိတ်အတွင်းမှာပင် ကျင်ဟွန်းယီ၏ အနက်ရောက်အခိုးအငွေ့များ အစအနပင် မကျန်ပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျင်ဟွန်းယီ သွေးပျက်သွား၏။

အနီရောင်ပါးစပ်ကြီးကား အနက်ရောင်အခိုးအငွေ့များကို ဝါးမြိုစားသောက်ပြီးသည်နှင့် သံမဏိ၏ ညာလက်သို့ ထူထည်းသိပ်သည်းစွာ ပြန်လည်စုစည်းသွားပြန်သည်။

"မင်းအလှည့်ပြီးပြီဆိုတော့ ငါ့အလှည့်ပေါ့ကွာ"

သံမဏိက ဟက်ခနဲ တချက်ရယ်ပြီး ညာလက်ကိုမြောက်ကာ လက်သီးဖြင့် ထိုးချလိုက်၏။

ထိုအခါအနီရောင်မီးတောက်များသည် သံမဏိ၏ လက်အတွင်းမှနေ၍ စပါးကြီးမြွေတကောင်ပမာ တွန့်လိန်ခွေခေါက်ကာ တဟုန်ထိုး တိုးထွက်လာလေသည်။

ကျင်ဟွန်းယီ အသည်းတုန်မတတ် ကြောက်လန့်သွားကာ ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလိုက်သည်။

"ခွေးမသားတွေ ဘာရပ်ကြည့်နေကြတာတုန်း အကုန်ဝင်တိုက်ကြစမ်း"

ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ စပါးကြီးမြွေတကောင် အောက်သို့နိမ့်ဆင်းလာသော အနီရောင်မီးခိုးတန်းကြီးသည် ချက်ချင်းဆိုသလို မြားများအဖြစ် ပုံစံပြောင်းလဲသွားပြီး ရှေ့သို့ တဟုန်ထိုး ပျံသန်းလာတော့သည်။

ကျန်းစီချွေ့သာ ဤနေရာတွင် ရှိနေပါက သံမဏိအသုံးပြုလိုက်သည့် နည်းစနစ်သည် သူ့သွေးဗီဇနှင့် ဆင်တူနေကြောင်း သေချာပေါက် ပြောနိုင်ပေလိမ့်မည်။

ရေအစား သံမဏိက သွေးချီစွမ်းအင်ကို အစားထိုး အသုံးပြုထားခြင်းသာ ကွာခြားနေ၏။ ဤသည်မှာပင် စုချန်း၏ ဖန်တီးမှုပေတည်း။ ဤနည်းစနစ်ကို စုချန်းက သွေးမိစ္ဆာအစုအဝေးဟု နာမည်ပေးထား၏။ သို့သော် သံမဏိ၏ ပင်ကိုယ်အားကြောင့် မီးခိုးမြားများသည် မူလရေလှိုင်းမြားများထက်ပင် ပို၍ အင်အားပြင်းထန်နေပေသေးသည်။

အနီရောင်မီးခိုးမြားများကား တစ္ဆေကျားအဖွဲ့၏ ချီစွမ်းအားပညာရှင်များထံသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြ၏။

တစ္ဆေကျားအဖွဲ့သားများသည် အကာအကွယ်များ အသီးသီး ပြင်ဆင်ထားသော်လည်း သံမဏိ၏ အနီရောင်မြားများ ဝင်ရောက်လာသည်နှင့် အသံမျိုးစုံ ထွက်ပေါ်လာပြီး စတင်ပျက်စီးစ ပြုလာ၏။ သိပ်မကြာမီ အနှီ အတားအဆီးများ အားလုံးသည် မျက်စေ့တမှိတ်အတွင်းမှာပင် ပျက်စီးကုန်ကြလေသည်။

ထိုအချိန်မှာပင် သံမဏိသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လက်ကြီးတဖက်ကို ဆန့်ထုတ်လိုက်ပြန်ရာ သူ့ကိုယ်တွင်းမှ နောက်တကြိမ် ထွက်ပေါ်လာသော အနီရောင်အခိုးအငွေ့များသည် လက်သီးပုံသဏ္ဍာန်အဖြစ်ပြောင်းလဲသွားကြောင်း တစ္ဆေကျားအဖွဲ့သားများ မြင်တွေ့လိုက်ရ၏။ ယ

သံမဏိ၏ တိုက်ကွက်မှာ အဝေးရောက်တိုက်ကွက်ပင် ဖြစ်သော်လည်း အင်အားမှာ ကြောက်စရာကောင်းလှ၏။ သွေးချီစွမ်းအင်များ အသုံးပြုထားခြင်းကြောင့် အရှိန်အဟုန်ကလည်း မြန်ဆန်လှသည်။ လက်သီးကား ကျန်ဟွန်းယီထံသို့ ဦးတည်နေခဲ့လေသည်။

"ပျံသန်းခြင်းရွှေရောင်ခေါင်းလောင်းကွ"

ကျင်ဟွန်းယီက ထအော်လိုက်သည်။ အော်သံနှင့််အတူ သူ့ပတ်ပတ်လည်တွင် ရွှေရောင်ခေါင်းလောင်းသဏ္ဍန် ဖြစ်ပေါ်လာပြီး သံမဏိ၏ လက်သီးချက်ကို ပိတ်ဆို့လိုက်၏။

"မဆိုးဘူး"

သံမဏိက အားရပါးရ ရယ်မောပြီး လက်ကို ပြန်ရုတ်ကာ နောက်တကြိမ် လက်သီးနှင့် ထိုးချလိုက်ပြန်သည်။

တချိန်တည်းမှာပင် သူက အော်ဟစ်လိုက်သေး၏။

"ငါ့လက်သီးတွေကို မင်း ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ကြည့်အုံးမယ်"

သံမဏိ၏ လက်သီးချက်များက ကျင်ဟွန်းယီထံသို့ အဆက်မပြတ် တိုးဝင်လာပြီ ဖြစ်သည်။

ကျင်ဟွန်းယီ အတော်ပင် ထိတ်လန့်သွား၏။ သံမဏိ၏ ပထမလက်သီချက်သည်ပင် ပြင်းထန်လွန်းလှပြီ ဖြစ်လေရာ သူ့အနေနှင့် ရေရှည် မည်သို့ ခုခံနိုင်ပါမည်နည်း။

တကယ်တော့ ကျင်ဟွမ်းယီ၏ ရွှေရောင်ခေါင်းလောင်းသည် ခံစစ်အရာတွင် အတော်ပင် ကောင်းမွန်သည့်နည်းစနစ် ဖြစ်သော်လည်း သံမဏိ၏ ပေါက်ကွဲအား ပြင်းထန်လှသည့် လက်သီးများ အဆက်မပြတ် တိုးဝင်လာချိန်တွင်တော့ မခံနိုင်တော့။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တစစီ ပျက်စီးသွားတော့သည်။

ထိုအချိန်မှာပင် ကျင်ဟွန်းယီ၏ ကိုယ်တွင်းမှ အနက်ရောင်အခိုးအငွေ့များက ကျားကြီးတကောင်သဏ္ဍာန် ထွက်ပေါ်လာပြီး သံမဏိထံသို့ ခုန်ဝင်သွား၏။

သံမဏိကလည်း ချက်ချင်းလိုလိုပင် အနီရောင်အခိုးအငွေ့များအား ဒိုင်းကာအဖြစ်ပြောင်းလဲကာ ကျန်ဟွန်းယီ၏ တိုက်ခိုက်မှုကို ခုခံပေးလိုက်၏။

ဤတကြိမ်သည်ကား တိုက်ပွဲစဉ်တလျှောက်လုံး ပထမဆုံးအကြိမ် သံမဏိဘက်မှ ခံစစ်သုံးလိုက်ရခြင်းပင်။

ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဟူသည်ကား တကယ်ပင် စွမ်းရည်ကြီးမားချေသည်တကား။ လက်ရှိ သံမဏိ၏ အနေအထားအရ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟုတော့ မမျှော်လင့်သင့်ချေ။

ထိုအချိန်တွင် ကျင်ဟွန်းယီက အရူးတယောက်ပမာ အော်ဟစ်လိုက်ပြန်သည်။

"ဒီကောင့်ကို မကြောက်ကြနဲ့ဟေ့ ဒီကောင် အင်အားကြီးပေမဲ့လို့ သွေးချီစွမ်းအင်ကို ထုတ်သုံးနေတာ ဒီအတိုင်းဆိုရင် ဒီကောင် ကြာကြာ တောင့်မခံနိုင်ဘူး"

ကျင်ဟွန်းယီကား ညဏ်ကောင်းသူဖြစ်ကြောင်း သိသာနေခဲ့လေပြီ။ အချိန်တိုအတွင်းမှာပင် သူသည် သံမဏိ၏ အားနည်းချက်ကို ရှာတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။

တကယ်လည်း ကျင်ဟွန်းယီ၏ စကားက ချွင်းချက်မရှိ မှန်ကန်ပေသည်။ သံမဏိ၏ သွေးမိစ္ဆာအစုအဝေးသည် အင်အားကြီးမားသော်လည်း အချိန်တိုင်းလိုလိုတွင် သွေးချီစွမ်းအင်များကို ထုတ်သုံးရေသဖြင့် ရေရှည်တွင် သံမဏိအတွက် မလွယ်လှ။ သူ့အနေနှင့် အချိန်တိုအတွင်း ရန်သူများကို သုတ်သင်နိုင်မှ အဆင်ပြေပေလိမ့်မည်။

ကျင်ဟွန်းယီကိုယ်တိုင်လည်း သံမဏိ ထိုအခြေအနေဆိုက်သည်အထိ တောင့်ခံနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားလေသည်။

သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်အနေနှင့် သွေးချီစွမ်းအင် ဘယ်လောက်များ ရှိနိုင်ပါအံ့နည်း။

ကြည်လင်မြစ်မြို့တော်ရှိ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များအနက် ယန်ဖွင့်လှစ်ခြင်းပညာရှင်ကို အနိုင်ရနိုင်သူဟူ၍ အရေအတွက် အနည်းငယ်သာ ရှိပေသည်။ သူ့ရန်သူသည် ထိုအရေအတွက် အနည်းငယ်ထဲတွင် ပါဝင်နိုင်ပါအံ့လော။ ထပ်ဖြည့်ပြောရလျင် သူ၏ သွေးဗီဇမှာ သန့်စင်သော သွေးဗီဇ ဖြစ်သည်။ ထို့ပြင် သူ့ဘေးနားတွင် ကူညီပေးမည့် လက်အောက်ငယ်သားများလည်း ရှိနေသေး၏။

ထိုကဲ့သို့သော အကြောင်းတရားများစွာကြောင့် သူ့သာလျင် အနိုင်ရရှိသူဖြစ်လိမ့်မည်ဟု ကျင်ဟွန်းယီက တသမတ်တည်း ယုံကြည်ထားလေသည်။

ထို့နောက် ကျင်ဟွန်းယီသည် သူ့အင်အားကို အဆုံးထိ မြှင့်တင်လိုက်ရာ အနက်ရောင်အခိုးအငွေ့များ ပို၍ ထူထပ်သိပ်သည်းလာ၏။ တချိန်တည်းမှာပင် သူက ရွှေရောင်ခေါင်းလောင်းကို ထန်ကုန် ဖော်ထုတ်ထားလိုက်လေသည်။ သူ၏ နောက်လိုက်ငယ်သားများမှာလည်း သူ့ဆရာ၏နည်းအတိုင်း ၎င်းတို့၏ အင်အားများကို အစွမ်းကုန် ထုတ်သုံးလိုက်ကြ၏။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ပေါ်ပေါက်လာပြီး ကြည်လင်မြစ်မြို့တော်၏ ကောင်းကင်ယံသည်ပင် သိမ့်သိမ့်တုန်သွားသည်ဟု ထင်မှတ်ရလေသည်။ သို့သော် စုချန်းထံမှ ပြတ်သားသော အမိန့် ရရှိထားသည်ဖြစ်၍ မူလဗျူရိုမှ တဦးတလေပင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပေ။

တိုက်ပွဲ၏ ရေချိန်မှာကား အမြင့်မားဆုံးသော အနေအထားသို့ ရောက်ရှိလာခဲ့ပေပြီ။ သံမဏိသည် အနီရောင်မြူခိုးများသည် အကြိမ်ပေါင်းများစွာ ဖော်ထုတ်ပြီး သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။

နောက်ဆုံးတွင် ကျင်ဟွန်းယီ တွေ့လိုက်ရသည်မှာကား သံမဏိတယောက် ကျောက်တိုင်ကြီးပမာ မယိမ်းမယိုင် မတ်တပ်ရပ်နေဆဲ ဟူသည်ကိုပင်။ သူ့ကိုယ်တွင်းမှလည်း အနီရောင် အခိုးအငွေ့များ မကုန်မခန်းနိုင်သည့်ပမာ ပေါ်ထွက်နေ၏။

ထိုအခါ ကျင်ဟွန်းယီက အရူးတယောက်ပမာ ရေရွတ်လိုက်သည်။

"ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဟာ သွေးချီစွမ်းအားတွေကို သုံးပြီး တိုက်ခိုက်နေမှန်း ငါ သိနေတာပဲ သွေးချီစွမ်းအင် ဒီလောက်အများကြီး သုံးထားတာတောင် မင်းက တိုက်နိုင်သေးတယ်တော့ ဒါ မဖြစ်နိုင်ဘူး"

သံမဏိ အားရပါးရ ရယ်မောလိုက်သည်။

"မင်း ထင်တာ မမှားပါဘူး သွေးမိစ္ဆအစုအဝေးဟာ သွေးချီစွမ်းအင်ကို အသုံးပြုရတဲ့ နည်းစနစ်ပဲ ဒါပေမဲ့ ငါ့မှာ ရုပ်ပိုင်းဆိုင်ရာကို ပြန်ပြီးဖြည့်တင်းဖို့ အဆီတွေ လောင်ကျွမ်းစေတဲ့ နည်းစနစ်တမျိုး ရှိနေသေးတယ်ကွ"

"မင်း...ရုပ်ပိုင်းဆိုင်ရာစွမ်းအင် ကုန်ခန်းမှုကို ပြန်ဖြည့်တင်းနိုင်တယ်ပေါ့ ဟုတ်လား"

ဝမ်တောက်ရှန်း၏ ကောင်းကင်ဘုံဝါးမြိုစားသောက်ုခင်းနည်းစနစ်ကို သံမဏိကလည်း လေ့ကျင့်ထားခြင်းပင်။ ဝမ်တောက်ရှန်းနှင့် မတူသည်မှာကား သံမဏိသည် သူ၏ အစာစားနှုန်းကို ထိန်းချုပ်ထားုခင်း ဖြစ်သည်။ အလွန်ဝလာပါက လှုပ်ရှားမှုနှေးကွေးသွားပြီး စုချန်းအတွက် သက်တော်စောင့်ကောင်း မဖြစ်နိုင်တော့မည်ကို စိတ်ပူသောကြောင့် သံမဏိက ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းပေတည်း။

ထို့ကြောင့် ကိုယ်ခန္ဓာတွင် အဆီ သိပ်မရှိ၍ သံမဏိ၏ စွမ်းရည်သည် ဝမ်တောက်ရှန်းလောက် မမြင့်လှ။ သို့သော် ဤယနေ့ တိုက်ပွဲအတွက်ကား လုံလောက်သည်ဟု ဆိုနိုင်ပေသည်။

ထိုအချိန်တွင် သံမဏိ၏ အနီရောင်လက်သည် ကျင်ဟွမ်းယီ၏ လည်မြိုအား ဆုပ်ညှစ်ထားနိုင်ခဲ့လေပြီ။

"ငါ့...ငါ့ကို သနားပါကွာ"

ကျင်ဟွန်းယီက သနားဖွယ်ရာ အသံနှင့် တောင်းပန်လိုက်သည်။

"ငါ တောင်းပန်ပါတယ်ကွာ ငါ့သခင်ဟာ ကြည်လင်မြစ်မြို့တော်က ဒုစရိုက်မှုတွေကို အကောင်းဆုံး ဖြေရှင်းဖို့ မျှော်လင့်နေတာကွ"

သံမဏိ၏ စကားဆုံးသည်နှင့် ကျင်ဟွန်းယီ၏ လည်မြိုမှာ ဂျွတ်ခနဲ ကျိုးကျသွားလေသည်။

All Chapters